ဝိဉာဏ် ပေါင်းစည်းမယ်ဆိုတာက ဘာကြီးလဲ...
Vol. 58 Ch. 869
“ ဂျန်းနီ…. သူပေါက်တတ်ကရ လျှောက်ပြောတာတွေကို နားထောင်မနေနဲ့…” ဟွမ်ယွင်ဟန်မှ ပြောလိုက်ပြီး “ အခု … ငါတို့က လူတိုင်းနဲ့ ယှဉ်ပြိုင်နေတာ…. သက်ကယ်လှေ ရနိုင်ခြင်း မရနိုင်ခြင်းက ပထမအကျော့ ဖယ်ရှားခြင်းမှာ ကောင်းကောင်းကြီး သက်ရောက်မှု ရှိလိမ့်မယ်… ဒီတော့ပြိုင်ဆိုင်မှုကလည်း ပြင်းထန်မှာပဲ… ငါတို့ သေချာပေါက် လှေတစ်စင်းရပါမယ်လို့ ဘယ်သူက အာမခံနိုင်မှာ….”
“ အမှန်တော့ အဲ့တာကလည်း ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ပါဘူး… ငါတို့ရဲ့ အရည်အချင်းနဲ့သာဆိုရင် လှေတစ်စင်းလောက်ရဖို့က အလွယ်လေးပဲ မဟုတ်ဘူးလား..” လီဂျန်းနီ ပြောလိုက်ပြီး “ ဘယ်အချိန် စမလဲ မသိတာလေး တစ်ခုပဲ…”
“ စဉ်းစားနေစရာ လိုသေးလို့လားဟ…. ဟိုရောက်ရင် စမှာပေါ့..” လင်းရီ ပြောလိုက်ပြီး “ TV ဌာနက ကြည့်ရှုသူတွေရဲ့ rating ကောင်းကောင်းလေး လိုချင်တာနဲ့ လူတိုင်းကို လှေမပေးနိုင်ဘူးလို့တော့ လာမပြောနဲ့… သူတို့ လုံးဝ ရူးသွပ်သွားမှပဲ အဲ့လိုလုပ်လိမ့်မယ်.. မယုံရင် ကြည့်ထားလိုက်… မရတဲ့သူတွေတောင် တစ်နည်းနည်းနဲ့ ရသွားကြလိမ့်မယ်..”
ပြောပြီးနောက် လင်းရီ တန်းမတ်စွာ ထွက်ခွာသွားခဲ့ပြီး အနှီ ကြောင်တောင်တောင် နှစ်ကောင်ကို လျစ်လျူရှုထားလိုက်သည်။
“ ဂျန်းနီ… ငါတို့တော့ သူနဲ့ အသင်းဖွဲ့မိတာ မှားပြီနဲ့တူတယ်…”
လင်းရီ ထွက်ခွာသွားခဲ့ပြီးနောက် ဟွမ်ယွင်ဟန်မှ ပြောလိုက်သည်။
“ သူ့ကို ခေါ်တုန်းက ခေါ်ခဲ့ပြီးမှတော့ ခု ကန်ထုတ်လိုက်ရင် ဘယ်ကောင်းပါ့မလဲဟာ…” လီဂျန်းနီမှ ဆိုလိုက်ပြီး “ ပြီးတော့ ငါ့အထင် သူက မဆိုးပါဘူး.. ဥာဏ်လည်းပြေးတယ်.. ဒီပရိုဂရမ်ရဲ့ ရည်ရွယ်ချက်ကိုတောင်မှ ဖောက်မြင်နိုင်တယ်… အနည်းဆုံးတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာမှာ မဟုတ်ဘူးလေ…. နောက်ပြီး ငါတို့ကိုယ်တိုင်ရဲ့ လယ်ဗယ်ကလည်း ဆိုးရွားနေတာမှ မဟုတ်တာ… ရုတ်ချည်း ဖြစ်ပေါ်လာတဲ့ ဘယ်လိုအခြေအနေမျိုးကို မဆို ကိုင်တွယ်ဖို့ မခဲယဉ်းပါဘူး…”
“ အင်း.... ဒါပေမယ့် ငါ အစောပိုင်းတုန်းက နိုင်ငံခြားမှာ အန္တရာယ်များတဲ့ အခြေအနေတွေနဲ့ ကျွမ်းဝင်နေတဲ့သူတွေ အများကြီးကိုလည်း တွေ့ခဲ့သေးတယ်.. တကယ်လို့ သူတို့နဲ့ အချင်းများမယ်ဆို ကိုင်တွယ်ဖို့ ခက်ခဲလောက်တယ်..”
