ယာရှာ ထွက်ပေါ်လာပြီ
Vol. 53 Ch. 744
ဓားစာခံများက အလွန်အားနည်းသော အခြေအနေ၌ ရှိနေသဖြင့် အားသုံးလုယူမည်ဆိုလျှင် ရန်သူများက အလွယ်တကူ သတ်ပစ်နိုင်သည်။ ယဲ့ချန် စကားပြောလိုက်ချိန်တွင် မည်သူမှ မကန့်ကွက်သောကြောင့် ကွေ့ကြွယ်သည် ယဲ့ချန်၏ဆုံးဖြတ်ချက်က အရေးပါကြောင်း နားလည်လိုက်သည်။
"စစ်ဧကရာဇ်တစ်ယောက်က ကောင်းကင်မူလကြယ်ပေါ်မှာ ဒီလောက်အရေးပါမယ်လို့ မထင်ထားဘူး။ နတ်အစေခံတွေက ဒီကောင့်ကို ကြောက်နေရတာလား ဟားဟား"
ကုယုန်၏အကြည့်က ယဲ့ချန်ထံ ကျရောက်လာပြီး ကောက်ကျစ်စွာပြုံး၍ ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရင်း၏ခေါင်းကို လက်ဖြင့် အားစိုက်ဆုပ်ကိုင်ထားသည်။
"ငါတို့ကို ချက်ချင်းလွှတ်ပေးရင် သူတို့လုံခြုံရမယ်လို့ အာမခံတယ်။ မဟုတ်ရင် အခုကစလို့ အသက်ရှူချိန်နှစ်ဆယ်ရောက်တိုင်း တစ်ယောက်ကို သတ်မယ်။ ငါ့ကို ဖိအားလာမပေးနဲ့"
ကွေကြွယ်က အေးစက်စက်ဖြင့် နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။ ကောင်းကင်မူလကြယ်၏ နတ်အစေခံများက အံကြိတ်၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
"နဂါးဘုရင် ကျုပ်တို့ တိုက်ခိုက်မယ်"
မျက်လုံးများနီရဲနေသော သိုင်းဘုရင်က ပြောလိုက်ခြင်းဖြစ်သည်။ ဓားစာခံများတွင် သူ၏မျိုးနွယ်ဝင်ခြောက်ယောက်ရှိပြီး တစ်ယောက်က သူ၏ဖခင် ဖြစ်သည်။ သို့သော် သူ၏ဖခင်က ကောင်းကင်နတ်ဆိုးများကို တိုက်ခိုက်ရင်း သေဆုံးသွားခဲ့သောကြောင့် သူ၏ဆုံးဖြတ်ချက်ကို လက်ခံမည်ဟု ယုံကြည်ထားသည်။
"ကျုပ်လည်း တိုက်ခိုက်မယ်"
ဘုရင်ဝမ်က ဓားစာခံများကို မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သော်လည်း လေးနက်စွာ ဆုံးဖြတ်လိုက်သည်။
"တိုက်ခိုက်ကြတာပေါ့"
ကျန်နတ်အစေခံများကလည်း သူတို့၏ဆုံးဖြတ်ချက်ကို ထုတ်ပြောလာပြီး နတ်အစေခံခြောက်ယောက်က တိုက်ခိုက်ရန် သဘောတူခဲ့သည်။ နဂါးဘုရင်သည် အဝေးရှိ ယဲ့ချန်ထံ စိတ်လေးစွာဖြင့် ကြည့်နေခဲ့သည်။ နတ်အစေခံများက တိုက်ခိုက်ရန် တောင်းဆိုလာသောအခါ ကွေကြွယ်က ထိတ်လန့်လာသောကြောင့် ကွေယုန်ကို မျက်ရိပ်ပြလိုက်သည်။ ကွေယုန်က အကင်းပါးစွာဖြင့် ညာလက်ကိုယမ်းလိုက်ပြီး ယဲ့ချန်၏ ဦးလေးနှစ်ယောက်ကို သတိပြန်ဝင်လာစေခဲ့သည်။
