မင်းတို့ကောင်တွေကို မြင်နေရတာ အရမ်း စိတ်အနှောင့်အယှက် ဖြစ်စေတယ်..
Vol. 58 Ch. 860
“ ငိုးမ … သောက်ရှက်မဲ့လှချည်လားကွ…” လင်းရီ အံ့အားသင့်သွားခဲ့ပြီး “ ငါ ကျိုးဟိုင်မှာ ဒီလောက်ထိ အံ့အားသင့်ဖို့ကောင်းနေတာတောင် အဲ့လိုမျိုး မလုပ်ရဲဘူး…”
လျိုဝန်ချိန် ရယ်မောလိုက်ပြီး “ ဥက္ကဌကျီက သေချာလေး ကြပ်မတ်ထားလို့နေမယ် … ဟုတ်တယ်မလား…”
“ သူမ ကြပ်မတ်တာကြောင့် မဟုတ်ဘူး.. ဘာလို့ဆို အဲ့ဒီ အမျိုးသမီးတွေကပဲ ငါ့ရင်ခွင်ထဲ ခြေစုံပစ် ၀င်ချင်နေကြတာ .. ငါဘက်က လှုပ်ရှားစရာတောင် မလိုဘူး..”
“ အာ…. ဥက္ကဌလင်း… ဒါကြီးကတော့ သောက်ရမ်း အံ့ဩဖို့ ကောင်းသွားပြီ…”
“ ဒါပေမယ့်လည်း မယှဉ်နိုင်ပါဘူးကွာ… အသက်ကြီးတာကမှ တကယ့်ဆရာကြီး..” လင်းရီ ပြောလိုက်ပြီး “ ၆၀ ရှိနေပြီကို ဒီလို ကစားနည်းတွေ ကစားနေနိုင်တုန်းပဲ ဆိုတော့ ငယ်တုန်းကဆို ဘယ်လောက်များ သန်လိုက်မလဲ…”
“ ကျုပ်ကြားတာတော့ သူငယ်ငယ်တုန်းက လက်သီးအားကိုးနဲ့ အသက်မွေးဝမ်းကြောင်း ပြုခဲ့တယ်ဆိုပဲ…” လျိုဝန်ချိန် ပြောလိုက်ပြီး “ ပြီးတော့ သူတစ်ယောက်တည်းတင် မဟုတ်ဘူး…သူ့အတောင်အောက် သွတ်သွင်းထားတဲ့ သူ့မွေးစားသားကလည်း ရန်ချိန်မှာ ထင်ရာကျဲနိုင်တဲ့ လူစားမျိုးထဲ ပါတယ်...."
ဒူ ဒူ ဒူ…
လင်းရီ စကားပြောတော့မည့် အချိန်တွင် အိတ်ကပ်ထဲရှိ ဖုန်းမှာ တုန်ခါလာခဲ့လေသည်။
ကျီချင်းရန်မှ ဝီချက်မက်ဆေ့ချ် ပို့လာခဲ့ခြင်းပင်။ ဓာတ်ပုံများ စီတန်းရောက်လာခဲ့ပြီးနောက် သူမ၏ ဖုန်းခေါ်ဆိုမှုကလည်း ကပ်လျက် လိုက်ပါလာခဲ့တော့၏။
“ ငါနင့်ဆီ ပုံတွေပို့လိုက်တယ် … တွေ့လား… “
“ အင်း..တွေ့တယ်…. ”
“ အွန်း… အိမ်ကို စောစောပြန်ခဲ့နော်…. နောက်မကျစေနဲ့…”
“ ကောင်းပြီ..”
ဖုန်းချပြီးနောက် လင်းရီ ဓာတ်ပုံများကို ဂရုတစိုက်နှင့် ကြည့်လိုက်ပြီး ၎င်းတို့၏ သွင်ပြင်ကို သေချာမှတ်သားထားလိုက်သည်။
“ အထဲဝင်ပြီး သွားကြည့်ကြစို့… အဲ့ကောင်တွေ ဘယ်လောက်ထိ အံ့အားသင့်ဖို့ ကောင်းနေလဲဆိုတာ ငါကိုယ်တိုင် ကြည့်စမ်းမယ်….”
“ ဟုတ် ဟုတ်….”
