ကမ္ဘာတစ်သိန်း၊ အတွေးပေါင်းတစ်သိန်း
Vol. 88 Ch. 1216
“ဒါဆို မင်းရဲ့ မွေးရပ်မြေက အဆုံးမဲ့တာအိုနယ်မြေထဲမှာလို့ ပြောချင်တာလား။ အဲဒီမှာ အဆုံးမဲ့မျိုးနွယ်နဲ့ မြေနက်အင်ပါယာ ရှိပေမဲ့ အမှောင်ဂိုဏ်း မရှိဘူးပေါ့။” မီးတောက်ခေါင်းဆောင်ကြီးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူက စိတ်ခံစားချက်များကို ဖိနှိပ်ဖို့ ကြိုးစားနေသော်လည်း စိတ်ထဲတွင် ဂယက်ရိုက်နေဆဲ ဖြစ်၏။
ဝမ်ပေါင်လဲ့ တွေ့ကြုံခဲ့သည့်သူများနှင့် မတူညီဘဲ မီးတောက်ခေါင်းဆောင်ကြီးက ကျောက်ပြားကမ္ဘာမှ နယ်ခံ ကျင့်ကြံသူတစ်ဦး ဖြစ်၏။ သူက အစစ်အမှန် အဆုံးမဲ့တာအိုနယ်မြေနှင့် ပတ်သက်ပြီး ဘာမှသိမထားပေ။
ဝမ်ပေါင်လဲ့က ဝမ်ရီရီ၏ ဖခင်ဖြစ်သူဆီမှ မသိခဲ့လျှင် ထိုလျို့ဝှက်ချက်လိုမျိုးကို သိလာမည် မဟုတ်ပေ။
မီးတောက်ခေါင်းဆောင်ကြီး ပြောလိုက်သည့်အခါ သူ့ဘေးတွင် ရပ်နေသည့် ဝူလေးက ခါးသီးစွာ ပြုံးလိုက်သည်။
“မီးတောက်ခေါင်းဆောင်ကြီး ကျွန်တော် အဲဒီလို ဆိုလိုတာ ဟုတ်ပါတယ်။ အဆုံးမဲ့တာအိုနယ်မြေက ကျွန်တော်ရဲ့ မွေးရပ်မြေနဲ့ အရမ်းတူပေမဲ့ သမိုင်းကြောင်းကတော့ ကွဲပြားနေတယ်။ တူညီတဲ့ အရင်းအမြစ်က စီးဆင်းလာတဲ့ မြစ်တစ်စင်းလို သဘာဝတူပေမဲ့ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာတော့ ကွဲပြားတဲ့ ဦးတည်ချက်ကို ရွေ့လျားနေတယ်။ အဲဒါကြောင့် ကျွန်တော်က မြေနက်အင်ပါယာကဆိုပေမဲ့ ဒီနေရာက မြေနက်အင်ပါယာက မဟုတ်ပါဘူး။ တခြားအဆုံးမဲ့တာအိုနယ်မြေကပါ။”
“ဒီနေရာက ကျောက်ပြားကမ္ဘာလား”
မီးတောက်ခေါင်းဆောင်ကြီးက ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ သူက သူ့ဘာသာသူ ရေရွတ်လိုက်၏။
ဝမ်ပေါင်လဲ့က ထိုနာမည်ကို ပြောပြခဲ့ဖူးသည်။ ဝမ်ပေါင်လဲ့ မပြောခင်ကတည်းက ဤစကြဝဠာထဲ အထွတ်အထိပ် ရောက်ရှိထားသည့် ကျင့်ကြံသူအများစုက ထိုအရာကို အာရုံခံမိခဲ့ကြသည်။ သို့သော်လည်း သူတို့က လိုအပ်သည့် သတင်းအချက်အလက် လစ်ဟာနေခဲ့၏။ ထို့ကြောင့် မီးတောက်ခေါင်းဆောင်ကြီး၏ စိတ်ထဲတွင် ဤစကြဝဠာတစ်ခုလုံးက ကျောက်ပြားကမ္ဘာကြီးမှ ဖြစ်တည်လာတယ်ဆိုလျှင်ပင် အရေးမကြီးလှပေ။ သို့သော်လည်း ဝူလေး ပြောသည့်စကားများအရ ဤနေရာသည် သူ့မွေးရပ်မြေနှင့် တူညီနေသည်ဆိုပါက ပါဝင်နေသည့် ကိစ္စများသည် မီးတောက်ခေါင်းဆောင်ကြီး၏ စိတ်နှလုံးသားကို အပြင်းအထန် တုန်ယင်သွားစေ၏။
