← Chapters

ဓားစာခံများ

Vol. 53 Ch. 743

ဓားစာခံများ

Vol. 53 Ch. 743

"ခေါင်းဆောင်မု ကျုပ်တို့ ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ထိန်းထားလိုက်မယ်။ ဒါဆိုရင် သိုင်းဘုရင်နဲ့ ဘုရင်ဝမ်က ရန်သူတစ်ယောက်ကို ပူးပေါင်းပြီး သတ်နိုင်လိမ့်မယ်"

ယဲ့ချန်က ညွှန်ကြားလိုက်သည်။ လက်ရှိတွင် ဖီးနစ်ဘုရင်က ပြန်လည်ရှင်သန်နိုင်ရန် ကြိုးစားနေပြီး သစ်သားစိမ်းဘုရင်က ဓားအစီအရင်ကို စောင့်ကြပ်နေသဖြင့် ကောင်းကင်မူလကြယ်မှ နတ်အစေခံများသည် ရန်သူများနှင့် အရေအတွက်တူညီနေသည်။ သူတို့ကသာ ရန်သူတစ်ယောက်ကို ထိန်းထားနိုင်လျှင် နတ်အစေခံနှစ်ယောက်အတွက် ပိုမိုလွယ်ကူသွားပေလိမ့်မည်။ ကောင်းကင်နတ်ဆိုးတစ်ကောင် ထပ်သေသွားပြီး ဖီးနစ်ဘုရင်ပါ တိုက်ပွဲအတွင်း ဝင်လာလျှင် ရန်သူများက သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။

"ကောင်းပြီ"

မုလောင်တို့သုံးယောက်က ခေါင်းညိတ်၍ ယဲ့ချန်နှင့်အတူ သိုင်းဘုရင်ကို တိုက်ခိုက်နေသော ကောင်းကင်နတ်ဆိုးထံ ချီတက်သွားခဲ့သည်။ ယဲ့ချန်၏ပခုံးထက်တွင် နင်အာက ပုံရိပ်ယောင်ပညာကို ထုတ်ဖော်ပြီး လိုက်ပါလာခဲ့သည်။

"သိုင်းဘုရင် သူ့ကို ကျုပ်တို့ ထိန်းထားလိုက်မယ်"

ယဲ့ချန်က စိတ်ချင်းဆက်သွယ်၍ အချက်ပြလိုက်သည်။

"ကောင်းပြီ။ ဂရုစိုက်"

သိုင်းဘုရင်က ခဏတာစဥ်းစား၍ သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အလင်းတန်းတစ်ခု ဖြတ်ခနဲလက်သွားကာ သိုင်းဘုရင်ကို တိုက်ခိုက်နေသော ရန်သူ၏အမြင်အာရုံက ဝေဝါးသွားခဲ့သည်။ သူက လျင်မြန်စွာ သတိထားလိုက်သောအခါ သိုင်းဘုရင် ပျောက်ကွယ်သွားပြီး ထိုနေရာ၌ ယဲ့ချန်တို့လေးယောက်ရောက်နေသည်ကို မြင်လိုက်ရသည်။ ကွေယုန်က အဝေးသို့ ကြည့်လိုက်သောအခါ သိုင်းဘုရင်က ဘုရင်ဝမ်နှင့်ပူးပေါင်း၍ နောက်ထပ်ကောင်းကင်နတ်ဆိုးတစ်ကောင်ကို တိုက်ခိုက်နေပြီဖြစ်သည်။ နင်အာ၏ပုံရိပ်ယောင်ပညာက နတ်အစေခံအဆင့်သုံး ကျင့်ကြံသူတစ်ယောက်ကိုပင် လှည့်စားနိုင်မည်ဟု ယဲ့ချန်က ထင်မထားပေ။ ထို့ကြောင့် ကွေယုန်ကို ရင်ဆိုင်ရာတွင် ပိုမိုလွယ်ကူလာပြီဖြစ်သည်။

"ဟမ့် စစ်ဧကရာဇ်လေးတွေက ငါ့ကို တိုက်ခိုက်ရဲတယ်လား။ မင်းတို့ကိုမင်းတို့ အထင်ကြီးနေတာပဲ။ အကုန်လုံးကို သတ်ပစ်မယ်"