"ဒါက ဘယ်နေရာလဲ။ ချန်အာ မင်း ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။ ဘာတွေဖြစ်နေတာလဲ"
ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရင်းက စိတ်ရှုပ်ထွေးစွာ နိုးထလာသော်လည်း ယဲ့ချန်ကို မြင်သောအခါ ပျော်ရွှင်စွာဖြင့် နှုတ်ဆက်လိုက်ကြသည်။
"ဦးလေး၂ ဦးလေး၄ ကျုပ် အသုံးမကျခဲ့ဘူး"
ယဲ့ချန်က မျက်ရည်ဝိုင်းလာပြီး ဦးလေးနှစ်ယောက်ရှေ့တွင် ဒူးထောက်လိုက်သည်။ ထိုအချိန်တွင် သူတို့၏စိတ်ထဲတွင် အတိတ်မှဖြစ်ရပ်များ ထွက်ပေါ်လာကာ လက်ရှိအခြေအနေကို နားလည်သွားကြသည်။ ကောင်းကင်နတ်ဆိုးက သူတို့ကို ဓားစာခံအဖြစ် အသုံးပြု၍ ယဲ့ချန်ကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။ သို့သော် သူတို့က ကြောက်လန့်နေရမည့်အစား အလွန်အမင်း တည်ငြိမ်နေကြသည်။ ယဲ့မျိုးနွယ်တွင် သေရမည်ကို ကြောက်သော ငကြောက်တစ်ယောက်မှ မရှိသောကြောင့်ဖြစ်သည်။ မည်သည့်ကပ်ဘေးများ ကြုံတွေ့ရပါစေ၊ မည်သည့်သေရေးရှင်ရေးတိုက်ပွဲများ ရင်ဆိုင်ရပါစေ သေခြင်းတရားကို ကြောက်နေမည်မဟုတ်ပေ။
"ချန်အာ မင်းငယ်ငယ်လေးတည်းက ကြီးလာရင် လူတွေကြားမှာ နဂါးတစ်ကောင်ဖြစ်မယ်ဆိုတာကို ငါ သိနေတယ်။ ဒီနေ့ မင်းရဲ့အောင်မြင်မှုက ယဲ့မျိုးနွယ်ကို ဂုဏ်တက်စေတယ်။ ဦးလေးတို့ကြောင့် မင်း အခက်မတွေ့စေရဘူး။ ငါတို့က ငကြောက်တွေ မဟုတ်ဘူး။ ငါတို့သေသွားရင်တောင် ကောင်းကင်နတ်ဆိုးတွေကို သတ်နိုင်ရင် ပြဿနာမရှိဘူး"
ယဲ့ကျန့်လုံက ယဲ့ချန်ကိုကြည့်၍ ကြင်နာစွာ နှစ်သိမ့်လိုက်သည်။
"ချန်အာ ငါတို့ကြောင့် ကောင်းကင်နတ်ဆိုးတွေ လွတ်မြောက်သွားရင် ငါတို့က အပြစ်သားတွေ ဖြစ်သွားလိမ့်မယ်။ မင်း ဒီလောက်ဒုက္ခခံမနေပါနဲ့။ ငါတို့ကို သူရဲကောင်းတွေလို သေခိုင်းလိုက်ကွာ"
ယဲ့ကျန့်ရင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သေခြင်းနှင့်ရှင်ခြင်းကို ဤသူရဲကောင်းနှစ်ယောက်က မျဥ်းတစ်ကြောင်းခြားထားသကဲ့သို့ပင် မှတ်ယူထားကြသည်။ သူတို့က ကျင့်ကြံဆင့်နိမ့်ကျသော်လည်း ဤစကားများကြောင့် နတ်အစေခံများ၏ လေးစားခြင်းခံလိုက်ရသည်။ ဤကား သတ္တိရှိရှိရဲရင့်သော ယဲ့မျိုးနွယ်ဝင်များ ဖြစ်ကြသည်။ ကွေယုန်၏ရည်ရွယ်ချက်မှာ ယဲ့ချန်၏ဦးလေးနှစ်ယောက်က သေခြင်းကို ကြောက်လန့်၍ လွှတ်ပေးရန်အတွက် ယဲ့ချန်အား ဖိအားပေးစေရန်ဖြစ်သည်။ သို့သော် သူတို့က သေခြင်းကို မကြောက်သောအခါ သူ့အတွက် ဒေါသထွက်စရာ ဖြစ်လာခဲ့သည်။
