ဒီကိစ္စ ကိုင်တွယ်ဖို့ ဒီရောက်နေတာ
Vol. 58 Ch. 861
လင်းရီ သူ့လက်ဝှေ့ယမ်းလိုက်ပြီး ဝူကျင်းစုန့်ကို တွန်းဖယ်လိုက်၏။
“ လမ်းပိတ်ရပ်မနေစမ်းနဲ့…. အထဲသွားပြီး ညစာစားဖို့ ရှိသေးတယ်…”
ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည့် တစ်ဖက်သူမှာတော့ လင်းရီနှင့် လျိုဝန်ချန် ထွက်ခွာသွားသည်ကို ငူငိုင်လျက် ငေးကြည့်နေမိသည်။
ဟိုတယ်ခန်းမမှာလည်း ဆူညံသံအတိ ဖြစ်သွားခဲ့တော့၏။
လူတိုင်း အသံမထွက်ဝံ့သည်အထိ ထိတ်လန့်သွားခဲ့ကြလေသည်။
ဒီလူက ဘယ်သူလဲ…
ဝူရှီရဲ့သားကို ဒီလိုလေသံမျိုးနဲ့ ပြောဝံ့နေတယ်တဲ့လား….
ပြီးတော့ ခု သူရောက်နေတာ ဝူရှီရဲ့ ပိုင်နက်ထဲလေ… အသက်ရှင်ရတာ ငြီးငွေ့နေလို့များလားဟ….
နှစ်ယောက်သား ဓာတ်လှေကားရှိရာဘက်သို့ ဦးတည်လိုက်ကြပြီး ရှေးဦးစွာ ကြိုစောင့်နေကြသည့် လူများမှ လမ်းဖယ်ပေးရင်း သူတို့နှင့် အကွာအဝေး တစ်ခု ခြားထားလိုက်သည်။
ဝူကျင်းစုန့်မှ ထိုအရူးနှစ်ကောင်နှင့် ဆက်ဆံရေး တစ်ခု ရှိနေမည်ဟု အထင်လွဲသွားမည်ကို စိုးရွံ့နေသည့် ပုံပင်။
“ ခင်များတို့ ဝင်မှာ မဟုတ်ဘူးလား…” လင်းရီ အစမ်းသဘော မေးကြည့်လိုက်၏။
“ ရတယ်…ရတယ်… လူမစုံသေးလို့… နောက်တစ်ခေါက်မှ ဝင်တော့မယ်…”
လျိုဝန်ချန်၏ နှလုံးမှာလည်း မာရသွန်ပြေးနေပြီး နှလုံးမှာ လည်ချောင်းဝမှ ခုန်ထွက်လာတော့မည့်နှယ် ခံစားနေရသည်။ သူ တုန်တုန်ယင်ယင်ဖြင့် လင်းရီနောက်သို့ လိုက်၍ ဓာတ်လှေကားထဲသို့ ဝင်သွားလိုက်သည်။ အထဲသို့ ရောက်ပြီးနောက် ဓာတ်လှေကား နံရံကို ကျောမှီထားကာ ချွေးအေးတို့ကလည်း နဖူးတစ်ပြင်၌ တစ်ပေါက်ပေါက် စီးကျနေတော့၏။
“ ငါတို့က ဓာတ်လှေကား စီးမှာနော်… Bungee Jumping လုပ်မှာ မဟုတ်ဘူး… ဘာလို့ အဲ့လောက်တောင် ထိတ်လန့်နေရတာ…” လင်းရီ ပြုံးပြီး မေးလိုက်သည်။
“ ဥက္ကဌလင်း… သွားပြီ… ကျုပ်တို့တော့ အဆုံးသတ်ပြီ… ဝူရှီက ကျုပ်တို့ စီးပွားရေး ဇုန်သစ်ပရောဂျက် လက်ခံလိုက်တဲ့ သတင်းကို ရပြီးသွားပြီ….”
