မခံစားနိုင်ဘူး…
Vol. 58 Ch. 859
စာကို ဖတ်ကြည့်ပြီးနောက် ကျီချင်းရန်နှင့် ကော်နင်ယွဲ့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
သူမတို့မျက်ဝန်းများထဲတွင်တော့ ရှုပ်ထွေးနေမှုကို အထင်းသား မြင်တွေ့နိုင်လေသည်။
စာထဲရှိ အကြောင်းအရာများက သူမတို့ စိတ်ကူးထားသည်နှင့် လွဲချော်နေခဲ့၏။
သူမတို့အတွေးက စာထဲတွင် လင်းရီ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် သူတို့ အိမ်၌ မည်သို့သော အကြောင်းအရင်းများကြောင့် ယခုလို လာပို့ထားရခြင်းကို မှတ်တမ်းတင်ထားလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။
လင်းရီ သူ စိတ်နာသည် မနာသည်က တစ်ကဏ္ဍ၊ အနည်းဆုံးတော့ သူ၏ ဘိုးဘေးများက မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ အသိအမှတ် ပြုရန် လိုလေသည်။
ထို့ပြင် စာထဲ၌ မည်သည့် အကြောင်းအရာတို့ကမျှ ရှိမနေချေ။ အထူးသဖြင့် သူမတို့ စိတ်ကူးယဉ်ထားသည့် အကြောင်းအရာများ မပါဟု ပြောလျှင် ပိုမှန်ပေမည်။
“ အမေ… ဖတ်ကြည့်ရသလောက်တော့ ဒီစာက အမေ့အတွက်နဲ့ တူတယ်… ကိုကြီးနဲ့လည်း ဘာမှ မဆိုင်ဘူး…” ကော်နင်ယွဲ့ ပြောလိုက်သည်။
“ အင်း… ဟုတ်တယ်..” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ တကယ်လို့ ဒီလိုဖြစ်မယ်မှန်း ကြိုသိရင် အစောကြီးကတည်းက ဖွင့်ဖတ်ကြည့်ပါတယ်ဟယ်..”
“ ဟင်း… သမီးထင်နေတာ အထဲမှာ ရှော့ခ်ရဖို့ကောင်းလောက်တဲ့ လျှို့ဝှက်ချက်ကြီး ရှိနေမယ်ပေါ့…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ဘာမဟုတ်တာလေး အတွက်နဲ့ စိတ်လှုပ်ရှားနေခဲ့တာပဲ…”
“ နင်တို့ကိုက TV ဒရာမာတွေ အကြည့်များလွန်းနေတာပါ… “ဝမ်ချွေ့ပင်းမှ နှစ်ယောက်လုံးကို ဝေ့ကြည့်လိုက်ပြီး “ တကယ်လို့ မေမေဝမ်သာဆိုရင်လည်း ဒီလိုအကြောင်းအရာတွေပဲ ရေးမှာ… ဒါပေမယ့် ငါက စာမတတ်ဘူးဆိုတော့ သူ့လိုမျိုး စာလုံး အလှလေးတွေ သုံးနှုန်းတတ်မှာ မဟုတ်ဘူး…”
“ အမေလည်း ဒီလိုအကြောင်းအရာတွေပဲ ရေးမယ်ပေါ့…”
ဝမ်ချွေ့ပင်း ပြုံးလိုက်ပြီး “ နင်တို့က မိခင်မဖြစ်ဖူးသေးတော့ ပြောပြရင်တောင် နားလည်မှာ မဟုတ်ဘူး..”