"ချန်အာ မင်း မုန်အာကိုတွေ့ရင် သူ့အဖေက ငကြောက်တစ်ယောက်မဖြစ်ခဲ့ဘူးဆိုတာ ပြောပေးပါ။ ငါ့ကိုယ်စား သူ့ကို ဂရုစိုက်ပေးပါ။ ကောင်းကင်နတ်ဆိုးတွေမရှိတော့ရင် မုန်အာက လက်ထပ်ပြီး ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်လို့ ငါ ယုံတယ်"
ယဲ့ကျန့်လုံက သားဖြစ်သူအတွက် နောက်ဆုံးအမှာစကား ပြောကြားလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း"
ကွေယုန်က အော်ငေါက်၍ အရှိန်အဝါဖြင့် ဖိအားပေးလိုက်သောအခါ ယဲ့ကျန့်လုံက ရှေ့သို့ ဘန်းခနဲ ငိုက်ကျသွားသော်လည်း အသံတစ်ချက် ထွက်မလာခဲ့ပေ။
"ဦးလေးတို့ကို ချန်အာက သေချာပေါက် ကယ်တင်မယ်"
ယဲ့ချန်က ခေါင်းမော့၍ ကွေယုန်ကို အဆိပ်ပြင်းမြွေတစ်ကောင်ပမာ စိုက်ကြည့်လိုက်သည်။ မျက်ဝန်းအတွင်း ကြယ်ကိုးလုံး လည်ပတ်နေသောကြောင့် ကွေယုန်မှာ အလွန်ကြောက်လန့်သွားပြီး ရှေးဟောင်းသားရဲကြီးတစ်ကောင် စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
"ဂရုစိုက်ပါ ချန်အာ"
ယဲ့ကျန့်လုံက တည်ငြိမ်စွာပြုံးပြလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သောအခါ ကွေယုန်၏လက်သည်းများအတွင်း ခေါင်းက စိုက်ဝင်သွားသောကြောင့် သွေးများ နေရာအနှံ့ ပြန့်ကြဲကုန်သည်။ တစ်ချိန်တည်းမှာပင် ယဲ့ကျန့်ရင်းကလည်း တစ်ချက်ပြုံး၍ နောက်မတွန့်ဘဲ ကိုယ့်ကိုကိုယ်သတ်သေ၍ ကောင်းကင်နတ်ဆိုးလက်ထဲတွင် သေခြင်းတရားနှင့် ရင်ဆိုင်သွားခဲ့သည်။
"ဦးလေး၂ ဦးလေး၄"
ယဲ့ချန်၏မျက်လုံးများ ပြူးကျယ်သွားကာ နာနာကျင်ကျင် အော်ဟစ်လိုက်သည်။ မသေခင်မြင်လိုက်ရသော အပြုံးများက သူ၏နှလုံးသားကို ဓားဖြင့်မွှန်းနေသကဲ့သို့ ထင်မှတ်ရသည်။ နာကျင်မှု၊ ဝမ်းနည်းစိတ်နှင့် ဒေါသစိတ်က ရင်ဘတ်ထဲတွင် ပြည့်နှက်လာခဲ့သည်။
"ခွေးမသား ကောင်းကင်နတ်ဆိုးတွေ အကုန်သတ်ပစ်မယ်"
ယဲ့ချန်က သွေးရူးသွေးတန်းအော်ဟစ်၍ အသိစိတ် ကင်းလွတ်သွားခဲ့သည်။ သူ၏ကိုယ်တွင်းမှ ခရမ်းရောင်မီးများ ဝုန်းခနဲ တောက်လောင်လာပြီး ၎င်းတို့ကြားမှ အနက်ရောင်နတ်ဆိုးချီများ ထွက်ပေါ်လာ၏။
"ဝေါင်း"
