← Chapters

ကိုကြီး အမေရဲ့ မျိုးရိုးနာမည်က ချင်

Vol. 58 Ch. 857

ကိုကြီး အမေရဲ့ မျိုးရိုးနာမည်က ချင်

Vol. 58 Ch. 857

“ ဖြစ်နိုင်တာ ဗွီဒီယိုအများကြီးအတွက် မမ်မိုရီ မလုံလောက်တာများလား…”

ကျီချင်းရန်မှာ ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးမပြုနိုင်သော်လည်း အခြေခံ ဗဟုသုတ တစ်ချို့တော့ သိရှိထားလေသည်။ ဗွီဒီယိုမှတ်တမ်းများက နေရာလွတ်များစွာ ယူထားသောကြောင့် hard disk တစ်ခုလုံး ပြည့်ရန် အချိန် သိပ်မယူရလောက်ပေ။

“ အဲ့တာလည်း ဖြစ်နိုင်တယ်…”

ကော်နင်ယွဲ့ ရေရွတ်လိုက်ပြီး “ တခြား hard drive တွေထဲမှာ သိမ်းထားသေးလားမသိဘူး… ရှာကြည့်လိုက်ဦးမယ်…”

ကော်နင်ယွဲ့မှ မတ်တပ်ရပ်လိုက်ပြီး အံဆွဲများကြား လိုက်လှန်လော ရှာဖွေသော်လည်း အရိပ်အယောင်ပင် မမြင်ရချေ။

ထို့ကြောင့် နောက်ဆုံး ဗီရိုကို ဖွင့်ကြည့်လိုက်၏။ ထိုအထဲတွင်လည်း ဘာမျှ ရှိမနေချေ။ သို့သော်လည်း သူမ၏ မျက်၀န်းတို့က တစ်စုံတစ်ရာကို မျက်စိကျသွားသည့်အလား တလက်လက် တောက်ပလာခဲ့၏။

“ ယောင်းမ… လာခဲ့… ငါ နင့်ကို ပစ္စည်းကောင်းလေးတွေ ပြပေးမယ်…” ကော်နင်ယွဲ့မှ သူမ၏ လုပ်လတ္တံ့အလုပ်များကို ခေတ္တမေ့လျော့ထားပြီး ပြောလိုက်သည်။

“ ဘာကြီးလဲ…”

“ အိုက်ယိုး… မြန်မြန်သာ လာခဲ့စမ်းပါ…”

ကျီချင်းရန် ကော်နင်ယွဲ့ ဘေးနား ရောက်လာခဲ့၏။

အဝတ်ဗီရိုမှာ မေမေဝမ်နှင့် အန်ကယ်ကျောက်တို့၏ အဝတ်အစားများဖြင့် ပြည့်နှက်နေပြီး ဒီဇိုင်းပုံစံမှာလည်း ဟောင်းနွမ်းခေတ်နောက်ကျနေကာ မျက်စိဖမ်းနိုင်သည့် တစ်စုံတစ်ရာမျှ ရှိမနေချေ။

“ ဘာလဲ ကြည့်စရာရှိလို့…”

“ ဒီအဝတ်တွေ မဟုတ်ဘူး… အောက်က ပန်းထိုးထားတဲ့ အနီရောင် ဂွမ်းကပ်ကို ကြည့်လိုက်….”

ကျီချင်းရန် ကော်နင်ယွဲ့ ညွှန်ပြသည့် နေရာနောက် လိုက်ကြည့်လိုက်တာ့ ကြာပွင့်သဏ္ဌာန် ပန်းထိုးထားသည့် အနီရောင် ဂွမ်းကပ်ကို မြင်တွေ့လိုက်ရလေသည်။ သူမ မျက်လုံး တလက်လက် ဖြစ်လာခဲ့ပြီး “ ဒါ…ဒါ စူးကျုံး ပန်းထိုး…” ကျီချင်းရန် အံ့အားတကြီး ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်၏။

“ စူးကျုံး ပန်းထိုး… အန်… တစ်နေရာရာမှာ ကြားဖူးသလိုပဲ…” ကော်နင်ယွဲ့မှ မသဲမကွဲ ပြောလိုက်ပြီး “ အဲ့တာ ဟိုးတုန်းက ချည်ထိုးလက်မှုအနုပညာရပ် မဟုတ်လား…. အရမ်းခက်ခဲပြီးတော့ တတ်မြောက်ဖို့လည်း မလွယ်ကူတဲ့ အနုပညာလေ…”

