အနိုင်ရခြင်း
Vol. 53 Ch. 745
"အား"
ကွေယုန်က နာကျင်လွန်းသဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။ ဘီလူးက သူ့ကို အရှင်လတ်လတ် ကိုက်စားနေသောကြောင့် မည်မျှရုန်းကန်ပါစေ၊ အကြောင်းမထူးသဖြင့် နောက်ဆုံး၌ အသားတစ်စပင်မကျန်အောင် စားသောက်ခံလိုက်ရသည်။ ဤမြင်ကွင်းကြောင့် ကျန်ကောင်းကင်နတ်ဆိုးများမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။ ဘီလူး၏ အရှင်လတ်လတ် ကိုက်စားခံလိုက်ရသည့် ကွေယုန်၏အော်သံက သူတို့၏နားအတွင်း စွဲထင်နေခဲ့သည်။ နဂါးဘုရင်တို့ပင် ၎င်းက မည်သည့်အရာဖြစ်ကြောင်း မသိသောကြောင့် ထိတ်လန့်နေကြသည်။ ဘီလူးက ကွေယုန်ကို စားသောက်ပြီးနောက် မုလောင်တို့ကို လှည့်ကြည့်လာသဖြင့် သူတို့က ခေါင်းနားပန်းကြီးသွားကာ နောက်ဆုတ်လိုက်ကြသည်။ သို့သော် ယဲ့ချန်က အသိစိတ်ဝင်လာဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သောကြောင့် ၎င်း၏အနီရောင်မျက်လုံးများက ကြည်လင်သွားကာ အဝေးရှိကောင်းကင်နတ်ဆိုးတစ်ကောင်ထံ အကြည့်ရောက်သွားသည်။
"ဝေါင်း"
ဘီလူးက အော်ဟစ်ကြုံးဝါး၍ ရန်သူများထံ တိုးဝင်သွားသောအခါတွင်မှ မုလောင်တို့က သက်ပြင်းကိုယ်စီချ၍ ကူညီရန်အတွက် လိုက်ပါသွားကြသည်။ ကောင်းကင်မူလကြယ်က အရေအတွက် အသာစီးရနေသည့်အပြင် ဓားစာခံများ သေဆုံးသွားသောကြောင့် လူတိုင်းက ဒေါသကြောင့် ရူးရူးမိုက်မိုက် တိုက်ခိုက်နေကြသည်။ ဘီလူးက ကွေယုန်ကို စားသောက်ပြီးနောက် အရှိန်အဝါမြင့်တက်လာကာ ရန်သူများအနက် အစွမ်းအထက်ဆုံးဖြစ်သော ကွေကြွယ်ကို ပစ်မှတ်ထားလိုက်၏။ ကွေကြွယ်က ဒေါသတကြီးဖြင့် လက်ဝါးနှင့် ရိုက်ချလိုက်သောအခါ လက်ဝါးအလင်းက မြန်လွန်းသဖြင့် မျက်လုံးနှင့်ပင် မမြင်လိုက်ချေ။
"ဘန်း"
ဘီလူး၏ခန္ဓာကိုယ်က ခါးအောက်ပိုင်းမှ ပြတ်ထွက်သွားသော်လည်း အပေါ်ပိုင်းက ရှေ့ဆက်တိုးလာ၍ ခက်ရင်းကြီးနှင့် ထိုးစိုက်လိုက်သည်။ ကွေကြွယ်သည် တစ်ဖက်လူ၏ကြမ်းကြုတ်မှုကြောင့် မျက်နှာပျက်သွားပြီး လက်သည်းများထုတ်ဖော်ကာ ခုခံလိုက်ရသည်။ သူက ဘီလူးနှင့် အလုပ်များနေစဥ် နဂါးဘုရင်က အခွင့်ကောင်းယူ၍ ဓားဖြင့်တိုက်ခိုက်လာသောကြောင့် လက်တစ်ဖက်ဖြတ်ခံလိုက်ရပြီး သွေးများ တသွင်သွင် စီးကျလာ၏။ ကွေကြွယ်က နဂါးဘုရင်နှင့် ဘီလူးကို နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရသော်လည်း အချိန်တစ်ခုအကြာတွင် ဘီလူးကိုအနိုင်ယူ၍ ဖျက်ဆီးနိုင်လိုက်သည်။ ထိုအချိန်တွင် ယဲ့ချန်က သတိလစ်သွား၍ ကောင်းကင်မှ ထိုးကျလာသဖြင့် နင်အာက လူအသွင်ပြောင်းကာ ပွေ့ထားလိုက်ရသည်။