“ အဲ့တာလည်း လူနည်းစုလေးပါပဲဟယ်…. တကယ့် ဆရာကြီးတွေက မဖြစ်စလောက်လေးပဲ ပါတာ…” လီဂျန်းနီ ပြောလိုက်ပြီး “ ငါတို့ တကယ်တမ်း အာရုံစိုက်ထားရမှာက အဲ့ဒီ အသက်သုံးလေး လေးဆယ် အရွယ် ဟွာရှသားတွေပဲ… ငါသူတို့ကို ဘယ်လိုမှ ဖောက်ပြီး မမြင်နိုင်ဘူး…”
“ တခြားမိသားစုတွေကလည်း သူတို့ မိသားစုဝင်တွေကို ဒီလွှတ်လိုက်တာနေမှာပေါ့..” ဟွမ်ယွင်ဟန်မှ ကောက်ကာငင်ကာ ပြောလိုက်ပြီး “ ကောလဟာလတွေက မှန်လား မှားလား ငါတို့လည်း မသိဘူး… ဒါပေမယ့် သူတို့ဘက်ကတော့ ဒီလိုမျိုး အခွင့်အရေးကောင်းကြီးကို လက်လွတ်ခံမှာ မဟုတ်ဘူး…”
“ ငါတို့လည်း ထိုနည်းလည်းကောင်းပဲ မဟုတ်ဘူးလား… တစ်လှမ်းခြင်း သွားကြတာပေါ့… ဒီပွဲကနေ တစ်ခုခု ရလာရင်တော့ အကောင်းဆုံးပေါ့ဟယ်…”
ပြောပြီးနောက် လီဂျန်းနီလည်း မတ်တပ်ရပ်၍ ထွက်ခွာ သွားခဲ့တော့သည်။
“ ဘာလို့ သူ့နောက်လိုက်သွားမှာ… ငါ့အလိုအတိုင်းသာဆို ငါတို့ အဲ့လိုကောင်ကို အာရုံစိုက်နေစရာ မလိုဘူးလို့တော့ ထင်တာပဲ…” ဟွမ်ယွင်ဟန်မှ အထင်သေးသည့် လေသံဖြင့် ပြောလိုက်ပြီး “ သူက ငါတို့အပေါ် အခွင့်အရေး ယူနေတယ်ဆိုတာ အသိသာကြီးပဲ… ဒါတောင်မှ သူကပဲ ဦးဆောင်နေတဲ့ပုံပေါက်အောင် ဖမ်းနေလိုက်သေး….”
လီဂျန်းနီ ရပ်တန့်သွားခဲ့ပြီး နောက်ပြန်လှည့်ကြည့်၍ “ ခုကဖြင့် ခုနစ်နာရီတောင် ထိုးနေပြီ… ထမင်းသွားစားမလို့ဟေ့… သူ့နောက်လိုက်မလို့မဟုတ်ဘူး..”
