အဘိုးကြီး ခေတ်ကာလတွေက ပြောင်းသွားခဲ့ပြီ
Vol. 58 Ch. 863
ဝူထျန်းဖူက လျိုဝန်ချန်ကို မြင်တော့ တိုက်ရိုက် စကားသွားပြောတယ်…..
ယင်းက ရောက်နေကြသည့် လူတိုင်းအား အံ့အားသင့်သွားစေခဲ့၏။
သူတို့အားလုံး ဝူထျန်းဖူမှ လျိုဝန်ချန်ကို ကိုင်တွယ်ရန် မလိုအပ်ကြောင်း ယုံကြည်လေသည်။ ကျောက်ကွမ်းလီ တစ်ယောက်တည်းနှင့်တင် သေမတတ် ကြောက်ရွံ့သွားစေဖို့ လုံလောက်၏။
သို့သော်လည်း ယခုလို တိုက်ရိုက်တိုက်ခိုက်နေသည်ကို ကြည့်ပါက ဝူထျန်းဖူ မည်မျှ ဒေါသထွက်နေကြောင်း မြင်သာလေသည်။
လျိုဝန်ချန်မှာ ဝူထျန်းဖူကဲ့သို့ ကောက်ကျစ် ဉာဏ်မများသော်လည်း နယ်ပယ်၌ နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့ဖူးသောကြောင့် ဘာဖြစ်နေလဲဆိုတာကို သဘာဝအလျောက် နားလည်သည်။
ယခုကိစ္စကတော့ သူ စိတ်ကူးယဉ်ထားသည်ထက် ကြီးထွားလာခဲ့ချေပြီ။
မသိလိုက်ပါပဲနှင့် သူ လင်းရီကို ကြည့်လိုက်မိသည်။ လင်းရီ သူ့ကိုယ်စား ရပ်တည်ပေးလိမ့်မည်လို့ တိတ်တဆိတ် မျှော်လင့်နေမိ၏။ ယခုလိုအခြေအနေမျိုးကို သူတစ်ယောက်တည်းနှင့် မကိုင်တွယ်နိုင်ချေ။
ကံဆိုးစွာဖြင့် လင်းရီမှာ ဘေးတွင် ထိုင်နေရင်း ပုဇွန်တုပ်ကြီးကိုသာ အားပါးတရ လွေးနေလေသည်။
စားသောက်ပြီးနောက် ဝိုင်နီဖြင့် ခံတွင်းရှင်းလိုက်သေးကာ သူ့ဘက်ရှိ အခြေအနေကို အာရုံစိုက်မည့်ပုံလည်း မပေါ်ချေ။
“ ဝူရှီက ဘာပြောချင်တာလဲမသိဘူး.. ကျုပ် နားထောင်နေပါတယ်…” လျိုဝန်ချန် အားတင်း၍ ပြောလိုက်သည်။
“ မင်း ကုမ္ပဏီရဲ့ ရှုခင်း ပရောဂျက်က ပြီးလုပြီးခင် ဖြစ်နေပြီ မဟုတ်ဘူးလား…. ငါ အရင်တုန်းက ငါ့ရဲ့ အိမ်ခြံမြေ စီမံရေး ကုမ္ပဏီကို ကိုင်တွယ်စေချင်တယ်လို့ ပြောဖူးတယ်နော်… ခုဆို တစ်လလောက် ရှိရောပေါ့… ဘာလို့ ဘာသတင်းမှ မကြားမိသေးတာ…”
“ ဒါက….”
လျိုဝန်ချန် ချွေးအေးများအား သုတ်လိုက်ပြီး “ ကျုပ် ဒီကိစ္စကို ရုံးချုပ်ဆီ တင်ပြထားပြီးပါပြီ… ကျုပ်အထင် မကြာခင် အဖြေတစ်ခုတော့ ထွက်လာတော့မှာပါ… ဝူရှီ… မလောပါနဲ့… သတင်းရတာနဲ့ ကျုပ် ချက်ချင်း ခင်များဆီ သတင်းပို့ပေးပါ့မယ်…”
“ မင်းက အလုပ်လုပ်တာ မကျွမ်းကျင်သေးဘူးပဲ…” ဝူထျန်းဖူ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ဟုတ် ဟုတ် ဟုတ်… ကျုပ်သိပါတယ်… ဒီ့ထက် ပိုပြီး ကျွမ်းကျင်အောင်လည်း ကြိုးစားနေပါတယ်….”
