ချင်းလင်စံအိမ်က အိမ်အပြန်ဂုဏ်တက်စေတယ်!
Vol. 10 Ch. 146
ချင်လင်စိတ်ထဲ ချက်ချင်းချဉ်သွား၏။
ဂိမ်းက သူ့ကိုခွေးပေးဖို့အကြွေးတင်နေသည်။
ရုတ်တရက်ပေါ်လာတဲ့ ဒီခွေးပန်းကန်ပြားဖမ်းပြိုင်ပွဲဇာတ်ကွက်ကြောင့်သာမဟုတ်ရင် သူဒီကိစ္စကိုသတိထားမိဦးမှာမဟုတ်။
အဓိကအချက်မှာ အိမ်မွေးကုန်သည်က အိမ်မွေးတိရစ္ဆာန်များစွာရောင်းသော်လည်း ခွေးကျတော့မရောင်း။
အောင့်သီးအောင့်သက်ဖြစ်စရာမကောင်းဘူးလား?
ဒီဇာတ်ကွက်ပြိုင်ပွဲကို အောင်မြင်စရာမရှိနိုင်။
နောင်လည်း ခွေးပန်းကန်ပြားဖမ်းပြိုင်ပွဲကို ဝင်ပါနိုင်မည်မဟုတ်ပေ။
ဝုတ် ဝုတ်!
ရုတ်တရက်ခွေးဟောင်သံကြားလိုက်ရသည်။
''ဝမ်ချိုင်... ဖြည်းဖြည်း... ဘယ်သူ့ကိုမှမထိစေနဲ့'' လင်းဖန်က မာန်လိုက်၏။
ချင်လင်လှမ်းကြည့်လိုက်ရာ ဝမ်ချိုင်က သူ့အမှားသူသိသော မျက်နှာလိုမျက်နှာရပုံစံနှင့် လင်းဖန်ခြေထောက်နားပြန်ပြေးလာသည်ကို တွေ့ရသည်။
ကြည့်ရတာ ခွေးကအဆင်သင့်ပဲမလား?
ချင်လင်ကချက်ချင်းအော်လိုက်၏_ ''ဝမ်ချိုင်''
......
သူခေါ်လိုက်သည်နှင့် ခွေးကအူ၍ပြေးလာပြီး သူ့ရှေ့လာဝပ်သည်။
''သွားစို့... မင်းကိုကစားစရာဝယ်ပေးမယ်'' ချင်လင်က ဝမ်ချိုင်လည်ပတ်ကိုဆွဲ၍ ခန်းမအပြင်ခေါ်သွား၏။ ထို့နောက် စံအိမ်မှထွက်ပြီး ဂိုဒေါင်ဆီမောင်းသွားလိုက်သည်။
အရင်ကဂိမ်းထဲမှပစ္စည်းများအပြင်ထုတ်ခဲ့သည်။ ငါး၊ မက်ကရယ်ငါး၊ ရှဉ့်ကဲ့သို့သော သက်ရှိများကိုအပြင်ထုတ်နိုင်ခဲ့၏။ ဒီတစ်ကြိမ်တွင် သက်ရှိကိုအထဲသွင်းနိုင်မသွင်းနိုင်ကြည့်ချင်သေးသည်။
ဂိုဒေါင်ရောက်သောအခါ ငုတ်တုတ်ထိုင်ချပြီး ဝမ်ချိုင်ကိုဖက်လိုက်၏။ အတွေးနှင့် ဂိုဒေါင်ထဲမှပျောက်သွားသည်။ ပြန်ပေါ်လာသောအခါ ဂိမ်းထဲရောက်နေလေပြီ။
“ဝု!”
