လက်တွေ့လက်ဝတ်ရတနာပုံစံ! ၂
Vol. 10 Ch. 140
သူမအလုပ်လာမလျှောက်ခင် စံအိမ်ရှဉ့်များအကြောင်းကြည့်ဖူးသည်။ ဒီရှဉ့်များက စံအိမ်မှသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်၏ထူးခြားချက်တစ်ခုမှန်းလည်းသိသည်။
တကယ်တော့ သူမအသိ သားစပ်သူအတော်များများက ဒီအချက်ကိုမယုံနိုင်ကြပေ။
ရှဉ့်များမှာကြောက်တတ်ကြပြီး လွတ်လွတ်လပ်လပ် ခရီးသည်များနှင့်ထိတွေ့ဖို့ခက်သည်။
ရှဉ့်ထိန်းသိမ်းရေးပန်းခြံမှကျွမ်းကျင်သူများက ငယ်ငယ်လေးကတည်းက သေချာပြုစုပျိုးထောင်လာမှသာ ချင်းလင်စံအိမ်လိုမျိုးရလာနိုင်မည်ထင်သည်။
''ခါတိုင်းတော့ ပန်းပင်လယ်ထဲမှာပါပဲ'' ချင်လင်ကပြုံးပြီး သူ့ပခုံးပေါ်မှမွေးနီကိုကိုင်လိုက်၏။ သူက ကျန်းကွေ့ကျူလက်ထဲထည့်ပေးလိုက်ပြီး_ ''ဒီကောင့်နာမည် မွေးနီတဲ့... သူ့ကိုကောင်းကောင်းဂရုစိုက်လိုက်... နောင်မင်းအလုပ်တွေ ပိုတွင်သွားလိမ့်မယ်''
ချင်လင်က သူများလက်ထဲထည့်ပေးလိုက်သဖြင့် မွေးနီကချက်ချင်းမကြည်မလင်ဖြစ်သွားသည်။ သူက တကျွိကျွိအော်လိုက်ပြီး သူ့လက်ထဲပြန်ပြေးလာ၏။ သူ့လက်သည်းများနှင့် ကျန်းကွေ့ကျူကိုပင် ရန်လုပ်နေသေးသည်။
ချင်လင်ကြောင်သွားသည်။ သူကကျန်းကွေ့ကျူကိုပေးလိုက်တာမဟုတ်။ ဒီကောင်ဘာတွေလုပ်နေတာလဲ?
သူကချက်ချင်း မွေးနီကိုခေါင်းခေါက်လိုက်ပြီး ဒီကောင်နားလည်လည်မလည်လည် ပြောချလိုက်သည်_ ''မင်းလက်သည်းတွေသိမ်းစမ်း... သူကမင်းကိုလာမွေးမြူပေးမှာ... မင်းအဝတ်အစားတွေလဲပေးမယ်... မင်းအမွေးတွေဖြီးပေးမယ်... ရေချိုးပေးမယ်... မင်းသူ့ကို အိမ်ထိန်းလိုသဘောထားရမယ်''
ဒီကောင်ကနားလည်နေပုံပေါက်၍ ချင်လင်အံ့သြရသည်။ သူ့လက်သည်းတွေကိုချက်ချင်းပြန်ရုတ်ပြီး တကယ်လားဟုမေးနေသလိုလို သူ့ကိုတကျွိကျွိအော်နေ၏။
“…” ကျန်းကွေ့ကျူမှင်တက်သွားသည်။
သူမကို? အိမ်ထိန်း?
သို့သော် သူမဘာမှမပြောနိုင်ခင် မွေးနီဟုခေါ်သောရှဉ့်လေးက အရင်စ၍ သူမလက်ထဲသုတ်သီးသုတ်ပျာနှင့်ရောက်လာလေသည်။ သူမကိုတကျွိကျွိအော်ပြီး စိုရွှဲနေသောသူ့အမြီးကိုမြှောက်ကာယမ်းပြနေ၏။
''ဝိုး!'' ကျန်းကွေ့ကျူက မွေးနီကိုမယုံနိုင်စွာကြည့်လိုက်သည်။ ထို့နောက်ချင်လင်ကိုကြည့်ပြီး_ ''ဥက္ကဌချင်... ကျွန်မကို ရေဇလုံနဲ့ ၃၅° ရှိတဲ့ရေနွေးပြင်ပေးလို့ရမလား? အိမ်မွေးတိရစ္ဆာန်သန့်စင်ရည်နဲ့ လေမှုတ်စက်ရော? သူ့အမွေးကိုသူဖြီးချင်လောက်တယ်... ရေလည်းချိုးပေးလိုက်မယ်''

ချင်လင်အံ့သြသွားသည်_ ''မင်းဘယ်လိုလုပ်သိလဲ?''