လျိုဝန်ချိန် ထိုင်ခုံခါးပါတ်ဖြုတ်ရင်း အလျင်အမြန် သဘောတူလိုက်၏။
“ ဟေ့လူ … သွားမယ်လေ… မင်းအခုက အဲ့တာ ဘယ်လဲသွားမလို့….…”
လျိုဝန်ချိန် ကားနောက်သို့ သွားနေသည်ကို မြင်တော့ လင်းရီ မေးလိုက်၏။
“ လက်ဆောင်လေ…. မွေးနေ့ပွဲလာမှတော့ လက်ဆောင်ယူလာခဲ့ရမှာပဲ မဟုတ်ဘူးလား…”
“ ငါယီးကို လက်ဆောင်ပါလား.. မင်း ပိုက်ဆံတွေ ဖြုန်းစရာ နေရာရှားလွန်းနေလား…”
“ ဒီလိုပွဲမျိုးကို လက်ဗလာနဲ့ လာမယ်ဆိုရင် အရမ်းရိုင်းပြရာ ကျတာပေါ့ဗျ….”
“ သွား… အနီးစတိုးဆိုင်က ပန်းခွေ နှစ်ခွေ သွားဝယ်ခဲ့လိုက်… အဲ့လောက်ဆိုတော်ပြီ… ”
“ ဥက္ကဌလင်း… နောက်မနေစမ်းပါနဲ့…. သူတို့ လက်ခံမှာ မဟုတ်ဘူး…”
လျိုဝန်ချန် သူ့ကား နောက်ဖုံးကို ပြန်ပိတ်လိုက်ပြီး လင်းရီနှင့် အတူ ဟိုတယ် ဝင်ပေါက်ဝသို့ ဦးတည်လိုက်လေသည်။
တစ်ချိန်တည်းတွင် မွေးနေ့ပွဲ တက်ရောက်လာကြသူများကလည်း ၎င်းတို့၏ တွဲဖက် အမျိုးသမီးကိုယ်စီနှင့် ဟိုတယ်ထဲသို့ ဝင်ရောက်လာခဲ့ကြ၏။
“ ဟမ်.... လျိုဝန်ချန်က ဒီလာရဲသေးတယ်တဲ့လား…. သတ္တိတွေ သိပ်ကောင်းနေတယ်နဲ့တူတယ်…” အဆီရွှဲသည့် ဗိုက်နှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးမှ ပြောလိုက်၏။
“ ဟုတ်ပါ့… ဒီနေ့က ဝူရှီရဲ့ အသက် ၆၀ ပြည့် မွေးနေ့ပွဲ မဟုတ်ဘူးလား… ဒီလိုမျိုး သဟဇာတ ဖြစ်သင့်တဲ့ ပွဲက ဘာလို့ စစ်ပွဲနဲ့ တူတယ်လို့ ခံစားနေရတာ…” သူနှင့်အတူ လိုက်ပါလာသည့် အမျိုးသမီးမှလည်း ပြောလိုက်လေသည်။
“ အင်း…. ဒါပေမယ့် ဒီကောင်က ဝူရှီ မျက်စိ တော်တော်လေး ကျနေတဲ့ ပရောဂျက်ကို ခိုးသွားတယ် ဆိုတော့ သူ့ကို အေးဆေး လွှတ်ပေးလိုက်လိမ့်မယ်လို့ ထင်လား….”
“ မသိလို့ မှားသွားတာ အပြစ်တော့ မဟုတ်ပါဘူး… သူ့ဘက်က တောင်းပန်… ပြီးရင် ပရောဂျက်ကို ဝူရှီဆီ ပြန်ပေး… ဝူရှီကလည်း ကျိုးကြောင်း မညီညွှတ်တဲ့ လူမှ မဟုတ်တာ…”
“ အဲ့တာထက် အဓိကက နယ်ပယ်ထဲက လူတိုင်း ဝူရှီ ဒီပရောဂျက်ကို မျက်စိကျနေမှန်း သိလို့ ဘယ်သူမှ မျက်စောင်းထိုးဝံ့ကြဘူး.. ဒါပေမယ့် ဒီကောင်ကတော့ တိတ်တိတ်လေး လုယူသွားခဲ့တယ်လေ… အဲ့တာ ဝူရှီကို မျက်နှာသာ မပေးတာပဲ မဟုတ်ဘူးလား…”
“ အွန်း.. ဒီလိုကျတော့လည်း ဒီလူက တော်တော်လေး သတ္တိကောင်းသွားပြန်ပြီ..” အမျိုးသမီးမှ ပြောလိုက်ပြီး “ ရန်ချိန်ဆိုတာ ဝူရှီရဲ့ ပိုင်နက်… သူ ဒီမှာ စီးပွားရေး ဆက်မလုပ်ချင်တော့ဘူးနဲ့တူတယ်..”