“ မလွယ်ရုံတင် မကသေးဘူး… ဟွာရှမှာ ဒီလိုမျိုး လက်မှုအနုပညာကို သိသေးတဲ့သူဆိုတာ လူတစ်ရာ ပြည့်ဦးပါ့မလားပဲ..” ကျီချင်းန် ပြောပြီးနောက် ကုန်းကွထိုင်၍ ဂွမ်းကပ်စောင်ကို ထိလိုက်သည်။

“ လက်ရာက အရမ်းကို သေသပ်တယ်.. တကယ်လို့ ဒီစောင်ကိုသာ လေလံပစ်လိုက်မယ်ဆိုရင် အနည်းဆုံး တစ်သန်းလောက်တော့ တန်တယ်…”

“ ဟစ်.... မဖြစ်နိုင်တာ… အဲ့လောက်တောင် တန်ဖိုးကြီးတယ်လား…” ကော်နင်ယွဲ့ ရှော့ခ်ရသွားပြီး တစ်ပြိုင်တည်းတွင် အကြီးအကျယ် အံ့အားသင့်သွားခဲ့တော့၏။

“ အင်း.... ငါ့အမေက စူးကျုံးကလေ… ဆိုတော့ ဒီလို ပန်းထိုးတဲ့ အတတ်ကို တတ်တယ်… ငါ ငယ်ငယ်တုန်းက အများကြီး ကြားဖူးနားဝရှိနေလို့ တော်တော်လေး ရင်းနှီးနေတာ.. ပြီးတော့ ငါပြောတဲ့ တစ်သန်းဆိုတာလည်း အကြမ်းဖျင်း ခန့်မှန်းချက် သပ်သပ်ပဲ… တကယ်လို့ ကံကောင်းရင် ၁.၅ သန်းနဲ့တောင် ရောင်းထွက်ချင် ရောင်းထွက်သွားနိုင်တယ်…”

“ ဘုရားရေ.. ယူကြည့်မိတာကိုပဲ ကျေးဇူးတင်ရတော့မယ်… မဟုတ်လို့ကတော့ အိမ်မှာ ဒီလောက်ထိ တန်ဖိုးကြီးတဲ့ ရတနာ ဝှက်ထားမှန်းတောင် သိမှာ မဟုတ်ဘူး…”

“ ဟမ်…ယွဲ့ယွဲ့ နင်ပြောတော့ ပစ္စည်းကောင်းလေး ပြမယ်ဆို.. နင်က ဒါကို တန်ဖိုးကြီးမှန်း မသိဘူးပေါ့..”

“ တကယ်ကြီး မသိတာပါဆို.. “ ကော်နင်ယွဲ့မှ ဘုရားပေးပေး ကျမ်းပေးပေး လုပ်နေပြီး “ ညီမ ပစ္စည်းကောင်းလေးလို့ ပြောတာက ဘာလို့လဲဆိုတော့ အစ်ကို့ကို ဂေဟာလာပို့တုန်းက ဒီစောင်နဲ့ ရောက်လာခဲ့တာကြောင့်မို့လို့..”

“ တကယ်..”

“ လုံးဝ သေချာတယ်…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ တစ်ခေါက်တုန်းက ညီမ မေမေဝမ်နဲ့ အတူအိပ်တုန်း တိုက်တိုက်ဆိုင်ဆိုင် အန်တီလာတဲ့ ရက်ကလည်း နောက်ကျနေတယ်… အဲ့တာနဲ့ အောက်မှာ စောင်အသေးစားလေး ခံမယ်ဆိုပြီး ဒီစောင်ကို တွေ့သွားခဲ့တာပဲ… ဒါပေမယ့် မေမေဝမ်ကတော့ ဘယ်လိုပဲ ပြောပြော ပေးမသုံးဘူး… သူမပြောတာ အစ်ကိုရီက ဒီစောင်နဲ့အတူရောက်လာတာတဲ့… အမှတ်တရ ပစ္စည်း… ဒါကြောင့်မို့ ပေးမသုံးဘူး..”

“ ပြီးတော့ရော….”

