ရင်ယွမ်ကြယ်ကို အကျပ်ကိုင်ခြင်း
Vol. 53 Ch. 739
"ကြယ်သခင်က မင်းတို့ကြယ်ရဲ့ မြေအောက်မှာ မျှော်စင်တစ်ခုရှိနေတာကို တွေ့ခဲ့တယ်။ ဒါကို ကျောက်စိမ်းနန်းတော်လို့ ခေါ်တယ်မလား။ မင်းတို့က ဒီရတနာကိုတူးထုတ်ပြီး ပေးမယ်ဆိုရင် ရင်ယွမ်ကြယ်က နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးငါးရာကို ရင်ဆိုင်ဖို့ ကူညီပေးမယ်"
တစ်ဖက်လူက သူ့စကားကို အယုံအကြည်မရှိသော်လည်း ကျိရင်က ခပ်တည်တည်တောင်းဆိုလိုက်သည်။ ရင်ယွမ်ကြယ်သခင်က ကျောက်စိမ်းနန်းတော်ကို ရှာတွေ့ခဲ့သော်လည်း ကျိရင်၏စကားအရ ထိုလူက ၎င်းကို မထိန်းချုပ်နိုင်သဖြင့် လုယူနိုင်ပုံမရချေ။
"ကျောက်စိမ်းနန်းတော် ဘယ်မှာရှိတယ်ဆိုတာတောင် ငါတို့က မသိဘူး။ တကယ်လို့ မင်းတို့ကြယ်သခင်က လိုချင်တယ်ဆိုရင်လည်း ကိုယ်တိုင်လာယူခိုင်းလိုက်။ သူ့ခွန်အားနဲ့ ယူသွားနိုင်ရင် ငါတို့က ကန့်ကွက်စရာမရှိဘူး"
နဂါးဘုရင်က နှာခေါင်းရှုံ့လိုက်သည်။
"ငါတို့ရဲ့ကြယ်သခင်က သူများပစ္စည်းကို လုယူရလောက်တဲ့အထိ အောက်တန်းမကျဘူး"
ကျိရင်က မောက်မာစွာ ပြောလိုက်သည်။ သို့သော် ထိုလူက ကျောက်စိမ်းနန်းတော်ကို ယူဆောင်နိုင်စွမ်းရှိလျှင် လက်နှေးနေမည်မဟုတ်ကြောင်း နဂါးဘုရင်က သိထားသည်။ အခြားကြယ်သခင်များပါ ၎င်းအကြောင်းသိသွား၍ လုယူရန် ကြိုးစားလာလျှင် အတွင်းမှ ရတနာများကို လက်လွှတ်ရနိုင်သောကြောင့် သူက စိုးရိမ်စပြုလာသည်။ ကျိရင်၏တောင်းဆိုမှုကြောင့် ယဲ့ချန်လည်း မျက်မှောင်ကြုတ်လိုက်သည်။ ရင်ယွမ်ကြယ်၏အာရုံကို ဆွဲဆောင်သွားခြင်းက ကောင်းသောအရာတစ်ခု မဟုတ်သည့်အပြင် သူက ကျောက်စိမ်းနန်းတော်၏သခင်ဖြစ်သော်လည်း အရာရာကို မထိန်းချုပ်နိုင်သေးပေ။ သို့သော် သူတစ်ယောက်တည်းသာ ရှစ်ထပ်နှင့် ကိုးထပ်၏သော့ကို ပိုင်ဆိုင်ထားသောကြောင့် အခြားလူများ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ကျောက်စိမ်းနန်းတော်အတွင်းရှိ ရတနာများက ကောင်းကင်မူလကြယ်ရှင်သန်ရေးနှင့် ပတ်သက်နေသောကြောင့် အခြားသူများထံ ပေးလိုက်၍လည်း မဖြစ်ပေ။