“ ကျွတ် ကျွတ် ကျွတ်…. “ သက်လတ်ပိုင်း လူကြီးမှ မေးစေ့ကို ပွတ်ရင်း စုတ်သပ်လိုက်ပြီး “ ဒီညတော့ ပွဲကောင်းကောင်းတစ်ခု ကြည့်ရတော့မယ်နဲ့ တူတယ်…”
လင်းရီနှင့် လျိုဝန်ချန်ကတော့ မည်သည့် စကားဝိုင်းကိုမျှ နားထဲ ထည့်မနေပဲ ဟိုတယ် တံခါးဝသို့ ရောက်ရှိလာခဲ့၏။
“ လူကြီးမင်း ကျေးဇူးပြုပြီး ဖိတ်စာလေး တစ်ချက်လောက် ပြပေးပါ…” ဟွာရှရိုးရာ ကိုယ်ကြပ်သင်တိုင်းကို ဝတ်ဆင်ထားသည့် အမျိုးသမီးမှ ပြောလိုက်၏။
“ ဒါက ဟိုတယ် မဟုတ်ဘူးလား… ဟိုတယ်က ဖိတ်စာမပါရင် ဝင်လို့မရတော့ဘူးပေါ့…”
သူမရှေ့ရှိ အချောလေးကို ကြည့်ရင်း အမျိုးသမီး၏ စိတ်ရှည်မှု ရေချိန်မှတ်တို့က မြင့်တက်လာခဲ့ကာ “ လူကြီးမင်း.. ဒါက ဒီလိုပါ… ကျွန်မတို့ Ritz-Carlton ဟိုတယ်ကို ဝူရှီကနေပြီး ဒီနေ့ တစ်ရက် အပြတ်ငှားထားတာပါ.. ဒါကြောင့်မို့ မွေးနေ့ပွဲဖိတ်စာ မပါတဲ့လူတိုင်း ဟိုတယ်ထဲ ဝင်ခွင့် မရှိပါဘူး…”
“ ဒီမှာ ဖိတ်စာ….”
လျိုဝန်ချန် ဖိတ်စာကို အတွင်းအိတ်ထောင်ထဲမှ နှိုက်ပေးရင်း “ ခုရပြီလား…”
ချုံဆန်ဝတ်စုံနှင့် အလှလေးမှ ဖိတ်စာကို ကြည့်ပြီးနောက် တောင်းပန်သည့် အပြုံးလေးကို ဆင်းမြန်းလျက် လျိုဝန်ချန်ကို ကြည့်လိုက်ပြီး “ လူကြီးမင်းကတော့ သွားလို့ရပါတယ်…ဒါပေမယ့် ဒီဘက်က လူကြီးမင်းကတော့ မရမှာကိုပဲ စိုးရိမ်မိတယ်…”
“ ဟမ်.. ဘာလို့ မရတာ… ပြောတော့ ငါတို့ဘက်က လူသုံးလေးယောက်လောက် ခေါ်ခဲ့တောင် ပြဿနာမရှိဘူးဆို…”
“ မဟုတ်ဘူးရှင့်.. ပြဿနာက ဟော့ဒီလူကြီးမင်းရဲ့ အဝတ်အစားတွေက အရမ်းကို သာမန်ဆန်လွန်းနေလို့ပါ… စည်းမျဉ်းစည်းကမ်းတွေအရ ဝင်ခွင့်ပြုလို့ မရလို့ပါရှင်…”
“ ရှီးပဲ…. မင်းတို့ကောင်တွေက ဘယ်လိုစည်းမျဉ်းတွေ ချထားတာတုန်းကွ… ဘာဆိုင်လို့ သာမန် အဝတ်အစားနဲ့လူတွေက ဝင်လို့မရရမှာ….”
“ ဒီစည်းမျဉ်းကို ဝူရှီကိုယ်တိုင်က ချမှတ်ထားတာပါ လူကြီးမင်း.. ကျွန်မတို့က စည်းမျဉ်းတွေကို လိုက်နာရုံလေးတင်ပါ…. လူကြီးမင်းဘက်က နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…”
ဝူရှီ၏ နာမည်ကို ကြားတော့ လျိုဝန်ချန် ဘာမျှ ထပ်မပြောဝံ့တော့ပဲ လင်းရီ လက်မောင်းကို ဆွဲ၍ လေသံအုပ်အုပ်ဖြင့် “ ဥက္ကဌလင်း.. ဒီနားမှာ မောလ်တစ်ခု ရှိတယ်… ကျုပ် ဝတ်စုံတစ်စုံ သွားဝယ်လာခဲ့ပေးမယ်… မဟုတ်လို့ကတော့ ဒီည အထဲဝင်နိုင်မှာတောင် မဟုတ်ဘူး…”
“ ဒါဆိုလည်း မဝင်ဘူးပေါ့… အနာဂတ်ကျ တစ်ခုခု ဖြစ်လာခဲ့ရင်တော့ ငါ့ လှမ်းခေါ်လိုက်..”
