နတ်ဧကရာဇ်
Vol. 88 Ch. 1213
စစ်ပွဲက ရောက်ရှိလာပြီ ဖြစ်၏။
အမှောင်မြစ် ပေါ်ထွက်လာမှုနှင့် ကျောက်ပြားကမ္ဘာအတွင်း မိုးကောင်းကင်တာအိုနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုက အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံး၏ စည်းမျဥ်းဥပဒေသများအပေါ် အပြင်းအထန် ထိခိုက်သွားစေသည်။
မိုးကောင်းကင်တာအိုကြားမှ ထိပ်တိုက်တွေ့ဆုံမှုက ကြယ်တာရာကောင်းကင်၏ လုပ်ဆောင်ချက်ကို သက်ရောက်မှုရှိလာစေပြီး လူမှုအဖွဲ့အစည်းများစွာက စတင်ပြိုလဲမည့် အရိပ်အယောင်များ ပြသလာသည်။ ထိုအရာက ကြယ်တာရာကောင်းကင်အထက် မုန်တိုင်းများ ပေါ်ထွက်လာစေသလို ကျောက်ပြားကမ္ဘာတစ်ခုလုံးကို အမှောင်ထုနှင့် ဖရိုဖရဲဖြစ်မှုအတွင်း ကျရောက်သွားစေသည်။
သေခြင်းတရားကို ကိုယ်စားပြုသည့် အမှောင်ဂိုဏ်းက ပျောက်ဆုံးနေသော လူမှုအဖွဲ့အစည်းမှ ဝိညာဥ်များစွာကို ယူဆောင်လာခဲ့သည်။ သူတို့က ဖော်ပြရခက်သည့် စွမ်းအားကို ဖွဲ့စည်းကာ အဆုံးမဲ့မျိုးနွယ် မဟာမိတ်ကို တိုက်ခိုက်လာသည်။
တိုက်ပွဲများက နေရာအနှံ့ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပေါ်နေ၏။
မိုးကောင်းကင်တာအို၏ ဖိနှိပ်မှုနှင့် တွန်းကန်မှုတို့ကြောင့် ကြယ်တာရာကောင်းကင်တစ်ခုလုံးက နေရာများစွာတွင် ပြိုလဲပျက်စီးသွားလေ၏။ ကျောက်ပြားကမ္ဘာအတွင်း ဆူညံသံများက ပဲ့တင်ထွက်နေသည်။
ကျင့်ကြံသူများအတွက် သက်ရောက်မှုကမူ ပိုမိုပြင်းထန်လှ၏။ စည်းမျဥ်းဥပဒေသများ ပြိုလဲသွားမှုက အဆုံးမဲ့မိုးကောင်းကင်တာအို၏ တာအိုကို ကျင့်ကြံထားသည့် သူများက သူတို့၏ တာအိုကို ဆက်လက်နားလည်အောင် မလုပ်နိုင်ကြတော့ပေ။ သူတို့၏ ကျင့်ကြံဆင့်က ဖရိုဖရဲ ဖြစ်လာ၏။
အဆုံးမဲ့မိုးကောင်းကင်တာအို ပြိုလဲသွားသည်နှင့် သူတို့၏ ကျင့်ကြံဆင့်က အလကား ဖြစ်သွားလိမ့်မည်။ သူတို့က အမှောင်တာအိုကို ပြောင်းလဲလျှင်ပင် စောစီးစွာ မပြောင်းလဲသရွေ့ အုတ်မြစ်အပေါ် သက်ရောက်မှုရှိလာမည်သာ ဖြစ်သည်။