"မင်းတို့က ကျောက်စိမ်းနန်းတော်ကို မထိန်းချုပ်နိုင်ဘူးဆိုရင် ထားလိုက်ပါ။ ကောင်းကင်မူလကြယ်မှာ နောက်ထပ်လျှို့ဝှက်ချက် ရှိနေသေးတယ်။ ငါက မြေပုံတစ်ခုကို မတော်တဆရခဲ့ပြီး မြေအောက်မှာ ရှေးဟောင်းခံတပ်တစ်ခုရှိနေတာကို သိခဲ့ရတယ်။ ဒါက အနည်းဆုံး သက်တမ်းနှစ်တစ်သန်း ကျော်လောက်ပြီ။ မင်းတို့သာ ငါတို့ကိုကူညီပြီး ခံတပ်ထဲမှာ ရတနာလိုက်ရှာမယ်ဆိုရင် အကျိုးအမြတ်ကို တစ်ဝက်စီယူကြမယ်။ ဘယ်လိုသဘောရလဲ"
ကျိရင်က ခေါင်းညိတ်လိုက်ပြီး နောက်ထပ်တောင်းဆိုချက်တစ်ခု ထုတ်ပြောလာသည်။ ရှင်းဟွမ်က ထိုအကြောင်းပြောခဲ့သော်လည်း ကောင်းကင်နတ်ဆိုးများကို လှည့်စားသော အလိမ်အညာအဖြစ် လူတိုင်း ထင်မှတ်ခဲ့ကြသည်။ မည်သူမှ ၎င်းက အမှန်တကယ်တည်ရှိနေမည်ဟု ထင်မထားခဲ့ပေ။
"မင်းတို့က ဒီခံတပ်ကိုလည်း ကာကွယ်နေမယ်ဆိုရင် ငါ သတင်းဖြန့်လိုက်တာနဲ့ လေလွင့်ကျင့်ကြံသူတွေအများကြီး ရောက်လာလိမ့်မယ်။ ဒါဆိုရင် ကောင်းကင်မူလကြယ်က ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး"
နဂါးဘုရင်က တုံ့ဆိုင်းနေသောအခါ ကျိရင်က ခြိမ်းခြောက်လိုက်သည်။
"ယဲ့ချန် မင်း ဘယ်လိုသဘောရလဲ"
နဂါးဘုရင်ကယဲ့ ချန်ထံ စိတ်ချင်းဆက်သွယ်၍ တိုင်ပင်နေခြင်းဖြစ်သည်။
"ကောင်းကင်မူလကြယ်မှာ ဒီလိုနေရာမျိုးရှိမယ်လို့ မထင်ထားဘူး။ သဘောတူလိုက်ပါ"
"ဒါပေမယ့် ရှင်းဟွမ်က သဘောတူပါ့မလား။ ခံတပ်ဟောင်းထဲမှာ အဖိုးတန်ရတနာတွေ တကယ်ရှိနေရင် ကျိရင်က ကတိတည်မယ် မထင်ဘူး"
နဂါးဘုရင်က အကျိုးအပြစ်ကို တွက်ချက်ပြလိုက်သည်။
"သူတို့က ခံတပ်ဟောင်းကို ဖွင့်လှစ်ဖို့ ကျုပ်တို့ကိုပူးပေါင်းဖို့ တောင်းဆိုလာတဲ့အတွက် ကျုပ်တို့မှာ အားသာချက် တစ်ခုခုရှိရမယ်။ အနည်းဆုံးတော့ သူတို့ကို အသုံးချကြတာပေါ့။ ခံတပ်ဟောင်းကို ဖွင့်ချင်တယ်ဆိုရင် ကောင်းကင်နတ်ဆိုးရှစ်ကောင်ကို သတ်ခိုင်းလိုက်ရင် မကောင်းဘူးလား"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး သူ၏စကားကြောင့် နဂါးဘုရင်၏မျက်လုံးများ တောက်ပလာခဲ့သည်။ အငှားဓားဖြင့်လူသတ်ခြင်းက အကွက်ကောင်းတစ်ခုဖြစ်ကာ ကောင်းကင်မူလကြယ် လက်ရှိအကျပ်ရိုက်နေသည့် ကိစ္စကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ကောင်းကင်နတ်ဆိုးရှစ်ကောင်၏ ခြိမ်းခြောက်မှုက ကြီးမားသောကြောင့် ရင်ယွမ်ကြယ်မှ လူယုတ်မာများကို အသုံးချကာ ရှင်းလင်းရပေလိမ့်မည်။ အဓိကရန်သူကို ရှင်းလင်းပြီးလျှင် ကျန်ကိစ္စများကို အရေးစိုက်နိုင်ပေလိမ့်မည်။
