← Chapters

မရဏကိုးပါး ခြောက်ချားအစီအရင်

Vol. 53 Ch. 732

မရဏကိုးပါး ခြောက်ချားအစီအရင်

Vol. 53 Ch. 732

"အဖေ ရှင်းဟွမ်က ဘာကို ဆိုလိုချင်တာလဲ။ ကျုပ်တို့က ဒီ၂နှစ်လုံးကို ခံတပ်ဟောင်းနဲ့ မိုယွဲ့ကြယ်မှာ ရတနာ သွားရှာရမှာလား။ ဒါက အလုပ်ဖြစ်ပါ့မလား။ နှင်းကြာပန်းက အစွမ်းထက်တယ်ဆိုပေမယ့် ကောင်းကင်နတ်ဆိုးတွေရဲ့ပိုင်နက်ထဲကို ရောက်နေတာ မဟုတ်ဘူးလား။ နတ်အစေခံဆယ်ယောက်ရှိတုန်းကတောင် ထိုးဖောက်ဖို့ မလွယ်တာ၊ အခု နှစ်ယောက်က သစ္စာဖောက်သွားပြီဆိုတော့ ကျုပ်တို့ ယူနိုင်ပါ့မလား"

ထန်းယွမ်က မျက်မှောင်ကြုတ်၍ နဂါးဘုရင်အနားကပ်ကာ တီးတိုးမေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

"အရာရာက သူ့အစီအစဥ်နဲ့သူ ရှိတယ်"

နဂါးဘုရင်က စစ်ဧကရာဇ်များကို ဝေ့ကြည့်လိုက်ပြီး တစ်ခုခုကို အာရုံခံမိသော်လည်း တည်ငြိမ်စွာ ရှိနေခဲ့သည်။ သူတို့က သားအဖများဖြစ်သောကြောင့် အချင်းချင်း နားလည်လွယ်ကြပြီး နဂါးဘုရင်ထုတ်ပြောရန် တုံ့ဆိုင်းနေခြင်းကြောင့် ဤနေရာ၌ သူလျှိုများရှိနိုင်ကြောင်း ထန်းယွမ်က သဘောပေါက်လိုက်သည်။

"ရင်ယွမ်ကြယ် လုံခြုံနေရတဲ့ အကြောင်းအရင်းက သူတို့ကို ကောင်းကင်နတ်ဆိုးတွေ ရှာမတွေ့သေးလို့ ဖြစ်တယ်။ သူတို့က ကောင်းကင်မူလကြယ်ရဲ့ ကျင့်ကြံသူအများကြီးကို ခေါ်ဆောင်သွားတဲ့အတွက် အမြတ်ထွက်တယ်ဆိုရင်တောင် တည်နေရာ ပေါက်ကြားသွားလိမ့်မယ်။ ဒီကောင်တွေလည်း ငါတို့လိုမျိုး တူညီတဲ့ ဖိအားကို ရင်ဆိုင်သင့်တယ်မလား"

နဂါးဘုရင်က ထန်းယွမ်ကို စိတ်ချင်းဆက်သွယ်၍ အချက်တစ်ချက် ထောက်ပြလိုက်သည်။ သူက အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ ရှင်းဟွမ်များက ထင်ထားသကဲ့သို့ စည်းလုံးနေသည်မဟုတ်ဘဲ ရင်ယွမ်ကြယ်၏ရှင်းဟွမ်က ကောင်းကင်မူလကြယ်၏ရှင်းဟွမ်ကို ကျွန်ပြုချင်နေသကဲ့သို့ ကောင်းကင်မူလကြယ်၏ရှင်းဟွမ်ကလည်း တစ်ဖက်လူကို ပြန်လည်အကွက်ချခဲ့သည်။ သူမက စစ်ဧကရာဇ်နန်းတော်အတွင်း လျှို့ဝှက်ချက်များကို လူသိရှင်ကြား ထုတ်ပြောခဲ့သည်။ နှင်းကြာပန်း၊ ခံတပ်ဟောင်းနှင့် မိုယွဲ့ကြယ်ဟူသော သတင်းသုံးခုကို ကောင်းကင်နတ်ဆိုးများကလည်း သေချာပေါက် စိတ်ဝင်စားပေလိမ့်မည်။ ရှင်းဟွမ်နှင့် နဂါးဘုရင် ပူးပေါင်း၍ မည်သည်ကို ကြံစည်နေကြောင်း မသိသော်လည်း ကောင်းကင်မူလကြယ်ကို စောင့်ကြည့်နေသော ကောင်းကင်နတ်ဆိုးများကို ရှင်းပစ်ရန် ဖြစ်ပေလိမ့်မည်။

