← Chapters

ခြိမ်းခြောက်ခြင်း

Vol. 58 Ch. 862

ခြိမ်းခြောက်ခြင်း

Vol. 58 Ch. 862

“ ဧကန္တ ရှင်လည်း ဒီကိစ္စ ဘယ်လောက်ထိ တာရောက်လဲဆိုတာ သိလို့ ရှင်ကိုယ်တိုင် ကိုင်တွယ်ဖို့ လာခဲ့တာလား…”

“ ဒါပေါ့… စားရင်းသောက်ရင်းနဲ့ စောင့်နေတာ…”

“ ရှင်ခေါ်လာတဲ့ လူတွေ ကျတော့ကော…”

လင်းရီ တုန်ယင်နေသည့် သူ့ခြေထောက်သူ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် လျိုဝန်ချန်အား ကြည့်ရင်း “ ငါ ခေါ်လာတာ သူပဲ… ဒါပေမယ့် သူ့ရဲ့ သူရသတ္တိကို ကြည့်ရသလောက်တော့ အားကိုးရမယ့်ပုံတော့ မပေါ်ဘူး…”

“ ကျွန်မ မေးနေတာ သူ့ကို မဟုတ်ဘူး… ရှင့်ကို ကူညီပေးဖို့ ခေါ်လာတဲ့ တခြားသူတွေ…”

“ ဘာကို ကူညီမှာ….” လင်းရီ ရေရွတ်လိုက်ပြီး “ ငါ့လက်ငါ့ခြေနဲ့ ကြီးပြင်းလာခဲ့တာ…. ဘယ်သူကမှ ငါ့ကို ခွံ့ကျွေးဖို့ မလိုဘူး…”

ချွီပင်း တဒင်္ဂမျှ ကြက်သေသေသွားခဲ့၏။

‘ ရှင့်ဦးနှောက်က ဘယ်လို ဦးနှောက်လဲ… ကျွန်မရဲ့ စကားတွေကို ဘယ်လိုတွေများ အကျကောက်လိုက်ပါလိမ့်…’

“ ကျွန်မ ပြောနေတာ အဲ့ အကြောင်း မဟုတ်ဘူး… ရှင်က ဒီကို ကိစ္စဖြေရှင်းဖို့ လာခဲ့တာမလား…. ဒီတော့ ရှင့်ကို ကူပြောပေးမယ့် အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ချို့တော့ ခေါ်လာခဲ့သင့်တယ်လေ…”

“အိုး….. သဘောပေါက်ပြီ သဘောပေါက်ပြီ…” လင်းရီ ပြောလိုက်ပြီး “ ငါ အစကတော့ အဲ့လိုမျိုး လုပ်မလို့ပဲ… ဒါပေမယ့် သေချာလေး စဉ်းစားကြည့်လိုက်တော့ တော်တော်လေး သောက်လုပ်ရှုပ်လို့…. ဒါကြောင့်မို့ ငါ့ဘာငါပဲ ကိုင်တွယ်လိုက်တော့မယ်…”

“ အာ…..”

ချွီပင်း ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားခဲ့၏။

သူ ဒီလိုနေရာမျိုးကို တစ်ကိုယ်တည်း လာခဲ့တယ်….

သူက တကယ်လည်း ကျွမ်းကျင်ပြီး သတ္တိကောင်းနေတာလား… ဒါမှမဟုတ် သတ္တိကောင်းပြီး နောက်ခံပဲမကောင်းတာလား…

ဒီနေ့ မွေးနေ့ပွဲကို လာပြီး ဂါရဝပြုကြတဲ့သူတွေက ရန်ချိန်က ကုန်သည်ပွဲစားတွေတင် မကသေးဘူး… ဝူရှီရဲ့ လက်သပ်တပည့်တွေနဲ့ သူ့ရဲ့ နာမည်ကြီး မွေးစားသားကောပဲ…

တကယ်လို့များ ပဋိပက္ခတွေ ဖြစ်ကုန်ပါပြီရဲ့… လင်းရီ ခြေလက်အကောင်းအတိုင်း ပြန်ထွက်သွားနိုင်မလားဆိုတာ ဘယ်သူသိမှာ….