"မင်းတို့က ငါတို့နဲ့အတူ ခံတပ်ဟောင်းကို ဝင်ချင်တယ်ဆိုရင် ရတယ်။ ရှင်းဟွမ်ကို အကြောင်းကြားပြီး ဝင်ရမယ့်နည်းလမ်းကို မေးပေးမယ်။ ဒါပေမယ့် တစ်ခုတော့ သဘောတူရလိမ့်မယ်"
နဂါးဘုရင်က ပြောလိုက်သည်။
"ဘာလဲ"
ကျိရင်က မျက်မှောင်ကြုတ်လိုက်သည်။ ရင်ယွမ်ကြယ်၏ ရည်ရွယ်ချက်က ကောင်းကင်မူလကြယ်ရှိ ရတနာအားလုံးကို သိမ်းပိုက်လိုခြင်းဖြစ်သည်။ ဤပူးပေါင်းမှုက အပေါ်ယံသာဖြစ်သောကြောင့် နဂါးဘုရင်၏တောင်းဆိုချက်ကို ဖြည့်ပေးရမည်ကို တွန့်ဆုတ်နေခဲ့သည်။
"ခံတပ်ဟောင်းကို မဝင်ခင် ကောင်းကင်နတ်ဆိုးရှစ်ကောင်ကို သတ်ပေးရမယ်"
နဂါးဘုရင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏အသံက ကောင်းကင်ကိုဖြတ်သန်း၍ အဝေးသို့ ပျံ့လွင့်သွားခဲ့သည်။
"ကောင်းကင်နတ်ဆိုးတွေကို ငါတို့က သတ်ပေးရမယ်ပေါ့"
ကျိရင်က စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ ကောင်းကင်နတ်ဆိုးများ ကောင်းကင်မူလကြယ်ကို ခြိမ်းခြောက်နေခြင်းက သူတို့အတွက် အခွင့်ကောင်းယူရန် အရေးသာစေသည်။ ရင်ယွမ်ကြယ်၏ခွန်အားဖြင့်ဆိုလျှင် နတ်အစေခံများလွှတ်၍ အလွယ်တကူရှင်းလင်းနိုင်သော်လည်း လုပ်မည်မဟုတ်ပေ။ ရင်ယွမ်ကြယ်က နဂါးဘုရင်၏ အသုံးချခံဖြစ်မည်ကို ရှောင်တိမ်းလိုနေခဲ့သည်။
"ဒီကိစ္စက ကြယ်သခင်သာ ဆုံးဖြတ်ပေးနိုင်လို့ ငါက သတင်းပို့ရဦးမယ်"
ကျိရင်က အကြောင်းပြချက်ပေးလိုက်သည်။ ခံတပ်ဟောင်းကို ရှင်းဟွမ်က လျှို့ဝှက်နည်းလမ်းဖြင့် ချိတ်ပိတ်ထားသောကြောင့် သူမ၏ခွင့်ပြုချက်မရလျှင် ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ထို့နောက် ကောင်းကင်လှေက သုံးရက်အကြာတွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။ ဤတစ်ခေါက်တွင် သူတို့က အမြတ်မထွက်ခဲ့ပေ။ ကောင်းကင်နတ်ဆိုးယာဥ်ဖြင့် မှောင်ခိုစျေးသို့ ရောက်ရှိခဲ့ဖူးသော နတ်မြေခွေးဘုရင်မသည် ရတနာများ၏စျေးနှုန်းအမှန်ကို သိလာသောကြောင့် သူတို့က အရူးလုပ်ရန် မလွယ်တော့ပေ။