“ မင်းက ဒီလို ကိစ္စတွေမှာသာ မကျွမ်းကျင်တာ… ဒါပေမယ့် တခြား ကိစ္စတွေနဲ့ ပတ်သက်လာရင်တော့ သူများတွေထက်ကို ခေါင်းတစ်လုံး သာနေရောပဲ…. လုံးဝကို လက်မနှေးဘူးနော်…”
ထိုစကားလုံးများ ပြောပြောပြီးချင်း ရောက်နေကြသည့် လူတိုင်းပြုံးစိစိ ဖြစ်သွားခဲ့ကြ၏။
ဝူရှီက စီးပွားရေးဇုန်သစ် ပရောဂျက်အကြောင်း ပြောဖို့ ဟန်ပြင်နေတာပဲ…
“ ဝူရှီ… ခင်များ ဆိုလိုချင်တာကို ကျုပ်..ကျုပ် သိပ်နားမလည်ဘူး ဖြစ်နေတယ်….”
“ ဒါဆိုလည်း ရှင်းရှင်းပဲ ပြောမယ်.. “ ထူထျန်းဖူမှ ပြောလိုက်ပြီး “ ငါ မှတ်မိပါသေးတယ်… ဟိုး အတော်ကြာတုန်းက စီးပွားရေးဇုန်သစ် ပရောဂျက်အကြောင်း ငါ မင်းကို ပြောပြခဲ့ဖူးတာ.. ကံကောင်းချင်တော့ လူတိုင်းကလည်း ငါ့ကို မျက်နှာသာပေးပြီး ပရောဂျက်ကို ယူခွင့်ပြုတော့ ငါလည်း ထမင်းစားဖို့ စိတ်ပူစရာ မလိုတော့ဘူးပေါ့… ဒါပေမယ့် မင်းတို့ကောင်တွေက ရုတ်တရက် ရောက်ချလာပြီး စကားတစ်ခွန်းတောင် မပြောဘဲ ပရောဂျက်ကို ခိုးသွားခဲ့တယ်…. ဒါက ငါ့ကို တော်တော်လေး အံ့အားသင့်စေတယ်…”
“ ဝူ….ဝူရှီ…. ဒါ… ဒါက ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ပါ…ကျုပ်လို ကုမ္ပဏီခွဲက မန်နေဂျာတစ်ယောက်က ဒီလို ဆုံးဖြတ်ချက်မျိုးချဖို့ ဘယ် အရည်အချင်းမှီမှာ…..”
“ တုန်လှုပ်မနေနဲ့ဦး….” ဝူထျန်းဖူ လျိုဝန်ချန်၏ ပခုံးကို ပုတ်ရင်း ပြုံးလိုက်ပြီး “ ငါတို့ အကုန်လုံးက နယ်ပယ်တစ်ခုတည်းသားချင်းတွေ မဟုတ်ဘူးလား… မင်းက အသားစားပြီးသွားပြီ ဆိုမှတော့ ငါတို့ကို စွပ်ပြုတ်လေးတော့ ချန်ထားပေးသင့်တာပေါ့…”
ဝူထျန်းဖူ၏ စကားလုံးများက ဘေးတွင် ရပ်နေသည့် ချွီပင်းကို ကြက်သီးထသွားစေခဲ့သည်။
ဝူရှီက တကယ့်ကို မပျော်မရွှင် ဖြစ်နေတာပဲ… မဟုတ်ရင် ဒီလိုစကားမျိုး ပြောမှာ မဟုတ်ဘူး… သူ့ကို သပ်သပ် သတိပေးနေတယ်ဆိုတာ အသိသာကြီးပဲ…
“ ဒါက… ကျုပ်…. ကျုပ်…. ဒါက……”