မဟာလက်ဝဲတာအိုနယ်မြေနှင့် မဟာဒိဋ္ဌိနယ်မြေတို့က တိုက်ပွဲအတွင်း ဝင်ရောက်မဆင်နွှဲလိုဘဲ ပထမဦးဆုံး သက်ရောက်ခံရသည့်နေရာက အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေ ဖြစ်နေလျှင်ပင် ရှေးခေတ်အချိန်ကတည်းက ဖွဲ့စည်းထားသည့် မဟာမိတ် သဘောတူညီချက်အရ ထိုနယ်မြေနှစ်ခုကလည်း ဝင်ရောက်တိုက်ခိုက်ရုံမှအပ ရွေးချယ်စရာ မရှိပေ။
ဂိုဏ်းကြီးများကမူ ထိုနယ်မြေအတွင်း ပထမဦးဆုံး တိုက်ခိုက်ကြသူများ မဟုတ်ပေ။ ထို့ကြောင့် သေးငယ်သည့် လူမှုအဖွဲ့အစည်းများနှင့် ဂိုဏ်းငယ်များက အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေဆီသွားကာ တိုက်ပွဲကို ဝင်ရောက်ဆင်နွှဲနေရသည်။
စကြဝဠာအဆင့် တိုက်ခိုက်စွမ်းရည်ရှိထားသည့် မျိုးနွယ်များ သို့မဟုတ် ဂိုဏ်းများကသာ တိုက်ပွဲ၏ အစောပိုင်း အခြေအနေတွင် ဘေးထွက်နေနိုင်ပြီး သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြသည်။ သို့သော်လည်း စကြဝဠာအဆင့် တိုက်ခိုက်ရေးစွမ်းအား ရှိထားသည့်သူအားလုံးက ဘေးထွက်နေနိုင်ကြခြင်း မဟုတ်ပေ။ တချို့က ကံအကြောင်းတရားကြောင့် တိုက်ပွဲအတွင်း ဝင်ရောက်ဆင်နွှဲရသည်။
ရှဲ့မိသားစုကလည်း တစ်ဦးအပါအဝင် ဖြစ်၏။ ဤကြီးမားလှသည့် မိသားစုကြီးက ယခင်က အဆုံးမဲ့မျိုးနွယ်အပေါ် လောင်းကြေးထပ်ပြီးသည့်နောက်တွင် စည်ပင်ကြွယ်ဝလာခဲ့သည်။ ရှဲ့မိသားစု၏ ခေါင်းဆောင်က တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့၏။
တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေလေသည်။ တိုက်ပွဲက အလယ်ပိုင်း အဆုံးမဲ့တာအိုနယ်မြေထဲ ဖြစ်နေသည့်အတွက် မဟာလက်ဝဲတာအိုနယ်မြေနှင့် မဟာဒိဋ္ဌိနယ်မြေတို့၌ သက်ရောက်မှုများစွာ မရှိကြသော်လည်း တိုက်ပွဲထဲ ဂိုဏ်းငယ်များစွာ ပါဝင်ဆင်နွှဲမှုကြောင့် ဗလာကျင်းနေ၏။ စစ်ပွဲ ဆက်ဖြစ်နေပါက သူတို့နယ်မြေဘက် သက်ရောက်မှုခံရဖို့ အချိန်တစ်ခုမျှသာ လိုအပ်လိမ့်မည်။
မဟာလက်ဝဲတာအိုနယ်မြေ၏ နေအဖွဲ့အစည်းကမူ အဆုံးမဲ့တာအိုနယ်မြေထဲ ကင်းရှင်းသည့် နယ်မြေထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ တစ်ဖက်တွင် ဝမ်ပေါင်လဲ့နှင့် မီးတောက်ခေါင်းဆောင်ကြီး၏ တိုက်ခိုက်စွမ်းအားကြောင့်ဖြစ်ပြီး တခြားတစ်ဖက်တွင်မူ လောကအဆင့်မြင့်ချပ်ပြားဝိုင်း၏ ကာကွယ်မှုကြောင့်လည်း ဖြစ်၏။
