← Chapters

ခြင်္သေ့ကြီး အဆင့်တက်ခြင်း

Vol. 53 Ch. 738

ခြင်္သေ့ကြီး အဆင့်တက်ခြင်း

Vol. 53 Ch. 738

"နဂါးဘုရင် မင်းသမီးက ယဲ့ချန်ကို သတ်ချင်နေတဲ့အတွက် ထုတ်ပေးပါ။ မဟုတ်ရင် ရင်ယွမ်ကြယ်က ကောင်းကင်မူလကြယ်ကို တိုက်ခိုက်မှာဖြစ်တဲ့အတွက် ကျုပ်အဆိုးမဆိုနဲ့"

ကျိရင်က အေးစက်သော မျက်လုံးများနှင့် စစ်ဧကရာဇ်နန်းတော်ကို စိုက်ကြည့်ပြီး သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ကာ ခြိမ်းခြောက်လိုက်သည်။

"ကျိရင် မင်းက တော်တော်မောက်မာနေပါလား။ ယဲ့ချန်က တောင်းပန်နေတာတောင် မင်းတို့က တိုက်ခိုက်ချင်တယ်ဆိုရင် ကောင်းကင်မူလကြယ်က ခေါင်းငုံ့ခံမယ်ထင်နေတာလား။ မင်းတို့ဘက်က လွန်လာရင်လည်း သူသေကိုယ်သေတိုက်ကြတာပေါ့"

နဂါးဘုရင်က တည်ငြိမ်စွာ စိန်ခေါ်လိုက်သည်။ ကောင်းကင်လှေတွင် ကျိရင်၊ ယွမ်ချင်းယုနှင့် နတ်အစေခံသုံးယောက်သာ လိုက်ပါလာသောကြောင့် အမှန်တကယ်တိုက်ခိုက်လျှင် သေရမည်မှာ သူတို့ဖြစ်သည်။ ရင်ယွမ်ကြယ်သို့ပြန်၍ စစ်ကူတောင်းရန်မှာလည်း မဖြစ်နိုင်သော အကြောင်းအရင်းများ ရှိသည်။ ကြယ်အဖွဲ့အစည်းတစ်ခုလုံးတွင် ရင်ယွမ်ကြယ်က ထင်ရာစိုင်းခွင့်မရှိဘဲ ကြယ်အချင်းချင်းတိုက်ခိုက်မည်ကို မလိုလားသော ကြယ်သခင်များစွာ ရှိသည်။ အကယ်၍ ရင်ယွမ်ကြယ်ကသာ ကောင်းကင်မူလကြယ်ကို အမှန်တကယ်တိုက်ခိုက်လျှင် ပဋိပက္ခများဖြစ်ပွားနိုင်ပြီး ဆိုးကျိုးများပင် ဖြစ်လာနိုင်သည်။ ကောင်းကင်မူလကြယ်သည် ကောင်းကင်နတ်ဆိုးယာဥ်ကို လုယူခဲ့သောကြောင့် အပြင်လောကနှင့် ထိတွေ့နိုင်ပြီဖြစ်ရာ ရင်ယွမ်ကြယ်အား ကြောက်လန့်နေစရာ မလိုပေ။ နတ်မြေခွေးဘုရင်မ ပြန်လာပြီးနောက် နဂါးဘုရင်တို့သည် ကြယ်အဖွဲ့အစည်း၏ လက်ရှိအနေအထားကို နားလည်ခဲ့ကြသည်။ ရှင်းဟွမ်များကြားတွင် မဟာမိတ်တစ်ခုရှိပြီး အချင်းချင်းသတ်ဖြတ်ခွင့်မရှိသောအခါ ရင်ယွမ်ကြယ်အနေဖြင့် ကောင်းကင်မူလကြယ်ကို ထိပါးရဲမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ခြောက်တိုင်း ကြောက်နေစရာမလိုချေ။

"မင်းသမီး ဒီကိစ္စကို မေ့လိုက်ပါ။ ကျုပ်တို့ ဘာမှမတတ်နိုင်ဘူး။ အရှင်က တာဝန်တစ်ခုပေးလိုက်တဲ့အတွက် သူတို့နဲ့ငြင်းခုံနေရင် အကျိုးမရှိဘူး"