"မြေပုံတွေကိုကူးယူပြီး လေ့လာထားကြ။ ဆယ်ရက်ကြာရင် နတ်အစေခံတစ်ယောက်စီ ဦးဆောင်တဲ့ အဖွဲ့နှစ်ခုဖွဲ့ပြီး ခံတပ်ဟောင်းနဲ့ မိုယွဲ့ကြယ်ကို ခရီးထွက်ကြမယ်။ နှင်းကြာပန်းကို ရယူဖို့အတွက်ကတော့ နတ်အစေခံနှစ်ယောက် သစ္စာဖောက်သွားတဲ့အတွက် အင်အား မလုံလောက်ဘူး။ တည်နေရာကို အရင်ဆုံး စုံစမ်းရမယ်"

နဂါးဘုရင်က စစ်ဧကရာဇ်များကို အမိန့်ပေးလိုက်သည်။

"ကောင်းပါပြီ အရှင်"

စစ်ဧကရာဇ်များက မြေပုံများကို ကူးယူပြီးနောက် နှုတ်ဆက်ကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ နဂါးဘုရင်က နှင်းကြာပန်းအတွက် တိုက်ခိုက်ရမည့်အစား အန္တရာယ်များလွန်းသော ခံတပ်ဟောင်းနှင့် မိုယွဲ့ကြယ်တွင် စွန့်စားလိုသော အကြောင်းအရင်းကို သူတို့က ဆွေးနွေးခဲ့ကြသော်လည်း အဖြေမရှိပေ။ လမ်းတွင် ကောင်းကင်နတ်ဆိုးများ ချုံခိုတိုက်ခိုက်နိုင်သောကြောင့် နောက်ထပ်နတ်အစေခံနှစ်ယောက်သာ ထိခိုက်သွားလျှင် ကောင်းကင်မူလကြယ်က ရန်သူများ ထပ်မံမရောက်လာခင် ပြဿနာတက်သွားပေလိမ့်မည်။

ကောင်းကင်မူလကြယ်၏အထက် စကြဝဠာအတွင်း ယာဥ်တစ်စီး မျောလွင့်နေကာ များပြားလှသော ကျွန်ပိုးကောင်များ ဝင်ထွက်သွားလာနေကြသည်။ ၎င်း၏အလယ်တွင် နေရာကျယ်တစ်ခု တူးထုတ်ထားကာ သတ္တုများဖြင့်တည်ဆောက်ထားပြီး ကောင်းကင်နတ်ဆိုးကိုးကောင်က သရဲများကဲ့သို့ မျောလွင့်နေကြသည်။ ခေါင်းဆောင်ဖြစ်သူမှာ တစ်ချိန်က နတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်ဖြစ်သော ကွေကြယ်ဆိုသူ ဖြစ်သည်။ သူ၏ကိုယ်တွင်း၌ နတ်ဆိုးမျိုးစေ့ ထည့်သွင်းခံရပြီးနောက် ကောင်းကင်နတ်ဆိုးအဖြစ် ဆင့်ကဲ​ပြောင်းလဲလာခဲ့သည်။

"သခင်ကွေ စစ်ဧကရာဇ်နန်းတော်မှာ ရှင်းဟွမ် ထွက်ပေါ်လာတဲ့ အကြောင်း သတင်းရလာပါတယ်"