နဂါးဘုရင်နှင့် ကျိရင်၏တောင်းဆိုချက်များက ကောင်းကင်မူလကြယ်တစ်ခွင် သတင်းပြန့်သွားသောကြောင့် ကွေကြွယ်တို့က ချက်ချင်းသတင်းရလိုက်၏။ တျန်းယွမ်မြို့သို့ ရောက်ရှိလာသော ကောင်းကင်လှေကို သူတို့က မျက်မြင်တွေ့ခဲ့ရသည်။ ဤတောင်းဆိုချက်သာ အစစ်အမှန်ဖြစ်နေလျှင် ရင်ယွမ်ကြယ်က သဘောတူရန် ရာခိုင်နှုန်းများသောကြောင့် စစ်ကူများရောက်လာလျှင် သူတို့က သေရပေလိမ့်မည်။
"သခင်ကွေ ကျုပ်တို့ ဘာလုပ်ကြမလဲ"
ကွေရင်ဟုခေါ်သော နတ်အစေခံတစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။ ကွေကြွယ်က တျန်းယွမ်မြို့ကို အလစ်ချောင်းတိုက်ခိုက်ရန် ဟာကွက်ရှာဖွေနေသော်လည်း လက်ရှိအခြေအနေအရ အချိန် မလုံလောက်တော့ပေ။ ကျိရင်သာ နတ်အစေခံများနှင့် ပြန်ရောက်လာပါက သူတို့အားလုံး အသတ်ခံရနိုင်သည်။
"ငါတို့အတွက် တိုက်ခိုက်ရုံကလွဲလို့ မရှိတော့ဘူး"
ကွေကြွယ်က အံကြိတ်လိုက်သောအခါ ဝံပုလွေမျက်နှာကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့က ထွက်ပြေးရန်လည်း မဖြစ်နိုင်သောကြောင့် တိုက်ခိုက်ရုံသာရှိသည်။ ဓားအစီအရင်များနှင့် နတ်အစေခံများ စောင့်ကြပ်ထားသော ရှေးဟောင်းတျန်းယွမ်မြို့ကို တိုက်ခိုက်ရန် မလွယ်ကူသော်လည်း သူတို့အတွက် ရွေးစရာမရှိပေ။ ထို့ကြောင့် သူက လက်ကျန်ကျွန်ပိုးကောင်များနှင့် နတ်ဆိုးနောက်လိုက်များကို စုစည်းကာ သူသေကိုယ်သေတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။
ညအချိန်ရောက်သောအခါ စစ်ဧကရာဇ်နန်းတော်၏ထွက်ပေါက်တွင် ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော နဂါးဘုရင် ထွက်ပေါ်လာသည်။
"ငါ ကျိယွမ်ကြယ်ကို ထွက်သွားတဲ့အကြောင်း ဘယ်သူမှမသိစေနဲ့။ ဒီသတင်းပေါက်ကြားသွားရင် ချွင်းချက်မရှိ အသတ်ခံရမယ်"
သူက မထွက်ခွာခင် စစ်ဧကရာဇ်အစောင့်နှစ်ယောက်ကို စိုက်ကြည့်ကာ သတိပေးခဲ့သည်။
"ဟုတ်ကဲ့ပါ အရှင်"
ထို့နောက် သူက ကျိယွမ်ကြယ်နှင့် ဆက်သွယ်ထားသော အစီအရင်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ အနောက်ပိုင်းတိုက်ကြီးသည် လက်ရှိတွင် ပျက်စီးနေပြီး နေရာတိုင်း ဝိညာဥ်သားရဲများပြည့်နှက်နေကာ လူသားများနှင့် သားရဲများ မရှိတော့ပေ။ ရှင်းရွှမ်၏နောက်ဆုံးမှာကြားချက်က ဝိညာဥ်သားရဲများမွေးမြူရန် ဖြစ်သောကြောင့် မည်သူမှ မေးခွန်းမထုတ်ခဲ့ပေ။ ဝိညာဥ်သားရဲများ၏အစာအဖြစ်မှ ကင်းလွတ်ခဲ့သူများမှာလည်း ကောင်းကင်နတ်ဆိုးများလက်ချက်ဖြင့် နတ်ဆိုးနောက်လိုက်များ ဖြစ်လာကြသည်။ မြို့ပျက်ကြီးတစ်ခုအတွင်း ကောင်းကင်နတ်ဆိုးရှစ်ကောင်နှင့် သောင်းချီသော နောက်လိုက်များ စုဝေးနေကြသည်။