“ ပင်းပင်း… ဒီမှာ ရပ်မနေနဲ့တော့… ငါ့စကားကို နားထောင်ပြိး မြန်မြန်ထွက်သွားတော့…” အချစ်ဆုံး သူငယ်ချင်း ဖုန်းပေ့ပေ့မှ အလျင်စလို ဆော်ဩလိုက်ပြီး “ ဝူရှီနဲ့ ကျန်တဲ့သူတွေက ခဏဆို ရောက်လာကြတော့မှာ… နင်အခုချိန် မထွက်သွားဘူးဆိုရင် အရမ်း နောက်ကျသွားလိမ့်မယ်နော်…”

“ ငါ မသွားဘူး… “ ချွီပင်း ပြောလိုက်ပြီး “ ငါ့ မောင်နဲ့ သူ့ညီမရဲ့ ဆက်ဆံရေးက တော်တော်လေးကို ခိုင်မာနေပြီ… နောက်တစ်နှစ် ဒါမှမဟုတ် နှစ်ဝက်လောက်နေရင် လက်ထပ်ဖြစ်ကြတော့မှာ…. တကယ်လို့ ငါသာ ခုထွက်သွားလိုက်ရင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး အပေါ်မှာပါ သက်ရောက်မှု ရှိသွားလိမ့်မယ်…”

ထိုစကားကြားတော့ လင်းရီ ချွီပင်း၏ မျက်နှာကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

သူ ဤမိန်းကလေးက မဆိုးဟု ခံစားနေရ၏။ နောင်တစ်ချိန် နင်ယွဲ့ ချွီမိသားစုဝင်ဖြစ်လာသည့်အချိန်၌ ဆိုးဆိုးရွားရွား ဆက်ဆံခံရလိမ့်မည်တော့ မဟုတ်လောက်ချေ။

“ ဝူရှီ ရောက်လာပြီ…”

ချွီပင်းနှင့် သူမသူငယ်ချင်းတို့မှ သို့လော သို့လော ဖြစ်နေစဉ်……

ပွဲခန်းမကြီးထဲ၌ အံ့အားတကြီး ရေရွတ်သံတို့ဖြင့် လွှမ်းခြုံသွားခဲ့၏။

လူတိုင်း၏ မျက်လုံးများက ပွဲခန်းမ၏ လှေကားဘက်ခြမ်းသို့ အာရုံစိုက်ထားကြလေသည်။

ဝတ်စုံနက်နှင့် လူတစ်ဦး၊ ဆံပင်တို့ကတော့ ဆွတ်ဆွတ်ဖြူလျက် ထန်ခေတ်က အနီနှင့်အနက် ဝတ်စုံကို ဝတ်ဆင်ထားကာ လှေကားအောက်သို့ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့၏။

သူ့နောက်တွင်တော့ သန်မာသည့် အော်ရာတို့ လွှတ်ထုတ်ထားကြသည့် လူအယောက်နှစ်ဆယ်ကျောက် လိုက်ပါလာလေသည်။

“ ဥက္ကဌလင်း… ဝူထျန်းဖူဆိုတာ ရှေ့ဆုံးက လူပဲ… ဝူကျင်းစုန့်အပြင် သူ့ဘေးက တစ်ယောက်က သူ့ရဲ့ မွေးစားသား.. လက်သပ်တပည့် ကျောက်ကွမ်းလီ… ဝူထျန်းဖူရဲ့ နေရာကို ဆက်ခံထားပြီးတော့ ဂုဏ်သတင်းလည်း အတော်လေး ကြီးတယ်…” လျိုဝန်ချန်မှ ရှင်းပြလိုက်ပြီး “ ကျောက်ကွမ်လီ နောက်က လူတွေကျတော့ ရန်ချိန်ရဲ့ ခရိုင်အသီးသီးက တာဝန်ရှိ လူကြီးမင်းတွေ… တိုတိုနဲ့ ချုပ်ပြောရရင် ခေတဲ့သူ တစ်ယောက်မှ မပါဘူး..”