ကွေယုန်က နှာခေါင်းရှုံ့လိုက်ပြီး နတ်ဆိုးအသွင်ပြောင်းကာ လက်သည်းကြီးများဖြင့် တိုက်ခိုက်လာခဲ့သည်။

"အစီအရင် ဖြစ်တည်စေ"

သစ်တောစောင့်သုံးယောက်သည် သစ်ပင်ကြီးများအဖြစ် ပြောင်းလဲသွားပြီး အကိုင်းအခက်များက နေပြောက်ပင် မထိုးနိုင်အောင် ဖြစ်ပေါ်လာကြသည်။ ဤကား သစ်တောစောင့်မျိုးနွယ်၏ လျှို့ဝှက်ကျင့်စဥ်ဖြစ်ကာ ကွေယုန်က မည်မျှတိုက်ခိုက်ပါစေ၊ ကျိုးပဲ့သွားသော သစ်ကိုင်းများက ပြန်လည်ဖြစ်တည်လာကြသည်။ ယဲ့ချန်က ဆည်းဆာနတ်ဓားဖြင့် ခုတ်ပိုင်းလာသောအခါ သူက လက်သည်းများဖြင့် ခုခံလိုက်သော်လည်း ဘုန်းခနဲမြည်ဟီး၍ နောက်ဆုတ်သွားခဲ့ရသည်။ ထို့နောက် သူ၏ကိုယ်ထက်တွင် ကြောက်မက်ဖွယ်ဓားရာကြီးတစ်ခု ဖြစ်ပေါ်လာ၍ နာကျင်စွာ အော်ဟစ်လိုက်သည်။ ကောင်းကင်နတ်ဆိုးများကို သာမန်လက်နက်များဖြင့် တိုက်ခိုက်လျှင် ဒဏ်ရာက အလျင်အမြန် ကောင်းမွန်တတ်သည်။ သို့သော် အစွမ်းထက်လွန်းသော ဆည်းဆာနတ်ဓားကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာက ပြန်လည်ကောင်းမွန်မလာခဲ့ပေ။ ထိုအခါမှသာ သူသည် ဤစစ်ဧကရာဇ်လေးယောက်ကို ကိုင်တွယ်ရန် မလွယ်ကူကြောင်း နားလည်သွားပြီး အနည်းဆုံး အချိန်တိုအတွင်း အနိုင်ယူနိုင်မည် မဟုတ်ပေ။

ဘုရင်ဝမ်နှင့် သိုင်းဘုရင်က ကွေဖန်းကို ပူးပေါင်းတိုက်ခိုက်လိုက်သောအခါ လျင်မြန်စွာဖြင့် အထက်စီးသို့ ရောက်လာကြသည်။ ကောင်းကင်နတ်ဆိုးများကြားတွင် ကွေကြွယ်နှင့် ကွေရင်သာ နှစ်ယောက်တစ်ယောက် တိုက်ခိုက်နိုင်သည်အထိ အစွမ်းထက်သည်ဖြစ်ရာ ကွေဖန်းက အလွန်အန္တရာယ်များသော အခြေအနေသို့ ရောက်နေခဲ့သည်။ ဤအတိုင်း ဆက်လက်ဖြစ်ပွားနေလျှင် ရှုံးနိမ့်ရတော့မည်ကို နဂါးဘုရင်နှင့် တိုက်ခိုက်နေသော်လည်း ပတ်ဝန်းကျင်အား အကဲခတ်နေသည့် ကွေကြွယ်က သဘောပေါက်လိုက်၏။ ယဲ့ချန်တို့လေးယောက်က နတ်အစေခံများကဲ့သို့ သန်မာပြီး ဆက်လက်တိုက်ခိုက်ခံရလျှင် ကွေယုန်လည်း အသတ်ခံလိုက်ရနိုင်သည်။

"နဂါးဘုရင် ဒီတစ်ခေါက် အရှုံးကို ဝန်ခံတယ်။ ငါတို့ကိုလွှတ်ပေးရင် ကောင်းကင်မူလကြယ်ကို နောက်ထပ်ခြေမချတော့ဘူး"

