← Chapters

ထူးကဲတဲ့ အလှတရား

Vol. 58 Ch. 867

ထူးကဲတဲ့ အလှတရား

Vol. 58 Ch. 867

“ ဘာလို့ ဒီရှိုးမှာ ဆယ်လီတွေ အဲ့လောက်တောင် များနေရတာ… ဒါကြီးက တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းတယ်..” လီဂျန်းနီ မျက်မှောင်ကုတ်ပြီး ဘဝင်မတွေ့စွာဖြင့် ပြောလိုက်သည်။

“ ငါ့အထင်တော့ ထုတ်လုပ်ရေး အသင်းက rating ကြောင့် လုပ်နေတာဖြစ်မယ်.. “ ဟွမ်ယွင်ဟန်မှ ပြောလိုက်ပြီး “ ဒါပေမယ့် ဒီရှိုးက ဧရာမပွဲကြီး ဖြစ်မြောက်ဖို့ နိုင်ငံအများကြီးက TV ဌာနတွေနဲ့ ပါတနာ ချိတ်ထားတယ်ဆိုတော့ တောတွင်း ရှင်သန်ခြင်းမှာပဲ အဓိက အာရုံစိုက်ထားသင့်တယ်….”

လီဂျန်းနီလည်း ခေါင်းညိမ့်လိုက်သည်။

“ တကယ်လို့ ဒီရဲ့ အင်တာနက် ဆယ်လီတွေသာ လူတိုင်းရဲ့ အာရုံစိုက်စရာ ဖြစ်လာခဲ့လို့ကတော့ တခြားနိုင်ငံရဲ့ မီဒီယာတွေက သဘောတွေ့မှာတော့ မဟုတ်လောက်ဘူး…”

“ အိုက်ယား… အပိုတွေ ပြောမနေစမ်းပါနဲ့…” လီကျားလော့မှ ဝင်ပြောလိုက်ပြီး “ ရိုက်ကူးရေး အစီအစဉ် စတာနဲ့ နင် လီရှင်းချိန်နား လက်မှတ်တောင်းပေးရမယ်နော်…”

လီဂျန်းနီ သူ့ညီမလေးအား မျက်လုံးလှိမ့်ပြလိုက်ပြီး “ သူ့လိုလူစားမျိုးက ဒီလိုရှိုးပွဲမှာ အလကားပဲ.. အသုံးမဝင်ဘူး… အိပ်မက်မက်နေတာတွေ ရပ်ပြီး မြန်မြန်ပြန်တော့….”

“ ဟွန့်…” လီကျားလော့မှ မကျေမနပ် နှာခေါင်းရှုံ့လိုက်ပြီး “ ဘာပဲဖြစ်ဖြစ်ဟာ…. လက်မှတ်ရအောင် တောင်းခဲ့ပေး… ဒါပဲ..”

လီဂျန်းနီကတော့ မျက်လုံးလှိမ့်လိုက်ပြီး ဆိုးသွမ်းသည့် သူ့ညီမလေးကို လျစ်လျူရှုကာ လင်းရီနှင့်အတူ အပေါ်တက်သွားလိုက်သည်။

ထိုအတောအတွင်း လင်းရီ လီချိန်ရှင်း နာမည်ကို ကြားဖူးသယောင် ဖြစ်နေကာ သူ သေချာစဉ်းစားကြည့်တော့မှ ယခင် လိုက်စထွင်းပွဲတုန်းက Dou yu မှ ရှာထားပေးခဲ့သည့် ဧည့်ဆယ်လီပင်။