လင်းရီ မူလက ပရောဂျက်ကို အနှောင့်အယှက်ကင်းကင်းနှင့် အလျင်အမြန် စတင်စေချင်သောကြောင့် လျိုဝန်ချန်ကို ကူညီပေးရန် စဉ်းစားထားသည်။
သိုသော်လည်း ငြင်းပယ်ခံလိုက်ရသောကြောင့် သူ့ဘက်က အတင်းအဓမ္မ ဝင်ရောက်ရန်လည်း အကြောင်းမရှိချေ။
“ ဒါက….”
လျိုဝန်ချန် ငိုချင်နေသော်လည်း မျက်ရည်များက ထွက်ကျမလာပေ။
တကယ်လို့ ဥက္ကဌလင်း ထွက်သွားပြီးမှ တစ်ခုခု ဖြစ်လာခဲ့ရင်ကော....
“ ကျိုးဟိုင်နဲ့ ရန်ချိန်က အဝေးကြီးလေဗျာ… ကျုပ် ခေါ်လိုက်ရင်တောင် ခင်များက ချက်ချင်း ရောက်လာနိုင်မှာမှ မဟုတ်တာ….”
" အဲ့တာ ခင်များအပူလေ.... "
“ ရို.. ဒါ ဥက္ကဌလျို မဟုတ်လား…. “
တစ်စုံတစ်ယောက်မှ စကားပြောသံကို ကြားတော့ လျိုဝန်ချန် အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။
ထိုအခါ ဟိုတယ်ထဲမှနေ၍ အလှမ်းသိပ်မဝေးသည့် နေရာ၌ ဝတ်စုံပြည့်ဖြင့် လူငယ်တစ်ဦး လျှောက်လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရလေသည်။
လင်းရီလည်း စကားပြောသူကို မြင်တွေ့သွားခဲ့၏။ ထိုသူက အသက်သုံးဆယ်ကျော်မျှ ရှိသေးကာ အပြာရောင် ရှပ် အကောင်းစား တံဆိပ်နှင့် ဆံပင်ကိုလည်း နောက်သို့ လှန်ဖီးထားသေးသည်။ မြင်တွေ့နေရသည်မှာ တော်တော်လေးကို ရည်ရည်မွန်မွန်တော့ ရှိလေသည်။
“ အဲ့ဒီကောင်က ဘယ်သူတုန်း…”လင်းရီ သာမန်လေသံဖြင့် မေးမြန်းလိုက်၏။
“ သူက ဝူရှီရဲ့သား… ဝူကျင်းစုန့်..”
လျိုဝန်ချန် ဖျော့တော့စွာ တုံ့ပြန်ပြီးနောက် ဝူကျင်းစုန့်ထံ လျှောက်သွားပြီး အားတက်သရောဖြစ်နေသည့် အမူအရာဖြင့် လက်ကို ဆန့်တန်းလိုက်သည်။
“ မစ္စတာဝူ.. မတွေ့တာတောင် အတော်ကြာပြီနော်….”
ဝူကျင်းစုန့် မမြင်ဟန်ပြုလိုက်ပြီး သူ၏ လက်ကို ဆန့်တန်းမည့် ရည်ရွယ်ချက်လည်း မရှိချေ။
“ ဒီရောက်နေပြီကို မ၀င်ပဲ ဘာလုပ်နေတာ….”
လျိုဝန်ချန် ကိုးရို့ကားယား ပြုံး၍ လက်ကိုပြန်ရုတ်လိုက်ပြီး “ ကျုပ်တို့ ဥက္ကဌလင်းက ရန်ချိန်ကို ရောက်တာနဲ့ ကြုံတော့ သူနဲ့အတူ ပွဲတက်ရအောင် ခေါ်လာခဲ့တာ… ဒါပေမယ့် သာမန်အဝတ်စားတွေ ဝတ်ထားလို့ဆိုပြီး အစောင့်က ပေးမဝင်ဘူး…”
“ ဆိုတော့ အဲ့လိုကိုး…” ဝူကျင်းစုန့် ပြောလိုက်ပြီး မိန်းကလေးကို ကြည့်၍ “ ပေးဝင်လိုက်…. သူတို့ နှစ်ယောက်က ဒီနေ့ ပွဲရဲ့ အဓိက ဇာတ်ဆောင်တွေ… သူတို့တွေ အထဲမဝင်နိုင်ရင် မွေးနေ့ပွဲကြီး တစ်ခုလုံးက အဓိပ္ပာယ်မဲ့ ဖြစ်သွားလိမ့်မယ်..”