“ ကြည့်ရသလောက်တော့ အနာဂတ်ကျ သူ့သားကို ကူညီပေးနိုင်မယ့်သူကို သေချာလေး မွေးထားချင်လို့ နေမှာ….”

“ အတိအကျပဲပေါ့..”

လင်းရီ သူ့သောက်လက်စ ဝိုင်ကို တစ်ငုံသောက်လိုက်ရင်း အမူအရာမှာတော့ ပေါ့ပေါ့ပါးပါးပင်။

လူပြိန်းတစ်အုပ်… ဒါပေမယ့် ဟန်ရေးပြတာလေးကတော့ မဆိုးရှာပါဘူး…

၎င်း၏ ထီမထင်သည့် အမူအရာကို မြင်တော့ ချွီပင်း မသိမသာ မျက်မှောင်ကြုတ်သွားခဲ့သည်။

သူမ ဤလူအကြောင်း များများစားစား မသိသော်လည်း ခံစားကြည့်၍ ရလေသည်။

လင်းရီက ကျိုးဟိုင်တွင် အင်မတန် အာဏာရှိသောသူ ဖြစ်ရမည်။ မဟုတ်ပါက ယခုလို ယုံကြည်ချက်မျိုး ရှိနေလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း အကယ်၍များ သူ အကောင်းပတိ ပြန်ထွက်သွားနိုင်မည်လားတော့ သူမလည်း မသေချာပေ။

“ ဥက္ကဌလင်း… ဝူရှီကတော့ ရောက်လာခဲ့ပြီ.. ကျုပ်တို့ အခု ဘာဆက်လုပ်ကြမလဲ….”

“ သူ မင်းပါးစပ်ကို လာပိတ်ထားတာမှ မဟုတ်တာ… သောက်စရာရှိတာသောက် စားစရာ ရှိတာ စားပေါ့…. ဘာလို့ အဲ့လောက်ထိ အတွေးလွန်နေတာ….”

လျိုဝန်ချန် ခါးသီးစွာ ပြုံးလိုက်မိသည်။

ကျုပ်သာ ခင်များလို လုပ်နိုင်စွမ်း ရှိလို့ကတော့ ရှိန်ကို ရှိန်မနေဘူးဗျ….

ဝူထျန်းဖူနှင့် ကျန်သူများအားလုံး လူတိုင်း၏ ရှေ့သို့ ရောက်လာခဲ့ပြီး ဝူထျန်းဖူမှ အသင့်လာပေးသည့် ဝိုင်ခွက်ကို ယူလျက် ပြုံးကာ “ မအားလပ်တဲ့ ကြားကနေ ဒီအဘိုးကြီးရဲ့ မွေးနေ့ပွဲကို တက်ရောက် ပေးကြတဲ့ ကျုပ်ရဲ့ မိတ်ဆွေသင်္ဂဟအပေါင်းကို ကျေးဇူးတင်ပါတယ်… ဒီ ဝူက သေးနုပ်တဲ့ ပွဲလေးတစ်ပွဲပဲ ကျင်းပနိုင်တာမို့ လူတိုင်းက စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်…”

“ ဝူရှီက ကြင်နာလွန်းနေပါပြီ… ဝူရှီရဲ့ အသက်ခြောက်ဆယ်ပြည့်‌ မွေးနေ့ပွဲကို တက်ရောက်ရတာကိုပဲ ဂုဏ်ယူစရာ ကောင်းနေပြီ….”

