ကျိဝူကျစ်
Vol. 88 Ch. 1214
“ဒါပဲလား ” ဝမ်ပေါင်လဲ့က မျက်မှောင်အသာကြုတ်လိုက်သည်။ သူက နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး၊ နတ်နွားကြီးတို့နှင့်အတူရှိနေသည့် ဝူလေးကို ကြည့်လိုက်သည်။ ထို့နောက် သူက ဆရာဖြစ်သူ မီးတောက်ခေါင်းဆောင်ကြီးထံ အသံပို့လွှတ်ကာ မေးလိုက်သည်။
“ဆရာ မြေနက်အင်ပါယာကို ကြားဖူးလား ”
“ဟမ်” မီးတောက်ခေါင်းဆောင်ကြီးက မျက်မှောင်ကြုတ်လိုက်၏။
“ပေါင်လဲ့ မင်းက အဲဒီလျို့ဝှက်ဆန်းကြယ် မြေနက်အင်ပါယာအကြောင်း ဘယ်ကနေ သိလာတာလဲ ”
“ဒါနဲ့လေ ဆရာ အဲဒီအင်ပါယာအကြောင်း ထူးဆန်းနေတာများ ရှိလို့လား”
“ အဲဒါက … အလယ်ပိုင်း အဆုံးမဲ့တာအိုနယ်မြေထဲမှာ လွှမ်းမိုးမှုကြီးတဲ့ မြေနက်အင်ပါယာဆိုတာ ရှိခဲ့တယ်။ အဲဒီမှာ အဆုံးမဲ့မျိုးနွယ်ရဲ့ အမိန့်ကို လျစ်လျူရှုပြီး မဟာမိတ်ကနေ ပြန်နှုတ်ထွက်သွားတဲ့ စကြဝဠာအဆင့် ခေါင်းဆောင်ကြီးတစ်ယောက်လည်း ရှိတယ်။ သူက သူ့ဘာသာ သီးခြားရပ်တည်ခဲ့တာလေ။ ဒါပေမဲ့ … ” မီးတောက်ခေါင်းဆောင်ကြီးက ဝမ်ပေါင်လဲ့ကို သေချာကြည့်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
“ အဲဒါက အမှောင်ဂိုဏ်း ဖိနှိပ်ခံရပြီး အဆုံးမဲ့မျိုးနွယ် အနိုင်ရသွားပြီးတဲ့နောက် ဖြစ်ခဲ့တာလေ။ အဲဒီကတည်းကဆိုတော့ အရမ်းကြာနေပြီ။ မြေနက်အင်ပါယာ ခေါင်းဆောင်ကြီးကို ဝေ့ယန်ကျစ် ကိုယ်တိုင် သတ်ခဲ့တာလေ။ သူက မိုးကောင်းကင်တာအိုကို သုံးပြီး မြေနက်အင်ပါယာရဲ့ တည်ရှိမှုအရိပ်အယောင်အားလုံးကို ရှင်းထုတ်ပစ်ခဲ့တော့ အရာအားလုံး မေ့လျော့သွားခဲ့ကြတာပဲ။ သဘောတရားအရပြောရရင်တော့ စကြဝဠာအဆင့် တက်လှမ်းတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကပဲ အတိတ်တုန်းက ပယ်ဖျက်ထားတဲ့ မျတ်ဉာဏ်တွေကို ပြန်ခေါ်နိုင်လိမ့်မယ်။ ငါ အဲလိုလုပ်ခဲ့တာပဲ …
ဒါပေမဲ့ မင်းက မြေနက်အင်ပါယာအကြောင်း ဘယ်လိုသိတာလဲ။ စကြဝဠာအဆင့်စွမ်းအားရှိထားတဲ့လူ တစ်ယောက်ယောက်က ပြောပြရင်တောင် မင်းရဲ့ အရင်ကျင့်ကြံဆင့်နဲ့ဆိုရင် ကြားပြီးတာနဲ့ ချက်ချင်း မေ့သွားမှာ။ မင်းအနေနဲ့ မှတ်မိနေဖို့ မဖြစ်နိုင်ဘူး ”