“ အာ…. ဒါဆို ငါလည်း လိုက်ခဲ့မယ်…”
ကြယ်ငါးမှာ လင်းရီ၏ ကိုယ်ပိုင် သင်္ဘော ဖြစ်သော်လည်း ကြယ်ငါးပေါ်ရှိ စားသောက်ဆိုင်သို့ ရောက်လာခဲ့သည်မှာတော့ ပထမဆုံး အကြိမ်ပင်။
၎င်းက သူထင်ထားသည်ထက်ပင် ကြီးမားကျယ်၀န်းပြီး တော်တော်လေးလည်း အဆင့်မြင့်၏။
တစ်ကြိမ်တည်းနှင့် လူရာကျော်ကို ကျွေးမွေးပြုစုရန်မှာ ပြဿနာမရှိချေ။
စားသောက်ဆိုင်ထဲရှိ လေထုကတော့ ဆူညံသံတို့ဖြင့် ပြည့်နှက်နေသည်။ ညနေခင်းအချိန် ဖြစ်နေသောကြောင့်လည်း လူတိုင်းက ဤနေရာသိူ့ စားသောက်ရန် စုဝေး ရောက်လာကြသည်။
ယှဉ်ပြိုင်သူများအပြင် ဝန်ထမ်းများကလည်း ရှိနေကြလေသည်။ အမှတ်တရ ဓာတ်ပုံရိုက်ပြီး သိမ်းဆည်းနေကြသူများကိုလည်း လင်းရီ ကြိုကြား ကြိုကြား တွေ့နေရ၏။
မူလက ခမ်းနားပြီး အထက်တန်းမြင့်သည့် ခန်းမကြီးမှာတော့ ယခုအခါ ပျံကျဈေးသဖွယ် ဖြစ်သွားခဲ့တော့သည်။
ထို့ပြင် ကြယ်ငါးပွင့် စားဖိုမှူးကိုလည်း ထုတ်လုပ်ရေး အသင်းမှ သာမန် စားဖိုမှူးဖြင့် အစားထိုးလိုက်သောကြောင့် အရသာမှာ ပုံမှန်နှင့် ယှဉ်လျင်တော့ သိသိသာသာကို ဆိုးရွားနေလေသည်။
“ ဟေ့… ဟွာရှသား အချောလေး… ငါနဲ့ အတူ မစားချင်ဘူးလား…”
လင်းရီ ခေါင်းလှည့်ကြည့်လိုက်တော့ ပြောလိုက်သူမှာ ရွှေအိုရောင် ဆံပင် ပြာလဲ့နေသည့် မျက်ဝန်းတို့ဖြင့် နိုင်ငံခြားသူလေး တစ်ဦးဖြစ်နေကြောင်း မြင်တွေ့လိုက်ရ၏။ သူမ၏ လည်ပင်းတွင်လည်း အနီရောင် ဝန်ထမ်းကတ်ကို ချိတ်ဆွဲထားသောကြောင့် ယခု အစီအစဉ်မှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း အလိုအလျောက် သိနိုင်ပေသည်။
နိုင်ငံခြားသူလေး တစ်ဦးမှ ဟွာရှစကားပြောလာခဲ့သည်ကို လင်းရီ အံ့အားတကြီး ဖြစ်မသွားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ပွဲက ဟွာရှ၌ လက်ခံကျင်းပသောကြောင့် နိုင်ငံ အသီးသီးရှိ TV ဌာနများမှ ပေါင်းသင်းဆက်ဆံရေး လွယ်ကူစေရန် ဟွာရှ ဘာသာစကား တတ်ကျွမ်းသူကို စေလွှတ်မည်က သဘာဝပင်။။
“ ဒါပေါ့… ဘယ်လိုလုပ်ပြီး ပြဿနာ ရှိရမှာ…. အလှလေး တစ်ယောက်နဲ့ ထမင်းအတူစားရတယ်ဆိုတာ ကျုပ်အတွက် ဂုဏ်ယူစရာပဲလေ…”
ထိုင်ခုံ နေရာလပ်များ မရှိတော့သောကြောင့် လင်းရီ တစ်ဖက်သူ၏ ကမ်းလှမ်းလာမှုကို မငြင်းပယ်လိုက်ချေ။
သို့သော်လည်း လင်းရီမှ ထိုင်ချတော့မည့် အချိန်တွင် သူ ချိန်တုန်းကျယ်၏ စကားပြောသံကို ကြားလိုက်ရသည်။
“ ညီကို… ငါတို့ဘက်မှာ နေရာတစ်နေရာလွတ်တယ်.. ဒီမှာ လာစားပါလား…”
လင်းရီ ကြည့်လိုက်တော့ ချိန်တုန်းကျယ်၏ ဘေးတွင် လူမည်း အမျိုးသားနှစ်ဦး ရှိနေကြောင်း မြင်တွေ့လိုက်ရ၏။
၎င်းတို့၏ သွင်ပြင်မှာ တုတ်ခိုင်ရှည်လျားပြီး အနက်ရောင် သားရေဘွတ်ဖိနပ်နှင့် စစ်ပြောက်ကျား အင်္ကျီကို ဝတ်ဆင်ထားကြသည်။
သူတို့ထိုင်နေသည့် ပုံစံက သာမန်ဆန်စွာဖြင့် မထင်မရှား ရှိနေသော်လည်း အကယ်၍များ စားသောက်ဆိုင်ထဲ၌ တစ်ခုခု ဖြစ်ပျက်လာပြီဆိုပါက ၎င်းတို့ ထိုင်နေသည့် နေရာမှာ ရှုထောင့်ပေါင်းစုံမှ အန္တရာယ်ကို ကြိုတင်သိမြင်ပြီး ကာကွယ်နိုင်လေသည်။ ဤနေရာက အကောင်းဆုံးနေရာတစ်ခုဟုတောင် ပြော၍ရ၏။
“ ဘာလဲ.. မင်းက မင်းကောင်ကို ဆော်လိုက်လို့ မကျေမနပ် ဖြစ်နေတာလား..”