“ ဝူရှီ.. ခင်များက ပြောတော့တာ အသက်ခြောက်ဆယ်ပြည့် မွေးနေ့တဲ့… ခင်များကိုယ်တိုင်က လေးဆယ်လောက်ပဲရှိသေးတယ်… ဝင့်ဝါနေတဲ့ အားမာန်တွေက ကျုပ်ကိုတောင် မနာလို ဖြစ်စေမိတဲ့အထိပဲ….”

“ ဟားဟား… ကြင်နာလွန်းနေပါပြီ.. “ ဝူထျန်းဖူ ရယ်မောလိုက်ပြီး “ ခု ကျုပ်ရဲ့ မွေးနေ့ပွဲကို တက်ရောက်လာကြတဲ့သူတိုင်းက ကျုပ်ရဲ့ မိတ်ဆွေတွေပဲ… ကျုပ်မိတ်ဆွေတွေအချင်းချင်း ပူးပေါင်းပြီး အနာဂတ်ကျရင် ပိုက်ဆံတွေ ပိုရှာကြမယ်… အထူးသဖြင့် ကျုပ်နဲ့ အတူ လက်တွဲလုပ်ချင်တဲ့သူတွေပေါ့…. ကျုပ် ဝူထျန်းဖူက ခင်များတို့ကို သေချာပေါက် မမျှမတ မလုပ်ပါဘူး….”

“ ကျေးဇူးတင်ပါတယ် ဝူရှီ…” သက်လတ်ပိုင်း လူကြီး တစ်ယောက်မှ ၎င်း၏ ဝိုင်ခွက်ကို မြှောက်လိုက်ပြီး “ ကျုပ်တို့ မစ္စတာဝူကို ဆုတောင်းပေးလိုက်ကြရအောင်… ဝူရှီရဲ့ ကံတရားက အရှေ့ဘက် ပင်လယ်လို ကောင်းမွန်ပြီး တောင်ဘက်က တောင်တန်းတွေလို ရှည်လျားပါစေ.. နှစ်တိုင်းနှစ် မွေးနေ့ပွဲတွေ ဆက်တိုက် ကျင်းပနိုင်ပါစေ… “

လင်းရီ ဝိုင်သောက်လိုက် ကြက်ကြော်မြည်းလိုက် လုပ်နေရင်း “ ရှီး… အကုန်လုံးက ဖိနပ်လျက်တဲ့ကောင်တွေဆိုတာ တစ်ချက်ကြည့်လိုက်တာနဲ့ သိသာလွန်းတယ်….”

“ ဟုတ်တယ် ဟုတ်တယ်… ဝူရှီကို ဆုတောင်းပေးကြစို့…”

ဝူထျန်းဖူ ပြုံးလိုက်ပြီး သူ့ဖန်ခွက်ကို မြှောက်လိုက်ကာ “ ခင်များတို့ရဲ့ စေတနာကို ကျေးဇူးပဲ..”

ဧည့်သည်များမှ သူတို့၏ ဝိုင်ကို တစ်ကြိုက်တည်း မော့လိုက်ကြ၏။ ထို့နောက် နှုတ်ခမ်းသပ်လိုက်ရင်း လိုက်လျောညီထွေ ဖြစ်နေသည့် လေထုက အခန်းတွင်း လွှမ်းခြုံနေကာ ဧည့်ပရိတ်သတ်နှင့် မွေးနေ့ရှင် နှစ်ဖက်လုံး ပျော်ရွှင်နေကြလေသည်။

“ လာ လာ လာ… ဘေးဖယ် ဘေးဖယ် ဘေးဖယ်…”

ဝိုင်တစ်ခွက် သောက်ပြီးနောက် ပွဲခန်းမထဲ၌ အော်ဟစ်သံ တစ်ခုက ရုတ်ချည်း ပျံ့နှံ့လာသည်။