လျိုဝန်ချန် ထိုစကားလုံးများနှင့် အချိန်အတော်ကြာအောင် သံသရာလည်နေသော်လည်း အကြောင်း ပြချက်က ထွက်မလာခဲ့ချေ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ဝူထျန်းဖူနောက်၌ ရပ်နေသည် ဝူကျင်းစုန့်မှ နေ၍ “ အဖေ… သူက ဒီတိုင်း မန်နေဂျာလေးပဲ… သူ့မှာ အဲ့လောက် အာဏာ အများကြီးလည်း မရှိဘူး…. ဒီကိစ္စရဲ့ တာဝန်ရှိသူကလည်း ခု ဒီရောက်နေတယ်… သူနဲ့ စကားပြောတာ ပိုကောင်းမယ်ထင်တယ်အဖေ…”
“ တကယ့် တာ၀န်ရှိသူလား…”
ဝူထျန်းဖူနှင့် ကျန်သူများအားလုံး လင်းရီကို ကြည့်လိုက်ကြသည်။
“ ကောင်လေး… မင်းက ဒီပရောဂျက်ရဲ့ တာဝန်ရှိတဲ့သူလား…” ဝူထျန်းဖူ မေးလိုက်ပြီး “ မင်းငါ့ကို ပြောချင်တာ မရှိဘူးလား…”
“ ခင်များနဲ့တော့ ဘာမှ ပြောစရာ စကားမရှိဘူး..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ခင်များ နောက်က လူနှစ်ယောက်နဲ့တော့ စကားပြောဖို့ စိတ်ဝင်စားတယ်…..”
“ ဘယ်သူလဲ…”
လင်းရီ လက်သုတ်လိုက်ပြီး လူအုပ်နောက်၌ ရပ်နေသည့် လက်ပါးစေနှစ်ယောက်ကို ညွှန်ပြလိုက်၏။
“ အဲ့ကောင်တွေ….”
“ ငါတို့နဲ့ စကားပြောချင်တာလား…”
လင်းရီ သူတို့ကို လက်ညိုးထိုးနေကြောင်း သိတော့ လက်ပါးစေနှစ်ယောက်မှာ လုံးဝ ကြက်သေသေသွားခဲ့တော့သည်။
‘ သူတို့က ဘာကောင်မှ မဟုတ်ဘူးလေ…. ဘော့စ်နဲ့တောင် ပြောစရာ စကားမရှိတာ ငါတို့နဲ့ ဘာစကား ပြောစရာရှိမှာမို့လို့..'
“ မင်းတို့နှစ်ကောင်…. ဒီလာခဲ့….” ကျောက်ကွမ်းလီ သူ့ငယ်သား နှစ်ယောက်ကို လှမ်းခေါ်လိုက်၏။
ဝူထျန်းဖူ လင်းရီကို စိတ်ဝင်တစား ကြည့်လိုက်ပြီး “ ကောင်လေး… မင်းသူတို့နဲ့ ဘာပြောချင်တာလဲ ပြော….”
လင်းရီ ခေါင်းမော့လိုက်ပြီး ထိုနှစ်ယောက်ကို ကြည့်ကာ “ မင်းတို့နှစ်ယောက်…. ရှေ့ လေးငါးရက်လောက်တုန်းက လန်ထျန်းမိဘမဲ့ဂေဟာကို ရောက်ဖြစ်ခဲ့သေးတယ်မလား…”
လက်ပါးစေနှစ်ဦးမှ အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး “ ဟုတ်တယ်လေ….”