ကောင်းကင်နတ်ဆိုးတစ်ကောင်က ကွေကြွယ်ရှေ့မှောက် အခစားဝင်ရောက်၍ တင်ပြလိုက်သည်။ အချိန်တိုင်း သူက အနက်ရောင်အရိပ်တစ်ခု ဖြစ်သွားလိုက်၊ ရုပ်ခန္ဓာတစ်ခု ဖြစ်သွားလိုက်နှင့် ပြောင်းလဲနေရာ ခန့်မှန်းမရနိုင်သော ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။

"သူမက ဘာတွေပြောခဲ့တာလဲ"

"သူမ​ရဲ့စကားတွေအရ မြေအောက်မှာ နစ်မြုပ်နေတဲ့ ဆန်းကျယ်တဲ့ ခံတပ်ဟောင်းတစ်ခုနဲ့ မိုယွဲ့ကြယ်လို့ခေါ်တဲ့ နေရာကိုသွားဖို့ တည်နေရာလမ်းကြောင်းတစ်ခု ကောင်းကင်မူလကြယ်မှာ ရှိနေပါတယ်။ အဲ့ဒီနေရာတွေမှာ ရှေးခေတ်ကကျင့်ကြံသူတွေ ထားရစ်ခဲ့တဲ့ အကြွင်းအကျန်တွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် ကျုပ်တို့သိမ်းပိုက်ထားတဲ့ အနောက်ပိုင်းတိုက်ကြီးမှာ သက်တမ်းနှစ်သန်းချီ နှင်းကြာပန်းတစ်ပွင့်လည်း ရှိနေပါတယ်။ နဂါးဘုရင်က ဆယ်ရက်အတွင်း ခံတပ်ဟောင်းနဲ့ မိုယွဲ့ကြယ်ကို ကျင့်ကြံသူတွေ စေလွှတ်မယ်လို့ သတင်းရခဲ့ပါတယ်။ ကျုပ်က မြေပုံတွေရလာတဲ့အတွက် သူတို့ကို ချုံခိုတိုက်ခိုက်သင့်ပါတယ်"

နောက်လိုက်က သိလာသမျှသတင်းများကို ပြောပြလိုက်သည်။

"စောက်ရူး ဒီလိုနေရာမျိုးတွေ အမှန်တကယ်ရှိရင် သူမက လူသိရှင်ကြား ထုတ်ပြောနေပါ့မလား။ နဂါးဘုရင်က ငါတို့ကိုလှည့်စားဖို့ ကြံစည်နေတာ သိသာလွန်းတယ်။ ငါတို့ကိုလိမ်ချင်ရင် နုပါသေးတယ်ကွာ"

ကွေကြယ်က ဒေါသတကြီးဆူငေါက်၍ နှာခေါင်းရှုံ့လိုက်သည်။

"ဒါဆိုရင် သူတို့က ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ"

သူ၏နောက်လိုက်က နားမလည်နိုင် ဖြစ်သွားခဲ့သည်။

"မိုယွဲ့ကြယ်နဲ့ ခံတပ်ဟောင်းက ဆန်းကျယ်တယ်ထင်ရတဲ့ လှည့်ကွက်တွေဖြစ်နိုင်ပေမယ့် နှင်းကြာပန်းကတော့ အစစ်အမှန် ဖြစ်လိမ့်မယ်"

ကွေကြယ်က အသေအချာစဥ်းစားလိုက်သောအခါ အနောက်ပိုင်းတိုက်ကြီးမှ နေရာတစ်ခုအကြောင်း သတိရလိုက်သည်။ အတိတ်တွင် သူက ထိုနေရာ၌ ရှင်းဟွမ်၏အရှိန်အဝါနှင့် တားမြစ်အစီအရင်တစ်ခုကို တွေ့ခဲ့ရသောကြောင့် တစ်ခုခုမှားယွင်းနေကြောင်း သိခဲ့သည်။ သို့သော်လည်း နှစ်ပေါင်းသုံးရာကျော်သည်အထိ ထိုနေရာကို သိမ်းပိုက်ထားခဲ့သည့်တိုင်အောင် အစီအရင်ကို မထိုးဖောက်နိုင်သဖြင့် အတွင်း၌ ရှိနေသည့်အရာကို မသိခဲ့ရပေ။