ခွေးဟောင်လိုက်သည်။ ကြည့်ရတာ သူ့ရှေ့ကမြင်ကွင်းကြောင့် အံ့သြသွားပုံပင်။ ဟောင်လည်းဟောင်သလို သူ့ခေါင်းကိုလည်းပစ်ပစ်ခါခါရမ်းနေ၏။
ခဏအကြာ ဘာပြဿနာမှမရှိမှန်းသေချာတော့မှ ပတ်ဝန်းကျင်အသစ်ကိုစူးစမ်းသလိုလိုနှင့်စားကျက်မြေထဲ သုတ်သီးသုတ်ပျာစပြေးလိုက်သည်။
''ဝမ်ချိုင်... ဒီကိုလာ'' ချင်လင်က စိုက်ပျိုးမွေးမြူရေးခြံပေါက်ဝလျှောက်သွားပြီး ဝမ်ချိုင်ကိုလှမ်းခေါ်လိုက်၏။
သူ့လက်ဝါးနှင့်ရှေ့ကိုစမ်းကြည့်ရာ ဖောက်ထွင်းမြင်နေရသောအတားအဆီးတစ်ခုက ပိတ်ဆို့ထားသည်။
ဒီလေထုအတားအဆီးက သူ့ကိုစိုက်ပျိုးမွေးမြူရေးခြံထဲမှမထွက်နိုင်အောင် တားဆီးထား၏။
''ဝု''
ဝမ်ချိုင်က သူ့ခြေထောက်နားအပြေးရောက်လာသည်။
သူကအပြင်ကိုလက်ညိုးထိုးပြလိုက်ပြီး_ ''ဝမ်ချိုင်... အပြင်ထွက်''
ခွေးရောထွက်လို့ရမရ သူသိချင်သည်။
ဝမ်ချိုင်က သူပြောတာကိုနားလည်၍ ခြံအပြင်ထွက်လိုက်၏။ ရုတ်တရက် တစ်ခုခုနှင့်ဝင်တိုက်မိပြီး ကာဆီးခံလိုက်ရသည်။
ကြည့်ရတာ ခွေးလည်းထွက်လို့မရ။
ချင်လင်မျက်မှောင်ကြုတ်လိုက်သည်။ သူဂိမ်းထဲကထွက်ပြီး ဝမ်ချိုင်ကိုအထဲမှာထားခဲ့ရင် အဆင်ပြေမလား သူသိချင်သည်။
မဟုတ်ရင် ခွေးက ပန်းကန်ပြားပျံဇာတ်ကွက်ကို ဆက်လုပ်နိုင်မည်မဟုတ်ပေ။
ထိုအတွေးနှင့်သူက ဂိမ်းထဲမှထွက်လိုက်သည်။
သူ့စိတ်ထဲမှဂိမ်းကို တဖန်ပြန်ကြည့်လိုက်သောအခါ သူအံ့သြသွားမိသည်။ ခွေးနက်က ဂိမ်းဇာတ်ကောင်ခြေရင်းတွင်ရောက်နေပြီဖြစ်၏။
ခွေးက ဂိမ်းဇာတ်ကောင်ကိုပွတ်သပ်နေပြီး သူ့ခေါင်းပေါ်တွင် ပျော်ပျော်ရွှင်ရွှင်အသဲပုံများထွက်နေသည်။
ဤသည်မှာ ခွေးက ဂိမ်းထဲတွင် ချစ်စရာကောင်းအောင်လုပ်နေပုံဖြစ်၏။
တချိန်တည်းမှာပင် ဂိမ်းထဲ၌မှတ်ချက်ပေါ်လာသည်။
(အမဲလိုက်ခွေးစပ်မျိုးတစ်ကောင်ရရှိပါသည်။ အမည်: ဝမ်ချိုင်။ ပေါင်းစပ်ခြင်းဖြစ်စဉ်... ပေါင်းစပ်ခြင်းပြီးဆုံးပါပြီ။)
တစ်နည်းဆိုရသော် ခွေးနက်ကဝမ်ချိုင်ဖြစ်သည်။ သို့သော်လည်း ဝမ်ချိုင်မှာ ဂိမ်းထဲတွင် 2D ကာတွန်းပုံအဖြစ် လုံးဝပြောင်းသွားလေသည်။
ဤသည်ကိုမြင်လျှင် ချင်လင်ကဂိမ်းဇာတ်ကောင်ကို ခွေးအားလက်နှင့်သပ်စေလိုက်၏။ ခွေးခေါင်းပေါ် အသဲပုံပေါ်လာမှ ခွေးကိုသူ့နောက်လိုက်စေသည်။ ထို့နောက် ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံအပြင်ထွက်စေပြီး သတ္တုမြို့တော်မှအိမ်မွေးကုန်သည်ဆီသွားစေလိုက်၏။
ဒီတစ်ကြိမ်တွင် ဂိမ်းထဲကခွေးမှာ အတားအဆီးမရှိဘဲ ဂိမ်းဇာတ်ကောင်နောက်မှ စိုက်ပျိုးမွေးမြူရေးခြံအပြင်ထွက်၍ သတ္တုမြို့တော်သို့လိုက်သွားလေသည်။
အံ့သြစရာကောင်းလိုက်တာ။
သူလူတွေကို ဂိမ်းထဲခေါ်သွားပြီး ဒါမျိုးလုပ်လို့ရမလား?
သို့သော်လည်း ဒါကိုစမ်းချင်လို့တော့ ဒုက္ခရှာမည်မဟုတ်။
ချင်လင်က ဂိမ်းဇာတ်ကောင်ကို အိမ်မွေးကုန်သည်ဆီ ခွေးခေါ်သွားခိုင်းလိုက်သည်။ အိမ်မွေးကုန်သည်ကိုနှိပ်လိုက်သောအခါ အမှန်ပင် ခွေးပန်းကန်ပြားဖမ်းနည်းအတွက် ရွေးစရာရှိနေ၏။
ထိုရွေးစရာကိုနှိပ်လိုက်ရာ ဇာတ်ကွက်စကားပြောပေါ်လာသည်:
(မင်းမှာလည်းခွေးရှိတာလား? ဒီမှာပန်းကန်ပြားဖမ်းနည်းသင်လို့ရတယ်... မင်းခွေးကိုသင်ပေးပြီးရင် မြို့တော်ရဲ့ခွေးပန်းကန်ပြားဖမ်းပွဲမှာ ဝင်ပြိုင်လို့ရပြီ! ဒါပေမဲ့ ငါ့ကိုအခကြေးငွေပေးဖို့တော့လိုတယ်!)