“ အဲ့တာနဲ့ပဲ အစ်ကို့ရဲ့ ကျောင်းယူနီဖောင်းကို သုံးပစ်လိုက်တယ်လေ… အစ်ကိုရီ သိသွားတော့ သေအောင် ရိုက်သတ်လုနီးပါးပဲ… ခစ်ခစ်...”

“ ဟားဟား….”

ကျီချင်းရန် သူမ၏ ပုံရိပ်ကို ဂရုစိုက်မနေတော့ပဲ ကျယ်လောင်စွာ အော်ရယ်မိသွားခဲ့သည်။ သူမ တွေးကြည့်ရုံမျှနှင့် လင်းရီ ကိုယ်စား ရှက်နေမိတော့၏။

ကျီချင်းရန် လက်ဆန့်တန်း၍ စောင်ကို ညင်သာစွာဖြင့် ကိုင်တွယ်ထိတွေ့ကြည့်လိုက်သည်။ လင်းရီ၏ ကိုယ်အငွေ့အသက်က စွဲထင်ကျန်ရစ်နေသေးဆဲဟု ခံစားနေရလေသည်။

“ ယောင်းမ… တကယ်လို့ နင်ကြည့်ချင်ရင် အပြင်ထုတ်ပြီး သေချာကိုင်ကြည့်လေ.. ဘာမှ မဖြစ်ပါဘူးဟာ….”

“ အဲ့လိုရလား…”

လင်းရီ၏ ငယ်ဘဝနှင့် သက်ဆိုင်နေသည့် ပစ္စည်းဖြစ်သောကြောင့် ကျီချင်းရန် အမှန်ပင် ထုတ်ကြည့်ချင်နေမိသည်။

“ ဒီတိုင်း စောင်ပဲ ဟာကို .. ဘာလို့ မရရမှာ…” ကော်နင်ယွဲ့မှ အမှုမထားသည့် လေသံဖြင့် ပြောလိုက်ပြီး “ တကယ်လို့ ၁.၅ သန်း တန်ကြေးရှိနေရင်တောင် ခုလက်ရှိ အစ်ကို့ရဲ့ ကြွယ်ဝနေပုံမျိုးနဲ့ဆိုရင် ဘယ်လောက်မှ ရှိတာမဟုတ်ဘူး…”

“ ဒါပေမယ့် တကယ်လို့ မေမေဝမ် စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မှာ..”

“ ယောင်းမလေး… နင်က အရမ်း တွန့်ဆုတ်တွန့်ဆုတ် ဖြစ်တာပဲ…. နောင်ကျ အစ်ကိုနဲ့ လက်ထပ်သွားခဲ့ရင် သေချာပေါက် အနိုင်ကျင့်ခံရတော့မှာပဲ…”

“ နင့်အစ်ကိုက ခုကတည်းကရင် ငါ့ကို အနိုင်ကျင့်နေပြီးသား…”

“ ဘဝမှာလေ.. တစ်ခါတစ်လေ စွန့်စားပြီး အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ လိုတယ်… ခုချိန် ရန်ဖြစ်ရမယ် ဆိုရင်တောင် အလျော့မပေးနဲ့… နောင် ၁၈ နှစ်နေရင် ဒီရဲ့ အသီးအပွင့်တွေကို ရိတ်သိမ်းနိုင်လိမ့်မယ်…”

ပြောရင်းဖြင့် ကော်နင်ယွဲ့ အနီရောင် ပန်းထိုး ဂွမ်းကပ်စောင်ကို ထုတ်လိုက်၏။

“ အိုက်ယား… သတိထားပြီး ကိုင်စမ်းပါဟဲ့..” ကျီချင်းရန် ပြောလိုက်ပြီး “ ဒါက နင့်အစ်ကိုရဲ့ တစ်ခု တည်းသော ကျန်တဲ့ပစ္စည်းနော်…”

“ ရတယ်… ဒီလောက်လွယ်လွယ်နဲ့တော့ မပြဲနိုင်ပါဘူး…”

အမှုမထားသည့် ကော်နင်ယွဲ့ကတော့ ဘာကိုမျှ စိုးရိမ်ပူပန်မနေပဲ ကျီချင်းရန် ရှင်းလင်းစွာ မြင်နိုင်ရန်အတွက် စောင်ကို ဖြန့်ပြလိုက်၏။

