ထောင်ချောက်ဆင်ခြင်း
Vol. 53 Ch. 733
"နဂါးဘုရင် ဒီကောင်တွေ ထောင်ချောက်ထဲ ဝင်လာပါ့မလား"
ယဲ့ချန်က နဂါးဘုရင်ကို စိတ်ချင်းဆက်သွယ်၍ မေးလိုက်ခြင်းဖြစ်သည်။
"မသေချာဘူး။ အလောင်းအစား လုပ်ကြည့်တာပေါ့"
နဂါးဘုရင်က ညာလက်ကို ယမ်းလိုက်သောအခါ ကျင့်ကြံသူအုပ်စုနှစ်ခုက ရုတ်တရက် ပျောက်ကွယ်သွားသည်။ ၎င်းက သူ၏လျှို့ဝှက်ကျင့်စဥ်၊ ကောင်းကင်ဖျောက်စွမ်းရည်ဖြစ်ကာ ကျင့်ကြံသူများကို ဖုန်မှုန့်ကဲ့သို့ သေးငယ်လွန်းသော အရာများအတွင်း ဖျောက်ထားနိုင်စွမ်းရှိသည်။
ကောင်းကင်နတ်ဆိုးယာဥ်ပေါ်တွင် ကွေကြွယ်သည် ကောင်းကင်မူလကြယ်တစ်ခုလုံးကို အာရုံစိုက်နေပြီး ကျင့်ကြံသူများက မိုယွဲ့ကြယ်နှင့် ခံတပ်ဟောင်းသို့ ချီတက်နေစဥ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ နဂါးဘုရင်သည် သူ့ကိုလှည့်စားပြီး နှင်းကြာပန်းထံ ဦးတည်နေသည်ဟု နားလည်လိုက်သောကြောင့် သူက နှာခေါင်းရှုံ့လိုက်သည်။ သို့သော် အခြေအနေကို စိတ်ရှည်စွာစောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ပြီး နာရီအနည်းငယ်ကြာသည်အထိ လှုပ်ရှားမှုလုံးဝမရှိသောအခါ သံသယဝင်လာခဲ့ပြီး တစ်ခုခုမှားယွင်းနေကြောင်း နားလည်လိုက်သည်။
"ငါ လှည့်စားခံလိုက်ရပြီထင်တယ်"
ကွေကြွယ်က ရင်ထိတ်သွားကာ ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်၍ အနောက်ပိုင်းဒေသကြီးရှိ မီးတောင်ဒေသကို စစ်ဆေးလိုက်သည်။ ၎င်းက ထုံးစံအတိုင်း တည်ငြိမ်နေသော်လည်း သူက တစ်ခုခုထူးဆန်းနေသည်ကို အာရုံခံမိခဲ့သည်။ ထိုအရာက ရှင်းဟိုင်ဒေသကို နတ်ဧကရာဇ်တိုက်ခိုက်စဥ် အသုံးပြုခဲ့သော နည်းလမ်းမျိုးဖြစ်ကာ မီးတောင်ဒေသ၏အပေါ်ယံတွင် ပုံရိပ်ယောင်အစီအရင်တစ်ခုကို ခင်းကျင်းထားသည်။
"မင်းကများ ငါ့ကို လှည့်စားချင်တာလား"
သူက လက်ဝါးချက်ထုတ်ဖော်၍ ရိုက်ချလိုက်သောအခါ ဘန်းခနဲမြည်ဟီးသွား၍ ပုံရိပ်ယောင်က လျင်မြန်စွာပြိုကွဲသွားပြီး အစစ်အမှန်မြင်ကွင်း ထွက်ပေါ်လာခဲ့သည်။ မီးတောင်ဒေသတွင် ကျင့်ကြံသူပေါင်းရာချီစုဝေးနေကာ နတ်အစေခံရှစ်ယောက်လုံး ရောက်ရှိနေပြီး ချော်ရည်များကြားတွင် အဖြူရောင်ကြာပန်းတစ်ပွင့် ရှိနေခဲ့သည်။ ၎င်းက ကျောက်စိမ်းကဲ့သို့လှပပြီး သလင်းကျောက်ပမာ တောက်ပနေခဲ့သည်။
"နှင်းကြာပန်းက အစစ်အမှန်လား"