မီးတောက်ခေါင်းဆောင်ကြီးက ထိုအရာကို ထုတ်ပြောပြီးသည်နှင့် ဝမ်ပေါင်လဲ့သည် သူ့ကျင့်ကြံဆင့်က ကြယ်နယ်မြေအဆင့် ရောက်ကာ စကြဝဠာအဆင့် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း ဝူလေးကို မျက်မှောင်ကြုတ်ကာ ထပ်မံ ကြည့်လိုက်သည်။ သူ ပထမဆုံး ပေါ်ထွက်လာစဉ် တစ်ဖက်လူ ပြောခဲ့သည့် စကားများနှင့် လူသူကင်းမဲ့သည့် ဂြိုဟ်အပြင်ဘက် ကျောက်တုံးခေါင်းဆောင်ကြီးနှင့် တွေ့ခဲ့ခြင်းတို့ကို ပြန်လည် အမှတ်ရလာသည်။
ယခင်က တစ်ဖက်လူ၏ တုံ့ပြန်မှုသည် သူ့ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းနာမည်ကို ထုတ်ပြောလိုက်၍ လွှတ်ပေးလိုက်သလိုမျိုး ဖြစ်၏။ ထိုအဖြစ်အပျက်အပြီးတွင် ဝမ်ပေါင်လဲ့က သံသယတချို့ ရှိနေခဲ့သည်။ တစ်ဖက်လူက ချန်ရှင်းကြောင့် လွှတ်ပေးလိုက်ခြင်း မဟုတ်ဘဲ သူ့ဘေးတွင် ဝူလေး ရှိနေခဲ့၍ ဖြစ်နိုင်သည်။
“စိတ်ဝင်စားစရာပဲ။ ဆရာ ကျွန်တော် တစ်ခုခုကို အတည်ပြုဖို့ ခရီးထွက်ရဦးမယ် ထင်တယ်” ဝမ်ပေါင်လဲ့က ခတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက် ပြောလိုက်သည်။ သူက ဆရာသည် ဝူလေး၏ ဇစ်မြစ်ကို မသိသေးကြောင်း ပြောနိုင်လေ၏။ သူ့ဆရာ၏ အင်အားအရ ဝူလေးအကြောင်း ဘာမှမသိသေးလျှင် အဆုံးမဲ့တာအိုနယ်မြေထဲ သိသည့်လူ ပိုနည်းသွားလိမ့်မည်။
ထိုမတိုင်ခင် ဝမ်ပေါင်လဲ့က ဝူလေးတွင် အားကောင်းသည့် နောက်ခံရှိထားကြောင်း မှန်းဆမိခဲ့သော်လည်း ဤသို့ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် သူ့နဂိုခန္ဓာက နဂိုနေရာတွင် ရှိနေဆဲ ဖြစ်နေလျှင်ပင် သူ့တာအိုစည်းချက်တို့က နေအဖွဲ့အစည်း အပြင်ဘက် စုစည်းလာကာ ဓမ္မကိုယ်ပွား ဖြစ်တည်လာသည်။ လျှပ်တစ်ပြက်အတွင်း သူက နေအဖွဲ့အစည်းမှ ထွက်ခွာသွားကာ ကြယ်တာရာကောင်းကင်ထဲ ဦးတည်လိုက်သည်။
သူ့ဓမ္မကိုယ်ပွား ထွက်သွားသည်နှင့် မီးတောက်ခေါင်းဆောင်ကြီးကလည်း အာရုံခံလိုက်မိသည်။ တစ်ချိန်တည်းဆိုသလို မြည်းလေးကို ဖိထားကာ ဘဝင်ခိုက်သည့် အပြုံးမျိုး ရှိနေသည့် ဝူလေးကလည်း ရုတ်တရက် တုံ့ဆိုင်းမှုတို့ အစားထိုးဝင်ရောက်လာသည်။ သူက နေအဖွဲ့အစည်းအပြင်ဘက် လှမ်းကြည့်လိုက်ရင်း အနည်းငယ် အပြစ်ရှိစိတ် ခံစားနေရဟန်ပေါ်သည်။
သူက အပြစ်ရှိစိတ် ခံစားနေရစဉ် ဝမ်ပေါင်လဲ့၏ ဓမ္မကိုယ်ပွားက ကြယ်တာရာကောင်းကင်ကို အံ့မခန်းအလျှင်ဖြင့် ဖြတ်သန်းသွားနေပြီ ဖြစ်၏။ သူ့ခြေလှမ်းတိုင်းက ကြယ်တာရာကောင်းကင်ကို ထိုးဖောက်သွားသလိုမျိုး ဖြစ်နေသည်။ ယခုအခါ ကြယ်တာရာကောင်းကင်အထက် မိုးကောင်းကင်တာအို နှစ်ခု၏ စည်းမျဉ်းဥပဒေသများ ထိပ်တိုက်တွေ့ဆုံနေသည့်အတွက် ကျင့်ကြံသူအားလုံးနီးပါးက ဖိနှိပ်ခံထားရသည်။ သို့သော် ဝမ်ပေါင်လဲ့ကမူ မသက်မသာ မခံစားရပေ။