ဘီလူးက အသတ်ခံလိုက်ရသော်လည်း နဂါးဘုရင်အတွက် အခွင့်အရေးကောင်းကို ဖန်တီးပေးနိုင်ခဲ့သည်။ အဆင့်မြင့်ကျင့်ကြံသူများ၏ တိုက်ပွဲတွင် အမှားတစ်ခုက သေခြင်းတရားသို့ ဦးတည်နေသဖြင့် သူ၏ဓားချက်တွင် ကွေကြွယ်၏နောက်လက်တစ်ဖက် ဖြတ်ခံလိုက်ရပြန်သည်။ ထို့နောက် ရွှေရောင်ဓားအလင်းသည် ကွေကြွယ်၏ရင်ဘတ်ကို ထိုးဖောက်သွားပြီး အကြွင်းအကျန်ဝိညာဥ်ကိုပင် သူက အလွတ်မပေးဘဲ အလုံးစုံ ဖျက်ဆီးပစ်လိုက်သည်။
ကွေကြွယ်နှင့် ကွေယုန် သေဆုံးသွားသောအခါ ကျန်ရစ်သော ကောင်းကင်နတ်ဆိုးငါးယောက်တွင် နဂါးဘုရင်ကို တားမြစ်နိုင်သူမရှိချေ။ သူတို့က တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရပြီး ကောင်းကင်နတ်ဆိုးရှစ်ကောင်လုံး ဇီဝိန်ချုပ်သွားခဲ့သည်။ ဤတိုက်ပွဲက မျှော်လင့်ထားသည်ထက် ချောမွေ့နေပြီး နတ်အစေခံသုံးယောက် အပြင်းအထန်ဒဏ်ရာရပြီး နှစ်ယောက်က အပေါ်ယံဒဏ်ရာများရခဲ့သော်လည်း ရန်သူအားလုံးကို သုတ်သင်နိုင်ခဲ့သောကြောင့် အောင်ပွဲရရှိခဲ့သည်။ ဤတိုက်ပွဲတွင် ယဲ့ချန်က ကြီးကြီးမားမား အကျိုးဆောင်နိုင်ခဲ့ပြီး သူကသာ မကူညီပေးလျှင် ကွေကြွယ်ကို အလွယ်တကူသတ်နိုင်မည်မဟုတ်ရာ အောင်ပွဲ အလွယ်တကူ ရမည်မဟုတ်ပေ။ သို့သော်လည်း ဘီလူး၏ နတ်ဆိုးချီများက နဂါးဘုရင်တို့ကို စိုးရိမ်စေခဲ့သည်။
"နဂါးဘုရင် စစ်ဧကရာဇ်ချင်ရဲ့ ဒဏ်ရာထဲမှာ ကောင်းကင်နတ်ဆိုးချီတွေ ရောက်နေပြီ"
စစ်ဧကရာဇ်တစ်ယောက် ကအော်ဟစ်သတိပေးလိုက်သဖြင့် နဂါးဘုရင်သည် လျင်မြန်စွာဖြင့် ကောင်းကင်ချီများကို ဧကရာဇ်ချင်၏ဒဏ်ရာအတွင်း ထည့်သွင်းကာ နတ်ဆိုးချီများကို လောင်ကျွမ်းပစ်လိုက်သည်။ ကံကောင်းစွာဖြင့် ပြဿနာကြီး ဖြစ်မနေခဲ့ပေ။ တိုက်ပွဲအပြီးတွင် ကောင်းကင်မူလကြယ်သည် လတ်တလောခြိမ်းခြောက်မှုမှ လွတ်မြောက်သွားခဲ့သော်လည်း အနာဂတ်၌ ပိုမိုများပြားသော ကောင်းကင်နတ်ဆိုးများ ထပ်မံရောက်ရှိလာပေလိမ့်မည်။ ရန်သူများအားလုံး သေဆုံးသည်ကို သေချာသောအခါ သစ်သားစိမ်းဘုရင်သည် တျန်းယွမ်မြို့ရိုးမှ အလုံးစုံဓားအစီအရင်ကို