ကွေကြွယ်က မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်ပြီး ၎င်းက အစစ်အမှန်ဖြစ်နိုင်သကဲ့သို့ ရှင်းဟွမ်၏လှည့်ကွက်လည်း ဖြစ်နိုင်ကြောင်း ကြိုတင်စဥ်းစားထားခဲ့သည်။ သို့သော် လက်ရှိတွင် သူက နှင်းကြာပန်းကို ကိုယ်တိုင်ကိုယ်ကျ မြင်နေရပြီဖြစ်သည်။ အကယ်၍ ၎င်းကိုသာ နဂါးဘုရင်ရရှိသွားလျှင် ကောင်းကင်မူလကြယ်ဘက်၌ နတ်အစေခံများ ထပ်တိုးလာပေလိမ့်မည်။
"သူတို့ကို တားရမယ်"
ကွေကြွယ်က ဟိန်းဟောက်လိုက်ပြီး ယာဥ်ကိုစောင့်ကြပ်ရန် ကောင်းကင်နတ်ဆိုးတစ်ကောင်ထားခဲ့ပြီး ကျန်ခုနစ်ကောင်ကိုဦးဆောင်ကာ အနောက်ပိုင်းတိုက်ကြီးသို့ ဆင်းသက်လာခဲ့သည်။ အနက်ရောင်အလင်းတန်းရှစ်ခုက ပြိုင်တူသက်ဆင်းလာခဲ့ပြီး နှင်းကြာပန်းအတွက် တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။ သို့သော် ပတ်ဝန်းကျင်က ချက်ချင်းပြောင်းလဲသွားကာ ကောင်းကင်ကမည်းနက်သွား၍ ရာချီသောကျင့်ကြံသူများနှင့် နှင်းကြာပန်းက ဖြတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။ အရာရာက ပုံရိပ်ယောင်ဖြစ်ပြီး ရှင်းဟွမ်၏အကူအညီဖြင့် နတ်မြေခွေးဘုရင်မက ခင်းကျင်းခဲ့သောကြောင့် ကြယ်သခင်တစ်ယောက်ပင် ချက်ချင်းဖြိုခွဲရန် မလွယ်ကူ၍ နတ်အစေခံများကို ကောင်းစွာဒုက္ခပေးနိုင်သည်။ ကွေကြွယ်သည် အလွန်ဂရုစိုက်နေသည့်ကြားမှပင် လှည့်စားခံလိုက်ရသောကြောင့် မျက်နှာတစ်ခုလုံး မည်းနက်သွားသည်။ ရှင်းဟွမ်က သူ၏လောဘကို အသုံးချကာ နှင်းကြာပန်းဖြင့်ဖြားယောင်းခဲ့ပြီး ၎င်းကိုမြင်သောအခါ စိတ်မထိန်းနိုင်ဘဲ ဆင်းသက်လာခဲ့မိသည်။ ကျန်တစ်ဖက်တွင် သူ၏အင်အားက ကောင်းကင်မူလကြယ်ထက် များသောကြောင့် စွန့်စားရဲခြင်းလည်းဖြစ်သည်။ ကောင်းကင်မူလကြယ်တွင် နတ်အစေခံရှစ်ယောက်သာ ကျန်သောကြောင့် သူတို့သာ အစွမ်းကုန်တိုက်ခိုက်လျှင် အနိုင်ယူနိုင်သောကြောင့် အကြောက်အလန့် ကင်းမဲ့ခဲ့ကြသည်။ ပုံရိပ်ယောင်အတွင်း ကျရောက်သွားသော်လည်း ကွေကြွယ်က စိုးရိမ်စိတ်ကို ထိန်းချုပ်ကာ ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ လေ့လာလိုက်သည်။
"မရဏကိုးပါးခြောက်ချားအစီအရင်ကို ရှင်းဟွမ်ရဲ့အရှိန်အဝါရှိတဲ့ ဒီနေရာမှာ ခင်းကျင်းထားတယ်ဆိုရင်ရော ဘာဖြစ်လဲ။ ဒါက ငါတို့ကို အမွှေးတိုင်းတစ်ဝက် လောင်ကျွမ်းချိန်အထိပဲ ပိတ်လှောင်ထားနိုင်မယ်"