ကျိရင်က ယွမ်ချင်းယုကို စိတ်ချင်းဆက်သွယ်ကာ နှစ်သိမ့်လိုက်သည်။ သူမက ဒေါသထွက်လွန်းသဖြင့် အရုပ်ဆိုးနေပြီး နားရွက်များ ရဲရဲနီနေသည်။ သူမ၏ဘဝတွင် အကြီးဆုံးအရှက်ကွဲခြင်းဖြစ်ကာ တစ်ဖက်လူက စိတ်ကြိုက်စော်ကားနေသော်လည်း ဒေါသကို မျိုသိပ်၍ သည်းခံနေရသည်။ သူမ၏ရင်ထဲတွင်ခံ စားနေရသော ဒေါသပမာဏက အလွန်ကြီးမားပေလိမ့်မည်။

"ရင်ယွမ်ကြယ်ကိုပြန်ရောက်ရင် အဖေ့ကိုပြောပြီး ဒီကောင့်ပါးစပ်ကို ဆွဲဖြဲခိုင်းမယ်။ ငကြောက် သတ္တိရှိရင် ထွက်လာပြီး ငါနဲ့တိုက်ခိုက်စမ်း"

သူမက စစ်ဧကရာဇ်နန်းတော်ကို ဓားဖြင့်ချိန်ရွယ်၍ နှစ်ယောက်ချင်းတိုက်ခိုက်ရန် စိန်ခေါ်လိုက်သည်။ သူမ၏စကားကို ကြားသောအခါ ကျင့်ကြံနေသည့် ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။ အပြင်ထွက်ပြီး တိုက်ခိုက်ရလောက်သည်အထိ သူက မအပေ။ သူရှုံးသွားလျှင် အသတ်ခံရမည်ဖြစ်ပြီး နိုင်လျှင်လည်း တစ်ဖက်လူကို သတ်ခွင့်မရှိသောအခါ တိုက်ခိုက်၍ အကျိုးမရှိချေ။ ယွမ်ချင်းယုက ရှုံးနိမ့်သွားလျှင် ရင်ယွမ်ကြယ်သို့ ထွက်ပြေးသွားမည်ဖြစ်ကာ စစ်ကူများ ထပ်မံခေါ်ဆောင်လာလျှင် ကောင်းကင်မူလကြယ်သာ ပြဿနာတက်ပေလိမ့်မည်။

"မင်းသမီး ဒီကိစ္စက နားလည်မှုလွဲတာပါ။ ငါက မင်းကို ခွေးမ၊ဝက်မလို့ မခေါ်သင့်ပါဘူး။ တိုက်ခိုက်စရာ မလိုပါဘူး။ ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်ကို အနိုင်မကျင့်သင့်ဘူး။ မင်းထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။ နောက်တစ်ခါ ခွေးမ၊ဝက်မလို့ မခေါ်တော့ပါဘူး"

ယဲ့ချန်က အပေါ်ယံတွင် တောင်းပန်နေသော်လည်း ဆက်တိုက်ဆဲဆိုနေခြင်းဖြစ်သည်။ သူ၏စကားများကြောင့် သူမက ဒေါသပေါက်ကွဲလုနီးပါးဖြစ်နေ၍ အပြင်သာထွက်လာလျှင် အပိုင်းတစ်ထောင်ခန့် ဆွဲဖြဲခံရနိုင်သည်။ သို့သော် သူက စစ်ဧကရာဇ်နန်းတော်အတွင်းမှ ထွက်မလာသည့်အပြင် သေချာပေါက်အနိုင်ရမည့်ပုံမျိုးဖြင့် အထက်စီးမှ ပြောနေခဲ့သည်။ စစ်ဧကရာဇ်တစ်ယောက်၏ ပြောဆိုပုံကြောင့် သူမက သွေးအန်မတတ် ဒေါသထွက်နေရသည်။ ကောင်းကင်မူလကြယ်၏ကျင့်ကြံသူများမှာ ပျော်ရွှင်နေကြပြီး မောက်မာသော ယွမ်ချင်းယုအတွက် ဤအပြစ်က ထိုက်တန်သည်ဟု ခံစားနေရသည်။ သူမက ဆက်တိုက်အော်ဟစ်ပေါက်ကွဲနေပြီး ယဲ့ချန်ကို အပြင်ထွက်တိုက်ခိုက်ရန် စိန်ခေါ်နေသာ်လည်း သူက လျစ်လျူရှု၍ ဆက်လက်ကျင့်ကြံနေခဲ့သည်။ အမှန်တကယ်တိုက်ခိုက်လျှင် သူက နတ်အစေခံတစ်ယောက်ကို မနိုင်သောကြောင့် စွမ်းအားကို တပ်မက်စိတ်များ တောက်လောင်လာသည်။ သူက ဤမိန်းမကဲ့သို့ ရွံစရာသတ္တဝါမျိုးကိုပင် အနိုင်မယူနိုင်လျှင် ကျင့်ကြံခြင်းက အဓိပ္ပါယ်မရှိတော့ပေ။