“ အဲ့တော့ မကောင်းဘူးလား… ငါတို့ လေကုန်ခံစရာ မလိုတော့ဘူးပေါ့…. ပြီးတော့ ငါတို့ ဒီနေ့ ဒီလာခဲ့တယ်ဆိုတာကလည်း ဒီကိစ္စ ကိုင်တွယ်ဖို့ပဲ မဟုတ်ဘူးလား…”
“ အဓိကကတော့ ကိုင်တွယ်နိုင်ဖို့ လမ်းမမြင်လို့ပေါ့ဗျာ…. ဒီမှာ လူတွေဖြင့် ဒီလောက်အများကြီး… တစ်ယောက်တစ်ချက် တံတွေး ထွေးသွားရင်တောင် နစ်မွန်းဖို့ လုံလောက်တယ်…. တကယ်လို့ ဒီလိုဖြစ်မယ်မှန်း ကြိုသိရင် မလာပါဘူး…”
“ အဓိပ္ပာယ်မရှိတာ…” လင်းရီ ပြောလိုက်ပြီး “ မင်း သူ့ဆီကနေ တစ်ရက် ပုန်းချင် ပုန်းလို့ရမယ်… ဒါပေမယ့် တစ်သက်လုံးတော့ ပုန်းနေလို့ မဖြစ်ဘူး… တကယ်လို့ မင်း ဒီလာပြီး မရင်ဆိုင်ဘူးဆိုရင်တောင် သူ့ဘက်က မင်းကို ရည်ရွယ်ချက်ရှိရှိ လာရှာမှာပဲ..”
“ ဥက္ကဌလင်း…. ခင်များ ခုလေးတင် ဝူကျင်းစုန့်ကို ဟောက်လား ငေါက်လား လုပ်ခဲ့သေးတာလေ… အဲ့တာက ကိစ္စတွေကို ပိုပြီး ဆိုးရွားစေမှာဗျ…”
“ မပူနဲ့… ငါ့နောက်ကို ရဲရဲကြီးသာ လိုက်ခဲ့… မင်း ဒီနေရာကနေ ရှင်လျက် ပြန်ထွက်သွားနိုင်စေရမယ်လို့ အာမခံတယ်…”
လျိုဝန်ချန် နဖူးထက်ရှိ ချွေးအေးများအား သုတ်လိုက်၏။
သူတော့ တကယ့်ကို ကံဆိုးတာပဲ…
ဓာတ်လှေကားမှာ လျင်မြန်စွာဖြင့် သုံးလွှာသို့ ရောက်ရှိလာခဲ့သည်။ တံခါးပွင့်သွားခဲ့ပြီးနောက် ပွဲခန်းမကြီးကို အထင်းသား မြင်လာနိုင်သည်။
လင်းရီ ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်လိုက်၏။
ခန်းမမှာ တော်တော်လေး ကျယ်ဝန်းပြီး အနည်းဆုံးတော့ တစ်ထောင် စတုရန်းမီတာကျော် ကျယ်ဝန်းသည်။ ထို့ပြင် ခမ်းနားကြီးကျယ်နေသေး၏။
မွေးနေ့ပွဲသို့ တက်ရောက်လာကြသူတိုင်းကလည်း အနောက်တိုင်း စတိုင် ဝတ်စုံပြည့်များ ဝတ်ဆင်ထားကြပြီး ၎င်းတို့၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက အထက်တန်းဆန်မှုကို ဖော်ကြူးနေသည်။
ဓာတ်လှေကားတံခါး ပွင့်လာခဲ့ပြီး လင်းရီနှင့် လျိုဝန်ချန်တို့ ထွက်လာခဲ့ကြ၏။
ပွဲတက်လာသူတစ်ချို့မှ မသိစိတ်၏ စေ့ဆော်မှုကြောင့် လင်းရီတို့ဘက်ခြမ်းသို့ လှမ်းကြည့်လိုက်ကြလေသည်။
အချို့ကတော့ များများတွေးတောမနေပဲ ဖျတ်ကနဲကြည့်ပြီးနောက် ၎င်းတို့၏ အာရုံထဲသို့ ပြန်လည်ရောက်ရှိသွားကြ၏။
ယင်းကလည်း ထိုသူတို့က လျိုဝန်ချန်မှ ဝူရှီ၏ ပရောဂျက်ကို လုယူသွားကြောင်း မသိထားသောကြောင့်ပင်။
သို့သော်လည်း တစ်ချို့သော ဆရာကြီးများကတော့ အဆိုပါသတင်းကို ညတွင်းချင်း ကြားထားပြီး ဖြစ်သောကြောင့် ချောင်ရန်အုပ်စုမှ လူများ ရောက်လာဝံ့လိမ့်မည်မဟုတ်ဟု တွေးထင်ထားခဲ့ကြသည်။
သို့သော်လည်း လျိုဝန်ချန်ကို မြင်တော့ တော်တော်လေး အံ့အားသင့်သွားခဲ့ကြလေသည်။
သူတို့ ဒီလာရဲတဲ့အထိ သတ္တိကောင်းနေကြပါရောလား…
“ ဥက္ကဌလင်း.. ကျုပ်တို့ကို ဝိုင်းကြည့်နေကြပြီ… ကြည့်ရတာ သူတို့လည်း အဲ့အကြာင်း သိထားကြတယ်နဲ့တူတယ်…” လျိုဝန်ချန်မှ သတိထားသည့် လေသံဖြင့် တုန်လှုပ်ချောက်ချားနေလျက် ပြောဆိုလိုက်သည်။
“ သိတော့လည်း သိတယ်ပေါ့ကွာ…” လင်းရီကတော့ ပေါ့ပေါ့ပါးပါးပင်။
“ ငါ ဝူကျောင်းယိုနဲ့ တွေ့တုန်းက နင့်နေအောင် သောက်နေတာနဲ့ အမြည်းတောင် သိပ်မစားလိုက်ရဘူး… ကြားထဲ သန့်စင်ခန်း တစ်ခေါက် ပြေးပြီးတော့ ဗိုက်ထဲ ဘာမှကို မကျန်တော့ဘူး..”