လခွမ်း…. ငါ ထင်နေတာ မိန်းကလေးလားပေါ့… အထီးကြီးဖြစ်နေတယ်…

မကြာမီ သုံးယောက်သား လှေကုန်းပတ်ပေါ်ရောက်လာခဲ့တော့၏။

အပေါ်တွင်တော့ အောက်ကထက်ပင် လူပိုများနေကြောင်း လင်းရီ သတိပြုမိလိုက်လေသည်။

လူတိုင်းက ပရော်ဖက်ရှင်နယ်ဆန်စွာ ဝတ်စားဆင်ယင်ထားကြပြီး ကုန်းပတ်ပေါ် ရပ်နေသည့် လူအုပ်စုနှင့် နှိုင်းယှဉ်ပါက အောက်ရှိ လူတို့မှာ လူပြိန်းအုပ်ဟုတောင် ပုံဖော်၍ ရနေသည်။

သို့သော်လည်း လှေအောက်ကကဲ့သို့ ထုတ်လုပ်ရေး အသင်းသားများမှလွဲ၍ အဆင့်မြင့်သည်ဟု ထင်ရသည့် ပါဝင်ယှဉ်ပြိုင်သူတို့မှ အုပ်စုကြီး အုပ်စုငယ်များ စုဖွဲ့ထားကြသည်။

လင်းရီတို့ကဲ့သို့ သုံးလေးယောက် အုပ်စုလေးများကလည်း မနည်းမနော ရှိနေကြလေသည်။

အကြီးစား အသင်းများကတော့ လူဆယ်ဦးထက် မနည်း ရှိနေကြပြီး သူတို့၏ ဖွဲ့စည်းထားပုံကတော့ အထင်ကြီးလောက် စရာများပင်။

ပတ်ဝန်းကျင်ကို ခေတ္တမျှ စူးစမ်းကြည့်ပြီးနောက် လင်းရီ လူကောင် ခပ်သေးသေးနှင့် မထင်မရှား အသင်းသားလေးများက အသင်းတိုင်းလိုလိုတွင် ရှိနေပြီး ထိုသူများကတော့ မရပ်မနား စကားပြောနေကြကာ လင်းရီ နားထောင်ကြည့်တော့ တောတွင်း ကျွမ်းကျင်သူများ ဖြစ်နေခဲ့ကြ၏။

ထို့အပြင် လင်းရီကို အံ့အားသင့်စေမိသည်က ကျွမ်းကျင် ကစားသမား အပြင် ဤနေရာရှိ လူများနှင့် သိသိသာသာ ကွဲထွက်နေသည့် လူအုပ်စုငယ်လေးများကလည်း ကုန်းပတ်၏ ထောင့်ပေါင်းစုံ၌ ပျံ့ကျဲနေလေသည်။၎င်းတို့၏ အသားအရေမှာ ပိုးသားလေးကဲ့သို့ ဖြူဆွတ်နူးညံ့နေပြီး မိန်းကလေးများကဲ့သို့ သွယ်သွယ်လျလျလေးများပင်။

ထင်မှတ်ထားသည့်အတိုင်း ထိုသူများကတော့ လီချိန်ရှင်းနည်းတူ အတန်းရှင်း လာရှာကြသည့် ဆယ်လီလက်သစ်လေးများ ဖြစ်ကြလေသည်။

မည်သို့ပင်ဆိုစေ ယခုရှိုးပွဲက ဧရာမ ကြည့်ရှုသူများနှင့် နိုင်ငံတကာ အစီအစဉ် တစ်ခု ဖြစ်သောကြောင့် လူတိုင်းကလည်း ၎င်းတို့၏ ရေပန်းစားမှု တိုးလို့တိုးငြား မျက်နှာကို TV ပေါ် ရောက်စေချင်ကြလေသည်။

“ ဆယ်လီတွေ အတော်များနေပါလား… တစ်ခုခုတော့ တစ်ခုခုပဲ…” ဟွမ်ယွင်ဟန်မှ ပြောလိုက်သည်။

" သူတို့ကို စပ်စုနေစရာ ဘာအကြောင်းမှမရှိဘူး… ကိုယ့်အလုပ်ကိုယ် လုပ်ကြမယ်…” လီဂျန်းနီမှ တည်ငြိမ်စွာ ပြောလိုက်၏။