ယဲ့ချန်သည် မျက်လုံးမှိတ်၍ ကိုယ်တွင်းရှိ နတ်သစ်သီး၏ဆေးစွမ်းအင်များကို လှည့်ပတ်လိုက်သောအခါ ကျောဘက်ရှိ ဆေးမင်ကြောင်က ရုတ်တရက် ထူးထူးဆန်းဆန်း လှုပ်ခတ်လာကာ အစွမ်းထက်အရှိန်အဝါတစ်ခု ပြန့်ထွက်လာသည်။ ၎င်းက ဆူနာမီလှိုင်းလုံးကဲ့သို့ အရာရာကို လွှမ်းခြုံသွားကာ ရှေးဟောင်းခရမ်းရောင်မီးတောက်များက တစ်ကိုယ်လုံးတွင် တောက်လောင်လာသည်။ အိပ်မောကျနေသော ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီး နိုးထလာခြင်းဖြစ်ကာ ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာသည်။

"ဘာတွေဖြစ်သွားတာလဲ။ ဆရာရဲ့ခွန်အားက ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နေရတာလဲ"

ထိုအရှိန်အဝါက စစ်ဧကရာဇ်အဆင့်ထက် ကျော်လွန်နေပြီး နတ်အစေခံအဆင့်မျိုး ဖြစ်နေသောကြောင့် ယဲ့ချန်က ထိတ်လန့်အံ့သြနေသည်။ ထို့အပြင် အရှိန်အဝါက ဆက်လက်မြင့်တက်နေသည်ဖြစ်ရာ နတ်သစ်သီးများနှင့် ပတ်သက်နေပေလိမ့်မည်။ သူက နတ်သစ်သီးများကို သန့်စင်နေစဥ် ၎င်းတို့အနက် နှစ်လုံး၏ဆေးစွမ်းအင်များက ဆေးမင်အတွင်း စီးဝင်သွားကာ ခြင်္သေ့ကြီး၏ စုပ်ယူခြင်းခံလိုက်ရသည်။

"ဝေါင်း"

ကျယ်လောင်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာ၍ မီးဖိုကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။

"ယဲ့ချန် မင်း ဘယ်လိုဆေးမျိုး သောက်ထားတာလဲ။ ငါက အခု အင်ပြည့်အားပြည့်ဖြစ်နေပြီ။ မင်းက ငါ့ကို ခြင်္သေ့မအကောင်တစ်ရာလောက် ရှာပေးရင်တောင် ပင်ပန်းမယ်မထင်ဘူး"

ရင်းနှီးနေသော ခြင်္သေ့ကြီး၏စကားသံ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူ၏တဏှာကြီးမှုကြောင့် ယဲ့ချန်မှာ ခါးသက်သက်ပြုံးလိုက်ရသည်။ အတိတ်တွင် သူက အဆင့်တက်ခါနီး ပိတ်ဆို့နေသော​ကြောင့် ဆေးမင်အတွင်း နက်ရှိုင်းစွာ အိပ်မောကျနေခဲ့သည်။ ထို့နောက် မှော်ဆန်သော ဆေးစွမ်းအင်က ရုတ်တရက်ဝင်ရောက်လာပြီး ၎င်းကို စုပ်ယူလိုက်သောအခါ သူ၏ခန္ဓာကိုယ်က ထူးထူးဆန်းဆန်း ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးငါးလုံးက ယဲ့ချန်ကို နတ်ခန္ဓာ အသက်ဝင်စေရမည့်အစား ခြင်္သေ့ကြီးကို အောင်မြင်သွားစေခဲ့သည့်အပြင် နတ်အစေခံအဆင့်သို့ ရောက်ရှိသွားစေသည်။ ၎င်းက ဒဏ္ဍာရီလာနတ်ခန္ဓာဖြစ်ပြီး မာကျောမှုအရာတွင် နဂါးဘုရင်ကဲ့သို့ အဆင့်တစ်ဆယ် နတ်အစေခံများပင် အလွယ်တကူ မဖျက်ဆီးနိုင်ချေ။ နတ်သစ်သီးက ခြင်္သေ့ကြီးအတွက် အထူးပြင်ဆင်ထားပုံရပြီး နတ်ခန္ဓာကို အသက်ဝင်စေရုံသာမက ပုန်းကွယ်နေသော မျိုးဆက်သွေးကိုပါ အသက်ဝင်စေခဲ့သည်။