ရုတ်သိမ်းခဲ့သည်။ ၎င်းက ဤတိုက်ပွဲ၌ ကောင်းကင်နတ်ဆိုးတစ်ကောင်ကိုသာ သတ်နိုင်ခဲ့သော်လည်း ရန်သူများမထွက်ပြေးနိုင်စေရန် အဓိကနေရာမှ တားမြစ်ပေးခဲ့သည်။ သို့မဟုတ်ပါက ရန်သူများ အသားကုန်ရုန်းကန်၍ ထွက်ပြေးလျှင် နဂါးဘုရင်တို့က တားဆီးနိုင်စွမ်းမရှိချေ။ ကောင်းကင်နတ်ဆိုးများလက်ထဲတွင် သေဆုံးခဲ့ရသော ချစ်ခင်ရသူများကြောင့် သူတို့က အပြည့်အဝ မပျော်နိုင်ကြပေ။ ရန်သူများက ချစ်ခင်ရသူများ၏ အသက်များစွာကို နုတ်ယူသွားသည့်အပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်နှင့် စစ်ပွဲက ပြီးဆုံးရန် ဝေးကွာနေဆဲပင်ဖြစ်သည်။
နံနက်ခင်းနေရောင်အောက်တွင် တစ်မြို့လုံး သွေးချင်းချင်းနီနေပြီး လူတိုင်းက ခေါင်းငုံ့၍ ဝမ်းနည်းပူဆွေးနေကြသည်။ စစ်မြေပြင်ကို ရှင်းလင်းရန် လူအချို့ထားခဲ့ပြီးနောက် နဂါးဘုရင်တို့က မြို့ကိုစောင့်ကြပ်ရန်အတွက် ပြန်လည်နေရာယူလိုက်ကြသည်။ ယဲ့ချန်ကိုမူ ယဲ့လော့နှင့် နင်အာက ရန်ယွင်မြို့တော်သို့ ပြန်လည်ခေါ်ဆောင်သွားပြီဖြစ်သည်။ သို့သော် တျန်းယွမ်မြို့၏အထက် စကြဝဠာအတွင်း နတ်ဆိုးယာဥ်တစ်စီး ဖြတ်သန်းသွားသည်ကို မည်သူမှ သတိမထားမိခဲ့ပေ။ ထိုယာဥ်ပေါ်တွင် ကောင်းကင်နတ်ဆိုးသုံးကောင်အပြင် ကျိယွမ်ကြယ်၏ သစ္စာဖောက်ရွှမ်လင်းလည်း ရှိနေခဲ့သည်။
"ငါတို့ နောက်ကျသွားတယ်"
ရွှမ်လင်းက နောင်တရနေဟန်ဖြင့် ရေရွတ်လိုက်သည်။
"ကွေကြွယ်တို့ အကုန်အသတ်ခံလိုက်ရပြီဆိုတော့ သခင်ရွှမ်ကုန်းကို သတင်းပြန်ပို့ရမယ်"
ကောင်းကင်နတ်ဆိုးတစ်ကောင်က ပြောလိုက်ခြင်းဖြစ်သည်။ ရွှမ်လင်းသည် ယဲ့ချန်၏ဝိညာဥ်အသိစိတ်မှ ဖြစ်ပေါ်လာသော ဘီလူးကို မြင်ခဲ့ရသဖြင့် အတွေးနက်နေသည်။ ဘီလူး၏နတ်ဆိုးချီက ကြောက်မက်ဖွယ်ကောင်းလွန်းသည့်အပြင် ယဲ့ချန်၏တိုးတက်နှုန်းကလည်း မြန်ဆန်နေသည်။ အချိန်တိုအတွင်း သူက တာအိုနတ်အဆင့်မှ နတ်အစေခံအဆင့်နှင့် တူညီသော ခွန်အားမျိုးအထိ ပိုင်ဆိုင်လာရာ ဤပါရမီမျိုးက ကြယ်သခင်များနှင့်ပင် ယှဥ်ပြိုင်နိုင်နေသည်။ ထို့နောက် နတ်ဆိုးယာဥ်က စကြဝဠာအတွင်း လျင်မြန်စွာထွက်ခွာသွားပြီး လျှို့ဝှက်ကျင့်စဥ်ဖြင့် ဖုံးကွယ်ထားသောကြောင့် နဂါးဘုရင်ပင် သတိမပြုမိခဲ့ပေ။ ဤတိုက်ပွဲတွင် မြို့စောင့်တပ်သားများစွာ သေဆုံးသွားသော်လည်း ရလဒ်က ကျေနပ်စရာဖြစ်သည်။ ကောင်းကင်နတ်ဆိုးရှစ်ကောင်လုံး အသတ်ခံလိုက်ရပြီဟူသော သတင်းက ပျံ့နှံ့သွားချိန်တွင် ကောင်းကင်မူလကြယ်မှ လူတိုင်း ပျော်ရွှင်ဝမ်းမြောက်နေကြသည်။ ကောင်းကင်နတ်ဆိုးများ ထပ်မံရောက်ရှိလာမည်ကို သိထားသော်လည်း သူတို့၏စိတ်ဓာတ်ကို တက်ကြွစေသည်။
