ရင်ယွမ်ကြယ်၏မင်းသမီး ယွမ်ချင်းယု
Vol. 53 Ch. 737
"သခင်ကွေ နတ်မြေခွေးဘုရင်မက ကျုပ်တို့ယာဥ်နဲ့ ပြန်ရောက်လာပြီ။ သွားပြန်လုကြမလား"
ကောင်းကင်နတ်ဆိုးတစ်ကောင်က ကွေကြွယ်ထံ အကြံတောင်းလိုက်ခြင်းဖြစ်သည်။
"တျန်းယွမ်မြို့တော်က သူတို့ပိုင်နက်ဖြစ်ပြီး ဓားအစီအရင်တွေကို နဂါးဘုရင်က အသက်သွင်းလိုက်ရင် ငါတို့က မယှဥ်နိုင်ဘူး။ လောလောဆယ်တော့ သည်းခံနေရုံပဲ တတ်နိုင်တယ်"
နတ်ဆိုးယာဥ် လုယူခံလိုက်ရခြင်းက ကွေကြွယ်ကို အလွန်အမင်း ဒေါသထွက်စေသဖြင့် မျက်လုံးများ နီရဲနေသည်။ သူ၏ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ လှိုင်းထန်နေသည်။
"ဒါဆိုရင် ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေရတော့မှာလား"
"ငါ့မှာ အကြံတစ်ခုရှိတယ်။ အကျဥ်းသားနှစ်ယောက် ဘယ်မှာလဲ"
ကွေကြွယ်သည် နဂါးဘုရင်နှင့် တိုက်ခိုက်ဖူးသဖြင့် တစ်ဖက်လူက သတိကြီးလွန်းပြီး အလွယ်တကူအရူးလုပ်ခံမည်မဟုတ်ကြောင်း နားလည်ထားသည်။ သို့သော် သူ့ထံတွင် အကြံတစ်ခု ရှိနေခဲ့သည်။
"သူတို့က သတ်သေဖို့ ခဏခဏကြိုးစားနေလို့ ထောင်ထဲမှာ ပိတ်ထားပါတယ်။ လက်ရှိမှာ သူတို့ကို စေခိုင်းနိုင်ဖို့ ကြိုးစားနေပါပြီ"
"ကောင်းပြီ။ သူတို့ကို ငါအသုံးချစရာရှိလို့ မျက်စိဒေါက်ထောက် စောင့်ကြည့်ထား။ ယဲ့မျိုးနွယ်ခေါင်းဆောင်က သူ့မျိုးနွယ်ဝင်တွေကို အလွန်ဂရုစိုက်တယ်လို့ ကြားထားတယ်။ လက်ရှိမှာ သူက ကြယ်သခင်ရဲ့အဖေဖြစ်တဲ့အတွက် ကောင်းကင်မူလကြယ်မှာ အာဏာရှိသူတစ်ယောက် ဖြစ်လာခဲ့တယ်"
ကွေကြွယ်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
နတ်မြေခွေးဘုရင်မ ယူဆောင်လာသော သတင်းများကြောင့် ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများသည် ပတ်ဝန်းကျင်အခြေအနေကို သိနိုင်ခဲ့ကြသည်။ ထာဝရကြယ်သင်္ချိုင်းနှင့် မှောင်ခိုစျေးကွက်အပြင် နဂါးဘုရင်၏အာရုံကို သေမင်းကြယ်ဆိုသော နေရာတစ်ခုက ဆွဲဆောင်နိုင်ခဲ့သည်။ ၎င်းကို သီးသန့်ကြယ်တစ်လုံးပေါ်တွင် လေလွင့်ကျင့်ကြံသူများ တည်ဆောက်ထားခြင်းဖြစ်ကာ ထာဝရပြည်ထောင် ၊နတ်ဆိုးဘုရင်ပြည်ထောင် (ကောင်းကင်နတ်ဆိုးပြည်ထောင်)နှင့် သွေးပြည်ထောင်တို့၏ အာဏာစက်အပြင်ဘက် ရောက်ရှိနေခဲ့သည်။ ထိုနေရာရှိ လူတိုင်းက သေမင်း၏အမိန့်ကို နာခံရပြီး ထိုကျင့်ကြံသူက အလွန်ဆန်းကျယ်ကာ ထာဝရပြည်ထောင်များမှ ကျင့်ကြံသူများပင် သူ့ကို ရန်မစရဲကြပေ။ သေမင်းကြယ်တွင်လည်း မှောင်ခိုစျေးကဲ့သို့ ရတနာများ ရောင်းဝယ်နိုင်သကဲ့သို့ ကျင့်ကြံသူများက နေ့တိုင်းတိုက်ခိုက်နေကြသဖြင့် အလောင်းများ တောင်လိုပုံနေတတ်သည်။ စကြဝဠာက အလွန်ကျယ်ဝန်းသဖြင့် ပြည်ထောင်သုံးခု၏ ကျင့်ကြံသူများကိုပင် ခြောက်လှန့်နိုင်သော သေမင်းက မည်သို့သောလူမျိုးဖြစ်မည်ကို နဂါးဘုရင်က သိချင်နေခဲ့သည်။
ဤအကြောင်းကို စန္ဒကူးနီမီးဖိုအတွင်း ကျင့်ကြံနေသော ယဲ့ချန်က ကြားခဲ့ရသည်။ လက်ရှိတွင် သူက တာဝန်ကြီးကြီးမားမားယူထားရပြီး ကြယ်တစ်ခုလုံးရှိ သက်ရှိများနှင့် ယဲ့မျိုးနွယ်၏ရှင်သန်ရေးကို ပခုံးပေါ် ထမ်းထားရသည်။ ထို့အပြင် သူ၏သားကလည်း ကြယ်သခင်ဖြစ်သောကြောင့် ကာကွယ်စောင့်ရှောက်ရပေလိမ့်မည်။ မီးဖိုအပြင်ဘက်တွင် ကျင့်ကြံနေသော နင်အာ၏ လှပသောမျက်နှာလေးကို ဝိညာဥ်အသိစိတ်ဖြင့် ကြည့်လိုက်မိသောအခါ ယဲ့လော့၊ ထန်တိုက်လင်နှင့် ပိုလင်းတို့ကလည်း စိတ်အတွင်း ဝင်ရောက်လာကြသည်။ သူနှင့် သေအတူရှင်မကွာ တိုက်ခိုက်ခဲ့သော ဇနီးသည်များကို ကာကွယ်ရန်အတွက် ကောင်းကင်မူလကြယ် ပျက်စီးသွား၍ မဖြစ်ချေ။
နောက်တစ်ရက်တွင် တျန်းယွမ်မြို့အထက်တွင် ကောင်းကင်လှေက တစ်ဖန်ပြန်ပေါ်လာပြီး ဖြည်းညှင်းစွာ ဆင်းသက်လာနေခဲ့သည်။ နတ်အစေခံများသည် ရင်ယွမ်ကြယ်၏လှေကို မြင်သောအခါ ဒေါသတကြီး ဖြစ်သွားကြသည်။ ယခင်တစ်ခေါက်တွင် ရင်ယွမ်ကြယ်က နတ်အစေခံနှစ်ယောက်နှင့် စစ်ဧကရာဇ်ဆယ်ဦးကျော်ကို ခိုးယူသွားခြင်းက မကျေနပ်စရာပင်။
"ကျိရင် ဘာကြောင့် ကောင်းကင်မူလကြယ်ကို ပြန်ရောက်လာတာလဲ။ မင်းက တစ်ခုခုကို ထပ်ခိုးဖို့ကြိုးစားနေတာလား"
နဂါးဘုရင်၏လေသံက ဒေါသကြောင့် တင်းမာနေသည်။
"နဂါးဘုရင် အထင်မှားနေပြီ။ ရင်ယွမ်ကြယ်က ဘာမှခိုးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အရင်အခေါက်က ကုန်သွယ်ရေးလုပ်တာ အောင်မြင်ခဲ့တယ်မလား။ ဘုရင်ရီနဲ့ ဘုရင်ဟွမ်ဝောာင် ကျုပ်တို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ်"