တစ်ဖက်တွင် သူ့ကျင့်ကြံဆင့်က မြင့်မားလွန်းနေပြီး သူ့ခန္ဓာကိုယ်က သူ့ကိုယ်ပိုင် စကြဝဠာ ဖွဲ့စည်းထားနိုင်သည်။ တခြားတစ်ဖက်တွင် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို ဖြစ်စေ သို့မဟုတ် အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအို ဖြစ်စေ စည်းမျဉ်းဥပဒေသများက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ ကိန်းအောင်းနေသည်။ ဝမ်ပေါင်လဲ့က ထိုနှစ်ခု ပေါင်းစည်းထားမှုဟု ဆိုနိုင်လေရာ ကြယ်တာရာကောင်းကင်ကြီးက မည်မျှပင် ဖရိုဖရဲ ဖြစ်နေစေကာမူ သူက သာမန်အတိုင်း တည်ငြိမ်စွာ ကျန်ရှိနေသည်။
သူ့အနီးရှိ အရှိန်အဝါက အင်မတန် အားကောင်းလွန်းလှ၏။ သူ ဖြတ်သန်းသွားသည်ကို မည်သူကမှ အာရုံမခံမိကြပေ။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ဖိအားကို မည်မျှပင် ချုပ်တည်းထားစေကာမူ အပြီးတိုင် ပျောက်ကွယ်မသွားပေ။ ရလဒ်အနေနှင့် သူ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ လူမှုအဖွဲ့အစည်းများက မိုးကောင်းကင်၏ စွမ်းပကား ကျဆင်းလာသလို ခံစားနေကြရသည်။ သက်ရှိအားလုံးက တုန်လှုပ်ကာ ဖြူဖျော့သွားကြသည်။
ဝမ်ပေါင်လဲ့ ဖြတ်သန်းသွားသည့် ကြယ်များက အရောင်ဆုံးရှုံးသွားရ၏။ ကြယ်များ၏ မီးလျှံများကပင် အနည်းငယ် မှေးမှိန်ကျသွားသည်။ တစ်ချိန်တည်းဆိုသလို လမ်းစဉ်ကိုးသွယ် တာအိုဂိုဏ်းအတွင်း တောင်နယ်နမိတ်မှ ထွက်မသွားနိုင်သည့် ခေါင်းဆောင်ကြီးက လျို့ဝှက်ခန်းထဲ မျက်လုံးဖွင့်လာကာ ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။
သူက ဝမ်ပေါင်လဲ့၏ ဓမ္မကိုယ်ပွားမှ လှိုင်းလုံးများကို ခံစားမိနေ၏။ ထိုအရာက မှောင်မည်းနေသည့် တောအုပ်အတွင်း မီးတောက်လေးတစ်ခု ပေါ်ထွက်လာသလိုမျိုး ဖြစ်ကာ မျက်စိစူးလွန်းလှ၏။
ထိုအဆင့်တွင် လှုပ်ရှားမှုတိုင်းက မိုးကောင်းကင်တာအိုနှင့် ကြယ်တာရာကောင်းကင်ကို သက်ရောက်မှု ရှိစေလိမ့်မည်။ ထိုအရာက တူညီသည့် တိုက်ခိုက်ရေး စွမ်းရည်ရှိထားသည့် လူများဆီမှ ဖုံးကွယ်ဖို့ ခက်လှသည်။ ထိုအရာတွင် ပါဝင်နေသည့် စွမ်းအားက အားပြင်းလွန်းနေသည်။ ပင့်ကူအိမ်ထဲ သေးငယ်သည့် ပိုးကောင်ငယ် ကျရောက်လာပါက လှိုင်းတွန့်များစွာ ထသွားစေမည် မဟုတ်ပေ။ သို့သော် ငှက်တစ်ကောင်ပြုတ်ကျလာပါက လှိုင်းတွန့်များက မြစ်များကိုပင် ပြောင်းပြန်လှန်ပစ်နိုင်လောက်အောင် ကြီးမားနေလိမ့်မည်။