ထိုအရာများကြောင့် အဆုံးမဲ့မျိုးနွယ်က အရင်စတင်၍ ရန်မစဝံ့ပေ။
ဝမ်ပေါင်လဲ့၏ အတိတ်မှ အဆင့်အတန်းက အမှောင်ဂိုဏ်းအား သူ့ကို မနှောင့်ယှက်အောင် တားနိုင်သည်။
ထို့ကြောင့် ကျောက်ပြားကမ္ဘာအတွင်း ဖရိုဖရဲများ စတင်ဖြစ်နေစဥ် နေအဖွဲ့အစည်းရှိ အရာအားလုံးကမူ ပုံမှန်အတိုင်း လည်ပတ်နေသည်။
“ကျွန်တော်ရဲ့ တာအိုက လွတ်လပ်မှု။ အခု ကျွန်တော်ဆီမှာရှိတဲ့ တစ်ခုတည်းသော အနှောင်အဖွဲ့က ကျောက်ပြားကမ္ဘာပဲ။ အဲဒါဆိုတော့ လေဟာနယ်ကို ဖြိုခွင်းမှပဲ နောက်လမ်းစဥ်ကို လျှောက်လှမ်းနိုင်လိမ့််မယ်” ထိုစဥ် နေအဖွဲ့အစည်းအတွင်း ဝမ်ပေါင်လဲ့ နေထိုင်ခဲ့ဖူးသည့် အင်္ဂါဂြိုဟ်ပေါ်ရှိ မြို့အသစ်တွင် သူက ထိုင်ကာ မီးတောက်ခေါင်းဆောင်ကြီးကို ရှေ့တွင် ထားရင်း အဖန်ရည် သောက်သုံးကာ စကားပြောနေကြသည်။
လေဟာနယ်က ကြယ်ပင်လယ်နှင့် စကြဝဠာကို ကိုယ်စားပြု၏။ လေဟာနယ်ကို ဖြိုခွင်းခြင်းက စကြဝဠာကို ချိုးဖောက်ခြင်းနှင့် ယှဥ်နိုင်သော်လည်း စကြဝဠာကို ပြန်လည်စတင်ခြင်းနှင့်ပင် ယှဥ်နိုင်သည်။
တစ်ချိန်တည်းဆိုသလို နောက်ထပ် အဓိပ္ပာယ်တစ်ခု ရှိနေသေး၏။ ထိုအရာက ထွက်သွားခြင်း ဖြစ်သည်။
မီးတောက်ခေါင်းဆောင်ကြီးက ထိုအကြောင်းကို ကြားသည့်အခါ မျက်ဝန်းအထက် အတွေးနက်သည့် အမူအရာ ပေါ်ထွက်လာသည်။ ဆရာတပည့်နှစ်ယောက်တည်းသာ ရှိနေခြင်း မဟုတ်ဘဲ ကျောက်ယမုန့်နှင့် ကျိုးရှောင်ရတို့ကလည်း သူ့ကို အဖော်ပြုပေးနေကြသည်။ ဒုတိယနံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးကလည်း မနီးမဝေးတွင် တင်ပျဥ်ခွေထိုင်လျက် ရှိနေ၏။ သူ့ခန္ဓာကိုယ်က မှိန်ဖျော့ဖျော့ဖြစ်နေသည့်အတွက် ကျင့်ကြံနေမှန်း သိသာလှသည်။
သူ့နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးကမူ မြည်းလေးနှင့် ဝူလေးတို့ကို ကြည့်ရင်း တွေးဆဆ အမူအရာမျိုး ဖြစ်နေလေသည်။
မြည်းလေးက သွားဖြဲပြလာ၏။ ထိုအရာက မည်သည့်နေရာမှ သတ္တိရလာမှန်း မသိရပေ။ ၎င်းက ကောင်းကင်တာအိုအရှိန်အဝါကို များစွာဝါးမျိုခဲ့၍ အနည်းငယ် မြောက်ကြွမြောက်ကြွ ဖြစ်နေဟန်ပေါ်သည်။ တစ်ဖက်တွင် ဝူလေးကမူ သတိကြီးကြီးထားထားပြီး မြည်းလေးနှင့်အတူ နံပါတ်တစ် ဂိုဏ်းတူ အစ်မကြီးကို ကြည့်နေသည်။