သူက လက်ရှိအချိန်အထိ နဂါးဘုရင်၏ရည်ရွယ်ချက်ကို နားမလည်နိုင်သေးသဖြင့် ဤပုံရိပ်ယောင်အစီအရင်က အဓိပ္ပါယ်ကင်းမဲ့သည်ဟု ခံစားနေရသည်။ သို့သော် သူက လေးလေးနက်နက်စဥ်းစားလိုက်သောအခါ တစ်ဖက်လူ၏ရည်ရွယ်ချက်ကို ရိပ်မိလိုက်သဖြင့် အလန့်တကြားဖြစ်သွားသည်။ အနားရှိ မီးတောင်တစ်ခုကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီး၍ ဒေါသတကြီး ကြုံးဝါးလိုက်သည်။
"နဂါးဘုရင် ငါ မင်းကို သတ်ပစ်မယ်"
သူက အစီအရင်အတွင်းမှ ထိုးဖောက်လိုသောကြောင့် ပတ်ဝန်းကျင်ကို အဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။ ကောင်းကင်ထက်ရှိ ယာဥ်ပေါ်တွင် ကွေရှီက အစောင့်အဖြစ် ကျန်ရစ်ခဲ့ပြီး ဝိညာဥ်အသိစိတ်ဖြင့် မီးတောင်ဒေသကို စောင့်ကြည့်နေခဲ့သည်။ ယေဘူယျသဘောပြောရလျှင် တိုက်ပွဲတစ်ခုဖြစ်ပွားနေသင့်သော်လည်း လှုပ်ရှားမှု လုံးဝရှိမနေခဲ့ပေ။
"ဘာတွေဖြစ်နေတာလဲ"
သူက ကွေကြွယ်၏အမိန့်အတိုင်း ရှေးဟောင်းတျန်းယွမ်မြို့ကို ဖိအားပေးတိုက်ခိုက်ရန်အတွက် ကျွန်ပိုးကောင်များစွာ စေလွှတ်ရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် သူထင်ထားသည်နှင့် ကွဲပြားနေပြီး မီးတောင်ဒေသက အလွန်တည်ငြိမ်နေကာ ကွေကြွယ်နှင့် ကျန်နတ်ဆိုးများက စုပ်စမြုပ်ပျောက်ကွယ်နေသည်။
"သူတို့ ချုံခိုတိုက်ခိုက်ခံနေရပြီလား"
သူက စတင်ထိတ်လန့်လာချိန်တွင် နတ်အစေခံအရှိန်အဝါရှစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"သတ်ကြ"
သူနှင့် မီတာတစ်ထောင်အကွာတွင် နဂါးဘုရင်က ဧရာမဓားကြီးတစ်လက်ကိုင်ဆောင်၍ ထွက်ပေါ်လာခဲ့သည်။ သူက အကြောက်လွန်သွားသော်လည်း အဖြစ်အပျက်ကို ချက်ချင်းသဘောပေါက်လိုက်သဖြင့် ယာဥ်အတွင်းဝင်ပြေးရန် ကြံစည်လိုက်သည်။ သို့သော် အရှိန်အဝါဖိအားကြောင့် သူက အလွန်နှေးကွေးနေပြီး နတ်မြေခွေးဘုရင်မနှင့် သစ်သားစိမ်းဘုရင်က လမ်းပိတ်လျက်သား ထွက်ပေါ်လာခဲ့သည်။ စစ်ဧကရာဇ်တစ်ရာကျော်လည်း ထွက်ပေါ်လာကာ ယာဥ်ကြီးပေါ်ရှိရန်သူများကို အပြင်းအထန်တိုက်ခိုက် သတ်ဖြတ်လိုက်၏။ ယဲ့ချန်က ဆည်းဆာနတ်ဓားကို ဆွဲထုတ်လိုက်စဥ် နင်အာက ပုံရိပ်ယောင်ပညာကို ထုတ်သုံးလိုက်သောကြောင့် ကျွန်ပိုးကောင်အုပ်စုလိုက်သည် အရက်မူးနေသကဲ့သို့ ယိမ်းထိုးသွားကြသည်။
"သေစမ်း"