ယှဉ်ပြိုင်သူ နိုင်ငံခြားသားများကတော့ ဘာဖြစ်နေလဲဆိုတာ နားမလည်နိုင်ဖြစ်နေကြပြီး ဟွာရှသားများကတော့ ဤကိစ္စကို ကောင်းမွန်စွာ သတိပြုမိကြလေသည်။
စာရင်းပေးစဉ်တွင် သူတို့နှစ်ယောက်က အချင်းများခဲ့ကြပြီး ယခုတစ်ကြိမ် ပြန်ဆုံတော့ ချိန်တုန်းကျယ်ဘက်မှ တစ်နည်းနည်းဖြင့် လက်စားပြန်ချေမည်မှာ မလွဲမသွေပင်။
“ ငါမင်းကို ပြောလိုက်မယ်… မင်းငါ့ကို အနိုင်ယူလိုက်နိုင်တိုင်းနဲ့ ကိုယ့်ကိုယ်ကို မြောက်ကားကြီး လုပ်မနေနဲ့… ဒီသင်္ဘောပေါ်မှာ ကျွမ်းကျင်သူတွေမှ အများကြီးပဲကွ…” လီရှန်းမှ မကျေမနပ် နှာခေါင်းရှုံ့ ပြောဆိုလိုက်သည်။
“ ဘာတွေ လာပြောနေတာ… တကယ်လို့ မကျေနပ်သေးဘူးဆိုရင်လည်း လာခဲ့… အချိန်မရွေးပဲ…”
ပြောပြီးနောက် လင်းရီ ရွှေရောင် ဆံပင်နှင့် မိန်းကလေး၏ မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်လေသည်။
“ အချောလေး…. ငါ နင်နဲ့ ထမင်းကောင်းကောင်းလေး စားချင်ပေမယ့် နင့်ကိုတော့ သူတို့နဲ့ အချင်းမများစေချင်ဘူး…”
“ ဘာလို့လဲ… ထမင်းစားပျက်မှာ ဆိုးလို့လား….”
“ အဲ့ဒီ အမျိုးသားနှစ်ယောက်က ငါတို့နိုင်ငံကိုယ်စားပြုတွေ… အရမ်းတော်တယ်…”
“ ငါ ရှုံးမှာကို စိုးရိမ်နေတာလား..”
“ ဒါပေါ့…” ရွှေရောင်ဆံပင်နှင့် အမျိုးသမီးမှ ပြုံးလိုက်ပြီး “ ဒါပေမယ့် မပူနဲ့… ငါနင့်ကို ကာကွယ်မယ်လေ…”
ပြောပြီးနောက် အပြောသပ်သပ်တင် မဟုတ်ကြောင်း သူမ၏ ရာထူးကတ်ပြားကို ဝှေ့ယမ်းပြီး သက်သေပြလိုက်သည်။
“ အိုကေ… အဲ့တာဆိုရင်တော့ ကျေးဇူးပဲ…”
နှစ်ယောက်မှ စိတ်တိုင်းကျ လွတ်လပ်စွာ စကားပြောဆိုနေသည်ကို မြင်တော့ ဘေးတွင် ထိုင်နေကြသည့် လူများမှ ရယ်မောလိုက်ကြသည်။
“ ချိန်တုန်းကျယ်တောင် လျစ်လျူရှုခံလိုက်ရတယ်.... ဒီကောင်က ဂရုစိုက်ဖို့ အာရုံကို လုံးလုံးမရှိတာဟ….”