လျိုဝန်ချန် သေချင်စော် နံသွားခဲ့သည်။
ခုက အစားအသောက်အပေါ် အာရုံစိုက်နေရမယ့် အချိန် မဟုတ်သေးဘူးလေ…
လင်းရီ ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်ပြီးနောက် ထောင့်တစ်နေရာသို့ ဦးတည်လိုက်၏။
ထိုနေရာ၌ လူသူ သိပ်မရှိသောကြောင့် အေးဆေးစားသောက်ရန် အဆင်ပြေလေသည်။
ပွဲမှာ ဘူဖေးစတိုင် ဖြစ်သောကြောင့် လင်းရီလည်း တုံ့ဆိုင်းနေခြင်းမရှိ။ မျက်စိကျသည့် အစားအသောက် မှန်သမျှကို ကောက်ထည့်ပြီး ထောင့်တစ်နေရာသို့ သွား၍ အပြီလွေးနေလိုက်သည်။
“ ဝူထျန်းဖူ မရောက်သေးဘူးလား…” လင်းရီ စားရင်း မေးလိုက်၏။
“ သူက ဒီနေ့ရဲ့ အဓိက လူလေ… ဆိုတော့ အစောကြီး ဘယ်လာမှာ…. ခဏလောက်တော့ ထပ်စောင့်ရမယ်နဲ့တူတယ်…” လျိုဝန်ချန် ပြောလိုက်၏။
“ ဒါဆိုလည်း နည်းနည်းထပ်စောင့်တာပေါ့ကွာ… မင်းလည်း စားလေ… စားထားမှ အားရှိမှာ…”
“ မစ္စတာလင်းမလား…”
လင်းရီ လွေး(စား)နေစဉ် တစ်စုံတစ်ယောက်မှ သူ၏ နာမည်ခေါ်လိုက်သည်ကို နားစွန်နားဖျားမှ ကြားလိုက်ရ၏။
သူမော့ကြည့်လိုက်တော့ အနီရောင် ပွဲတက်ဝတ်စုံနှင့် အမျိုးသမီးကို မြင်တွေ့လိုက်ရသည်။
အမျိုးသမီးမှာ ကြည့်ကောင်းသည့် အဆင်းသဏ္ဌာန်ရှိ၏။ အရပ်အမောင်း ကောင်းစွာနှင့် မိတ်ကပ်ကိုလည်း ပနံသင့်စွာ လိမ်းခြယ်ထားသည်။ ပွဲတက်လာသူ ဧည့်အပေါင်းထဲ၌ ဗျိုင်းလေးတစ်ကောင် ဖြစ်နေသည်ဟု ပြောလျှင် လွန်ကဲရာ ကျလိမ့်မည် မဟုတ်ချေ။
လင်းရီ သူမကို ကြည့်ရင်း သူ့စိတ်ထဲ ရင်းနှီးနေသည်ဟု ခံစားနေရ၏။ ခေတ္တမျှ တွေးတောကြည့်ပြီးနောက် သူမ မည်သူဆိုတာကို မှတ်မိသွားခဲ့သည်။
သူမကတော့ နင်ယွဲ့ ကောင်လေး၏ ဝမ်းကွဲဖြစ်သူပင်။
သူ ယခင် တစ်ခေါက် ရန်ချိန်ကို ရောက်လာခဲ့တုန်းက အတူထမင်းစားခဲ့ဖူးပြီး နာမည်မှာတော့ ချွီပင်းဖြစ်၏။
“ အိုး… ဘယ်လိုတောင် တိုက်ဆိုင်ထားလဲ… မင်းလည်း ဒီရောက်နေတယ်ပေါ့…” လင်းရီ ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“ သူငယ်ချင်း ခေါ်လာခဲ့လို့ပါ… ကျွန်မလည်း အမြင်ကျယ်အောင်ဆိုပြီး လိုက်ခဲ့လိုက်တာ..” ချွီပင်း အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။
“ မစ္စတာလင်းရဲ့ ကြွယ်ဝမှုနဲ့ဆိုရင် တရားဝင်ဖိတ်ကြားခြင်း ခံခဲ့ရမှာပေါ့နော…”
“ မရဘူး… ငါလည်း သူများနဲ့ အချောင်လိုက်လာပြီး ဖရီးလာဂုန်းဆင်းတာ….”