ထို့နောက် နတ်ဆိုးချီများသည် ဧရာမယာရှာဘီလူးအဖြစ် ပြောင်းလဲသွားသည်။ သူက အစိမ်းရောင်မျက်နှာနှင့် အစွယ်ရှည်ကြီးများ ပိုင်ဆိုင်ထားပြီး လက်ထဲ၌ သံမဏိခက်ရင်းခွကို ကိုင်ဆောင်ထားသည်။ နင်အာသည်လည်း ဦးလေးနှစ်ယောက် သေဆုံးသွားသောအခါ ဝမ်းနည်းသွားခဲ့ပြီး ယဲ့ချန်၏ကိုယ်တွင်းမှ ယူကြုံးမရဖြစ်မှုကို ကိုယ်ချင်းစာနေခဲ့သည်။ သို့သော် သူမပင် နတ်ဆိုးချီများကို မခုခံနိုင်သဖြင့် ပခုံးပေါ်မှခုန်ထွက်လိုက်ပြီး ဘီလူးကို မော့ကြည့်လိုက်သောအခါ ကန့်သတ်ဒေသတွင် မြင်ခဲ့ရသည်နှင့် တူညီကြောင်း သိလိုက်ရသည်။ ပုံမှန်ဆိုလျှင် ယဲ့ချန်၏ကိုယ်တွင်း၌ နတ်ဆိုးချီ လုံးဝမရှိသောကြောင့် ကြောက်မက်ဖွယ်ချီများကို အာရုံခံမိသောအခါ နင်အာက နားမလည်နိုင် ဖြစ်နေခဲ့သည်။ ထိုအချိန်၌ အသိစိတ်လွတ်နေသော ယဲ့ချန်၏အရှိန်အဝါက စစ်ဧကရာဇ်အဆင့် အတားအဆီးကို ကျော်ဖြတ်သွားကာ နတ်အစေခံအဆင့်သို့ ရောက်သွားခဲ့သည်။ ပို၍ကြောက်စရာကောင်းသည်မှာ သူ့အထက်ရှိ ဘီလူး၏ကျင့်ကြံဆင့်ဖြစ်ပြီး ယဲ့ချန်ထက် လေးငါးဆမက ပို၍သန်မာနေခဲ့သည်။
ကွေယုန်သည် ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရင်းက သတ်သေသွားမည်ဟု ထင်မထားသောကြောင့် ကြောင်အနေခဲ့သည်။ သူက ယဲ့ချန်၏ကိုယ်တွင်းမှ ကြောက်မက်ဖွယ်ဘီလူးကို မြင်လိုက်ရသောအခါ ကျောရိုးတလျှောက် ကြောက်စိတ်များ စိမ့်တက်လာခဲ့သည်။ ဘီလူး၏အနီရောင်မျက်ဝန်းများနှင့် စိုက်ကြည့်ခံလိုက်ရသောအခါ တစ်ကိုယ်လုံးတုန်ယင်သည်အထိ ကြောက်လန့်နေခဲ့သည်။
"ဘာတွေဖြစ်သွားတာလဲ။ ယဲ့ချန်ရဲ့ နတ်ဆိုးချီက ဘာကြောင့် ကောင်းကင်နတ်ဆိုးထက် ပိုပြီးသန်မာနေတာလဲ။ ဒီနတ်ဆိုးချီတွေ ဘယ်က ထွက်ပေါ်လာတာလဲ"
ကုယုန်တစ်ယောက်တည်းသာမက ကျန်ကောင်းကင်နတ်ဆိုးများပါ ကြောက်စိတ်ကို ခံစားလိုက်ရသည်။ နဂါးဘုရင်နှင့် နတ်အစေခံများမှာ ယဲ့ချန်၏နတ်ဆိုးချီများကြောင့် စိတ်ရှုပ်သွားကြပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"သတ်စမ်းကွာ"
နဂါးဘုရင်သည် ဇနီးနှင့် သမီး၏ဝိညာဥ်များကို ဖမ်းချုပ်ထားသော ကွေကြွယ်ကို စိုက်ကြည့်ကာ အံကြိတ်၍ အမိန့်ပေးလိုက်သည်။ ရန်သူများ လွတ်မြောက်သွားလျှင် ကောင်းကင်မူလကြယ်သို့ ကောင်းကင်နတ်ဆိုးများ ထပ်မံခေါ်ဆောင်လာမည်ဖြစ်ရာ သူ၏ကိုယ်ရေးကိုယ်တာခံစားချက်များကို ဘေးချိတ်ထားခဲ့ရသည်။ သူက ဒေါသကို ဖောက်ထုတ်ရန်အတွက် ကွေကြွယ်ကို ဓားဖြင့် အားကုန်ပိုင်းချလိုက်၏။