ကျန်းကွေ့ကျူက ရှင်းပြလိုက်၏_ ''ရေစက်လက်နဲ့ သူ့အမြီးကို သူဆက်တိုက်ယမ်းပြနေတာ... အမွေးတွေက ကပ်လည်းကပ်နေတယ်... ရှားမြို့တော် ပထမတိရစ္ဆာန်ရုံကရှဉ့်တွေလည်း တစ်ခါတလေဒါမျိုးကြိုက်တယ်''
.....
သူမအတွေ့အကြုံရှိမှန်း ချင်လင်နားလည်လိုက်သည်။ တချို့သူဌေးတွေက အတွေ့အကြုံရှိဝန်ထမ်းတွေကို ပိုသဘောကျခြင်းမှာ အလွယ်တကူအလုပ်ထဲစိတ်နှစ်နိုင်၍ဖြစ်၏။
''ကောင်းပြီ'' ချင်လင်လည်း ကောင်းယောင်ယောင်ကိုပြင်ခိုင်းလိုက်သည်။
အိမ်မွေးတိရစ္ဆာန်သန့်စင်ရည်မှာ ခွေးအတွက်ဝယ်ထားခြင်းဖြစ်၏။ အိမ်မွေးတိရစ္ဆာန်အထွေထွေသုံးဖြစ်သည်။
ကျန်းကွေ့ကျူလည်း သူမလက်ထဲမှမွေးနီအင်္ကျီကိုလေ့လာကြည့်ပြီး ကောင်လေးအင်္ကျီချွတ်ပေးရန်ကြိုးစားလိုက်၏။
မကြာမီ_
ကောင်းယောင်ယောင်က ရေနွေးနှင့်ထွက်လာသည်။ အိမ်မွေးသန့်စင်ရည်နှင့်လေမှုတ်စက်လည်း အသင့်ဖြစ်နေပြီ။
ကျန်းကွေ့ကျူမှာ ကုမ္ပဏီဝင်ခါစဖြစ်ပြီး သူမကျွမ်းကျင်မှုကို လက်စွမ်းပြချင်ပုံရသည်။ သူမက ရေဇလုံယူလိုက်ပြီး_ ''ရှဉ့်တွေက ရေချိုးရင်အအေးပတ် ဖျားနာလွယ်တယ်... ဒီတော့ ရေနွေးအပူချိန်ကို ၃၅° လောက်ထားတာ အကောင်းဆုံးပဲ... ပြီးတော့ ရေချိုးပေးရင် နည်းနည်းလေးကုတ်ပေးရတယ်... ရှဉ့်တွေက ရေချိုးပေးရင် ရုန်းကန်တတ်တဲ့အတွက် အကုတ်ခံရနိုင်တယ်...''
ကျန်းကွေ့ကျူပြောနေစဉ် သူမဘေးမှမွေးနီမှာ စိတ်မရှည်တော့ပုံနှင့် ရေဇလုံထဲ ဗွမ်းခနဲခုန်ချလိုက်တော့သည်။
.
“???” ကျန်းကွေ့ကျူ ကသိကအောက်ဖြစ်သွား၏။
ခွေးလိုအိမ်မွေးတိရစ္ဆာန်မှလွဲ၍ အိမ်မွေးတိရစ္ဆာန်အများစုမှာ ရေချိုးရတာကိုမကြိုက်။ ချိုးပေးရင်တောင် ရုန်းကန်တတ်ကြသည်။ ရှဉ့်များလည်း အတူတူပင်။
ဒီရှဉ့်က တစ်ခုခုတော့ တစ်ခုခုပဲ။ သူ့ဘာသာသူတောင် ခုန်ချလိုက်သေး။
''ကျွိကျွိ'' မွေးနီက ရေဇလုံထဲခုန်ချပြီး ကျန်းကွေ့ကျူကို တကျွိကျွိအော်လိုက်သည်။
ထိုအချိန်တွင် ကျန်းကွေ့ကျူထင်မှတ်လိုက်သည်မှာ_'ဒီရှဉ့်က ငါ့ကိုသူ့အိမ်ဖော်လိုသဘောထားပြီး မြန်မြန်လုပ်လို့ပြောနေတာလား?'

ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူကရှဉ့်လေ။
ကျန်းကွေ့ကျူက စိတ်ထဲမှအဖြေထုတ်နေသလို သူမလက်များကလည်း ရပ်မနေ။ သူမလက်ခုပ်နှင့် ရေကိုအသာအယာခပ်လိုက်ပြီး မွေးနီပေါ်လောင်းချလိုက်သည်။
ရှဉ့်ကိုရေကြမ်းကြမ်းလောင်း၍မရ။ မဟုတ်ရင် ရုန်းကန်တတ်သည်။ တစ်ချိန်တည်းမှာ သန့်စင်ရည်ကိုလောင်းလိုက်ပြီး အမွေးနီများကိုအသာအယာပွတ်တိုက်ပေးလိုက်၏။ ချက်ချင်းအမြှုပ်ဖွေးဖွေးများထွက်လာသည်။
ရှဉ့်ရေချိုးပေးစဉ်အတွင်း ဤအချိန်၌ မကြာခဏအကုတ်ခံရတတ်၍ ကျန်းကွေ့ကျူလည်း အလွန်သတိထား၏။ ရှဉ့်လေး၏ဝမ်းဗိုက်ပိုင်းကိုပွတ်တိုက်ပြီးသောအခါ ကောင်လေးကပျော်ပျော်ရွှင်ရွှင်တစ်ပတ်လှည့်လိုက်ပြီး သူ့ကျောကိုထိုးပေးပြန်သည်။
“???” ကျန်းကွေ့ကျူမှာ ပါးစပ်အဟောင်းသားဖြစ်သွား၏။
တကယ်ကြီးလား?
ရှဉ့်က ရေချိုးရတာကို ဒီလောက်ကြိုက်ရကောင်းမှန်းသိလား?
ဉာဏ်ကောင်းလိုက်တာ!
ကျွိကျွိ! ~
ကျွိကျွိ! ~
ရေဇလုံဘေးမှရှဉ့်များ တစ်ကောင်ပြီးတစ်ကောင်လာအော်နေသည်။
သူမက ရေဇလုံဘေးတွင် အဝတ်အစားဝတ်ထားသောရှဉ့်တချို့ရောက်လာသည်ကိုတွေ့လိုက်ရ၏။ သူတို့က အထဲကမွေးနီကို အမေရိကတိုက်ရှာဖွေတွေ့ရှိသလို အထူးအဆန်းကြည့်နေကြသည်။
နောက်ရှဉ့်တစ်ကောင်က သူ့လက်သည်းနှင့် ရေထဲမရဲတရဲစမ်းကြည့်ပြီး ချက်ချင်းပြန်ရုတ်လိုက်၏။ ထို့နောက် ပြန်စမ်းကြည့်ပြန်သည်။
တခဏချင်း မွေးနီရေချိုးနေသည်ကို သူ့နောက်လိုက်များစောင့်ကြည့်ခန်းဖြစ်သွား၏။
မွေးနီကဂရုမစိုက်။ သူ့အမြီးဖွားဖွားကိုမြှောက်၍ ကျန်းကွေ့ကျူ၏အထိအတွေ့ကို သာယာနေသည်။ ဤသည်ကတခြားရှဉ့်များကို ပိုစိတ်ဝင်စားစေပြီး အမှတ်တမဲ့သူတို့အမြီးများပါ လိုက်မြှောက်လိုက်ကြ၏။
ကျန်းကွေ့ကျူက မချီးကျူးဘဲမနေနိုင်တော့_ ''သူဌေး... ရှင်ဘယ်လိုများလုပ်ထားတာလဲ? ဒီရှဉ့်က ဉာဏ်ကောင်းလိုက်တာ! ရှဉ့်ထိန်းသိမ်းရေးပန်းခြံက အစွမ်းဆုံးလေ့ကျင့်ပေးသူတောင် ရှဉ့်ကိုဒီလောက်ထိမကျင့်ပေးနိုင်ဘူး''
''ဟဲ ဟဲ!'' ချင်လင်က ကိုးရိုးကားရားရယ်လိုက်ပြီး သူ့ဘာသာတွေးမိသည် - အားလုံးဂိမ်းကိုကျေးဇူးတင်ရမှာပဲ!
နောက်ပြီး လူတွေက ရှဉ့်ကိုဘယ်လောက်ပဲသင်သင် သူတို့ကလိုက်မလုပ်နိုင်မှန်း သူသိသည်။ မွေးနီရဲ့ဦးဆောင်သရုပ်ပြချက်က လေ့ကျင့်ပေးသူအများစုထက် ပိုထိရောက်ပုံရ၏။
ဥပမာဆိုရလျှင် နိုင်ငံခြားသားတွေရဲ့ နိုင်ငံခြားဘာသာရှင်းပြချက်က သူ့မိဘတွေသရုပ်ပြတာလောက်ကောင်းမည်မဟုတ်ပေ။
ကျန်းကွေ့ကျူက မွေးနီကိုယ်ပေါ်မှအမြှုပ်များကို ဆေးချလိုက်ပြီး လေမှုတ်စက်နှင့် မွေးနီကိုသေချာမှုတ်ပေးလိုက်သည်။ မွေးနီက လေမှုတ်စက်လုံးဝမကြောက်သဖြင့် သူမအံ့သြရပြန်သည်။