ခန်းမ၏ ဘေးတံခါး နှစ်ချက်မှာ ပွင့်ဟလာခဲ့ပြီး ကတုန်ကယင်နှင့် လူလေးယောက်မှ ဉာဏ်တော်အမြင့် တစ်မီတာကျော် ရှိပြီး ရွှေဆိုင်းအတိချထားသည့် ဗုဒ္ဓဆင်းတုတော်ကို သယ်ဆောင်လာခဲ့သည်။

ထိုကဲ့သို့ ခမ်းနားထည်ဝါလှသည့် ဆင်းတုတော်ကြီးမှာ ယွမ်ဆယ်သန်းကျော်မျှ တန်ကြေးရှိ၏။

ဘယ်သူကများ ဒီလောက်ထိ တန်ဖိုးကြီးတဲ့ လက်ဆောင်ကို ပေးတာပါလိမ့်.. ဒါကြီးက ရက်ရောလွန်းသွားပြီ..

အဆိုပါ တစ်မီတာကျော် မြင့်မားသည့် ဗုဒ္ဓ ဆင်းတုတော်ကို ဝူထျန်းဖူရှေ့သို့ သယ်ဆောင်လာကြလေသည်။

တစ်ချိန်တည်းတွင် ဝူထျန်းဖူ၏ မွေးစားသား ကျောက်ကွမ်းလီမှ ရှေ့ကို တိုးလာခဲ့ပြီး “ မွေးစားအဖေ… ဒါ ကျွန်တော် အဖေ့အတွက် ပြင်ဆင်ထားပေးတဲ့ ဂုဏ်ပြုလက်ဆောင်ပါ… ပင်လယ်လေးစင်းကိုသာ လှုပ်ခါသွားစေနိုင်တဲ့အထိ ခမ်းနားထည်ဝါပါတယ်..”

ဆင်းတုမှာ ကျောက်ကွမ်းလီထံမှ လက်ဆောင်ဖြစ်ကြောင်း သိပြီးနောက် ရောက်နေကြသည့် လူတိုင်းမှ ၎င်း၏ သစ္စာရှိမှုကို ပြသနေကြောင်း နားလည်လိုက်ကြသည်။

ထိုစဉ် လင်းရီ ခေါင်းမော့လိုက်ပြီး သူ့အကြည့်များက ဆင်းတုတော်ကို သယ်ဆောင်ထားသည့် လူလေးယောက်ထံ အကြည့်ရောက်သွားခဲ့သည်။

ထို့နောက် သူ့ဖုန်းထုတ်လိုက်ပြီး တိုက်စစ်ကြည့်လိုက်၏။

ရှေ့ဆုံး နှစ်ယောက်က သူ့အဖေနဲ့ စကားများ ရန်ဖြစ်သွားခဲ့တဲ့ကောင်တွေပဲ….

လင်းရီပြုံးပြီး သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။

'ငါက မင်းတို့ကောင်တွေကို ရှာမတွေ့မှာ စိုးရိမ်နေခဲ့တာ.. တွေ့မယ့်တွေ့တော့ ဒီလောက် လွယ်မယ်တောင် ထင်မထားဘူး...…'

ဗုဒ္ဓဆင်းတုတော်ကို မြင်တော့ ဝူထျန်းဖူမှ “ ကလေး… မင်း ဘာလို့ ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်ပေးတာ.. ငါတို့က တစ်မိသားစုတည်းတွေပဲလေ…. ဒါတွေက အရေးမကြီးပါဘူး…”

“ ဒါက ကျွန်တော့်ရဲ့ ကျေးဇူးတရားကို ဖော်ပြတဲ့ အနေနဲ့ပါ… မွေးစားအဖေ လက်ခံပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်….”