ထိုအရာက လမ်းစဉ်ကိုးသွယ် တာအိုဂိုဏ်းမှ ခေါင်းဆောင်ကြီးအား တိတ်ဆိတ်သွားစေ၏။ သူ့အကြည့်ထဲ အားကျမှု၊ မနာလိုဖြစ်မှု၊ မလိုတမာစိတ်တို့ ပါရှိနေသည်။ သို့သော်လည်း ထိုအရာက သူ့ကို ဖြည်းဖြည်းချင်း ဖိနှိပ်ထား၍ မျက်လုံးသာ အသာမှိတ်ထားလိုက်တော့သည်။
ဝမ်ပေါင်လဲ့၏ အမူအရာက မပြောင်းမလဲ နဂိုအတိုင်း ဖြစ်၏။ သူက လမ်းစဉ်ကိုးသွယ် တာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ အကြည့်ကို အာရုံခံမိခဲ့သော်လည်း အာရုံမစိုက်ခဲ့ပေ။ သူ့တည်နေရာပြောင်းရွေ့သွားလာမှုက ရှည်လျားဟန်ထင်ရသော်လည်း လက်တွေ့တွင် နေအဖွဲ့အစည်းမှ နဂို နတ်မျက်လုံး ကြယ်စင်စုရှိရာအထိ အသက်ရှိုက်စာအနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။
နောက်အခိုက်အတန့်တွင် လမ်းစဉ်ကိုးသွယ် တာအိုဂိုဏ်း၏ ခေါင်းဆောင်ကြီးက အကြည့်ပြန်ရုတ်သိမ်းသွားသည်နှင့် ဝမ်ပေါင်လဲ့၏ ပုံရိပ်က နဂို နတ်မျက်လုံး ကြယ်စင်စုရှိရာ နေရာ၌ ပေါ်ထွက်လာသည်။ နတ်မျက်လုံး လူမှုအဖွဲ့အစည်း ထွက်သွားပြီးသည့်နောက်တွင် ဤနေရာ၌ သက်ရှိ မကျန်ရစ်ပေ။
ဝမ်ပေါင်လဲ့က ပြန်လှည့်လာကာ နေရာတစ်ဝိုက်ကို ကြည့်လိုက်သည်။ သူက ခြေကြွလိုက်ပြီး ပြန်ချလိုက်သည့်အချိန် ကျောက်တုံးခေါင်းဆောင်ကြီး ရှိခဲ့သည့် ကြယ်စင်စုအပြင်ဘက် ရောက်ရှိနေပြီ ဖြစ်၏။
ဝမ်ပေါင်လဲ့၏ အကြည့်များက ထူးဆန်းစွာ တောက်ပလာသည်။ ကြယ်စင်စုက သူ အတိတ်တွင် မြင်ခဲ့ဖူးသည့်အရာနှင့် ကွဲပြားနေလေ၏။ ဤနေရာတွင် သက်ရှိ အရိပ်အယောင် မရှိပေ။ သူ အထဲဝင်သွားသည့်အခါ မြင်လိုက်ရသည်ကား အပျက်အစီးများသာ ဖြစ်၏။
ကြယ်စင်များ ပြိုလဲပျက်စီးမှုကြောင့် အပျက်အစီးအပုံသာ ဖြစ်နေသည်။ ကျောက်ဘီလူများလည်း ရှိမနေပေ။
အတိတ်တွင် ကျောက်တုံးခေါင်းဆောင်ကြီး ဖြစ်ခဲ့သည့် ကြယ်စင် ရှိခဲ့ဖူးသည်။ ယခုတွင်မူ ကြယ်လည်း ပျောက်ကွယ်သွားပြီဖြစ်၏။ အတိအကျပြောရလျှင် ထိုအရာက ကောင်းကင်အထက် မျှောလွင့်နေသည့် အပိုင်းအစများ ဖြစ်နေသည်။