ကွေကြွယ်က ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

"ကောင်းကင်နတ်ဆိုးတစ်ကောင်ရဲ့စကားကို ငါက ယုံမယ် ထင်နေတာလား"

နဂါးဘုရင်က နှာခေါင်းရှုံ့လိုက်ပြီး ဓားဖြင့် ရန်သူကိုချိန်ရွယ်ကာ အစွမ်းထက်အရှိန်အဝါကို ထုတ်ဖော်ထားသည်။

"နဂါးဘုရင် အလဲအလှယ်လုပ်ကြမလား"

ကွေကြွယ်က ရုတ်တရက်ရယ်မောလိုက်ပြီး ညာလက်ဝါးကို ဖြန့်လိုက်သောအခါ လူပေါင်းငါးရာကျော် ထွက်ပေါ်လာကာ အများစုက ဝိညာဥ်များဖြစ်သည်။ ထိုလူများကို မြင်လိုက်ရသောအခါ လူတိုင်းမင်သက်သွားကြပြီး နဂါးဘုရင်၏ အရင်းနှီးဆုံးလူနှစ်ယောက်ပင် ပါဝင်နေသည်။

"ယုရီ ရီရီ"

ယုရီသည် နဂါးဘုရင်၏ဇနီးသည်ဖြစ်ကာ လွန်ခဲ့သောဆယ်စုနှစ်များတွင် ကောင်းကင်နတ်ဆိုးများ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ရီရီက သူ၏အငယ်ဆုံးသမီးဖြစ်၍ ထန်းယွမ်၏ညီမဖြစ်ကာ ကောင်းကင်နတ်ဆိုးများလက်ထဲတွင် သေဆုံးခဲ့ရသည်။ လက်ရှိတွင် သူတို့၏ဝိညာဥ်များက ကွေကြွယ်လက်သို့ ရောက်ရှိနေသည်။ နဂါးဘုရင်၏စိတ်ထဲတွင် ဒေါသနှင့် ယူကြုံးမရစိတ်များ ဖြစ်ပေါ်လာပြီး နှစ်ပေါင်းများစွာကြာသည်အထိ ဇနီးနှင့် သမီး၏ဝိညာဥ်များ ကျန်ရစ်ခဲ့သည်ကို မသိရပေ။

"နဂါးဘုရင် မင်းက သူတို့နဲ့ ရင်းနှီးနေမယ် ထင်ပါတယ်။ ငါက သူတို့ရဲ့ဝိညာဥ်ကို ဖမ်းချုပ်ထားတယ်။ မင်းရဲ့အစွမ်းနဲ့ဆိုရင် ရုပ်ခန္ဓာနှစ်ခုလောက်ရှာပြီး ပြန်အသက်သွင်းပေးဖို့ လွယ်ပါတယ်"

ကွေကြွယ်သည် နဂါးဘုရင်၏ခံစားချက်များကို နားလည်သောကြောင့် ဓားစာခံများကို ဝှက်ဖဲအဖြစ် အသုံးပြုလိုက်ခြင်းဖြစ်သည်။ ဤဝှက်ဖဲများကြောင့်သာ မဟုတ်လျှင် သူက တျန်းယွမ်မြို့တွင်းသို့ ဝင်ရောက်လာရဲမည် မဟုတ်ပေ။

"အကုန်ရပ်စမ်း။ မဟုတ်ရင် ငါ့လက်ဝါးတစ်ချက်ယမ်းလိုက်တာနဲ့ ဒီလူတွေ အကုန်သေပြီး ပြန်လည်ဝင်စားနိုင်မှာတောင် မဟုတ်ဘူး"