တိုက်ပွဲတွင် ယဲ့ချန်၏အရည်အချင်းက ပြိုင်ဘက်ကင်းထွက်ပေါ်ခဲ့ပြီး နဂါးဘုရင်သည် သူ၏အောင်မြင်မှုအကြောင်းကိုသာ သတင်းပြန့်စေ၍ ဘီလူးအကြောင်းကို သတင်းအမှောင်ချထားစေခဲ့သည်။ မူလတွင် ကျင့်ကြံသူအများစုသည် နဂါးဘုရင်က ယဲ့ချန်အပေါ် မျက်နှာသာပေးခြင်းကို စောဒကတက်ခဲ့ကြသော်လည်း ဤတိုက်ပွဲကြောင့် လူတိုင်း ပါးစပ်ပိတ်သွားကြသည်။ စောဒကတက်ရမည့်အစား သူတို့က ယဲ့ချန်ကို အလွန်ကျေးဇူးတင်နေပြီး ယဲ့မျိုးနွယ်၏ဂုဏ်သတင်းက အထွတ်အထိပ်သို့ ရောက်ရှိလာကြသည်။ သစ်တောစောင့်မျိုးနွယ်ဝင်သုံးယောက်သည် ကျိယွမ်ကြယ် တိုက်ခိုက်ခံရမည် စိုးရိမ်သောကြောင့် တိုက်ပွဲပြီးပြီးချင်း နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားကြသည်။ သစ်သားစိမ်းဘုရင်၊ သိုင်းဘုရင်နှင့် နတ်မြေခွေးဘုရင်မလည်း သူတို့နှင့်အတူ လိုက်ပါလာပြီး ဤတိုက်ပွဲကြောင့် ကြယ်နှစ်ခုကြားမှ မဟာမိတ်က ပိုမိုခိုင်မာလာခဲ့သည်။
ရန်ယွင်မြို့၊ ယဲ့မျိုးနွယ်အိမ်တော်အတွင်း ယဲ့ချန်နိုးထလာပြီး မျက်လုံးပွင့်လာသောအခါ ဇနီးသည်လေးယောက်က စိုးရိမ်တကြီး စောင့်နေသည်ကို တွေ့လိုက်ရ၏။
"ငါ အဆင်ပြေပါတယ်"
ယဲ့ချန်က အားတင်း၍ ပြုံးပြလိုက်သော်လည်း သေဆုံးသွားသည့် ဦးလေးနှစ်ယောက်အကြောင်း တွေးမိသောအခါ မျက်နှာပျက်သွားခဲ့သည်။ သူ၏အကြည့်က လူအုပ်ကြားတွင်ရှိနေသော ယဲ့မုန်ထံ ကျရောက်သွားသောအခါ ငိုထားသဖြင့် မျက်လုံးများ နီရဲနေသည်ကို မြင်လိုက်ရသည်။
"ယဲ့မုန် လာပါဦး"
ယဲ့ကျန့်လုံ၏ အဖြစ်ကြောင့် ယဲ့ချန်၏ရင်ထဲတွင် နာကျင်နေခဲ့သည်။
"အစ်ကိုကြီး"
ယဲ့မုန်က ယဲ့ချန်၏အိပ်ရာအနီးသို့ တုန်ရီစွာ ချဥ်းကပ်လာသည်။
"ငါ တောင်းပန်ပါတယ်။ သူတို့ကို မကယ်ပေးနိုင်ခဲ့ဘူး"
ယဲ့ချန်က ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်သည်။
"အမယဲ့လော့နဲ့ အမနင်အာဆီကနေ ကြားထားပြီးပါပြီ။ အဖေက သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အစ်ကိုကြီးရဲ့အပြစ်လည်း မဟုတ်ပါဘူး။ ကျုပ်ကိုယ်တိုင်က အသုံးမကျတာပါ"