သူမ၏ လေသံ အသွားအလာမှတစ်ဆင့် အဆိုပါ ဆယ်လီ ဆယ့်တစ်လီများအား စိတ်မဝင်စားကြောင်း မြင်သာလေသည်။

လင်းရီကတော့ ဘာမျှမပြော။ သူ နှုတ်ဆိတ်လျက်သော နေ၍ လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်ကို အကဲခတ်နေလိုက်သည်။

ဤလူနှစ်ယောက်က အနည်းငယ် ပုံမှန်မဟုတ်ဟု လင်းရီ ခံစားနေရ၏။

စိတ်ပုံမှန် မဟုတ်တာမျိုးပဲ မဟုတ်ပဲ ၎င်းတို့၏ ရည်ရွယ်ချက်ကို ဖမ်းဆုပ်ရန် ခက်ခဲခြင်းပင်။

၎င်းတို့၏ အဝတ်အစားများမှ တစ်ဆင့် ၎င်းတို့၏ မိသားစု ကျောထောက်နောက်ခံမှာ ပေါ့သေးသေးမဟုတ်သည်မှာ ထင်ရှားသည်။

အနည်းဆုံးတော့ ရန်ချိန်ရှိ ချွီမိသားစု အဆင့်လောက်တော့ရှိ၏။

ဆုငွေ ဒေါ်လာငါးသန်းမှာ ဆွဲဆောင်နေသည် ဆိုသော်ငြား ထိုကဲ့သို့ မိသားစုကြီးမှ ပေါက်ဖွားလာသူတို့အဖို့ အသက်ကို ဖက်နှင့်ထုပ်ထားပြီး ရှိုးပွဲတွင် ဝင်ပါရလောက်သည်အထိ စွန့်စားရန် မလိုအပ်ပေ။

ထို့ပြင် ၎င်းတို့၏ စကားလုံးနှင့် အမူအရာတို့မှတစ်ဆင့် အင်မတန် အရည်အချင်းရှိကြောင်း လင်းရီ သတိပြုမိသည်။ အနည်းဆုံးတော့ အထူးတပ်ဖွဲ့ဝင်များ၏ လယ်ဗယ်လောက်တော့ရှိနိုင်ပေသည်။

အဆိုပါ အချက်အလက်များကို စုပေါင်းလိုက်ချိန်တွင်တော့ ၎င်းတို့၏ ပါဝင်လာမှုက အထူးဆန်းကြီး ထူးဆန်းနေတော့သည်။

တီ…. တီ….

လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်တို့ နာမည်ကြီး ဆယ်လီများကို မြည်တွန်တောက်တီးနေစဉ် သင်္ဘော၏ ရေဒီယိုသံက မြည်လာခဲ့သည်။

“ ယှဉ်ပြိုင်သူတို့... ခေတ္တ အာရုံစိုက်ပေးကြပါ …. သင်္ဘောက နောက်ဆယ်မိနစ်နေရင် ထွက်ပါမယ်.. ပါဝင်သူတွေအားလုံး ကျေးဇူးပြုပြီး ပဲ့ကုန်းပတ်ပေါ်မှာ နေရာယူပေးကြပါ…”

ပြောသွားသည့် အကြောင်းအရာများကတော့ ရိုးရိုးရှင်းရှင်းပင်။ ထိုသို့ သုံးကြိမ် ကြေညာပြီးနောက် ရပ်တန့်သွားခဲ့တော့၏။

“ ပဲ့ပိုင်းမှာ အရင်သွားစုကြစို့… ငါ့အထင်တော့ သူတို့ နောက်ခြေလှမ်းအတွက် ညွှန်ကြားချက် ပေးမလို့နဲ့တူတယ်…” လီဂျန်းနီမှ ပြောလိုက်သည်။