ကျိရင်က လှေပေါ်မှ မောက်မာစွာ ပြောလိုက်ခြင်းဖြစ်သည်။ သူ၏အရှက်မရှိသော စကားများကြောင့် လူတိုင်း ယမ်းပုံမီးကျ ဒေါသထွက်နေကြသည်။ သူတို့အမုန်းဆုံးမှာ မြေနိမ့်ရာလှံစိုက်ချင်သော ဤလူစုဖြစ်ပြီး သစ္စာဖောက်များ၏လုပ်ရပ်က ပို၍နာကျင်စေခဲ့သည်။
"နဂါးဘုရင် ကျုပ်က ကောင်းကင်မူလကြယ်ကို ဒီတစ်ခေါက်လာရတဲ့ အကြောင်းအရင်းက မင်းသမီးလေးက လည်ပတ်ချင်တယ်ဆိုလို့ပါ"
ကျိရင်က ရင်ယွမ်ကြယ်၏ မင်းသမီးအကြောင်း ဖော်ပြသောအခါ ရိုသေမှုများ ထင်ဟပ်နေသည်။ ကောင်းကင်လှေ၏ ကုန်းပတ်ပေါ်တွင် သူမက မောက်မာစွာရပ်နေပြီး အဖြူရောင်ဂါဝန်က လေထဲတွင် လွင့်ပျံနေသည်။ သူမက ပြည့်ဝန်းသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ ရင်နှစ်မွှာက မို့မောက်နေပြီး အသားဖြူသည်။ မျက်နှာက လှပသည်ဟု ဆိုနိုင်သော်လည်း အေးစက်နေပြီး အပြာရောင်မျက်လုံးများတွင် မောက်မာမှုများ အထင်းသားပေါ်လွင်နေသည်။ သူမ၏ခါးတွင် နှင်းဖြူရောင် ကျောက်စိမ်းဓားရှည်တစ်လက်ကို ချိတ်ဆွဲထားကာ နားများက ကျိရင်နှင့်ကွဲပြားပြီး သာမန်လူများထက် အနည်းငယ်သာကြီးမား၍ အဖိုးတန်နားဆွဲများ ဆင်ယင်ထားသည်။
"ကျိရင် ဒါက ကောင်းကင်နတ်ဆိုးတွေ ဖျက်ဆီးတာခံရတော့မယ့် ကြယ်လား"
ယွမ်ချင်းယု၏ စကားသံတွင် လှောင်ပြောင်မှုများ ထင်ဟပ်နေသောကြောင့် နဂါးဘုရင်တို့ကို ဒေါသထွက်သွားစေသည်။ ရင်ယွမ်ကြယ်က ကောင်းကင်မူလကြယ်ကို အလွန်အထင်သေးပြီး သူမက ကြယ်တစ်ခုလုံးကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးနေစဥ် မောက်မာစွာ ပြုံးနေခဲ့သည်။ ရင်ယွမ်ကြယ်သခင်တွင် သားခုနစ်ယောက်ရှိပြီး သူမက အငယ်ဆုံးနှင့် တစ်ဦးတည်းသော သမီးဖြစ်သောကြောင့် အလွန်ပစားပေးခံရပြီး ရင်ယွမ်ကြယ်၏အင်အားကြောင့် မောက်မာကာ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသော စရိုက်ကို ပိုင်ဆိုင်ထားသည်။
"ဒီလောက်ဆင်းရဲတဲ့ကြယ်က ငါတို့ကို ဘယ်နေရာမှ မယှဥ်နိုင်ဘူး"
ယွမ်ချင်းယုက စိတ်ထဲမှ ကဲ့ရဲ့လိုက်သည်။ အစွမ်းထက်သော ကြယ်အနည်းငယ်မှလွဲလျှင် ကြယ်အများစုက ရင်ယွမ်ကြယ်ကို မယှဥ်နိုင်သောကြောင့် ဖျက်ဆီးခံရတော့မည့် ကောင်းကင်မူလကြယ်အပေါ် အထင်သေးနေခြင်းဖြစ်သည်။ သူမ၏အရှိန်အဝါကို အာရုံခံမိသောအခါ နဂါးဘုရင်က အံ့သြသွားခဲ့သည်။ တစ်ဖက်လူက အဆင့်တက်ထားသည်မှာ မကြာသေးသော်လည်း သန်မာသော နတ်အစေခံတစ်ယောက် ဖြစ်နေခဲ့သည်။