“စိတ်ဝင်စားစရာပဲ။ ဒီအရာလေးက မိုးကောင်းကင် တာအိုတဲ့လား။ ဒီကောင်လေးက သူက ဒီကမ္ဘာက သက်ရှိတော့ မဟုတ်ဘူး။ ပေါင်လဲ့ ဒီနှစ်ခုက သိပ်မဆိုးဘူးပဲ။ ငါသူတို့ကို အရင်ခွဲခြမ်းစစ်ဆေးကြည့်လိုက်မယ်။”
“ဘယ်သူ့ကို အရင်လုပ်လိုက်ရမလဲ”
နံပါတ်တစ်ဂိုဏ်းတူအစ်မကြီးက လျှာသပ်ကာ ပြောလိုက်စဥ် အကြည့်များက တောက်ပလာလေသည်။
မြည်းလေး၏ အမွှေးများက ထောင်မတ်သွားလေ၏။ သူက သွားဖြဲပြစဥ် ဝူလေး၏ အကြည့်များကမူ တောက်ပသွားလေ၏။ သူက စိတ်ထဲတွင် အကျိုးအမြတ် ချင့်ချိန်နေဟန်ပေါ်သည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် နံပါတ်တစ်ဂိုဏ်းတူအစ်မကြီးက လျှာသပ်ကာ ပြောလိုက်သည်နှင့် ဝမ်ပေါင်လဲ့က ကြည့်ကာ ရယ်မောလိုက်မိသည်။ သို့သော်လည်း နတ်နွားကြီးကမူ နံပါတ်တစ်ဂိုဏ်းတူအစ်မကြီးနား ပေါ်ထွက်လာကာ ဝူလေးနှင့် မြည်းလေးတို့ကို စိတ်ဝင်စားဖွယ် ကြည့်လိုက်သည်။
နတ်နွားကြီး ပေါ်ထွက်လာမှုက မြည်းလေးကို တုန်ယင်သွားစေ၏။ ဝူလေး၏ အမူအရာကလည်း ပိုမိုလေးနက်သွားလေသည်။ သူက ခေတ္တမျှ စဥ်းစားကြည့်ပြီးသည့်နောက်တွင် နတ်နွားကြီးနှင့် နံပါတ်တစ်ဂိုဏ်းတူအစ်မကြီးတို့၏ အကြည့်အောက်တွင် သူက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ သူက နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးရှေ့တွင် ရပ်ကာ ပြောလိုက်၏။
“လူကြီးမင်းတို့ ကျွန်တော်က ဒီမြည်းလေးကို အနားလည်ဆုံးပါပဲ။ ကျွန်တော်ကိုပါ ပါဝင်ခွင့်ပေးပါ။ အဲဒါဆိုရင် ပိုပြီးတော့ ကောင်းမွန်စွာ ခွဲခြမ်းစစ်ဆေးနိုင်အောင် ကူညီပေးနိုင်ပါတယ်” သူက ပြောလိုက်သည်နှင့် သူတို့ဘက် ပေါင်းသွားသည်။ နတ်နွားကြီးနှင့် နံပါတ်တစ်ဂိုဏ်းတူအစ်မကြီးတို့ဖြင့် သူတို့က မြည်းလေးကို ရင်ဆိုင်လိုက်ကြသည်။
သူ့အမူအရာက လေးနက်နေ၏။
မြည်းလေးက ကြောင်အမ်းသွားလေသည်။