သို့နှင့် သုံးယောက်သား လှေပဲ့ ကုန်းပတ်ပိုင်းသို့ ဦးတည်လိုက်ကြသည်။

နဂိုက ရေကန်ကြီး ရှိသည့် နေရာက ယခုတော့ ဖုံးအပ်ထားခြင်း ခံထားရကာ ယခင်က ကြယ်ငါးပေါ် မရောက်ဖူးသူများအဖို့ သူတို့ ရေကန်ပေါ်တွင် မတ်တပ်ရပ်နေကြကြောင်း ဘယ်တော့မှ သိရှိလိမ့်မည် မဟုတ်ချေ။

စုဝေးသည် ဆိုသော်လည်း လူတိုင်းက ကပေါက်တိ ကပေါက်ချာ ဟိုတစ်အုပ်၊ဒီတစ်အုပ် မတ်တပ်ရပ်နေကြလေသည်။

ထို့ပြင် လူမျိုးရေး ခွဲခြားသည့် ပြဿနာတို့ကြောင့် လူအများစုကတော့ သူ့လူ ကိုယ်လူများနှင့်သာ စုဝေး မတ်တပ်‌ရပ်‌နေကြ၏။

ဟွာရှလူမျိုးကတော့ အများဆုံးဖြစ်ပြီး ၆၀ ရာခိုင်နှုန်းကျော် ပါဝင်သည်။ဒုတိယကတော့ အမေရိကန် လူမျိုး အများဆုံးဖြစ်ပြီး ၅၀ ရာခိုင်နှုန်းကျော် ပါဝင်ကာ ကျန်သည်ကတော့ ကိုးရီးယား၊ ဂျပန်နှင့် ဥရောပသားများဖြစ်ကြ၏။

သို့သော်လည်း လင်းရီ ဆယ်လီအုပ်စုကိုတော့ ယခုနေရာ၌ ရှာမတွေ့ချေ။ ထိုငနဲသားများက ကိုယ့်အခန်းကိုယ်ပြန်ပြီး နှပ်နေကြသည့် ပုံပင်။

လင်းရီနှင့် ကျန်နှစ်ယောက်လည်း အနောက်ဘက် ထောင့်တစ်နေရာတွင် မတ်တပ်ရပ်၍ လူအုပ်ကြီးနှင့် ရောနှောနေလိုက်သည်။

ထိုစဉ် တိုက်ဆိုင်စွာဖြင့် လင်းရီ နာမည်စာရင်း ပေးသည့် နေ့က သူ အမှောက်သိပ်ခဲ့သည့် ချိန်တုန်းကျယ်နှင့် လီရှန်းကိုလည်း မြင်တွေ့လိုက်ရသည်။

၎င်းတို့အားလုံး လေထဲတွင် အကြည့်ချင်းဆုံသွားကြပြီး မကျေမချမ်း ဖြစ်မှုတို့ဖြင့် ပြည့်နှက်နေလာခဲ့သည်။

သို့သော် လင်းရီကတော့ ထိုနှစ်ကောင်ကို သာမန်ကာလျှံကာ ကြည့်၍ လျစ်လျူရှုလိုက်ပြီး ရှေ့သို့သာ မျှော်ကြည့်လိုက်တော့၏။ အဘယ်ကြောင့်ဆိုသော် ရန်စီ ရောက်လာခဲ့သောကြောင့်ပင်။

ရန်စီကတော့ ထုံးစံအတိုင်း အစွမ်းကုန် လှပနေသည့် အမျိုးသမီးလေး တစ်ယောက်ပင်။

သူမက အနက်ရောင် စကတ်နှင့် အောက်တွင် အသားကပ် အမည်းရောင် ခံထားပြီး အနီရောင် slim-fit လေဒီဝတ်စုံကို ဝတ်ဆင်ထားသည်။

သွင်ပြင်က အနည်းငယ် မှင်တက်လောက်စရာ ဖြစ်နေသော်လည်း သူမ၏ စရိုက်နှင့် လျော်ညီစွာ လုံလုံခြုံခြုံရှိ၏။