"နှင်းကြာပန်းက အစစ်အမှန်ဆိုရင် ရှင်းဟွမ်က ဘာလို့ လူသိအောင် ထုတ်ပြောရတာလဲ"

"အတုနဲ့ အစစ်ကို ရောထားတဲ့ လှည့်ကွက်၊ အမှားနှစ်ခုကြားမှာ အမှန်တစ်ခု ရောထားတဲ့အတွက် အကုန်လုံးကို အတုလို့ထင်အောင် လုပ်တာဖြစ်ရမယ်။ ငါတို့က နှစ်သုံးရာကျော်တဲ့အထိ မထိုးဖောက်နိုင်လောက်အောင် အစွမ်းထက်တဲ့ အစီအရင်ထဲမှာ တစ်ခုခုကို သေချာပေါက် ဖုံးကွယ်ထားလိမ့်မယ်"

ကွေကြွယ်က လေးနက်စွာစဥ်းစား၍ ကောက်ချက်ချလိုက်သည်။

"နဂါးဘုရင်က မိုယွဲ့ကြယ်နဲ့ ခံတပ်ဟောင်းကို စေလွှတ်ဖို့အတွက် ကျင့်ကြံသူနှစ်ဖွဲ့ ပြင်ဆင်နေပါတယ်"

"ဒါက ကျားကို တောထဲကထွက်လာအောင် မျှားခေါ်တာပဲ။ ဒီကောင်ရဲ့ပန်းတိုင်က နှင်းကြာပန်း ဖြစ်ရမယ်။ တကယ်လို့ နှင်းကြာပန်းကသာ နတ်အစေခံတွေ ဖန်တီးနိုင်စွမ်းရှိရင် သူတို့ရသွားလို့ မဖြစ်ဘူး"

ကွေကြွယ်က စိတ်ထဲတွင် ရာနှုန်းပြည့်မသေချာသော်လည်း နှင်းကြာပန်းကို နဂါးဘုရင်အား ရယူခွင့် မပေးနိုင်ပေ။