ယဲ့ချန်သည် ဆေးမင်အတွင်းရှိ ခြင်္သေ့ကြီးကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည် ။တစ်ကမ္ဘာလုံးကို ပြာချပစ်နိုင်လောက်သော ခရမ်းရောင်မီးတောက်များက သူ၏ခန္ဓာကိုယ်ထက်တွင်​တောက်လောင်နေကာ ထူထဲသော သားမွေးများက တောက်ပလင်းလက်နေသည်။ သူက နတ်အစေခံအဆင့်သို့ ရောက်သွားပြီး ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကိုပါ ပိုင်ဆိုင်သွားသောကြောင့် စိတ်အားတက်ကြွနေသည်။ ထို့အပြင် သူ၏တိုးတက်မှုက ယဲ့ချန်ကိုပါ အထောက်အပံ့ဖြစ်စေခဲ့ပြီး ရုပ်ခန္ဓာကို ပိုမိုသန်စွမ်းလာစေသည်။ ထို့နောက် ခရမ်းရောင်မီးတောက်များနှင့် သန့်စင်ခံလိုက်ရပြီး ယဲ့ချန်က အဆင့်ကိုးနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာခဲ့သည်။

"အပြင်မှာ အော်ဟစ်နေတဲ့ ကောင်မက ဘယ်သူလဲ။ ငါ့ကောင် မင်းက သူ့ကို ဗိုက်ကြီးအောင်လုပ်ထားလို့ ထွက်မတွေ့ရဲတာလား"

ခြင်္သေ့ကြီးက စနောက်လိုက်ခြင်းဖြစ်သည်။ သူက အခုမှနိုးထလာသောကြောင့် လက်ရှိအခြေအနေကို မသိထားပေ။

"မဟုတ်ပါဘူးဗျာ"

ယဲ့ချန်၏မျက်နှာက မည်းနက်သွားကာ ရင်ယွမ်ကြယ်၏ အမြတ်ထုတ်လိုမှုကို ရှင်းပြလိုက်၏။

"ရင်ယွမ်ကြယ်ရဲ့ မင်းသမီးဖြစ်နေတော့ရော ဘာအရေးလဲ။ အပြင်ထွက်ပြီး ရိုက်လိုက်စမ်း"

ခြင်္သေ့ကြီးက ကျောကိုဖြောင့်၍ အညောင်းဆန့်လိုက်ပြီး တစ်ကိုယ်လုံးရှိ အမွေးများကို ခါပစ်လိုက်သည်။ သူ၏ကျင့်ကြံဆင့် မြင့်တက်လာပြီးနောက် အညောင်းပြေအညာပြေ တိုက်ပွဲတစ်ခုလောက် ရင်ဆိုင်ချင်နေခဲ့သည်။

"ဒီကိစ္စက ကောင်းကင်မူလကြယ်ကို ပြဿနာတက်စေလိမ့်မယ်"