"ကောင်းကင်နတ်ဆိုးရှစ်ကောင်တည်းရှိတာတောင် ဒီလူတွေက ဘာမှမလုပ်နိုင်ဘူး။ တော်တော်အသုံးမကျပါလား"
သူမက ပေါ်တင်ထုတ်ပြောကာ ကဲ့ရဲ့လိုက်သည်။ သူမက နှုတ်မစောင့်စည်းသောကြောင့် ကောင်းကင်မူလကြယ်၏ နတ်အစေခံများက မျက်နှာပျက်သွားသော်လည်း ဒေါသကို မျိုသိပ်ထားရသည်။ လက်ရှိတွင် ကောင်းကင်မူလကြယ်အတွက် နောက်ထပ်ရန်သူများ တိုးလာ၍မဖြစ်ပေ။ စန္ဒကူးနီမီးဖိုအတွင်း ကျင့်ကြံနေသော ယဲ့ချန်က ထိုစကားကိုကြားသောအခါ လက်သီးဆုပ်လိုက်သဖြင့် အသံများပင် ထွက်ပေါ်လာသည်။ လက်ရှိတွင် ကောင်းကင်မူလကြယ်က အားနည်းနေသော်လည်း အထင်သေးလှောင်ပြောင်ခံစရာ အကြောင်းမရှိပေ။
"ရင်ယွမ်ကြယ်သခင်က အစွမ်းထက်ပြီး ကျုပ်တို့က မင်းသမီးကိုလေးစားနေခဲ့တာ ကြာပါပြီ။ ရင်ယွမ်ကြယ်ရဲ့မင်းသမီးက မြင့်မြတ်ပြီး အထက်တန်းကျတဲ့ မိန်းမလှတစ်ယောက်ဖြစ်မယ်လို့ ထင်ထားခဲ့တယ်"
သူ၏စကားသံက စစ်ဧကရာဇ်နန်းတော်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ သူ၏စကားကို ကြားသောအခါ ဖားယားမြှောက်ပင့်ခြင်းကို နှစ်သက်သော ယွမ်ချင်းယု၏မျက်နှာက ဝင်းလက်နေသည်။ သူမက ကျေနပ်ပျော်ရွှင်နေစဥ်မှာ ထပ်မံထွက်ပေါ်လာသော စကားကြောင့် မျက်နှာတစ်ခုလုံး မည်းနက်သွားခဲ့သည်။ သူမက ဒေါသမထိန်းနိုင်သဖြင့် ဓားပေါ် လက်တင်လိုက်မိသည်။
"ဒါပေမယ့် ကျိရင် ဒီနှုတ်ကြမ်းတဲ့ ခွေးမက ဘယ်သူလဲ။ ရင်ယွမ်ကြယ်က ဘာကြောင့် ဝက်တစ်ကောင်ကို ပို့လိုက်ရတာလဲ"
"မိုက်ရိုင်းလှချည်လား။ မင်းကများ မင်းသမီးကို စော်ကားတယ်။ သေချင်နေတာလား"
ကျိရင်က ဟိန်းဟောက်၍ အရှိန်အဝါဖြင့် ဖိနှိပ်လိုက်သော်လည်း နဂါးဘုရင်က ကြားဝင်ဖျက်ဆီးပစ်လိုက်သည်။
"ဒီခွေးမက ဘယ်လိုလုပ် မင်းသမီးဖြစ်နိုင်မှာလဲ။ မင်းက ဘာလို့လိမ်နေရတာလဲ။ ငါက ရင်ယွမ်ကြယ်ရဲ့မင်းသမီးကို လေးစားပေမယ့် မင်းကတော့ ဝက်မတစ်ကောင်ကို ခေါ်လာခဲ့တယ်။ မင်းသမီးဆိုတဲ့ဂုဏ်ပုဒ်နဲ့ ဒီခွေးမက ဘယ်လိုလုပ် ထိုက်တန်မှာလဲ"