အဆုံးမဲ့မျိုးနွယ်နှင့် မြေနက်အင်ပါယာတို့ နှစ်ခုလုံးက ပုံရိပ်ယောင်သဖွယ် ဖြစ်နေလေသည်။
“လူတွေကရော … ဘာပဲဖြစ်ဖြစ် လူနှစ်ယောက်က ကွက်တိကြီး တူဖို့ဆိုတာက မဖြစ်နိုင်ဘူးမလား။” ကျောက်ယမုန့်နှင့် ကျိုးရှောင်ရကလည်း ဘေးတွင်ရပ်ကာ ကြောင်အမ်းနေကြစဉ် ကျိုးရှောင်ရက မနေနိုင်ဘဲ မေးလိုက်၏။
“အဲဒါကိုတော့ မသိရသေးဘူး။” ဝူလေးက ပြန်ဖြေလိုက်သည်။ သူက ခေတ္တမျှ တုံ့ဆိုင်းပြီးသည့်နောက်တွင် တိတ်ဆိတ်နေသည့် ဝမ်ပေါင်လဲ့ကို တစ်လှည့်ကြည့်လိုက် အံ့သြတုန်လှုပ်နေသည့် မီးတောက်ခေါင်းဆောင်ကြီးကို တစ်လှည့်ကြည့်လိုက်ဖြင့် တစ်ခုခုကို ပြောပြဖို့ရာ ဆုံးဖြတ်လိုက်သည်။
“ပြီးတော့ ဒီနေရာက စကြဝဠာအဆင့် ကျင့်ကြံသူတွေကို မြင်ဖူးတယ်။ ဒါပေမဲ့ သူတို့နဲ့ ကျွန်တော် မွေးရပ်မြေက စကြဝဠာအဆင့် ကျင့်ကြံသူတွေကြားမှာ ကွာဟချက်အကြီးကြီး ရှိနေသလိုပဲ။ နမူနာအနေနဲ့ဆိုရင် ဖေဖေကြီး …”
“ဟမ်” မီးတောက်ခေါင်းဆောင်ကြီး၏ အကြည့်များက ထပ်မံ တောက်ပလာသည်။ ထိုအကြည့်က ဝူလေးကိုပင် အနည်းငယ် တုန်ယင်သွားစေ၍ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
“ခေါင်းဆောင်ကြီး ဒေါသမထွက်ပါနဲ့။ အဲဒါက ကျုပ်ကျင့်ကြံဆင့်အရ အကဲဖြတ်ထားရုံပါပဲ။ အတိအကျ မဟုတ်ပါဘူး။”
“ဆက်ပြော” မီးတောက်ခေါင်းဆောင်ကြီးက ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ သူ့စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ထိန်းပြီးသည့်နောက်တွင် ဖြည်းဖြည်းချင်း ပြောလိုက်၏။
ဝူလေးက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
“ပြောလေ” ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ ဝူလေးကို ကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့၏ စကားဖြင့် ဝူလေးသည် အသက်ပြင်းပြင်းရှူကာ သူ ပြောလိုသည့်အရာများကို ပြောလိုက်တော့သည်။