ချွီပင်း ကိုးရို့ကားယား ဖြစ်သွားခဲ့သည်။
‘ ရှင့်ရဲ့ ပိုင်ဆိုင်မှုကြီးကိုမှ အားမနာ ဂုန်းဆင်းတယ်လို့ ပြောရက်တယ်နော်…’
‘ အဲ့လောက်ထိ နိမ့်နိမ့်ချချ နေဖို့လိုလို့လားဟယ်..’
“ ပင်းပင်း…. နင် ဘာလဲလုပ်နေတာ..”
နှစ်ယောက်သား စကားပြောနေစဉ် တက်ခ်စီဒိုဂျက်ကတ်နှင့် အမျိုးသမီးမှ ထိတ်လန့်နေသည့် အမူအရာဖြင့် ရောက်လာခဲ့ပြီး ချွီပင်းကို လင်းရီတို့ ရှေ့တော်မှောက်မှ ဆွဲခေါ်သွားခဲ့လေသည်။
သူမနာမည်ကတော့ ဖုန်းပေ့ပေ့ ဖြစ်ပြီး ချွီပင်း၏ အချစ်ဆုံး သူငယ်ချင်းဖြစ်သူပင်။
ယနေ့ညပွဲသို့ ချွီပင်းအား ခေါ်ဆောင်လာခဲ့သူလည်း ဖြစ်၏။
“ ပေ့ပေ့…. ဘာလဲဖြစ်လို့… ငါ့မိတ်ဆွေနဲ့ စကားပြောနေတယ်လေ…. နင် အမူအရာကြီးက ဘာလဲဖြစ်နေတာ…”
“ နင် သူတို့နဲ့ ဝေးဝေးနေ…. မဟုတ်ရင် နင်ပါ ဒုက္ခရောက်သွားလိမ့်မယ်..”
“ ဟင်… ဘာဒုက္ခလဲ….”
“ ဒီလောက်နာမည်ကြီးနေတာကို နင်မကြားမိဘူးပေါ့… သူတို့က ဝူရှီ မျက်စိကျနေတဲ့ ပရောဂျက်ကို လုယူသွားတဲ့ သူတွေလေ… ဒီကိစ္စက တော်တော်လေး ပြင်းထန်တယ်လို့ နင်မထင်ဘူးလား….”
ချွီပင်း ကြက်သေသေသွားခဲ့၏။ အနှီသတင်းက သူမကို လုံးဝ အံ့အားသင့်သွားစေလေသည်။
ရန်ချိန်တွင်မွေးပြီး ကြီးပြင်းလာသူ တစ်ယောက် ဖြစ်သည့် အလျောက် ဤအရေးက မည်မျှလေးနက်လဲဆိုတာ တစ်မဟုတ်ချင်း သဘောပေါက်သွားခဲ့တော့၏။
လင်းရီလည်း ရန်ချိန်၌သာ မွေးပြီး ကြီးပြင်းလာခဲ့သော်လည်း အတိတ်တွင်တုန်းက သူဆင်းရဲလေး ဖြစ်ခဲ့သောကြောင့် အထက်တန်းလွှာရှိ သတင်းအပိုင်းအစများနှင့် မထိတွေ့ခဲ့ဖူးချေ။ ထို့ကြောင့်လည်း ဝူထျန်းဖူ မည်မျှ လွှမ်းမိုးမှုရှိလဲဆိုတာကို ချွီပင်းကဲ့သို့ နားမလည်ခြင်းဖြစ်သည်။
“ သေချာလို့လားဟယ်….”