ကွေကြွယ်သည် ကောင်းကင်မူလကြယ်၏ကျင့်ကြံသူများကို ဝေ့ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။ သူ၏လက်ဝါးအတွင်းမှ ဓားစာခံများကြောင့် လူတိုင်း ရပ်တန့်သွားကာ နဂါးဘုရင်၏အမိန့်ကို စောင့်လိုက်ကြသည်။ ကွေကြွယ်က ကောက်ကျစ်စွာရယ်မော၍ နောက်လိုက်များထံ ဓားစာခံများကိုထိန်းချုပ်ရန် ခွဲဝေပေးလိုက်သည်။ ဓားစာခံအများစုက ဝိညာဥ်များဖြစ်သော်လည်း အသက်ရှင်နေသူများလည်း ပါဝင်ပြီး အားလုံးက နတ်အစေခံများနှင့် ပတ်သက်ဆက်နွယ်နေသူများ ဖြစ်ကြသည်။ သူတို့၏ရင်သွေးများ၊ ဇနီးများ၊ တပည့်များ စသည့် အလွန်ရင်းနှီးသူများ ဖြစ်ကြသည်။ သူတို့၏ရင်ထဲတွင် ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာကာ အတိတ်မှမှတ်ဉာဏ်များ ပြန်လည်ထွက်ပေါ်လာကြသည်။

ကွေယုန်ထိန်းချုပ်ထားသော ဓားစာခံများတွင် ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရင်း ပါဝင်နေသောကြောင့် ယဲ့ချန်၏စိတ်ထဲတွင် ဒေါသမီး တောက်လောင်လာသည်။ ယဲ့တောင်ကြား တိုက်ခိုက်ခံရသောအဖြစ်တွင် သူ၏ဦးလေးနှစ်ယောက် ပျောက်ကွယ်သွားခဲ့ပြီး သူက လိုက်လံရှာဖွေခဲ့သော်လည်း သဲလွန်စမရှိပေ။ လက်ရှိတွင်မှ သူ၏ဦးလေးများသည် ကောင်းကင်နတ်ဆိုးများလက်၌ ဖမ်းချုပ်ခံထားရကြောင်း နားလည်လိုက်သည်။ သူတို့က အသက်ရှင်နေဆဲဖြစ်သော်လည်း မျက်ဝန်းများက ဗလာဖြစ်နေပြီး အပြင်လောက၌ ဖြစ်ပျက်နေသည်များကို မသိဟန်ဖြင့် ကြောင်စီစီရပ်နေကြသည်။ ကောင်းကင်နတ်ဆိုးလက်ထဲတွင် နှိပ်စက်ခံထားရသော ဦးလေးနှစ်ယောက်ကို ကြည့်နေသော သူ၏မျက်လုံးများ နီရဲနေသည်။

"မင်းရဲ့မိသားစုဝင်တွေကို မြင်ရတော့ ပျော်နေပြီလား ဟား ဟား။ ငါသာ နည်းနည်းထပ်ဖိလိုက်ရ င်နှစ်ယောက်လုံး သေသွားလိမ့်မယ်။ လူသားတွေရဲ့ခံစားချက်က ဟာသပဲ"

ယဲ့ချန်၏အဖြစ်ကို မြင်သောအခါ ကွေယုန်က လှောင်ရယ်လိုက်သည်။ သူက လက်သည်းများဖြင့် ယဲ့ကျန့်လုံနှင့် ယဲ့ကျန်းရင်း၏ခေါင်းများကို ထောက်ထားသည်။ ဆည်းဆာနတ်ဓားက ရုတ်တရက်တောက်ပလာပြီး ၎င်းကို ဆုပ်ကိုင်ထားသော ယဲ့ချန်၏လက်များ တဆတ်ဆတ်တုန်ယင်နေသည်။ သူက ဒေါသကို ထိန်းချုပ်မထားလျှင် ဓားစာခံများ သေသွားနိုင်သဖြင့် သည်းခံနေရသည်။ ကုယုန်သည် ဆည်းဆာနတ်ဓားကို ကြောက်နေသဖြင့် သတိမလွတ်ဝံ့ဘဲ စောင့်ကြည့်နေသည်။ ကောင်းကင်မူလကြယ်မှ ကျင့်ကြံသူများ၏အားနည်းချက်ကို ရန်သူများက ဆုပ်ကိုင်ထားသဖြင့် တိုက်ပွဲက ရပ်တန့်သွားပြီဖြစ်သည်။