“ကျွန်တော် မွေးရပ်မြေက စကြဝဠာအဆင့် ကျင့်ကြံသူတွေဆိုရင် နမူနာအရ ကျွန်တော့်အဖေလိုမျိုးပေါ့။ သူ့ရဲ့ ကျင့်ကြံဆင့်ဆိုရင် ဒီနေရာမှာရှိတဲ့ စကြဝဠာအဆင့် ကျင့်ကြံသူတွေထက်ပိုပြီးတော့ မြင့်မားတယ်လို့ ခံစားမိတယ်။ ဒီနေရာက စကြဝဠာအဆင့် ကျင့်ကြံသူတွေက မတည်ငြိမ်ပြီးတော့ မပြီးပြည့်စုံသလိုမျိုးပဲ။ သူတို့က တူညီတဲ့အဆင့်ဆိုပေမဲ့ လက်တွေ့မှာကျတော့ တံလျှပ်လိုမျိုး ခံစားရတယ်။ သူတို့က …”
“အတုအယောင်လား။” မီးတောက် ခေါင်းဆောင်ကြီးက ရုတ်တရက် ကောက်မေးလိုက်သည်။ သူက ဤနှစ်များထဲ ထွက်ပေါ်ခဲ့သည့် စကားတစ်ခွန်းကို ပြန်လည်အမှတ်ရသွားလေ၏။
ဤနေရာအကုန်လုံးက အတုအယောင်သာ ဖြစ်၏။
“အတုအယောင်လို့တော့ ပြောလို့ မရပါဘူး။ ဒီနေရာမှာက ဟာကွက်တွေရှိနေပေမဲ့ ခြွင်းချက်တချို့တော့ ရှိနေတုန်းပဲ။ ပြောရမယ်ဆိုရင်တော့ ဖေဖေကြီးဆီက ပေးတဲ့ ခံစားချက်က သူက မပြီးပြည့်စုံတာ မဟုတ်ရုံတင် မကဘူး။ ကျွန်တော်မွေးရပ်မြေက ကျင့်ကြံသူထက် ပိုပြီးတော့တောင် ပြီးပြည့်စုံနေတယ်လို့ ခံစားချက်မျိုး ရတယ်။” ဝူလေးက ဝမ်ပေါင်လဲ့ကို ထူးဆန်းစွာ ကြည့်ရင်း ပြောလိုက်သည်။
“ပေါင်လဲ့ မင်း ဒီကမ္ဘာအကြောင်း သိထားလား။” မီးတောက်ခေါင်းဆောင်ကြီး၏ အသက်ရှူနှုန်းက မြန်ဆန်လာကာ ဝမ်ပေါင်လဲ့ကို လှည့်ကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်၏။ သူ့အနေဖြင့် မည်သို့ပြောရမှန်း မသိသည့် စကားတချို့ရှိလေသည်။ သူက တာအိုစည်းချက်ကို ထုတ်လွှင့်ကာ သူ့ဆရာ၏ စိတ်ထဲ ပို့ဆောင်လိုက်ပြီး သူ သိထားသည့် သတင်းအချက်အလက်များကို ပြောပြလိုက်သည်။
အနက်ရောင် သစ်သားပြားအကြောင်းမှလွဲ၍ ဝမ်ပေါင်လဲ့က ဘာကိုမှ ဖုံးကွယ်ထားခြင်း မရှိပေ။
ဝမ်ပေါင်လဲ့၏ တာအိုစည်းချက်က ရောက်ရှိလာသည့်အခါ မီးတောက်ခေါင်းဆောင်ကြီး၏ အကြည့်များက ငေးမောတွေဝေသွားဟန်ပေါ်သည်။ သူက ဖြည်းဖြည်းချင်း ဆုံးရှုံးသွားသလိုမျိုး ဖြစ်၏။ နောက်ဆုံးတွင် သူက သက်ပြင်းချကာ ပြောလိုက်သည်။
“အဲဒါဆိုတော့ အတုအယောင်လည်း မဟုတ်ဘူး။ အစစ်လည်း မဟုတ်ဘူး။ ငါ သိပြီ။” သူက သူ့ဘာသာသူ ရေရွတ်လိုက်၏။ မီးတောက်ခေါင်းဆောင်ကြီးက ပင်ပန်းနွမ်းနွယ်သည့် အရိပ်အယောင်မျိုး ပြသလာခဲ့သည်။ အမှန်တရားက သူ့အပေါ် ပြင်းထန်သည့် သက်ရောက်မှုမျိုး ရှိနေခဲ့၏။ သူ့လက်ရှိကျင့်ကြံဆင့်ဖြင့်ပင် သူ့အနေဖြင့် ထိုအရာကို လက်ခံနိုင်ဖို့ အချိန်တချို့ လိုအပ်နေဆဲ ဖြစ်သည်။ သူက သက်ပြင်းချပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။