ကျောက်ယမုန့်နှင့် ကျိုးရှောင်ရတို့က မနေနိုင်ဘဲ ရယ်မောလိုက်ကြ၏။ ဝမ်ပေါင်လဲ့ကလည်း မျက်တောင်အသာခတ်ကာ ကြည့်လိုက်သည်။ သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့အပြုံးမျိုး ပေါ်ထွက်နေသည်။ သူ့ဆရာက မြည်းလေးနှင့် ဝူလေးတို့ကို စနောက်နေမှန်း သိထားလေသည်။ မြည်းလေး၏ သန္ဓေပြောင်းလဲမှုအကြောင်းကိုလည်း ခန့်မှန်းမိ၏။
“အဓိက ပြဿနာက ဝူလေးပဲ။” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ ဝူလေးကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူက အကြည့်လွဲကာ သူ့ဆရာရှေ့မှ အဖန်ရည်ခွက်ကိုသာ ကြည့်လိုက်၏။
“ဆရာ လက်ရှိအဆုံးမဲ့တာအိုနယ်မြေထဲမှာ စကြဝဠာအဆင့်ပုဂ္ဂိုလ် ဘယ်နှစ်ယောက်ရှိလဲ။ သူတို့တွေက စကြဝဠာအဆင့် မဟုတ်ရင်တောင် အဲဒီလိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့သူ ဘယ်နှယောက်ရှိလဲ။” ဝမ်ပေါင်လဲ့က ထိုကိစ္စကို အပြည့်အဝ နားမလည်သေးပေ။ သူက ထိုအဆင့်ကို ရောက်သည်မှာ သိပ်မကြာသေးပေ။ မီးတောက်ခေါင်းဆောင်ကြီးကမူ ထိုကိစ္စအကြောင်း အပြည့်အဝ နားလည်ထားလေ၏။
“စကြဝဠာအဆင့် ဒါက ဒိဋ္ဌိလမ်းစဉ်၊ သမာသမတ်မကျတဲ့ဂိုဏ်းတွေက ခေါ်တဲ့ အသုံးအနှုန်းပဲ။ အဆုံးမဲ့တာအိုနယ်မြေထဲမှာ ဆိုရင်တော့ နတ်ဧကရာဇ်လို့ ခေါ်တယ်။ အဲဒီနှစ်ခုကို အတူတူသုံးတာတော့ များပါတယ်လေ။ ဘာပဲဖြစ်ဖြစ် သူတို့က အတူတူပဲဆိုတော့။” မီးတောက်ခေါင်းဆောင်ကြီးက အဖန်ရည်ခွက်ကို ကောက်ကာ သောက်လိုက်သည်။ သူက သူ့ရှေ့တွင်ရှိနေသည့် တပည့်လေး၏ သံသယများကို ဖြေကြားပေးဖို့ အတော်လေး သဘောကျနေဟန်ပေါ်၏။
“အရင်ဆုံး အလယ်ပိုင်း အဆုံးမဲ့နယ်မြေအကြောင်းကို ပြောရမယ်။ အဲဒီမှာ အဆုံးမဲ့မျိုးနွယ်ရဲ့ နတ်ဧကရာဇ် လေးယောက် ရှိတယ်။ မင်းလည်း သူတို့ကို မင်ဖူးမှာပါ။ တစ်ယောက်က တိရှန်း၊ နောက်တစ်ယောက်က ကွမ်းမင်၊ တခြားတစ်ယောက်က ရွမ်ဟွား၊ နောက်ဆုံးတစ်ယောက်ကတော့ ကျိကျားပဲ။”
“အဲဒီ နတ်ဧကရာဇ်ကျိကျားက မရိုးရှင်းဘူး။ သူက အဆုံးမဲ့မျိုးနွယ်ရဲ့ မူလတည်ထောင်သူ ဝေ့ယန်ကျစ်ဆိုတာကို ဟိုတလောကမှ သိခဲ့တာ။”
“အဲဒါကြောင့် အဆုံးမဲ့မျိုးနွယ်မှာ နတ်ဧကရာဇ်လေးယောက် ရှိတယ်။ ဒါပေမဲ့ အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေထဲမှာတော့ နောက်ထပ် စကြဝဠာအဆင့်တစ်ယောက် ရှိသေးတယ်။ အဲဒါက ရှဲ့မျိုးနွယ်ရဲ့ ခေါင်းဆောင်ကြီးပဲ။”