“ ဘာလို့ နားမလည်နိုင်ရမှာ…. ရှင်းပြရင် နားလည်နိုင်ရမှာပေါ့…”
“ မိခင်ကောင်းတစ်ယောက်ရဲ့ အကြီးမားဆုံးသော မျှော်လင့်ချက်က သူ့ကလေး အန္တရာယ်ကင်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာဖို့ပဲ… ပြီးတော့ သူတို့ရဲ့ နောက်ဆုံး ဆန္ဒကလည်း မိဘဝတ္တရား ငါးပါးထဲက ထိမ်းမြားခြင်းဆိုတဲ့ ဝတ္တရားကို ကျေပွန်နိုင်ဖို့ပဲ… ခု ဒီစာထဲက အမျိုးသမီး ပြောထားသလိုမျိုးပေါ့…. “
“ နင်တို့ကသာ ဖုန်းကို ငေးကြည့်ပြီး အရာရာတိုင်းကို တွေးပူနေကြတာ… အမှန်တော့ လက်တွေ့ဘဝက အဲ့လောက်ကြီး ရှုပ်ထွေးမနေဘူး… အရေးကြီးဆုံးက နင်တို့ကလေး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာနိုင်ဖို့ပဲ…”
ချင်းရန်နှင့် နင်ယွဲ့တို့ကတော့ သူမတို့ စိတ်ထဲ နားလည်နေသယောင်ယောင်။
ဝမ်ချွေ့ပင်း ပြောသည့် အတိုင်း မိခင် ဖြစ်ဖူးမှသာ ကိုယ်ချင်းစာနိုင်လိမ့်မည် ဖြစ်သောကြောင့် တစ်ချို့ အကြောင်းအရာများကိုတော့ နားမလည်ချေ။
“ ဒါပေမယ့် စာကလည်း နည်းနည်းတော့ ထူးဆန်းတယ်.. အောက်ဆုံးမှာ မျိုးရိုးနာမည်ကိုပဲ လက်မှတ်ထိုးသွားပြီးတော့ သူမရဲ့ နာမည်အပြည့်အစုံကိုလည်း မရေးသွားဘူး…” ကော်နင်ယွဲ့ ပြောဆိုလိုက်သည်။
“ အင်း…. အဲ့ဒီအမျိုးသမီးက သူ့ကိုယ်သူ အမေဖြစ်ဖို့ မထိုက်တန်ဘူးလို့ ခံစားနေရလို့ နေမှာပေါ့… အဲ့တာကြောင့် သူ့နာမည်ကို မရေးသွားတာ ဖြစ်လောက်တယ်…” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ စာထဲမှာ သူတို့ကို သေပြီလို့သာ ယူဆခိုင်းလိုက်လို့ မပြောထားဘူးလား…”
“ ဟုတ်တယ်နော….”
“ မဖြစ်နိုင်လောက်ဘူး..” ထိုစဉ် ကျီချင်းရန်မှ နေ၍ “ တကယ်လို့ သူမသာ လင်းရီကို လုံးလုံး မရှာဖွေစေချင်ဘူးဆိုရင် သူမရဲ့ မျိုးရိုးနာမည်တောင် ချန်ထားရစ်ခဲ့မှာ မဟုတ်ဘူး…. ဒီတိုင်း အရှင်း ပကတိပဲ ထားခဲ့သင့်တယ်..”
ကျီချင်းရန်၏ စကားလုံးများက နှစ်ယောက်ကို စိတ်အားတက်ကြွသွားစေခဲ့ပြီး အထူးသဖြင့်တော့ ဝမ်ချွေ့ပင်းကိုပင်။
“သူ့ကလေးနဲ့ မခွဲရက်ခဲ့လို့ နေမှာပေါ့ကွယ်…” ဝမ်ချွေ့ပင်း မျက်ရည်စမ်းလျက် ပြောရင်း သက်ပြင်းချလိုက်ကာ “ ခု ဂေဟာက ကလေးတွေဆို မေမေဝမ်ရဲ့ ကလေးရင်းတွေ မဟုတ်ဘူး… အဲ့တာတောင် သူတို့ကို သူများဆီ ပို့ရမယ်ဆိုရင် အသည်းနှစ်လုံးကို ဘလိတ်ဓားနဲ့ မွှန်းခံရသလိုပဲ… ကိုယ့်သားအရင်းကို သူများဆီ ပေးပစ်ရမယ့် မြင်ကွင်းမျိုးကို စိတ်ကူးကြည့်လို့တောင် မခံစားနိုင်ဘူး… ဘယ်လို သားကောင်းမိခင်မျိုးကမှလည်း ခံစားနိုင်မှာ မဟုတ်ဘူး…”