“ပေါင်လဲ့ ငါ သွားနားတော့မယ်။”
နတ်နွားကြီးနှင့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးကလည်း ပျောက်ကွယ်သွားကြသည်။ အပြင်လူများအတွက် သူတို့က မီးတောက်ခေါင်းဆောင်ကြီးနှင့်အတူ ထွက်သွားခြင်း ဖြစ်၏။ သို့သော် ဝမ်ပေါင်လဲ့သည် ထိုအရာက သူ့ဆရာ၏ စိတ်နှလုံးသားထဲမှ တုန်လှုပ်မှုကြောင့် ဖြစ်ပေါ်လာမှန်း သိထားလေသည်။
မီးတောက်ခေါင်းဆောင်ကြီး ထွက်သွားပြီးသည့်နောက်တွင် ဝူလေးက ဆွံ့အနေမိသည်။ သူက ရပ်နေရင်း ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။ ဝမ်ပေါင်လဲ့၏ အမူအရာက တည်ငြိမ်နေပြီ ဖြစ်၏။ ဝူလေး ပြောလိုက်သည့်အရာများက သူ့စိတ်နှလုံးသားကို များစွာ ဂယက်မထစေပေ။ သူက ထိုအကြောင်းကို သိခဲ့သည်မှာ ကြာမြှင့်လှပြီဖြစ်ပြီး အများစုကို အတည်ပြုလိုက်နိုင်ခြင်းသာ ဖြစ်သည်။
ထိုအရာက သူ ယခင်သိထားသည့် ကိစ္စတချို့ကို အတည်ပြုလိုက်နိုင်သည်။ တစ်ချိန်တည်းဆိုသလို ထိုအရာက ကျောက်ပြားကမ္ဘာအပေါ် သူ့နားလည်နိုင်စွမ်းကို ပိုမိုရှင်းလင်းသွားစေသည်။ ဝူလေး၏ နောက်ခံရာဇဝင်နှင့် ပေါင်းစည်းလိုက်ပါက ဝမ်ပေါင်လဲ့သည် သူ့စိတ်ထဲမှ ပုံကြမ်းတချို့ကို ရေးဆွဲထားပြီးသား ဖြစ်၏။
လွန်ခဲ့သည့် နှစ်များစွာခန့်က ဤနေရာနှင့် အလှမ်းဝေးကွာလွန်းသည့် တကယ့်အဆုံးမဲ့တာအိုနယ်မြေထဲတွင် နတ်ဘုရားတစ်ပါး ရှိလိမ့်မည်။ သူ့နာမည်က နတ်ဧကရာဇ်ကြီး ဖြစ်၏။ သူက မသေမျိုး ဖြစ်နိုင်သလို မသေမျိုးများ၏ အထက် တည်ရှိမှုလည်း ဖြစ်နေနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ သူက အင်မတန် အားကောင်းလှ၏။ သို့သော်လည်း သူက ထိုက်တန်သည့် ပြိုင်ဘက် မရှိခြင်း မဟုတ်ပေ။ သူ့မျက်ခုံးကြားရှိ အနက်ရောင် သစ်သားပြားက သူ့ကို ဖိနှိပ်ထားသည့် သော့ချက် ဖြစ်နေသည်။ ထိုအရာမှ လွတ်မြောက်ဖို့အတွက် သူက အဆုံးမဲ့တာအိုနယ်မြေ အပြင်ဘက် စကြဝဠာအမြောက်အမြားတွင် အဆုံးမဲ့မျိုးနွယ်ကို တစ်ခုပြီးတစ်ခု ဖန်ဆင်းဖို့ ကိုယ်ပွားများကို စေလွှတ်ခဲ့သည်။ ထို့နောက် သူက သူတို့ကို တစ်ခုပြီးတစ်ခု ပြန်လည်ရုတ်သိမ်းကာ စွမ်းအား ဖြည့်တင်းခဲ့၏။ သူက လွတ်မြောက်ဖို့ ကြံရွယ်ထားဟန်ပေါ်၏။