ယဲ့မုန်က ခေါင်းယမ်း၍ စို့နင့်နေသော လေသံဖြင့် ဖြေလိုက်သည်။ ဖြစ်ပျက်ခဲ့သော အခြေအနေများအရ သတ်သေသွားသော ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရင်းကို ကယ်တင်ရန် ယဲ့ချန်အတွက် မဖြစ်နိုင်ပေ။ သူတို့၏သေဆုံးမှုကြောင့် သူက ယဲ့မုန်အပေါ် အပြစ်ရှိစိတ်ကို ခံစားနေရပြီး မည်သို့သောစကားမျိုးဖြင့် နှစ်သိမ့်ရမည်ကို မတွေးနိုင်ခဲ့ပေ။ ကောင်းကင်နတ်ဆိုးများကို အနိုင်ယူနိုင်ခဲ့သော်လည်း ယဲ့မျိုးနွယ်အတွင်း ဝမ်းနည်းမှုများပြည့်နှက်နေပြီး ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်တန်းစသူတို့ အားလုံးက ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရင်း၏ အုတ်ဂူများရှေ့တွင် ခုနစ်ရက်တိုင်တိုင် အရိုအသေပေးခဲ့ကြသည်။
ယဲ့ချန်သည် သတိပြန်ရလာပြီးနောက် ဝိညာဥ်အသိစိတ်ဖြင့် ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သောအခါ စစ်ဧကရာဇ်အဆင့်တစ်ဆယ်သို့ ရောက်ရှိသွားကာ ခွန်အားအရာ၌ နတ်အစေခံအဆင့်တစ်အောက် မနိမ့်ပေ။ သို့သော်လည်း ဘီလူးက မည်သည့်အချိန်ကမှ ထွက်ပေါ်မလာဖူးသကဲ့သို့ နတ်ဆိုးချီများ လုံးဝပျောက်ကွယ်နေသည်။ သူက ဝိညာဥ်အသိစိတ်ကို အသွင်ပြောင်းလိုက်သော်လည်း ရွှေရောင်ချပ်ဝတ်စစ်သည်တော်သာ ထွက်ပေါ်လာခဲ့သည်။
"နတ်ဆိုးချီတွေ ဘယ်ရောက်သွားကြတာလဲ။ ဘာကြောင့် သဲလွန်စလေးတောင် မကျန်ရတာလဲ"
ယဲ့ချန်က ပဟေဠိဖြစ်နေစဥ် နဂါးဘုရင်၏အသံ ထွက်ပေါ်လာခဲ့သည်။
"ယဲ့ချန် မင်း သတိရပြီလား။ ခန္ဓာကိုယ်ရော ဘယ်လိုနေသေးလဲ"
"အဆင်ပြေပါတယ်"
ယဲ့ချန်၏ဒဏ်ရာများ လုံးဝကောင်းမွန်သွားသည့်အပြင် ယခင်ကထက် ပို၍အစွမ်းထက်လာခဲ့သည်။
"မင်းရဲ့ဝိညာဥ်အသိစိတ်က ဘယ်လိုဖြစ်တာလဲ။ ဘာကြောင့် နတ်ဆိုးချီတွေ အများကြီး ထွက်လာရတာလဲ"
နဂါးဘုရင်က မေးလိုက်ခြင်းဖြစ်သည်။
"ကျုပ်လည်း မသိဘူး"
ယဲ့ချန်ကိုယ်တိုင်လည်း ဤကိစ္စကို အဖြေရှာမရသောကြောင့် ခေါင်းယမ်းလိုက်သည်။
"မင်းရဲ့ခန္ဓာကိုယ်မှာ တစ်ခုခုထူးဆန်းနေတာ ရှိလား"
နဂါးဘုရင်က ဝိညာဥ်အသိစိတ်ဖြင့် ယဲ့ချန်၏ရုပ်ခန္ဓာကို စစ်ဆေးလိုက်သော်လည်း မှားယွင်းနေသောအရာ မရှိပေ။
"ထူးဆန်းတယ်။ နတ်ဆိုးချီတွေထွက်လာတာ သေချာပေမယ့် ဘာကြောင့် သဲလွန်စ မရှိရတာလဲ"
နဂါးဘုရင်က ရေရွတ်မိလိုက်လေသည်။