ကျီချင်းရန်နှင့် ကော်နင်ယွဲ့တို့လည်း သိမ့်ကနဲ တုန်သွားခဲ့၏။သို့သော်လည်း သူမတို့ နှလုံးသားကပါ တုန်ခါသွားခဲ့သည်ဟု ခံစားလိုက်ရလေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့လည်း တစ်နေ့၌ အိမ်ထောင်ပြုပြီး ကလေးရှိလာမည့် သူများ ဖြစ်၏။
သူတို့၏ သွေးသားရင်းကို အဝေးပို့မည့် ခံစားချက်အား သေချာပေါက် မခံစားနိုင်ချေ။
“ ဒီအန်တီလည်း အစ်ကိုကြီးနဲ့ မခွဲရက်ခဲ့လို့နေမှာ… ဒါကြောင့်မို့ သူမရဲ့ မျိုးရိုးနာမည်ကို ချန်ထားရစ်ခဲ့ပြီး သူ့အမေရဲ့ မျိုးရိုးနာမည်က ချင်ဆိုတာ ပေးသိထားတာပေါ့…”
ကျီချင်းရန် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
သူမက လင်းရီကို အဝေးသို့ မပို့ချင်သော်လည်း ရွေးချယ်စရာ မရှိခဲ့သည့် ပုံပင်။
မခံစားနိုင်သည့် အဆုံး၌ အရိပ်အမြွက်ပေးသည့် အနေဖြင့် သူမ၏ မျိုးရိုးနာမည်ကို ချန်ရစ်ခဲ့လိုက်သည်။
သူမ၏ တည်ရှိခဲ့မှုကို မျိုးရိုးနာမည်တစ်ခုတည်း ချန်ထားရင်းသာ သက်သေပြနိုင်လေသည်။
“ အမေ… သမီးခုမှ သတိရတယ်..” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ဒီအန်တီ အစ်ကို့ကို လာပို့တော့ အမေ သူ့မျက်နှာကို မြင်လိုက်ရတယ်မလား..”
“ အင်း.. ဝမ်ချွေ့ပင်းပြောလိုက်ပြီး “ မိုးလေထန်တဲ့ ညတစ်ညကပေါ့… ဒါပမယ့် သူ့ရဲ့ ငိုကြွေးမှုက မိုးတွေထက်တောင် ပိုပြီး သည်းထန်နေခဲ့သေးတယ်…”
“ ဒါဆို သူ့ပုံစံက ဘယ်လိုရှိလဲ….” ကော်နင်ယွဲ့ မေးလိုက်ရင်း “ အစ်ကိုကလည်း ချောတယ်ဆိုတော့ အန်တီချင်ကလည်း ရုပ်မဆိုးလောက်ပါဘူး… ဟုတ်တယ်မလား…”
“ သူ့မျက်နှာပေါ်မှာ ပုဝါ အုပ်ထားတော့ အမေလည်း ကောင်းကောင်းမမြင်လိုက်ရဘူး… ဒါပေမယ့် မျက်လုံးတွေကတော့ ကြီးကြီးမည်းမည်းလေး.. အရမ်းနဲ့ လှတယ်….. ချွေးမလေးလိုမျိုးပေါ့..”
“ ဒါဆိုရင်တော့ ရုပ်မဆိုးနိုင်ပါဘူး…. ယောင်းမလေးရဲ့ မျက်လုံးကလည်း လှတယ်ဆိုတော့…”
“ ကဲပါ ..… ဒီအကြောင်း ဆက်မပြောကြစို့.. ဟင်းတွေက ရနေပြီ… နင်တို့နှစ်ယောက် စားဖို့ကို စောင့်နေကြတာ… သွားကြစို့…”
“ အမေ… တစ်မိနစ်လောက်… သမီး ယောင်းမလေးနဲ့ ဆွေးနွေးစရာလေးရှိလို့…ပြီးရင် လာခဲ့မယ်…”
“ ဟင်းတွေက အေးတော့မှာနော်…”ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ နင့်မရီးက တစ်နေကုန် အပြင်မှာ ပင်ပန်းလာခဲ့တာ… ဗိုက်ဆာနေရောပေါ့..”
“ ရပါတယ်… ယောင်းမလေးလည်း မဆာသေးပါဘူး… သမီးတို့ ခဏလောက်မှ လာခဲ့မယ်…”
“ ဒါဆို နင်တို့ကို ဟင်းတွေ ဒီယူလာခဲ့ပေးမယ်… ဒီမှာပဲ စားလိုက်ကြတော့…” ဝမ်ချွေ့ပင်းမှ အလိုလိုက်သည့် လေသံဖြင့် ပြောလိုက်၏။
“ မလိုဘူး အန်တီ… သမီးတို့လည်း မကြာဘူး..ခဏလေးပါပဲ… ပြီးရင် ထွက်လာခဲ့မယ်..” ကျီချင်းရန်မှ အလျင်စလို ပြန်ပြောလိုက်လေသည်။
“ ကောင်းပြီလေ… အဲ့တာဆိုလည်း သွက်သွက်လုပ်ကြ….”