“ သူက မတူတဲ့ အဆင့်တစ်ခုမှာလေကွာ… ဆိုတော့ ဂရုစိုက်ဖို့ လိုပါ့မလားကွ..”
“ ငိုးပဲ… ငါတော့ အဲ့ညီကိုက သင်ခန်းစာ ပေးမယ်လို့ မျှော်လင့်တယ်… ဟို ငနဲသားက တကယ်ကြီး နိုင်ငံခြားသား နှစ်ယောက်နဲ့ အသင်းဖွဲ့ထားတယ်… တကယ်လို့ ဟိုးရှေးခေတ်တုန်းကသာဆို ဒါ သစ္စာဖောက်လို့ အမည်တပ်ခံရဖို့ လုံလောက်တယ်..”
“ ငိုးမ… တိုးတိုး… မင်း ဆက်မပြောနဲ့တော့… သူ့မှာလည်း သူ့ရွေးချယ်ပိုင်ခွင့်နဲ့သူပေါ့ကွ…”
ချိန်တုန်းကျယ်မှာ တစ်ချိန်က နိုင်ငံခြား၌ မစ်ရှင်ထမ်းဆောင်ခဲ့ဖူးပြီး သူ့ဘေး၌ ထိုင်နေသည့် နှစ်ယောက်ကလည်း သူ၏ ရဲဘော်ရဲဖက်များ ဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ မက်မောလောက်စရာ ဆုကြေးငွေကြောင့် ထိုနှစ်ယောက်ကလည်း ရှိုးတွင် ပါဝင်လာခဲ့ခြင်းပင်။
ထို့ကြောင့် ၎င်းတို့နှင့်သာ သဘာဝအလျောက် အသင်းဖွဲ့လိုက်လေသည်။
သို့သော်လည်း အခြားသူများ သူတို့ အဖွဲ့ ဝင်ရန် ခွင့်ပန်လာချိန်တွင်တော့ ချိန်တုန်းကျယ်မှာ မောက်မောက်မာမာနှင့် ငြင်းဆန်ခဲ့၏။ ပထမဆုကို သူတို့ကပဲ ရသင့်ရထိုက်သည့်ပုံစံ ပြုမူနေလေသည်။
၎င်း၏ အပြုအမူက လူတော်တော်များများကို မျက်စိမုန်းကျိုးသွားစေခဲ့ပုံပင်။
“ ဟွာရှန့်… လှေပေါ်မှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်… မင်း ကျွန်းပေါ်ရောက်လို့ အသားမနာချင်ရင် ငါတို့ကို ရည်ရွယ်ချက်ရှိရှိ ရန်စနေတာကို ရပ်တန်းက ရပ်ဖို့ ကောင်းတယ်…”
“ ဘာလို့ စကားတွေ အများကြီး ပြောနေတာ.. မကျေနပ်ဘူးဆို မင်းလက်သီးထုတ်လိုက်… မလုပ်ရဲဘူးဆိုလည်း သောက်စကား မပေါနဲ့…” လင်းရီ ပြောလိုက်ပြီး “ အလှလေးနဲ့ ထမင်းစားနေတာကို အရသာပျက်တယ်… အစ်ကိုကြီးက ညကျရင် အပြီအပြင် ဝိဉာဏ် ပေါင်းစည်းရဦးပါမယ်ဆိုမှ…”
၎င်းကိုကြားတော့ အနီးတစ်ဝိုက်တွင် ထမင်းစားနေကြသူများမှ လင်းရီကို တအံ့တဩ ငေးမောကြည့်လိုက်ကြ၏။
ဒီကောင်က တယ်မောက်မာလှချည်လားကွ.. ရှိုးက ခုမှ စတာကို ကိုယ့်ရန်သူကို ဖွဲ့နေပြီ…
ရွှေအိုရောင်ဆံပင်နှင့် အမျိုးသမီးမှ စားပွဲအောက်တွင် ဒေါက်ဖိနပ်ကို ချွတ်လိုက်ပြီး လင်းရီ၏ ပေါင်ကို အကြိမ်အနည်းငယ်ခန့် ကျီစယ်ပွတ်သပ်ပြီးမှ အပြုံးလေးဖြင့် “ ဝိဉာဏ်ပေါင်းစည်းမယ်ဆိုတာက ဘာကြီးလဲဟင်..”