“မဟာဒိဋ္ဌိနယ်မြေအတွက်ကတော့ လျို့ဝှက်ဆန်းကြယ်တယ်။ အခုထိ ဘယ်ဂိုဏ်းမှန်း မသိကြသေးပေမဲ့ စကြဝဠာအဆင့်တစ်ယောက်တော့ ရှိတယ်။”
“ပြီးတော့ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းက ပထမသားတော်လည်း ရှိသေးတယ်။ သူ့နာမည်က မိစ္ဆာသားတော်တဲ့။ သူက စကြဝဠာအဆင့်ပဲ။ တခြားဂိုဏ်းတွေအတွက်ကတော့ မရှိလောက်ဘူး။”
“ငါတို့ရဲ့ မဟာလက်ဝဲတာအိုနယ်မြေမှာတော့ အဲဒါတွေနဲ့ အလှမ်းဝေးနေသေးတယ်။ အရင်နှစ် ၂သောင်းလောက်တုန်းကတော့ စကြဝဠာအဆင့် တစ်ယောက် ရှိပေမဲ့ သူက သေသွားခဲ့ပြီ။” မီးတောက်ခေါင်းဆောင်ကြီးက ထိုအကြောင်းကို ဆက်ပြောချင်ဟန်မပေါ်ပေ။ သူက ခေါင်းစဥ်လွဲကာ ဆက်ပြောလိုက်၏။
“တခြားစကားနဲ့ပြောရမယ်ဆိုရင်တော့ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးမှာ စုစုပေါင်း လူခုနှစ်ယောက် ရှိတယ်။ လမ်းစဉ်ကိုးသွယ် တာအိုဂိုဏ်းက အဲဒီလူအိုကြီးက သူ့ဂိုဏ်းမှာဆိုရင်တော့ စကြဝဠာအဆင့် ကျင့်ကြံသူပဲ။ ဒါပေမဲ့ အပြင်ထွက်လာရင်တော့ နှောင်းပိုင်း ကြယ်နယ်မြေအဆင့်ပဲ ရှိလောက်တယ်။ ဒါပေမဲ့ အဲဒါကိုတော့ ထည့်မတွက်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့တိုက်ခိုက်စွမ်းရည်ကိုတော့ စကြဝဠာအဆင့်တစ်ယောက် အနေနဲ့ သတ်မှတ်လို့ရတယ်။
ပြီးတော့ စကြဝဠာအဆင့် တိုက်ခိုက်စွမ်းရည်ရှိထားတဲ့လူ နောက်ထပ် လူ ၈ယောက် ၉ယောက်လောက်ရှိမယ်။ မင်းနဲ့ ငါနဲ့က နှစ်ယောက်။ ပြီးတော့ လမ်းစဉ်ကိုးသွယ် တာအိုဂိုဏ်းက တစ်ယောက်။ ပြီးတော့ နောက်ထပ် ခြောက်ယောက်ရှိတယ်။ သုံးယောက်က မဟာဒိဋ္ဌိဂိုဏ်းက။ ကျန်သုံးယောက်က အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေက …
သူတို့အားလုံးကို ပေါင်းလိုက်ရင်တော့ ၂၀ အောက်တော့ရှိတာပေါ့။ ဒါက အပေါ်ယံ အရေအတွက်ပဲ ရှိသေးတယ်။ လျို့ဝှက်ဖုံးကွယ်ထားတဲ့သူ ရှိလား၊ မရှိလားတော့ မသိရဘူး။ ဒါပေမဲ့ ငါ လေ့လာကြည့်သလောက်တော့ သူတို့တွေ ပုန်းအောင်းနေတယ်ဆိုတောင် အများဆုံးတစ်ယောက် နှစ်ယောက်ပဲ ရှိမှာပဲ။ ဘာပဲဖြစ်ဖြစ် သုံးယောက်ထက်တော့ ပိုမှာ မဟုတ်ဘူး။”