သူက ဓားဖြင့် ခုတ်လိုက်သောအခါ ဧရာမဓားအလင်းကြီးထွက်ပေါ်လာ၍ စစ်ဧကရာဇ်အဆင့် ကျွန်ပိုးကောင်များစွာကို သုတ်သင်လိုက်သည်။ ကျွန်ပိုးကောင်အရေအတွက်က များပြားသော်လည်း စစ်ဧကရာဇ်အဆင့်သာဖြစ်သောကြောင့် နတ်အစေခံများကို မယှဥ်နိုင်သည်ဖြစ်ရာ ချက်ချင်းသတ်ဖြတ်ခံလိုက်ရသည်။ ကွေ့ရှီသည်လည်း ဓားတစ်လက်ကို ဆွဲကိုင်၍ နဂါးဘုရင်အား ရင်ဆိုင်နေသည်။
"ထန် ထန် ထန်"
တိုက်ပွဲက ပြင်းထန်သော်လည်း နဂါးဘုရင်သည် ကောင်းကင်မူလကြယ်၏ခေါင်းဆောင်ဖြစ်ကာ သာမန်နတ်အစေခံများထက် ပို၍သန်မာပြီး မရေမတွက်နိုင်သော နတ်အစေခံရန်သူများကို သတ်ဖူးသောကြောင့် သူက မယှဥ်နိုင်ပေ။ ဘုရင်ဖန်နှင့် ဘုရင်ဝမ်လည်း ရောက်ရှိလာကာ ကွေ့ရှီထွက်မပြေးနိုင်စေရန် အစီအရင်ဖြင့် ပိတ်ဆို့လိုက်ကြသည်။ နတ်အစေခံသုံးယောက်က ကွေ့ရှီကို ထိန်းချုပ်ထားစဥ် ကျန်နတ်အစေခံများက ယာဥ်ကြီးပေါ်တွင် ရှင်းလင်းရေးလုပ်နေသောကြောင့် သွေးမည်းများ ကောင်းကင်မှ မိုးကဲ့သို့ရွာကျနေကာ ခန္ဓာအစိတ်အပိုင်းများ နေရာတိုင်း ထွက်ပေါ်လာနေသည်။ တစ်ဖက်သတ်သတ်ပွဲကြီးက ဆယ်မိနစ်သာကြာမြင့်ခဲ့ပြီး ကွေ့ရှီက အပြင်းအထန်ဒဏ်ရာရသွားကာ ဘုရင်ဖန်နှင့် ဘုရင်ဝမ်ကို ထိခိုက်စေရန် ကိုယ့်ကိုကိုယ် ဖောက်ခွဲပစ်လိုက်သည်။
သို့သော် နဂါးဘုရင်သည် ထိုစွမ်းအင်ကို တစ်ကိုယ်တော်ရင်ဆိုင်ခဲ့ပြီး အဝတ်အစားများ စုတ်ပြဲသွားသော်လည်း အလွန်မာကျောသော ရုပ်ခန္ဓာကြောင့် မထိခိုက်ခဲ့ပေ။ သူက ညာလက်ကို ယမ်းလိုက်ပြီး တစ်ဖက်လူ၏ဝိညာဥ်ကိုပါ အပြီးတိုင်ဖျက်ဆီးလိုက်သည်။
"နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင်တော့ သေပြီ။ ငါတို့တော့ တကယ်အမြတ်ထွက်တာပဲ"
ဘုရင်ဝမ်က စိတ်ရှိလက်ရှိ ရယ်မောလိုက်သည်။ ထို့နောက် နဂါးဘုရင်သည် ယာဥ်ကြီးကိုစစ်ဆေးလိုက်ပြီး ၎င်းက ဥက္ကာပျံနှင့်ဆင်တူသော်လည်း အတွင်း၌ စကြဝဠာအတွင်း ခရီးသွားလာနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။ ၎င်းက ကောင်းကင်လှေနှင့်ယှဥ်လျှင် အကြမ်းထည်ဆန်သော်လည်း ခုခံနိုင်စွမ်း ပို၍မြင့်မားသည်။ ယဲ့ချန်တို့က ယာဥ်ကြီးအတွင်းဝင်ရောက်၍ ထိန်းချုပ်လိုက်ပြီး ရှေးဟောင်းတျန်းယွမ်မြို့သို့ ဦးတည်မောင်းနှင်လာခဲ့သည်။ နှင်းကြာပန်းဖြစ်စေ၊ ခံတပ်ဟောင်းဖြစ်စေ၊ မိုယွဲ့ကြယ်ဖြစ်စေ အလိမ်အညာများဖြစ်ကာ သူတို့၏ရည်ရွယ်ချက်က ဤယာဥ်ကြီးကို သိမ်းပိုက်ရန်ဖြစ်သည်။ သို့မှသာ သူတို့က စကြဝဠာအတွင်း ခရီးဆန့်နိုင်ပြီး ကောင်းကင်မူလကြယ်တွင် ပိတ်မိနေခြင်းမှ လွတ်မြောက်ပေလိမ့်မည်။ အပြင်လောကနှင့် ဆက်ဆံနိုင်မှသာ ကောင်းကင်မူလကြယ်အတွက် စစ်ကူများရနိုင်ပေသည်။