“ ဟုတ်…”
ဝမ်ချွေ့ပင်းမှ ယောင်းမကိုင်၍ ပြန်ထွက်သွားပြီးနောက် နှစ်ယောက်မှာ အခန်းကို ဆက်လက် လှန်လော ရှာဖွေကြလေသည်။
“ ယောင်းမလေးက ဒီရဲ့ စောင်တွေ ပြန်သိမ်းလိုက်…. ငါက မှတ်တမ်းသိမ်းထားတဲ့ဟာတွေကို ပြန်ရှာလိုက်ဦးမယ်…”
“ကောင်းပြီလေ….”
မိနစ် အနည်းငယ် ကြာပြီးနောက် ကျီချင်းရန် စောင်နှင့် စာအိတ်ကို ခေါက်သိမ်းလိုက်ပြီး ကော်နင်ယွဲ့မှ မှတ်တမ်းတင်ထားသည့် Hard drive များ သိမ်းဆည်းထားသည့် ပုံးကို ရှာတွေ့သွားလေသည်။
“ အမေတောင် စေ့စေ့စပ်စပ်ရှိလာပြီပဲ… ပစ္စည်းတွေအပေါ်မှာ ရက်စွဲ အတိအကျနဲ့တောင် မှတ်ထားလို့..”
ကော်နင်ယွဲ့မှ ‘ ဒီဇင်ဘာ ၈ရက်နေ့မှ ၂၄ ရက် ‘ ဟု ရေးသားထားသည့် အနက်ရောင် hard driveကို ကိုင်ရင်း ကွန်ပျူတာနဲ့ ချိတ်ဆက်၍ ဗွီဒီယိုများကို ရှာဖွေလိုက်လေသည်။
“ ဒါနဲ့ ယောင်းမလေး.. နင်က ဒါတွေ ဘာလုပ်ဖို့ ရှာနေတာ…”
“ ငါ တုန်းတုန်းဆီက ကြားတာ အန်ကယ်ကျောက် ရှေ့ရက်ပိုင်းလောက်တုန်းက လူတစ်ချို့နဲ့ စကားများ ရန်ဖြစ်ခဲ့တယ်ဆိုပဲ.. အဲ့တာကြောင့် နင့်အစ်ကိုက ငါ့ကို ဒီလာပြီး မှတ်တမ်းတွေကနေတစ်ဆင့် ဘယ်သူတွေလဲဆိုတာ သိအောင် ရှာခိုင်းထားတာ…”
“ ဟင်…. အဖေက သူများနဲ့ စကားများတယ်ဟုတ်လား.. သေစမ်း… ဘယ်သူက အဲ့လောက်ထိ သတ္တိတွေ အရမ်းကောင်းတယ်… ငါ့အစ်ကို ဘယ်သူဆိုတာ ဒင်းတို့က မသိတာလားတဲ့…”
“ စိတ်အေးအေးထား...” ကျီချင်းရန် ပြောလိုက်ပြီး “ ဒီကိစ္စ နင့်ကိုကြီးကိုပဲ ကိုင်တွယ်ခိုင်းလိုက်..”
“ အမှန်ပဲ… ညီမတို့ဘက်က အစ်ကို့ကို လွှတ်လိုက်တာနဲ့ အဆင်ပြေပြီ…ကျန်တာ ဘာမှ လုပ်စရာ မလိုဘူး…”
အကြောင်းအရင်းကို သိပြီးနောက် ကော်နင်ယွဲ့မှာ ပို၍ပင် လေးလေးနက်နက်နှင့် ကြိုးစား ရှာဖွေတော့၏။
“ ယောင်းမလေး… ရှာတွေ့ပြီ..”