လူတိုင်းသည် နဂါးဘုရင်၏အမိန့်ကို စောင့်ဆိုင်းနေပြီး သူကသာ တိုက်ခိုက်ရန် အမိန့်ပေးလိုက်လျှင် ချစ်ခင်ရသူများ၏အသက်ကို ပဓာနမထားဘဲ တုံ့ဆိုင်းခြင်းမရှိ တိုက်ခိုက်ပေလိမ့်မည်။ ကောင်းကင်မူလကြယ်ကို သူတို့၏ကိုယ်ရေးကိုယ်တာခံစားချက်များအတွက် အန္တရာယ်ကျရောက်ခွင့် ပြုမည်မဟုတ်ပေ။ အကယ်၍ ကောင်းကင်နတ်ဆိုးများကိုသာ သတ်ဖြတ်နိုင်လျှင် သူတို့က ကိုယ့်အသက်ကိုပင် မနှမြောပေ။ မရေမတွက်နိုင်သော တိုက်ပွဲများအတွင်း ကျင့်ကြံသူများက အမိမြေကို ကာကွယ်ရန် အသက်စွန့်ခဲ့ကြသည် မဟုတ်ပါလော။ ပတ်ဝန်းကျင်က တင်းမာနေပြီး မည်သူမျှ အသက်ပင် ရဲရဲမရှူရဲပေ။ ပြန်လည်ရှင်သန်ခြင်းကို ကြိုးစားလုပ်ဆောင်နေသော ဖီးနစ်ဘုရင်သည်လည်း စိုးရိမ်စွာ စောင့်ကြည့်နေသည်။ ဖီးနစ်ဘုရင် အသက်ပြန်ရှင်လာပြီး နောက်ထပ်တိုက်ပွဲတစ်ခုဖြစ်ပွားလျှင် ကောင်းကင်နတ်ဆိုးအားလုံး သေဆုံးသွားနိုင်သောကြောင့် ကွေကြွယ်က စိုးရိမ်စိတ်များ ပြင်းထန်လာသည်။

"နဂါးဘုရင် မင်း သေချာစဥ်းစားစမ်း။ မင်းရဲ့ဇနီးနဲ့ သမီးကို အသေခံမှာလား။ ငါတို့ကို လွှတ်ပေးရင် ကောင်းကင်မူလကြယ်ကို နောက်ထပ်ခြေမချတော့ဘူးလို့ ကတိပေးတယ်"

ကွေကြွယ်က လက်ထဲရှိ ဝိညာဥ်များကိုမြှောက်ပြ၍ ထပ်မံခြိမ်းခြောက်လိုက်ပြန်သည်။ ယောက်ျားတစ်ယောက်အဖြစ် ဇနီးနှင့် သမီးကို အသက်ရှင်စေချင်သော်လည်း ကောင်းကင်မူလကြယ်၏ ခေါင်းဆောင်ဖြစ်နေသောအခါ နဂါးဘုရင်သည် ကိုယ်ရေးကိုယ်တာခံစားချက်ကို ရှေ့တန်းတင်ရန် အကျပ်ရိုက်နေသည်။

"မင်းပြောတာကို သဘောတူတယ်"

နဂါးဘုရင်က ဆုံးဖြတ်ချက်ချရန် အခက်တွေ့နေစဥ် ယဲ့ချန်က ဝင်​ပြောလိုက်ခြင်းဖြစ်သည်။

"ငါတို့ကို အရင်လွှတ်ပေး။ နတ်ဆိုးယာဥ်ပေါ်ကိုရောက်ရင် ဓားစာခံတွေကို လွှတ်ပေးမယ်"

ကွေကြွယ်သည် ယဲ့ချန်၏စကားကြောင့် စိတ်အေးသွားကာ တောင်းဆိုလိုက်သည်။

"မင်းက ငါ့ကို အရူးလို့ ထင်နေတာလား။ မင်းတို့သာ နတ်ဆိုးယာဥ်ပေါ်ကို ရောက်သွားရင် ဘယ်လိုလုပ် ကတိတည်တော့မှာလဲ"

ယဲ့ချန်က ကွေကြွယ်နှင့်ညှိုနှိုင်းနေစဥ် ဓားစာခံများကို ကယ်တင်ရန် နည်းလမ်းအား စိတ်ထဲမှ အကြံထုတ်လျက်ရှိလေသည်။

All Chapters