စစ်ဧကရာဇ်နန်းတော်မှ အဖြစ်အပျက်အပြီး ရက်အနည်းငယ်ကြာသည်အထိ ကောင်းကင်မူလကြယ်က ငြိမ်သက်နေခဲ့သည်။ စန္ဒကူးနီမီးဖိုအတွင်း ကျင့်ကြံနေသော ယဲ့ချန်က များစွာတိုးတက်လာခဲ့ပြီး နဂါးဘုရင်က ကုန်ကျစရိတ်ကို ထည့်မတွက်ဘဲ မရေမတွက်နိုင်သော ဆေးပင်များ ဆက်တိုက်ထောက်ပံ့ပေးခဲ့သည်။ သူက ဆေးစွမ်းအင်များကို စုပ်ယူကာစတွင် ကြယ်ကိုးလုံးက တုံ့ပြန်မှုမရှိသော်လည်း အချိန်ကြာလာသောအခါ ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။ ၎င်းတို့က တစ်ကြိမ်လည်ပတ်တိုင်း နေရာလပ်များတွင် အချိန်လေဟာနယ်ချီများစွာ ထွက်ပေါ်လာနေကြောင်း သူက ခံစားလိုက်ရသည်။ ဤကား ကြယ်သခင်များသာ ဆင်ခြင်နိုင်သည့် အဆင့်မျိုးဖြစ်ကာ ၎င်းရုန်းများက သူ၏ကိုယ်တွင်း ပေါင်းစပ်သွားကာ ဆယ်ရက်အတွင်း စစ်ဧကရာဇ်အဆင့်ခုနစ်နှင့် ခြေတစ်လှမ်းအကွာအထိ ခုန်ပေါက်တိုးတက်စေခဲ့သည်။ လက်ရှိတွင် သူက အဆင့်ခြောက် စစ်ဧကရာဇ်တစ်ယောက်သာဖြစ်သော်လည်း အချိန်လေဟာနယ်ချီများကို စုပ်ယူထားသောကြောင့် အခြားစစ်ဧကရာဇ်များထက် ပို၍သန်မာနေသည်။ စန္ဒကူးနီမီးဖိုကို စောင့်ကြပ်ပေးနေသည့် နင်အာသည်လည်း စစ်ဧကရာဇ်အဆင့်ငါးသို့ ရောက်ရှိလာသည်။ သူမက သားရဲနတ်ဘုရားနယ်မြေတွင် နတ်မြေခွေးမျိုးနွယ်အမွေအနှစ်ကို ရခဲ့သည့်အပြင် ရှင်းဟွမ်၏လမ်းညွှန်မှုကို ရခဲ့သောကြောင့် ပုံရိပ်ယောင်ပညာရပ်တွင် အလွန်တိုးတက်လာခဲ့သည်။ သူမ၏လက်ရှိခွန်အားအရ အဆင့်တူစစ်ဧကရာဇ် အယောက်ငါးဆယ်ကျော်ကို ပုံရိပ်ယောင်ဖြင့် လှည့်စားနိုင်စွမ်းရှိသည်။

စစ်ဧကရာဇ်နန်းတော်၌ ရှင်းဟွမ် ထွက်ပေါ်လာပြီး ဆယ်ရက်အကြာတွင် နဂါးဘုရင်သည် ယဲ့ချန်ကိုသာမက ကျိယွမ်ကြယ်မှ နတ်အစေခံသုံးယောက်ကိုပါ ပြန်လည်ဆင့်ခေါ်ခဲ့သည်။

"ယဲ့ချန် ဒီနေ့ ငါတို့က စစ်ဆင်ရေးတစ်ရပ်ရှိတယ်။ စစ်ဧကရာဇ်နန်းတော်က မလုံခြုံနိုင်ဘူး"

သူက ယဲ့ချန်ကို သတိပေးလိုက်ခြင်းဖြစ်သည်။

"ဘာစစ်ဆင်ရေးလဲ။ ကျုပ် ကူညီနိုင်တာရှိရင် ပြောပါ"

ယဲ့ချန်က ခေါင်းညိတ်၍ ကိစ္စကလေးနက်ကြောင်း နားလည်လိုက်သည်။ ထို့နောက် နတ်အစေခံနှစ်ယောက်၏အရှိန်အဝါ ပါဝင်သော ကျင့်ကြံသူနှစ်ဖွဲ့က စစ်ဧကရာဇ်နန်းတော်မှ ထွက်ခွာလာကြသည်။ ပုံမှန်နေ့ရက်များတွင် နဂါးဘုရင်နှင့် နတ်အစေခံများက ရှေးဟောင်းတျန်းယွမ်မြို့တော်နှင့် ကြယ်မြို့များကို ကာကွယ်ပေးနေခဲ့ပြီး နတ်အစေခံများကိုပင် သတ်နိုင်သော ဓားအစီအရင်များရှိနေသဖြင့် ကောင်းကင်နတ်ဆိုးများက အလုံးအရင်းတိုက်ခိုက်ရဲသော သတ္တိ မရှိပေ။

လက်ရှိတွင် ကောင်းကင်နတ်ဆိုးများက ကောင်းကင်မူလကြယ်၏ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည်။

"ဒီကောင်တွေ လှုပ်ရှားနေပြီ။ ကျင့်ကြံသူနှစ်ဖွဲ့ ထွက်ခွာလာပြီး နတ်အစေခံနှစ်ယောက်ပါမယ်လို့ ထင်ရတယ်"