စခရင်ပေါ်တွင်တော့ လူပုံရိပ်နှစ်ခုကို မြင်တွေ့နိုင်လေသည်။
ပထမတုန်းကတော့ ကျောက်ချွမ်းဖူနှင့် အေးဆေး စကားပြောနေကြသော်လည်း စကားခွန်းရေ အနည်းငယ်မျှ ပြောဆိုပြီးနောက် ၎င်းတို့၏ အမူအရာက ခက်ထန်သောင်းကြမ်းလာတော့၏။ ခြေလက်တို့တော့ မပါကြချေ။ သူတို့ ဘာတွေ အော်ဟစ်သွားလဲဆိုတာကိုတော့ ကျီချင်းရန်တို့လည်း မသိ။ အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာ၌ စပီကာ မတပ်ထားသောကြောင့် ပင်။
သို့တိုင်အောင် ၎င်းကလည်း ပြဿနာတော့ မဟုတ်ပေ။ သူမတို့ လိုအပ်သည်က ထိုလူနှစ်ယောက် မည်သို့ပုံစံ ရှိသည်ကို သိရုံမျှနှင့် လုံလောက်၏။
“ မြန်မြန် စခရင်ရှော့ခ်ရိုက်ပြီး ငါ့ဖုန်းထဲ ပို့လိုက်… ငါနင့်အစ်ကိုဆီ ပို့ပေးလိုက်မယ်..”
“ အွန်း… ခုလုပ်နေတယ်…”
…………….
တစ်ချိန်တည်းတွင် လင်းရီနှင့် လျိုဝန်ချန်တို့လည်း ရန်ချိန်ရှီ Ritz- Carton ဟိုတယ်သို့ မောင်းနှင်လာကြသည်။
ကားပါကင်နေရာတွင်တော့ ဇိမ်ခံကားတို့ဖြင့်သာ ပြည့်နှက်နေလေသည်။
Maybaches .. Bentley တို့သာမက ခေါက်အမိုးပြိုင်ကားမျိုးစုံကိုလည်း လက်ညိုးထိုးမလွဲ မြင်တွေ့နေရသည်။
ခမ်းနားသည့် ကားအရောင်းပွဲတော်သို့ ရောက်သွားသည်ဟု ခံစားရစေနေတော့၏။
လျိုဝန်ချန်၏ မာစီးတီးမှာ ယွမ်တစ်သန်းကျော် ပေးရသော်လည်း ယခုနေရာရောက်တော့ မထင်မရှားကားလေး တစ်စီးအဖြစ်သို့သာ ရောက်ရှိသွားခဲ့တော့သည်။
“ ဒီနေရာက တော်တော်လေးတော့ ခမ်းနားသားပဲ…” လင်းရီ ဘေးဘီကို ကြည့်ရင်း အပြုံးလေးဖြင့်ပြောလိုက်သည်။
“ ဥက္ကဌလင်း… ခင်များက ကျိုးဟိုင်ကဆိုတော့ ရန်ချိန်က အခြေအနေတွေအကြောင်း နားမလည်ပါဘူး..” လျိုဝန်ချန် ပြောလိုက်ပြီး “ ဝူရှီဆိုတာ သူ့လက်ဝါးနဲ့ ကောင်းကင်ကိုတောင် ဖုံးလွှမ်းလို့ရတယ်… တကယ်လို့များ သူ မျက်စိကျသွားတဲ့ စီးပွားရေးလုပ်ငန်းရှိလို့ကတော့ သေချာပေါက် လုပြီ..” လျိုဝန်ချန်မှ ပြောလိုက်ပြီး “ ဟိုး ရှေ့နှစ်လတုန်းကတောင် ရောင်းဖို့လျာထားတဲ့ ရေချိုးစင်တာတစ်ခုကို သူမျက်စိကျသွားတယ်.. ကျုပ်တို့ စောနလေးတင် ဖြတ်လာခဲ့တဲ့ ရွှေယွင် အဆောက်အဦးလေ…”
“ အင်း.. ငါမှတ်မိတယ်…”
“ ဒါပေမယ့် အဆုံးကျတော့ သူပဲ အတင်းအဓမ္မ လုယူသွားပြီး အဆောက်အအုံပိုင်ရှင် အလှလေးကိုတောင် သူနဲ့ အတင်း အိပ်ခိုင်းလိုက်သေးတယ်…. တရားမျှတမှုဆိုတာလည်း ရှိသေးရဲ့လားတောင် မသိတော့ပါဘူးဗျာ…”