“ ကောင်းပြီ… ငါလက်ခံလိုက်မယ်…” ဝူထျန်းဖူမှ အပြုံးလေးဖြင့် ပြောလိုက်၏။

ဗုဒ္ဓကဲ့သို့ ကြင်နာသည့် အပြုံးပင်။

ဤအချိန်တွင် ကျောက်ကွမ်လီမှ ဖန်ခွက် တစ်ခွက်ကိုလှမ်းယူလိုက်ပြီး လူတိုင်းကို ကြည့်လျက် “ အရင်တုန်းက ကျုပ်ဆိုတာ ကုန်တင်ကုန်ချ ကူလီထမ်းသမား.. မွေးစားအဖေရဲ့ စောင်မမှုတွေကြောင့်သာ မဟုတ်ရင် ကျုပ် ကျောက်ကွမ်လီ ဒီနေ့လို အခြေအနေမျိုး ရောက်လာခဲ့မှာ မဟုတ်ဘူး…”

“ ဒီနေ့က ကျုပ် မွေးစားအဖေရဲ့ အသက်ခြောက်ဆယ်ပြည့် မွေးနေ့ မင်္ဂလာ… ကျုပ် လက်ရှိ ရောက်နေကြတဲ့ လူတိုင်းကို စကားတစ်ချို့ ပြောချင်တယ်…”

“ တကယ်လို့ ခင်များတို့က ကျုပ်ရဲ့ မွေးစားအဖေကို လေးစားရင် …. ကျုပ် ကျောက်ကွမ်လီလည်း သေချာပေါက် ပြန်ပြီး ပေးဆပ်မယ်… ဒါပေမယ်…. တစ်စုံတစ်ယောက်က ဘာက ကောင်းမှန်း နားမလည်ပဲနဲ့ ကျုပ် အဖေရဲ့ အကြံအစည်တွေကို ဖျက်ဆီးလို့ကတော့ ရိုင်းတယ်ဆိုပြီး အပြစ်လာမတင်နဲ့…”

ထိုစကားပြောပြောပြီးချင်း လူတိုင်း၏ အကြည့်များက ထောင့်တစ်နေရာရှိ လင်းရီနှင့် လျိုဝန်ချန်ထံ ရောက်သွားခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် လူသတင်း လူချင်းဆောင်ရင်း လူအများစုမှာ ချောင်ရန် အုပ်စုက ဝူထျန်းဖူ၏ လုပ်ငန်းကို ဖြတ်လုသွားကြောင်း သတင်းကြားထားပြီး ဖြစ်သောကြောင့်ပင်။

သူတို့က ရန်ချိန်မှာ ဝူရှီကို ပေါ်ပေါ်ထင်ထင်ကြီး ဆန့်ကျင်ပြနေမှတော့ သေချာပေါက် ဖြေရှင်းချက် တစ်ခုတော့ ပေးရမှာပေါ့…

“ ကောင်းပြီ.. ကျုပ် မွေးစားသားက စကားကို တုတ်ထိုးအိုးပေါက် ပြောတတ်တော့ သူပြောတာကို စိတ်ထဲ ထားမနေကြပါနဲ့… ဒီနေ့က ပျော်ဖို့ကောင်းတဲ့ နေ့လေးပဲ… လူတိုင်းပဲ …. ပျော်ကြပါးကြပါ… ဒီခံစားချက်လေးကို မပျက်စီးစေနဲ့….”

“ ဒါပေါ့ ဒါပေါ့… ကျေးဇူးတင်ပါတယ် ဝူရှီ…”

ဝူထျန်းဖူ ခေါင်းညိမ့်ပြီး လင်းရီရှိရာဘက်သို့ ဖြည်းညင်းစွာ ဦးတည်လိုက်၏။

၎င်းကိုမြင်တော့ ပွဲခန်းမမှာ တစ်ဖန် ငြိမ်သက်သွားပြန်သည်။

ဘာဆက်ဖြစ်မလဲ မည်သူကမျှ မသိကြချေ။

“ ဥက္ကဌလျို.. အချိန်ရလားမသိဘူး.. ငါ မင်းနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေး တစ်ချို့ စကားပြောချင်လို့….” ဝူထျန်းဖူမှ အပြုံးလေးဖြင့် ပြောလိုက်၏။

All Chapters