"သခင်ကွေ နဂါးဘုရင်တစ်ယောက် ကျိယွမ်ကြယ်ကို ထွက်ခွာသွားတယ်လို့ သတင်းရတယ်"
ကောင်းကင်နတ်ဆိုးတစ်ကောင်က သတင်းပို့လိုက်ခြင်းဖြစ်သည်။
"နဂါးဘုရင်က ဘာသွားလုပ်တာလဲ"
ကွေကြွယ်က မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သည်။
"နဂါးဘုရင်မရှိရင် အခုတိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ပဲ။ ဒီအခွင့်အရေးလွတ်သွားရင် နောက်ထပ်ရှိလာမယ် မထင်ဘူး"
ကွေရင်က အကြံပေးလိုက်သည်။ နဂါးဘုရင် ထွက်ခွာသွားသောအ ကြောင်းအရင်းက မေးခွန်းထုတ်ချင်စရာဖြစ်သောကြောင့် ကွေကြွယ်က ထောင်ချောက်တစ်ခုဖြစ်မည်ကို စိုးရိမ်နေခဲ့သည်။
"နဂါးဘုရင်က ကျိယွမ်ကြယ်ရှင်းဟွမ်နဲ့ ရင်းနှီးအောင်လုပ်ဖို့ သွားတာဖြစ်ရမယ်။ ဖြစ်နိုင်တာက သူတို့က တစ်ခုခုညှိုနှိုင်းနေတာ ဖြစ်ရမယ်"
ကွေရင်က ကောက်ချက်ချလိုက်သည်။
"ဖြစ်နိုင်တယ်"
ကွေကြွယ်က ခေါင်းညိတ်လိုက်သည်။ ရှေးဟောင်းတျန်းယွမ်မြို့တွင် နဂါးဘုရင်မရှိသော လက်ရှိအချိန်က တိုက်ခိုက်ရန် အကောင်းဆုံးဖြစ်ကာ လွဲချော်သွားလျှင် သေခြင်းတရားကသာ စောင့်ကြိုနေသောကြောင့် အလောင်းအစားလုပ်ရပေလိမ့်မည်။ ဤအချက်က ထောင်ချောက်တစ်ခုဖြစ်နိုင်ကြောင်း သိသော်လည်း ကွေကြွယ်က စွန့်စားရန် ဆုံးဖြတ်လိုက်သည်။ ရင်ယွမ်ကြယ်၏ နတ်အစေခံများရောက်လာလျှင် သူတို့က တိုက်ခိုက်ရန်ပင် အခွင့်အရေးရမည်မဟုတ်ပေ။ ဤတစ်ကြိမ်တွင် သားရဲတွင်းမှန်းသိသိနှင့် သူတို့က ဝင်တိုးရပေလိမ့်မည်။
"အရာရာ အသင့်ဖြစ်ပြီလား"
ကွေကြွယ်၏အရှိန်အဝါက ထက်ရှစွာဖြင့် ထွက်ပေါ်လာသည်။ မြို့ပျက်အတွင်း စုဝေးနေသော နောက်လိုက်များကို သူက ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။
"ကျုပ်တို့က ခေါင်းဆောင်အတွက် အသက်စွန့်တိုက်ခိုက်ဖို့ အသင့်ဖြစ်ပါပြီ"
နောက်လိုက်များက ပြိုင်တူအော်ဟစ်လိုက်သောအခါ သူက ညာလက်ကို ယမ်းလိုက်ပြီး ကြီးမားသော အရိပ်နက်တစ်ခုက အားလုံးကို လွှမ်းခြုံသွားခဲ့လေသည်။