သို့သော်လည်း စောင်လိပ်ပြေသွားတော့ ကျီချင်းရန်နှင့် ကော်နင်ယွဲ့တို့ ကြက်သေသေသွားခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် အချိန်၏ ကြာညောင်းမှုကြောင့် ရွှေအိုရောင် သမ်းနေသည့် စာတစ်စောင်မှာ စောင်ထဲမှ ထွက်ပေါ်လာခဲ့သောကြောင့်ပင်။ အပေါ်တွင်လည်း ဆေးနီ အပိုင်းအစများ ရှိနေသည်။

ဖယောင်းပေါ်တွင် ဟွာရှရိုးရာ စာလုံး ‘ချင်’ ဟု ရေးသားထားသည်။

ညီမနှစ်ယောက်လုံး အချင်းချင်း ပြန်ကြည့်လိုက်ကြ၏။

စောင်အောက်၌ ဝှက်ထားသည့် စာတစ်စောင်ရှိနေလိမ့်မည်လို့ သူမတို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။

“ ယောင်းမ.. စာက ထူးတော့ ထူးဆန်းတယ်… ကော်နဲ့လည်း သေချာမပိတ်ထားဘူး…”

“ ဒါကို ဖယောင်းနဲ့ချိတ်ပိတ်တယ်လို့ခေါ်တယ်… ဟိုး ခေတ်‌တွေတုန်းက တကယ့် ပိုက်ဆံ ရှိတဲ့ မိသားစုတွေပဲ ဒါမျိုး သုံးကြတာ…” ကျီချင်းရန် ရှင်းပြပေးလိုက်ပြီး “ ငါ ရန်တက္ကသိုလ်ကလည်း ငါတို့ရဲ့ ဘွဲ့ယူမယ့် ထောက်ခံစာတွေကို ဒီလို ဖယောင်းနဲ့ ချိတ်ပိတ်ပေးထားတာပဲ.. ခုတော့ တကယ့် အရေးကြီးတဲ့ နေရာတွေမှာမှပဲ သုံးကြတော့တာ…”

“ ဒါပေမယ့် ဒီစာအိတ်ကတော့ တော်တော်လေးကို ဟောင်းနေပြီ… ပြီးတော့ အပေါ်က ‘ချင် ‘ ဆိုတဲ့ စာလုံးကလည်း ရှေးနန်းတွင်းကားတွေကလို ခမ်းနားနေသလိုပဲ…”

သူမ TV ဒရာမာများကို ကြည့်တန်ခဲသော်လည်း ရှေးခေတ် ဟွာရှ၏ ကြွယ်ဝသည့် မိသားစုများမှာ စာကို ယခုလိုပုံစံမျိုးနှင့် ဆက်သွယ်ကြကြောင်းကို‌တော့ ကြားသိဖူ၏။

‘ချင် ‘ဟူသည့် စာလုံးက စာရေးသူ၏ အထောက်အထားကို ရည်ညွှန်းခြင်း ဖြစ်ရမည်။

“ ယောင်းမ… ငါ အခုမှ တကယ့် ပြဿနာကို စဉ်းစားမိတယ်…” ကော်နင်ယွဲ့မှ တံတွေးတစ်လုတ် မြိုချလိုက်ပြီး စိတ်တုန်လှုပ်နေဟန်ဖြင့် ပြောလိုက်သည်။

“ ဘာလဲ တွေးမိတာ…”

“ စောနက နင်ပြောတာ ဒီစောင်ပေါ်က စုပန်းထိုး ပုံစံက အနည်းဆုံး ယွမ် တစ်သန်းလောက် တန်တယ်လို့ ပြောတယ်မလား…. ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၂၀‌ လောက်တုန်းက အစ်ကို့ကို ဒီစောင်နဲ့ ပတ်ပြီး လာပို့ခဲ့တာလေ… ဒါဆို အစ်ကို့ရဲ့ မိသားစုက ဘယ်လောက်တောင် ကြွယ်ဝနေလိုက်မလဲ…”

ကော်နင်ယွဲ့၏ စကားလုံးများကို ကြားတော့မှ ကျီချင်းရန်လည်း ပြဿနာကို တွေးမိသွားခဲ့သည်။