(ခွေးကိုပန်းကန်ပြားဖမ်းနည်းသင်ပေးချင်လား?)
ချင်လင်က သင်မည်ကိုတန်းရွေးလိုက်သည်။
အိမ်မွေးကုန်သည်က ထပ်ပြော၏။
(မပူပါနဲ့... ခွေးကိုလေ့ကျင့်ပေးမယ်... အခုလေ့ကျင့်ကွင်းထဲခေါ်သွားမယ်!)
မြင်ကွင်းပြောင်းသွားသည်။ အရင်ပုံစံဟောင်းထဲကလို ခွေးပန်းကန်ပြားဖမ်းလေ့ကျင့်နိုင်သော မြေပုံမြင်ကွင်းအသေးပေါ်လာ၏။
အိမ်မွေးကုန်သည်၏ညွှန်ကြားချက်အတိုင်း သူကပန်းကန်ပြားပစ်လိုက်ပြီး ခွေးကိုပြေး၊ခုန်၊ဖမ်းခိုင်းသည်။
ထိုဂိမ်းလေးကို အကြိမ်နည်းနည်းဆော့ပြီးနောက် ဇာတ်ကွက်အစဉ်တန်းပြည့်သွားပြီး အသိပေးစာပေါ်လာသည်:
(ဂုဏ်ယူပါတယ်... မင်းရဲ့ခွေးက ပန်းကန်ပြားဖမ်းတတ်သွားပါပြီ... သူ့စွမ်းရည်တက်သွားပြီ!)
ဝမ်ချိုင်က တတ်သွားပြီလား?
ချင်လင်က 'ခွေးရဲ့စွမ်းရည်တက်သွားပြီ' ဆိုသောစာလုံးကို အာရုံစိူက်ကြည့်လိုက်သည်။
ဂိမ်းပုံစံဟောင်းထဲတွင် ခွေးကိုပန်းကန်ပြားနှင့်လေ့ကျင့်ပေးခြင်းမှာ ခွေးပိုတော်လာစေရန်၊ ပိုပြီးမာန်ပါပါဖမ်းနိုင်ရန်ဖြစ်သည်။
ဒီစွမ်းရည်တိုးတက်မှုက ဝမ်ချိုင်အပေါ် ဘယ်လောက်များသက်ရောက်မှုရှိမလဲ သူသိချင်မိသည်။
အိမ်မွေးကုန်သည် ထပ်ပေါ်လာပြန်၏။
(သင်ယူမှုပြီးဆုံးပါပြီ! ပန်းကန်ပြားပေးလိုက်ပါမယ်... ဇွဲကောင်းကောင်းနဲ့လေ့ကျင့်ပေးပါ... ပန်းကန်ပြားပြိုင်ပွဲမှာ ခွေးဝင်ပြိုင်တဲ့အခါ အဆင့်ကောင်းကောင်းရအောင်ကြိုးစားပါ!)
ချင်လင်က အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ပေးသည့်အကြောင်းသိပ်မသိသော်လည်း ခွေးကိုပန်းကန်ပြားဖမ်းလေ့ကျင့်ပေးသော ဗီဒီယိုများမြင်ဖူးသည်။ ကြည့်ရတာ လွယ်ပုံမပေါ်။ ဘောလုံးပစ်ပြီး ခွေးကိုလိုက်ကောက်ခိုင်းတာနဲ့ တူမည်မထင်။ ခွေးကိုပန်းကန်ပြားဖမ်းရန်လေ့ကျင့်ပေးဖို့ အချိန်တော်တော်ယူရမည်။
ဝမ်ချိုင်က ဒီလောက်လွယ်လွယ်နဲ့တတ်သွားပြီတဲ့လား?
ချင်လင်က ဂိမ်းဇာတ်ကောင်ကို ပန်းခြံကြော်ငြာဘုတ်ဆီ ပြန်သွားစေသည်။ အကြောင်းအရာပြောင်းသွားလေပြီ:
(ခွေးပန်းကန်ပြားဖမ်းပွဲမစသေးပါ။ စိတ်ရှည်ရှည်နှင့်စောင့်ပါ!)
ထိုစာကိုမြင်လျှင် ချင်လင်က ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးမွေးမြူရေးခြံထဲ ခွေးကိုပြန်ခေါ်လာခိုင်းလိုက်၏။ ထို့နောက် သူကအတွေးနှင့် ဂိမ်းထဲဝင်လိုက်လေသည်။