နောက်ဆုံးတွင် ကွေကြွယ်တို့သည် မရဏကိုးပါးခြောက်ချားအစီအရင်ကို ချိုးဖျက်နိုင်ခဲ့သဖြင့် ပုံရိပ်ရှစ်ခုက ကောင်းကင်သို့ ပျံတက်လာကြသည်။ အခြေအနေကို သဘောပေါက်သွားသောအခါ သူတို့က ဒေါသတကြီးဖြစ်သွားကြပြီး သူတို့၏ဌာနချုပ်ယာဥ်ကြီးကို နဂါးဘုရင်သိမ်းယူသွားခြင်းအား မြင်လိုက်ရသည်။ မူလတွင် သူတို့က ယာဥ်သုံးစီးရှိသော်လည်း နှစ်စီးက အခြားနေရာများသို့ ထွက်ခွာသွားသဖြင့် ကောင်းကင်မူလကြယ်၌ တစ်စီးသာ ကျန်ရစ်သည်။ သူတို့က ကောင်းကင်တွင် တဟုန်ထိုးပျံသန်းရင်း ၎င်းကို ပြန်လည်လုယူရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားကာ တစ်ဖက်လူက တျန်းယွမ်မြို့အတွင်း ဝင်ရောက်သွားပြီး တိုက်ခိုက်ရန် ဓားအစီအရင်ကိုပင် အသက်သွင်းလိုက်လေသည်။ အကယ်၍ သူတို့သာ ဇွတ်အတင်းတိုးဝင်သွားမည်ဆိုလျှင် သေရမည်မှာ သူတို့ပင်ဖြစ်ပေလိမ့်မည်။
"နဂါးဘုရင် ရှင်းဟွမ် မင်းတို့ ထွက်လာကြစမ်း လူယုတ်မာတွေ"
ကောင်းကင်မူလကြယ်သို့ ရောက်ချိန်မှစတင်၍ အကြီးမားဆုံးရှုံးနိမ့်မှုကို ရင်ဆိုင်လိုက်ရသောအခါ ကွေကြွယ်က ဒေါသတကြီး အော်ဟစ်ဆဲဆိုနေသည်။ ရှင်းဟွမ်၏အကူအညီသာမပါလျှင် နဂါးဘုရင်က ဤအကြံကို အောင်မြင်စွာ စွမ်းဆောင်နိုင်မည်မဟုတ်ပေ။ ရှင်းဟွမ်က ဤမျှလှည့်စားတတ်မည်ဟု မမျှော်လင့်ထားသောအခါ ကွေကြယ်အနေဖြင့် အရှုံးကြီးရှုံးခဲ့ရသည်။
အနောက်ပိုင်းတိုက်ကြီး၏ မီးတောင်ဒေသတွင် ရှင်းဟွမ်က အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သောကြောင့် နှင်းကြာပန်းအစစ်အမှန်ရှိရမည်ဟု ကောင်းကင်နတ်ဆိုးများက ယုံကြည်နေခြင်းဖြစ်သည်။ ထို့အပြင် နတ်မြေခွေးဘုရင်မကလည်း ပုံရိပ်ယောင်အစီအရင်ကို နှစ်ထပ်ခင်းကျင်း၍ အောင်မြင်စွာ လှည့်စားနိုင်ခဲ့သည်။ အရှိုက်အထိုးခံလိုက်ရသော ကွေကြွယ်အဖို့ သွေးအန်လုမတတ် ဒေါသထွက်နေခဲ့သည်။ အသေအချာစဥ်းစားကြည့်လျှင် နဂါးဘုရင်၏အကြံ၌ ဟာကွက်များစွာရှိပြီး သူ့ကို ရှုပ်ထွေးသွားစေသည်မှာ ရှင်းဟွမ်ကိုယ်တိုင် ထုတ်ပြောခဲ့သော နှင်းကြာပန်းအပေါ် လောဘတက်မိခြင်းကြောင့် ဖြစ်လေသည်။