ယဲ့ချန်က ခေါင်းယမ်း၍ ငြင်းဆန်လိုက်သည်။သူ့ အတွက် ကောင်းကင်မူလကြယ်၌ ရန်သူများတိုးလာ၍ မဖြစ်ပေ။ စစ်ဧကရာဇ်နန်းတော်အတွင်းမှ နတ်အစေခံတစ်ယောက်၏ အရှိန်အဝါကို နဂါးဘုရင်က အာရုံခံမိလိုက်သည်။ ၎င်းက ပြင်းထန်လွန်းနေပြီး အဆင့်တက်ကာစပုံစံမျိုး မဟုတ်သောကြောင့် ယဲ့ချန်လည်း မဖြစ်နိုင်ပေ။ သူက ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ယဲ့ချန်၏ ကာကွယ်ရေးနတ်သားရဲဖြစ်ကြောင်း သိလိုက်ရ၏။ ခဏတာစဥ်းစားပြီးနောက် ကောင်းကင်ကြယ်တာရာတံဆိပ်နှင့် နတ်သစ်သီးများသည် အညိုရောင်အဘိုးအိုနှင့် သက်ဆိုင်နေကြောင်း နားလည်ထားသော နဂါးဘုရင်က တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။ သို့မဟုတ်လျှင် နတ်သစ်သီးများက ယဲ့ချန်လက်ထဲသို့ ရောက်လာစရာ အကြောင်းမရှိပေ။ ၎င်းက အလွန်တရာရှားပါးသော ရတနာဖြစ်ပြီး ရင်ယွမ်ကြယ်ပင် တစ်လုံးမျှကို ဝယ်နိုင်မည်မဟုတ်ချေ။ ခြင်္သေ့ကြီးက ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ပိုင်ဆိုင်သွားသည့်အပြင် နတ်အစေခံလည်းဖြစ်သောအခါ ကောင်းကင်မူလကြယ်တွင် နတ်အစေခံကိုးယောက်အထိ ရှိလာပြီဖြစ်သည်။ ထို့နောက် သူက ယဲ့ချန်ကို စစ်ဆေးလိုက်သောအခါ အရှိန်အဝါက နတ်အစေခံအဆင့်တစ်အောက် မနိမ့်ကြောင်း သိလိုက်ရသည်။ ယဲ့ချန်က စစ်ဧကရာဇ်အဆင့်ရှစ်ဖြစ်သော်လည်း အဆင့်တစ်နတ်အစေခံတစ်ယောက်ကို အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။ အတိတ်တွင် ကောင်းကင်မူလကြယ်၌ နတ်အစေခံဆယ်ယောက်ရှိခဲ့ပြီး လက်ရှိတွင် နှစ်ယောက်က သစ္စာဖောက်သွားသော်လ ည်းယဲ့ချန်နှင့် ခြင်္သေ့ကြီးက ထိုကွက်လပ်ကို ဖြည့်တင်းပေးနိုင်ပေလိမ့်မည်။

အပြင်ဘက်တွင် ယွမ်ချင်းယုက အဆက်မပြတ် ကျိန်ဆဲအော်ဟစ်နေသော်လည်း ယဲ့ချန်က ထွက်မလာသောကြောင့် လက်လျှော့ပြီး ကောင်းကင်လှေပေါ်သို့ ပြန်တက်သွားခဲ့သည်။ ယဲ့ချန်က သူမကို အထက်စီးမှ ဆဲဆိုခဲ့သောသတင်းက အလျင်အမြန် ပျံ့နှံ့သွားသောအခါ သူမက ကောင်းကင်မူလကြယ်အတွက် ပြက်လုံးတစ်ခု ဖြစ်လာရသည်။

"နဂါးဘုရင် ငါရောက်လာတာ မင်းနဲ့ပြဿနာတက်ဖို့ မဟုတ်ဘူး"

ကျိရင်က အရှက်ပြေချောင်းဟန့်၍ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ ယွမ်ချင်းယု အရှက်ခွဲခံနေရသည်ကို သူမက မကျေနပ်သော်လည်းကြယ်သခင်၏ တာဝန်ကို လုပ်ရမည်ဖြစ်သောကြောင့် ဒေါသကိုမျိုသိပ်ရုံသာ တတ်နိုင်သည်။

"ဒါဆိုရင် မင်းရဲ့အကြောင်းပြချက်ကို ပြောစမ်း"

နဂါးဘုရင်၏လေသံက တင်းမာနေသည်။ ရင်ယွမ်ကြယ်မှ လူယုတ်မာများ၏ရည်ရွယ်ချက်က သေချာပေါက် ကောင်းမွန်မည်မဟုတ်ပေ။

"ရင်ယွမ်ကြယ်က မင်းတို့ကို ကောင်းကင်လှေတစ်စီးရောင်းချင်ပေမယ့် မင်းက ကောင်းကင်နတ်ဆိုးယာဥ်ကို လုယူနိုင်ခဲ့တယ်ဆိုတော့ မလိုအပ်လောက်တော့ဘူး"

ကျိရင်က တိုက်ရိုက်ပြောရမည့်အစား ယာဥ်အကြောင်း စကားဦးသန်းလိုက်သည်။

သူ၏စကားကိုကြားသော နဂါးဘုရင်နှင့် နတ်အစေခံများအားလုံး နှာခေါင်းရှုံ့လိုက်ကြသည်။ အကယ်၍ သူတို့သာ နတ်ဆိုးယာဥ်ကို မလုယူနိုင်လျှင်လည်း တစ်ဖက်လူက ကောင်းကင်လှေကို ရောင်းချမည်မဟုတ်ပေ။ ကျိရင်က သူတို့ကို သုံးနှစ်သားကလေးဟု သတ်မှတ်ပြီး လှည့်စားနေသည်က အလွန်ရယ်စရာကောင်းလေသည်။

All Chapters