“ မင်းတို့ကောင်တွေ ငါ့အဖေကို ဆူလားငေါက်လားလည်း လုပ်သွားသေးတယ်… ငါပြောတာ မှန်လား…” လင်းရီ ပေါ့ပါးစွာ ပြောလိုက်၏။
ဝူထျန်းဖူ မသိမသာ မျက်မှောင်ကြုတ်သွားခဲ့သည်။
အဲ့လိုလား… ကိစ္စတွေက စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ…
“ ဆိုတော့ အဲ့ဘိုးတော်က မင်းအဖေပေါ့…” ဝဖိုင့်ဖိုင့်နှင့် လက်ပါးစေတစ်ဦးမှ ပြောလိုက်ပြီး “ ငါတို့က ဖြိုဖျက်ဖို့ အေးဆေးစကားပြောမလို့ကို ဘိုးတော်က လေကြောတွေ ရှည်နေတာ…. ဒါတောင် ကျိုးကန်းသွားမှာ သနားလို့ ငါတို့ လက်ပါခဲ့တာတောင် မဟုတ်သေးဘူး…ဘာလဲ..... မင်းက မကျေနပ်လို့လား…”
“ မဟုတ်ပါဘူး…” လင်းရီ ပြုံးပြီး ဖက်တီးကို လက်ညိုးကွေးရင်း ရှေ့သို့ ခေါ်လာခဲ့ကာ “ ရှေ့တိုးလာခဲ့ … ငါ ပြောစရာရှိတယ်…”
ဖက်တီး တုတ်တုတ်မျှ မလှုပ်။ ကျောက်ကွမ်လီဘက် လှည့်၍ မျက်လုံးအကြည့်ဖြင့် မေးမြန်းလိုက်လေသည်။
“ သွားလိုက်…. သူက ဒီရောက်လာပြီးမှတော့ စကားသွားပြောလိုက်…”
ကျောက်ကွမ်လီ၏ ခွင့်ပြုချက်လည်း ရရော အမောင်ဖက်တီးမှာ ယုံကြည်ချက်တို့ ပြည့်လျှံလာခဲ့ပြီး လင်းရီရှေ့ ထိုးထိုးထောင်ထောင်ဖြင့် ရောက်လာခဲ့ကာ “ မင်းက ဘာပြောချင်တာ ဟျောင့်…” ဖက်တီးမှ လင်းရီကို လက်ညိုးထိုးလိုက်ပြီး “ အဲ့ဒီ စီးပွားဇုန်သစ် ပရောဂျက် အကြောင်းလား… မင်းက အဲ့ဒီ ပရောဂျက်ကို လိုချင်နေသေးတယ်ပေါ့…. ဒီရဲ့ ရန်ချိန်က ဘယ်သူ့ပိုင်နက်လဲ ဆိုတာ မင်း မသိတာလား… ငါမင်းကို ပြောလိုက်မယ်… ဘော့စ်ရဲ့ အကူအညီမပါဘဲနဲ့ မင်း ဒီပရောဂျက် အပေါ် လက်တင်ဝံ့ရင် အဲ့ဒီ ပရောဂျက်ကို ငါကိုယ်တိုင် ဖျက်စီးပစ်မယ်..”
“ ငါ့ကို လက်ညိုးထိုးဝံ့တဲ့သူတွေ မပေါ်လာတာတောင် အတော်ကြာနေပြီ…”
“ ထိုးတော့ဘာဖြစ်လဲကွာ… မြန်မြန် အဲ့ဒီ မင်း ယူထားတဲ့ စောက်ပရောဂျက်ကို ပေးလိုက်…. မဟုတ်လို့ကတော့ ငါ…..”
“ အား…..”
ဖက်တီး စကားမဆုံးခင် လင်းရီ သူ့လက်ညိုးကို ဆတ်ကနဲ လိမ်ချိုးလိုက်၏။
အော်သံမှာ ပွဲခန်းမကြီး တစ်ခုလုံးထဲသို့ ပျံ့နှံ့သွားခဲ့သော်လည်း လင်းရီ လွှတ်ပေးရန် ရည်ရွယ်ချက်မရှိ။ လက်ကို စားပွဲပေါ် ဖိထားလိုက်ပြီး ဘေးရှိ ခက်ရင်းခွနှင့် တွဲချုပ်ထားလိုက်သည်။
လည်ချောင်းကွဲအောင် အော်ဟစ်သံက တစ်ဖန် ထွက်ပေါ်လာလေသည်။
အဆိုပါ သွေးသံရဲရဲ မြင်ကွင်းကို မြင်တော့ ရောက်နေကြသည့် အမျိုးသမီးထုကြီးမှာ အောင်ခေါင်ခြစ် အော်လိုက်ကြတော့၏။