ယဲ့ချန်၏လေသံက အနည်းငယ် အံ့သြသွားပုံရသည်။ တစ်ဖက်လူက ခွေးမ၊ဝက်မဟု ဆက်တိုက်ကျိန်ဆဲနေသဖြင့် ယွမ်ချင်းယုမှာ ဒေါသထွက်လွန်း၍ ရူးမတတ်ဖြစ်နေခဲ့သည်။ ထို့အပြင် ယဲ့ချန်က ထိုစကားလုံးများကို ရည်ရွယ်ချက်ရှိရှိ ထပ်ကာထပ်ကာပြောနေခဲ့သည်။ သူ၏စကားကြောင့် ကောင်းကင်မူလကြယ်၏နတ်အစေခံများက ကျေနပ်စွာ ပြုံးလိုက်ကြသည်။ သူတို့က နှစ်ပေါင်းရာချီ ကျင့်ကြံလာသူများဖြစ်၍ ယွမ်ချင်းယုကဲ့သို့အဆင့်မျိုးနှင့် တုပြောရန် မသင့်တော်ပေ။ သို့သော် သူမ၏စကားများက သူတို့ကို အလွန်ဒေါသထွက်စေခဲ့ပြီး ယဲ့ချန်၏စကားများက သူတို့ကိုယ်စား ထိုမိန်းမကို အရှက်ခွဲနိုင်ခဲ့သည်။ မူလတွင် နဂါးဘုရင်က ယဲ့ချန်အား ကောင်းကင်မူလကြယ်၏အာဏာ လွှဲပေးသည်ကို နားမလည်ကြသော်လည်း လက်ရှိတွင် ဤဆုံးဖြတ်ချက်က မှားယွင်းပုံမရချေ။
"သတ္တိရှိရင် ထွက်လာစမ်း။ ငါ နင့်ကို သတ်ပစ်မယ်"
ယွမ်ချင်းယုက အံကြိတ်၍ ဓားရှည်ကို ရွှစ်ခနဲဆွဲထုတ်ကာ စစ်ဧကရာဇ်နန်းတော်ထံ ချိန်ရွယ်ရင်း သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်သည်။
"ကျိရင် ဒါက ရင်ယွမ်ကြယ်ရဲ့ မင်းသမီးအစစ်လား"
သို့သော် ယဲ့ချန်က သူမကို လုံးဝလျစ်လျူရှုထားသည်။
"ဟုတ်တယ်ကွ။ မင်း နားကန်းနေလား"
ယဲ့ချန်၏အမေးကို ကျိရင်က ဒေါသတကြီး တုံ့ပြန်လိုက်သည်။
"ဒါဆိုရင် မင်းသမီးအစစ်ပေါ့။ စိတ်မရှိပါနဲ့ဗျာ။ နားလည်မှုလွဲသွားတဲ့အတွက် မင်းကို ခွေးမ၊ဝက်မလို့ ခေါ်မိပါတယ်။ ခွေးမ၊ ဝက်မလို့ ခေါ်မိတဲ့အတွက် ခွင့်လွှတ်ပေးပါ"
"နင်.."
ယွမ်ချင်းယုမှာ ဒေါသထွက်လွန်းသဖြင့် ဓားကိုင်ထားသော လက်ပင် တုန်ခါနေခဲ့သည်။
"ငါက မင်းကို ခွေးမ၊ဝက်မလို့ခေါ်မိတာ သေချင်နေလို့ မဟုတ်ပါဘူ။ တကယ်အထင်လွဲသွားတာပါ။ ခွေးမ၊ဝက်မလို့ခေါ်မိတာကို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါ။ နောက်တစ်ကြိမ် ခွေးမ၊ဝက်မလို့ မခေါ်တော့ပါဘူး"
ယဲ့ချန်က သူမကို ခွေးမ၊ဝက်မဟု အကြိမ်ကြိမ်သုံးနှုန်းကာ အရှက်ခွဲလိုက်သည်။
"ကျိရင် ဒီကောင့်ကို သတ်စမ်း"
နောက်ဆုံးတွင် ယွမ်ချင်းယုမှာ အိန္ဒြေပင်မဆည်နိုင်ဘဲ အသံကုန်အော်ဟစ်လိုက်သည်။ တစ်ဖက်လူသည် သူမကို ခွေးမဟု ဆက်တိုက်ခေါ်ဆိုနေခြင်းက သည်းခံနိုင်စွမ်းကို ကျော်လွန်သွားသည်။ ငယ်စဥ်တည်းက မောက်မာစွာနေလာခဲ့သော သူမအဖို့ ယဲ့ချန်၏စကားလုံးများက ရင်ဘတ်ကို ဓားနှင့်ထိုးနေသကဲ့သို့ ခံရခက်စေခဲ့လေသည်။