“ သေချာတာပေါ့… လုံးဝကို သေချာတယ်..” ဖုန်းပေ့ပေ့မှ စိုးထိတ်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ငါကြားမိတာတော့ ဝူရှီ အဲ့ ကိစ္စလည်း သိရော တော်တော်လေး ယမ်းပုံမီးကျ ဖြစ်သွားခဲ့တယ်ဆိုပဲ… ဘာပဲဖြစ်ဖြစ်… နင် သူတို့နဲ့ ခပ်လှမ်းလှမ်းမှာသာနေ…. မဟုတ်လို့ကတော့ အချိန်ကျလာရင် နင်တို့ ချွီမိသားစုပါ ကြားညှပ်သွားလိမ့်မယ်…”
ချွီပင်း မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ အမူအရာမှာလည်း တော်တော်လေးကို ဝေခွဲမရ ဖြစ်နေကြောင်း အထင်းသား မြင်တွေ့နိုင်သည်။
“ ဒါပေမယ့် ငါတို့နှစ်ယောက်က သာမန် ပတ်သက်ရုံတင် မဟုတ်တော့ဘူး… ငါ့မောင်က သူ့ညီမနဲ့ လက်ထပ်ဖို့ထိ ရည်ရွယ်ထားတာ.. ဆိုတော့ ဆွေမျိုးမကင်းဘူးလို့ ပြောလို့ရတယ်… ဒီလိုအချိန်ကြီးမှာ ပစ်ပယ်ထားလို့ မဖြစ်ပြန်ဘူးလေ….”
“ ငါအဆင်ပြေတယ်…” ထိုစဉ် လင်းရီမှ ပြောလိုက်ပြီး “ မင်းစိုးရိမ်နေတယ်ဆို ပြန်လိုက်…. ဒါက ငါတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ… မင်းဝင်စွက်ဖက်လို့လည်း မသင့်တော်ဘူး…”
“ ရှင်ပြောနေတာကို ကြည့်လိုက်စမ်း.. အခုနေ ထွက်သွားလိုက်မယ်ဆိုရင် ကျွန်မ ဘယ်လိုလူစားမျိုး ဖြစ်သွားမလဲ… “ ချွီပင်း ပြောလိုက်ပြီး “ ဒါက နားလည်မှု လွဲတာလည်း ပါမှာပါ… အချိန်ကျလာရင် ကျွန်မ ဝူရှီကို ကူပြောပေးမယ်.. ရှင်က ပရောဂျက်ကို သူ့ဆီ ပြန်ပေးလိုက်…. ဒီလိုဆို ဘာမှ မဖြစ်တော့ဘူး…”
“ ဘာဆိုင်လို့ ငါတို့ရပြီးသား ပရောဂျက်ကို သူ့လက်ထဲ ထည့်ပေးရမှာ…”
“ ဒါက….”
ချွီပင်း ခေတ္တ ရပ်တန့်လိုက်ပြီး “ မစ္စတာလင်း… ရှင်က ကျိုးဟိုင်မှာ အတော်လေး လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ နားလည်တယ်… ဒါပေမယ့် ရန်ချိန်မှာ ဝူထျန်းဖူရဲ့ လွှမ်းမိုးမှုကလည်း သာမန်လူတစ်ယောက် နှိုင်းယှဉ်နိုင်တာ မဟုတ်ဘူး… တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင် မှားမှားမှန်မှန် သူ့ဘက်ကနေ ရပ်တည်ပေးမယ့် လူတွေမှ အများကြီး….ဆိုးရိုးတွေအတိုင်း သန်မာတဲ့ နဂါးက ဒေသခံ မြွေကိုတော့ မဖိနှိပ်နိုင်ဘူး…. ဒီပရောဂျက်ကို ရဖို့ ယှဉ်ပြိုင်မနေပါနဲ့… မဟုတ်ရင် ရှင့်ရဲ့စီးပွားရေး လုပ်ငန်းတွေ ဖြန့်ကျက်ဖို့ ခက်ခဲသွားလိမ့်မယ်…”
“ ငါနားလည်တယ်…. အဲ့တာကြောင့်မို့လည်း ငါဒီနေ့ ဒီရောက်လာခဲ့တာလေ…ဒီကိစ္စကို ကိုင်တွယ်ဖို့ပေါ့…. မဟုတ်ရင် ဟိုး အဝေးကြီးကနေ ဒီအထိ ဘာလာလုပ်တယ်ထင်လဲ…”