ဝမ်ပေါင်လဲ့က မတ်တတ်ရပ်ရင်း အဝေးမှ ကြည့်နေလိုက်သည်။ သူ့တာအိုစည်းချက်များ ပျံ့နှံ့သွားသည့်အခါ ဤနေရာတွင် တည်ရှိခဲ့ဖူးသည့် သိပ်သည်းလှသော အချိန်လှိုင်းလုံးများကို ခံစားမိလိုက်သည်။ ဤနေရာက လွန်ခဲ့သည့် နှစ်သိန်းဂဏန်းခန့်ကတည်းက ဖျက်ဆီးခံလိုက်ရပြီးသား ဖြစ်၏။
အဲဆိုရင် ငါ တွေ့ကြုံခဲ့တာ ဘာလဲ …
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
ပုံရိပ်ယောင်လား … အဲလိုတော့လည်း မဟုတ်သေးဘူး
အဲလိုဆို ဖြစ်နိုင်ခြေတစ်ခုပဲ ကျန်တယ်။ ငါ တွေ့ကြုံခဲ့ရတာက တကယ့်မြင်ကွင်းပဲ … ဒါပေမဲ့ လှုံ့ဆော်မှုတချို့ကြောင့် ကာလံဒေသံ ရှုပ်ထွေးသွားပြီး ဟိုးတုန်းက မဖျက်ဆီးခံရသေးတဲ့ ကျောက်တုံးခေါင်းဆောင်ကြီးကို မြင်ခွင့်ပေးခဲ့တာ …
တစ်ဖက်လူ၏ သဘောထားအရ ထိုသူသည် ချန်ရှင်းကို သိနေဟန်ပေါ်သည်။ တစ်ချိန်တည်းဆိုသလို ချန်ရှင်း၏ ကျင့်ကြံဆင့်က အတော်လေး ထူးကဲနေပြီး အမှောင်ဂိုဏ်းကလည်း မကျရှုံးရလောက်သေးပေ။
ဝမ်ပေါင်လဲ့၏ အကြည့်များ တောက်ပလာ၏။ သူက အချိန်ပုံပျက်မှုတစ်ခုကို ကြုံတွေ့လိုက်ရသလိုမျိုး ဖြစ်၏။ ထိုအရာက အံ့ဩဖို့ အကောင်းဆုံး မဟုတ်သေးဘဲ သူက တစ်ဖက်လူနှင့် ဆက်သွယ်ပြောဆိုခဲ့သည်ကို ရှင်းရှင်းလင်းလင်း အမှတ်ရနေသေးသည်။ ပို၍ အရေးကြီးသည်ကား ကျောက်တုံးခေါင်းဆောင်ကြီးသည် သူ့စစ်သင်္ဘောကို သန့်စင်ဖို့ အဖိုးတန်ပစ္စည်းများကို ပေးခဲ့သည် မဟုတ်ပါလော။
ဆက်သွယ်ပြောဆိုခဲ့တာက တကယ် ဖြစ်၏။
ပစ္စည်းကလည်း အစစ်အမှန် ဖြစ်၏။
ဤနည်းဖြင့် သုံးသပ်လိုက်ပါက အတော်လေး အံ့ဩထိတ်လန့်ဖွယ်အတိ ဖြစ်၏။ ထိုအရာတွင် အချိန်မဟာတာအို ပါဝင်နေသလို အချိန်တာအိုက ဝမ်ပေါင်လဲ့၏ လဆုတ်ပညာရပ်အတွက် အုတ်မြစ် ဖြစ်နေပြန်သည်။ ထိုအရာက လဆုတ်ပညာရပ်ထက်ပင် ကြောက်ဖို့ကောင်းသည့် တာအိုနည်းစနစ် တစ်ခု ဖြစ်လိမ့်မည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ရင်း စဉ်းစားနေ၏။ ဤတုန်လှုပ်ဖွယ်ကိစ္စရပ်၏ အရေးကြီးဆုံးအရာက ဤအရာများကို ကိုယ်တိုင် တွေ့ကြုံခဲ့ရခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့က မျက်လုံးမှိတ်ထားလိုက်သည်။ ဝူလေးနှင့် တွေ့ဆုံခဲ့သည့် ပုံရိပ်များက သူ့စိတ်ထဲ ပြန်လည်ပေါ်ထွက်လာသည်။
“မင်းရဲ့ နာမည်က ဘာလဲ”
“ မြေနက်အင်ပါယာရဲ့ နိုင်ငံတော် အမှတ်အသားက ကြက်တူရွေးတစ်ကောင်လေ။ အဲဒါကြောင့် ကျွန်တော့်အဖေက ကျွန်တော်ကို ကျိဝူကျစ်ဆိုပြီး နာမည်ပေးခဲ့တာပါ။ ဖေဖေကြီးက ကျွန်တော့်ကို ဝူလေးလို့ ခေါ်လို့ရပါတယ် ”