သို့သော် သူမဘေးရှိ ဥရောပအနွယ် အမျိုးသမီးကြီးများကတော့ ချမ်းအေးသည့် ရာသီဥတုကို မမှုဟန်ဖြင့် တော်တော်လေး လှစ်ဟာပြထားကြလေသည်။

လင်းရီ ရုတ်ချည်းဆိုသလို ဆိုးသွမ်းသည့်အကြံတစ်ခုကို စဉ်းစားမိသွားခဲ့သည်။

‘ ဒီလောက်တောင် ရှိတဲ့ဟာတွေ ကပ္ပတိန်ကို အရှေ့မြောက်ခြမ်းဆီ မောင်းခိုင်းလိုက်ပြီး အကုန်လုံးကို အေးခဲသေခိုင်းလိုက်ရင် ကောင်းမလား မသိဘူး…’

ရန်စီ၏ အလှကျက်သ‌ရေက ရောက်နေကြသည့် အမျိုးသားထုကြီးကို အကြည့်လွှဲရန် ခဲယဉ်းနေစေတော့၏။

သူမ၏ တစ်မူထူးခြားသည့် အာရှအနွယ် အဆင်းမျက်နှာနှင့် စွဲမက်ဖွယ် ကိုယ်လုံးကိုယ်ပေါက်တို့က ဥရောပရှိ အမျိုးသမီးများနှင့် ရင်ဆိုင်ရချိန်တွင်ပင် သိသိသာသာ ထင်ရှားပေါ်လွင်နေလေသည်။

ဆယ်မိနစ်ကြာပြီးနောက် ပါဝင်ယှဉ်ပြိုင်သူများအားလုံး ပဲ့ကုန်းပတ်ပေါ် စုဝေးရောက်လာခဲ့ကြ၏။

ထိုအခိုက်အတန့်တွင်တော့ ရန်စီမှ မိုက်ခရိုဖုန်းကို ကိုင်၍ စံသတင်းကြေညာသည့် လေသံဖြင့် “ ကျွန်မတို့ရဲ့ လူသားနဲ့ တောရိုင်းဆိုတဲ့ အစီအစဉ်ကို ပါဝင်လာခဲ့ပေးကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်…. ဒီအစီအစဉ်ကြီး ဖြစ်မြောက်ဖို့ အတွက် ကျွန်မတို့ကနေပြီး နိုင်ငံပေါင်း ရှစ်နိုင်ငံကနေ စာရင်းပေး ယှဉ်ပြိုင်သူပေါင်း 1,659 ယောက်အထိ ရောက်ရှိ………….. “

ရန်စီမှ ယုံကြည်ချက် ပြည့်ဝနေသည့် လေသံဖြင့် ဆယ်မိနစ်ကျော်ကြာအောင် စကားပြောသွားခဲ့သည်။ အောက်ဘက်ရှိ နိုင်ငံ အသီးသီးက စကားပြန်များကလည်း ၎င်းတို့တာဝန် ကျေပွန်စွာ မှန်မှန်ကန်ကန် ဘာသာပြန်ပေးလိုက်ကြသည်။ ဗရုတ်သုတ်ခ မလုပ်ရဲကြပေ။

သို့သော်လည်း အသုံးဝင်သည့် သတင်းအချက်အလက်ကတော့ များများစားစား မပါဝင်ချေ။ ပြိုင်ပွဲဝင် ဦးရေ 289 ယောက် ရှိသည်မှ လွဲ၍ ကျန်သည်များကတော့ ဘာညာသာရကာ အရည်မရ အဖတ်မရများပင်။

“ နောက် အသေးစိတ်ကိုတော့ နိုင်ငံတစ်ခုချင်းစီက ခေါင်းဆောင်တွေကနေပြီး လူတိုင်းကို ရှင်းပြပါလိမ့်မယ်.. ကျွန်မတို့ရဲ့ အစီအစဉ်ကိုလည်း ခုကစ စတင် ရိုက်ကူးပြီး လူတိုင်းပဲ …. ကံကောင်းပါစေ…”

All Chapters