လွန်ခဲ့တဲ့နှစ် ၂၀ လောက်တုန်းက စူးကျုံး ပန်းထိုးကို ကလေးစောင်လုပ်တယ်… ဒီတစ်ခုတည်းနဲ့တင် သူတို့က မွဲတေတဲ့ မိသားစု မဟုတ်ဘူးဆိုတာ ယုံကြည်ဖို့ လုံလောက်တယ်… အနည်းဆုံးတော့ သူမ မိသားစုတောင် ဒီလိုမျိုး ဖြုန်းတီးမှာ မဟုတ်ဘူး…

“ ဒါပေမယ့် နင့်အစ်ကိုရဲ့ မျိုးရိုးနာမည်က လင်းလေ… ဒီ ‘ချင် ‘ စာလုံးကိုကျတော့ ဘယ်လိုရှင်းမှာ…”

"အိုက်ယား.. ယောင်းမလေးကလည်း ... ပုံမှန်ဆို အမြဲတမ်း ဉာဏ်ကောင်းနေကြပါ...ဘာလို့ တစ်ခါတစ်လေ နားဝေတိမ်တောင် ဖြစ်ဖြစ်သွားရတာလဲ.. "ကော်နင်ယွဲ့ ပြောလိုက်ပြီး " ဆိုလိုချင်တာ အစ်ကိုရီ အမေရဲ့ မျိုးရိုးနာမည်က 'ချင် ' မဟုတ်ဘူးလား..."

ကျီချင်းရန် အောက်နှုတ်ခမ်းကို ကိုက်လိုက်၏။ သူမလည်း အစက ထိုသို့ စဉ်းစားမိလေသည်။

သိူ့သော်လည်း လင်းရီ၏ အမေက လင်းမိသားစု၏ ချွေးမ ဖြစ်နေပြီးဖြစ်သောကြောင့် 'ချင်' အစား ' လင်း ' ဟုသာ ရေးသားသင့်သည် မဟုတ်ပါလော။

"ယောင်းမ.. အစ်ကိုရဲ့ အထောက်အထားက ဘယ်သူလဲဆိုတာ ဒီစာထဲမှာ မှတ်တမ်းတင်ထားလိမ့်မယ်လို့ ထင်လား...."

" ဖြစ်..... ဖြစ်နိုင်လောက်တယ်... "

"ဒါဆို ညီမတို့ ဖွင့်ပြီး ကြည့်ကြည့်ကြရင်ကော ...

“ ငါတော့ မလုပ်ရဲပါဘူး… မေမေဝမ် စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မှာ..”

“ အဆင်ပြေတယ်…” ကော်နင်ယွဲ့မှ စိတ်အားထက်သန်နေပြီး “ အလွန်ဆုံး လူကို ဆူရုံလောက်ပဲပေါ့… ညီမပဲ အပြစ်တွေအားလုံး ခါးစည်းခံပေးလိုက်မယ်…”

“ မဖွင့်ကြည့်တာ ကောင်းမယ်နော…. ဒီလောက် နှစ်တွေ အကြာကြီး ရှိနေတာတောင် မေမေဝမ် မဖွင့်တာကို သေချာပေါက် တခြားသူတွေ မမြင်ချင်စေချင်လို့ နေမှာပေါ့.. တကယ်လို့ ငါတို့က ယူဖတ်လိုက်မယ်ဆိုရင် မေမေဝမ် သေချာပေါက် မပျော်မရွှင် ဖြစ်သွားလောက်တယ်…”

“ ဒါပေမယ့် သိချင်တယ်လေ…”

“ နင် သေမတတ် သိချင်နေရင်တောင် ဒီစာကို လုံးဝ မဖွင့်ရဘူး… ဒါက အရမ်းရိုင်းတယ်..”

“ ကောင်းပြီလေ… ယောင်းမလေး ပြောတာကို နားထောင်လိုက်မယ်… ပစ္စည်းတွေကို နေရာတကျ ပြန်ထားပြီးတော့ hard drive ပဲ ဆက်ရှာကြတာပေါ့..”

“ အင်း…”

နှစ်ယောက်သား စောင်ပြန်ခေါက်နေတုန်း မျှော်လင့်မထားစွာဖြင့် ဝမ်ချွေ့ပင်းမှ အထဲ ဝင်လာသည်ကို မြင်တွေ့လိုက်ရ၏။

“ ချွေးမလေး ရှောင်ယွဲ့… နင်တို့ အခန်းထဲမှာလား… ဟင်းတွေ အသင့်ဖြစ်နေပြီနော်..”

All Chapters