"နဂါးဘုရင် မင်းက သူတို့အသက်ကို တကယ်ဂရုမစိုက်ဘူးလား။ သေစမ်း"
ကွေကြွယ်က ဒေါသတကြီးဖြင့် ညာလက်ကို ဖျစ်ညှစ်လိုက်သောအခါ ရာချီသောဝိညာဥ်များ ပျက်စီးကုန်သည်။
"သတ်ကြ"
ကောင်းကင်မူလကြယ်၏ နတ်အစေခံများသည် ဒေါသတကြီးကြုံးဝါး၍ ကျားနာများပမာ ရန်သူကို ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။ သူတို့က ရူးသွပ်သွားဟန်ဖြင့် မည်သည်ကိုမှဂရုမစိုက်ဘဲ တိုက်ပွဲဝင်နေကြသည်။
"သေစမ်း"
ယဲ့ချန်၏ သတ်ဖြတ်လိုစိတ်က ဝုန်းခနဲ ထွက်ပေါ်လာပြီး ဘီလူးက ကွေ့ယုန်ကို ခုန်အုပ်လိုက်သည်။ ၎င်းက ကြောက်စရာကောင်းလွန်းသဖြင့် ကွေ့ယုန်က ခုခံရန်ပင် မတွေးနိုင်ဘဲ လှည့်ပြေးတော့သည်။ သို့သော် သစ်တောစောင့်မျိုးနွယ်ဝင်သုံးယောက်က သစ်ပင်ကြီးများအဖြစ် ပြောင်းလဲကာ လမ်းပိတ်ထားပြီးဖြစ်သည်။ ဘီလူး၏ခက်ရင်းကြီးက ကွေယုန်၏ခေါင်းထံ ကျဆင်းလာသဖြင့် သူက ဓားတစ်လက်ကို ကပျာကယာထုတ်၍ ခုခံလိုက်ရ၏။
"ဘုန်း"
ကွေယုန်သည် ခက်ရင်းကို ခုခံနိုင်လိုက်သော်လည်း တစ်ဖက်လူက အစွမ်းထက်လွန်းနေသဖြင့် မျက်နှာပျက်သွားခဲ့သည်။ သူက ထွက်ပြေးချင်သော်လည်း သစ်တောစောင့်မျိုးနွယ်၏အစီအရင်ကြောင့် ပိတ်မိနေပြီး အခွင့်အရေးမရခဲ့ပေ။ ခက်ရင်းကြီးက နောက်တစ်ကြိမ်ကျဆင်းလာပြီး လေထုကို ထိုးဖောက်လာသဖြင့် မီးပွားများ တဖွားဖွား ထွက်ပေါ်နေသည်။
"ဘုန်း ဘုန်း ဘုန်း"
ဘီလူး၏တိုက်ကွက်များက သိုင်းကွက်များမဟုတ်ဘဲ အားသုံး၍ အကြမ်းပတမ်း တိုက်ခိုက်ခြင်းသက်သက်ဖြစ်သည်။ ကွေယုန်က အစွမ်းကုန်ခုခံသော်လည်း ခွန်အားချင်း လုံးဝမယှဥ်နိုင်သောကြောင့် ငါးခါမြောက်ခုခံအပြီး၌ ဓားက ကျိုးပဲ့သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပုံကျသွားကာ ထွက်ပြေးချင်နေခဲ့သည်။ ဘီလူးက အနီရောင်မျက်လုံးကြီးများဖြင့် အေးစက်စက်ကြည့်နေရင်း ခက်ရင်းကြီးကို ထိုးစိုက်လိုက်သောအခါ ကွေယုန်ကို မြေပြင်၌ တံစို့ရိုက်လိုက်သကဲ့သို့ ထင်မှတ်ရသည်။ သူက နာကျင်စွာအော်ဟစ်၍ ရုန်းကန်နေပါသော်လည်း အသုံးမဝင်ချေ။
ယဲ့ချန်က ဒေါသမျက်လုံးများဖြင့် ကွေယုန်ကိုစိုက်ကြည့်နေကာ သူ၏ခံစားချက်များ သက်ရောက်မှုကြောင့် ဘီလူးက ပို၍ရက်စက်ကြမ်းကြုတ်လာသည်။ သူက ခက်ရင်းခွကိုမြှောက်၍ တံစို့အထိုးခံထားရသော ကွေယုန်ကို ပါးစပ်ပြဲပြဲကြီးဖြင့် ကိုက်ချလိုက်လေသည်။