လျိုဝန်ချန် ရင်ထဲ ဒိုင်းခနဲ ဖြစ်သွားခဲ့ပြီး သူ၏ အမူအရာကလည်း ပြိုလဲတော့မည့်နှယ် ဖြစ်ပျက်သွားခဲ့သည်။
တစ်ချိန်တည်းတွင် အခြားသော ပွဲလာသူ ဧည့်ပရိသတ်များကလည်း အငြိမ်သား မတ်တပ်ရပ်နေကာ ပွဲကြီးပွဲကောင်း စတင်မည့်အချိန်ကို စောင့်ဆိုင်းနေကြလေသည်။
ဒီလူတွေက တော်တော်လေး သတ္တိကောင်းကြသားပဲ..
သူများပရောဂျက်ကို ခိုးရုံတင်မကသေးဘူး.. ပွဲကိုတောင် သူများအာရုံစိုက်ခံရအောင် လုပ်ပြီး လာခဲ့ကြသေးတယ်.. ဒါက ခြင်္သေ့ခံတွင်းဝထဲ အိန္ဒိယ အက ကပြီး ဝင်လာတာနဲ့ အတူတူပဲ မဟုတ်ဘူးလား… ကျွတ်….. တစ်ခုခုတော့ တစ်ခုခုပဲ..
“ မစ္စတာဝူကတော့ နောက်ပြောပြောနေပါပြီ… ကျုပ်တို့က ဒီကို ဖိတ်ကြားခံရလို့ ဂုဏ်ယူနေတာကို ဘယ်လိုလုပ်ပြီး အဓိက ဇာတ်ဆောင်တွေအဖြစ် ခံယူရဲမှာ…”
“ အမှန်ပဲ… ဒါပေမယ့် မင်းတို့ ကုမ္ပဏီရဲ့ လျှို့ဝှက်စစ်ဆင်ရေးက ငါတို့ထက်တောင် ပိုပြီးလွှမ်းမိုးသွားသေးတယ်… ဒီတော့ မင်းတို့က ပွဲရဲ့ အဓိက ဇာတ်ဆောင်တွေ ဖြစ်ထားပြီးသား… ငါ့အထင်တော့ အဖေ ခဏနေကျရင် မင်းနဲ့ စကားကောင်းပြောတော့မယ်နဲ့ တူတယ်..”
“ ဒါ…ဒါက…”
လျိုဝန်ချိန် စကားပြောရန် ဟန်တပြင်ပြင် လုပ်နေသော်လည်း သူ၏ နှုတ်က မည်သို့သော ဖြေရှင်းချက်မျိုးကိုမှ ထုတ်မပေးနိုင်ခဲ့ချေ။
တစ်ဖက်တွင်တော့ ဝူကျင်းစုန့်၏ အကြည့်က လင်းရီထံ ကျရောက်သွားခဲ့ပြီး “ ညီလေး.. မင်းက ချောင်ရန် အုပ်စုရဲ့ တာဝန်ရှိသူလား….”
“ ရှုထောင့်တစ်ခုက ကြည့်မယ်ဆိုရင်တော့... အဲ့လို ပြောလို့ရတယ်…” လင်းရီ ပေါ့ပါးစွာ တုံ့ပြန်လိုက်၏။
“ စီးပွားရေးဇုန်သစ်မြေကို ယူလိုက်တာ မင်းလား…”
“ ဟုတ်တယ်..”
ဝူကျင်းစုန့် ပြုံးလိုက်ပြီး လင်းရီကို လက်မထောင်ပြလိုက်၏။
“ လူငယ်လေး… မင်းရဲ့ သတ္တိကိုတော့ ငါ သိပ်ကြိုက်သွားပြီ…. ငါတို့ရဲ့ ပိုင်နက်ကို လာပြီး သိမ်းပိုက်၀ံ့နေတယ်ဆိုတော့ မင်း ကြည့်ရတာ တော်တော်လေး လုပ်နိုင်စွမ်း ရှိတယ်နဲ့တူတယ်….”
“ စကားကို တည့်ပြော ... ဒီလိုမျိုး သောက်ရေးမပါတာတွေ လာမပြောနဲ့... မင်းတို့ကောင်တွေက တကယ့်ကို အာရုံပဲ... ”