“ ငိုးမဝက် မင်းအော်မနေနဲ့…” လင်းရီ သူ့လက်ရှိ သွေးများကို ပုဝါဖြင့် သုတ်လိုက်ပြီး “ တကယ်လို့ နောက်ထပ် အသံတစ်သံထွက်ရင် မင်းကို အရှင်မထားဘူး…”
သူ ထိုစကားလုံးများအား ဖက်တီးကို ပြောလိုက်သော်လည်း ကျန်သူများမှာ အလိုအလျောက် နှုတ်ပိတ်သွားခဲ့ကြ၏။
ငြိမ်သက်သွားတော့ လင်းရီ ပုဝါကို ဘေးသို့ လွှတ်ပစ်လိုက်ပြီး ဖက်တီး၏ အဆီထူထူနှင့် မျက်နှာကို ဆင့်ရိုက်တော့သည်။
“ ဒီပါးစပ်လားကွ ငါ့အဖေကို ဆဲတာ… “
“ ဒီပါးစပ်လားကွ ငါ့အဖေကို ဆဲတာ… “
မေးမေးပြီး ရိုက်ရင်း ဖက်တီးခမျာမှာတော့ ဘယ်ညာစုံပြန်နေကာ ခေါင်းချာချာလည်ထွက်သွားခဲ့တော့သည်။
ဝူထျန်းဖူနှင့် ကျောက်ကွမ်းလီတို့ကတော့ ယခုလို မြင်ကွင်းမျိုးနှင့် လက်ရင်းတနှီး ရှိထားသောကြောင့် တဒင်္ဂလောက်မျှသာ ကြက်သေသေသွားခဲ့ကြသည်။
သို့သော်လည်း ၎င်းတို့၏ အမူအရာကတော့ တော်တော်လေးကို အုံ့ဆိုင်းနေလေသည်။
“ ဒီနေ့က ငါ့ရဲ့ အသက် ၆၀ ပြည့် မွေးနေ့ပွဲ.. မင်းက ပြဿနာ လာရှာတာလား…”
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွ့န့်လိုက်ရင်း “ ကျုပ်တို့အားလုံးက စီးပွားတူတဲ့ စီးပွားရေးသမားတွေ… စည်းစည်းလုံးလုံးနဲ့ ငွေရှာကြရင်တော့ အကောင်းဆုံးပေါ့…. ဒါပေမယ့် ခင်များကတော့ အဲ့လို ဖြစ်ချင်တဲ့ပုံ မပေါ်ဘူး…ကျုပ်တို့က ရန်ချိန်နယ်ခံ ကုမ္ပဏီမဟုတ်တော့ အနိုင်ကျင့်ချင်နေတယ်… ဒီလာပြီးတောင်မှ စကားကြီး စကားကျယ်တွေ ပြောနေလိုက်သေး…”
“ အဲ့ဒီ ဆင်းတုကြီး ရလိုက်တာနဲ့ပဲ ခင်များကိုယ်ခင်များ ရန်ချိန်ကို အပိုင်စား ရသွားပြီလို့ ထင်မနေနဲ့…”
“ ကျိုးဟိုင်က ကောင်လေး…. မင်း ထင်နေတာ မင်းရန်ချိန်မှာ ထင်ရာစိုင်းလို့ ရမယ်များ ထင်နေတာလားကွ…”
“ ကျိုးဟိုင်မှာ မင်းက ဩဇာရှိတဲ့ လူတစ်ယောက်ဖြစ်ကောင်းဖြစ်မယ်..ဒါပေမယ့် ဒီရန်ချိန်မှာတော့ ငါ့စကားက ဥပဒေပဲ…”
“ ကျုပ် ထင်ရာစိုင်းမယ်… ခင်များ ရပ်တန့်နိုင်မှာလား..” လင်းရီ မထိတထိ ပြောလိုက်ပြီး “ ကျုပ်လည်း ရှင်းအောင် ပြောလိုက်မယ်.. တကယ်လို့ ကျုပ် စိတ်ကောင်းဝင်နေရင် ဒီနေ့က ခင်များရဲ့ မွေးနေ့ပွဲပဲ… တကယ်လို့ ကျုပ် စိတ်မပျော်လို့ကတော့ ခင်များရဲ့ ဈာပနာပွဲ ဖြစ်သွားလိမ့်မယ်…”
လင်းရီ ဝူထျန်းဖူရဲ့ ပခုံးကို ပုတ်လိုက်ပြီး “ အဘိုးကြီး… ခေတ်ကာလတွေက ပြောင်းသွားခဲ့ပြီ…. နိမ့်နိမ့်ချချနေတာ ပိုကောင်းတယ်..”