ကောင်းကင်နတ်ဆိုးတစ်ကောင်က ရေရွတ်လိုက်သည်။

"ဒါက နတ်မြေခွေးဘုရင်မရဲ့ လှည့်ကွက်ဖြစ်ရမယ်။ ငါတို့က ပုံမှန်အတိုင်းနေပြီး သူတို့ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့။ အနောက်ပိုင်းတိုက်ကြီးကို သေချာစောင့်ကြပ်ထား။ နတ်အစေခံတွေက သွားချင်တဲ့နေရာကို ချက်ချင်းရောက်သွားနိုင်တယ်"

ကွေကြွယ်က နောက်လိုက်များကို အေးစက်စက်အမိန့်ပေး၍ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။ ထိုအချိန်တွင် အနောက်ပိုင်းတိုက်ကြီးရှိ ပျက်စီးယိုယွင်းနေသော မီးတောင်ဒေသတစ်ခုအထက်တွင် လှပသော ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာသည်။ သူမက နင်အာနှင့်ဆင်တူပြီး လှပကာ ကျက်သရေရှိသော အမြှီးဆယ်ချောင်းမြေခွေးမျိုးနွယ်၏ နတ်အစေခံအဆင့် နတ်မြေခွေးဘုရင်မဖြစ်သည်။ ဤတာဝန်အတွက် နဂါးဘုရင်က ကျိယွမ်ကြယ်သို့ရောက်ရှိနေသော သူမကို ပြန်လည်ဆင့်ခေါ်ခဲ့သည်။

"အရူးတွေ နင်တို့ လှည့်စားခံနေရတာကို မသိဘူးမလား"

နတ်မြေခွေးဘုရင်မက အေးစက်စက်ပြုံးလိုက်ပြီး ညာလက်ကိုယမ်း၍ ဧရာမပုံရိပ်ယောင်အစီအရင်တစ်ခုကို မီးတောင်ဒေသအထက်၌ ခင်းကျင်းလိုက်သည်။ သူမက လက်ဟန်တစ်ခုပြုလုပ်လိုက်တိုင်း ဧရာမကျောက်တောင်ကြီးများ၊ သစ်ပင်များနှင့် အခြားအရာများ ထွက်ပေါ်လာကြသည်။ အစီအရင်ကို ပိုမိုအစွမ်းထက်စေရန်အတွက် အဆင့်တစ်ဆယ် တာအိုလက်နက်ရာချီကိုလည်း အသုံးပြုထားခဲ့သည်။ သူမခင်းကျင်းနေသည်မှာ နတ်မြေခွေးမျိုးနွယ်၏ အစွမ်းအထက်ဆုံးအစီအရင်ဖြစ်သော မရဏကိုးပါးခြောက်ချားအစီအရင်ဖြစ်ပြီး ဤမီးတောင်ဒေသက ကောင်းကင်မူလကြယ်၏ အန္တရာယ်အများဆုံးနေရာတစ်ခု ဖြစ်သောကြောင့် ၎င်း၏စွမ်းအားကို လေးငါးဆ ပို၍သန်မာလာစေသည်။

မရဏကိုးပါးခြောက်ချားအစီအရင်ကို လျင်မြန်စွာ ခင်းကျင်းပြီးနောက် နတ်မြေခွေးဘုရင်မက တစ်ချက်ပြုံး၍ သဲလွန်စမရှိအောင် ပျောက်ကွယ်သွားခဲ့သည်။ အဝေးတစ်​နေရာရှိ ကောင်းကင်တွင် ကျင့်ကြံသူများခရီးနှင်နေပြီး နဂါးဘုရင်၊ ယဲ့ချန်စသူတို့က ပုန်းကွယ်လိုက်ပါလာသကဲ့သို့ နတ်အစေခံများလည်း ပါဝင်နေခဲ့လေသည်။

All Chapters