“ကူနဲ့ လော့တို့က ကွဲပြားတဲ့ စကြဝဠာတွေက ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ သူတို့က ဧကရာဇ်ကြီးရဲ့ အမိန့်အောက်မှာ အချိန်တစ်ခုတော့ ရှိနေလောက်တယ်။”
သူက အမှောင်မြစ်အတွင်း ရုပ်ထု၏ အကူအညီဖြင့် မြင်ခဲ့ရသလိုမျိုး ကြယ်တာရာကောင်းကင်အထက် တင်ပျဥ်ခွေထိုင်နေသည့် အင်အားကြီးပုဂ္ဂိုလ် ဘေးဝန်းကျင်တွင် ပုံရိပ်ငယ်များစွာ ရှိနေလေသည်။ သူတို့ပုံရိပ်များက စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်နေနိုင်၏။
“နတ်ဧကရာဇ်ကို ချုပ်နှောင်ထားတယ်ဆိုတော့ ကူနဲ့ လော့တို့က ဝေးလွန်းတယ်”
တစ်ချိန်တည်းဆိုသလို မြေနက်အင်ပါယာ၏ ဧကရာဇ်က ထိုစွမ်းအားကြီး ပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်လိမ့်မည်။ သူက သီးသန့်ရပ်တည်ဖို့ ရွေးချယ်ခဲ့၏။
သို့သော် အဆုံးသတ်တွင် သူက နတ်ဧကရာဇ်၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။ အင်ပါယာတစ်ခုလုံးက ဖျက်ဆီးခံလိုက်ရစဥ် သူက တစ်စုံတစ်ခုကို တွက်ချက်မိဟန်ဖြင့် သူ့သားကို အချိန်အစီအရင်အတွင်း ဝင်ရောက်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
ထိုသူက ကျောက်ပြားကမ္ဘာ၏ လက်ရှိအချိန်တွင် ပေါ်ထွက်လာ၏။
လော့၏ လက်ချောင်းနှင့် ဘယ်ဘက်လက်တို့၏ စည်းပိတ်မှုဖြင့် အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးပင် ထွက်သွားနိုင်မည် မဟုတ်ပေ။ သို့သော် သူက ဤနေရာတွင် ပေါ်ထွက်လာခဲ့သည်။
ထိုအရာက ဧကရာဇ်၏ ကိုယ်ပွားအတွက် အရေးကြီးသည့် အချက်တစ်ခု ဖြစ်လာနိုင်သည်။ ဝမ်ပေါင်လဲ့၏ အတွေးများက ရှင်းလင်းလှသည်။ သူ့သုံးသပ်ချက်က အပြည့်အဝ မမှန်ကန်လျှင်ပင် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီဟု ခံစားမိနေသည်။
ဒါက စစ်တုရင် ကစားပွဲတစ်ခုပဲ။ ကျောက်ပြားကမ္ဘာက စစ်တုရင်ခုံ။ တခြားကစားသမားတစ်ယောက်က နတ်ဧကရာဇ်။ တခြားတစ်ဖက်မှာက မြေနက်ဧကရာဇ်နဲ့ လော့လိုမျိုး စွမ်းအားကြီး ပုဂ္ဂိုလ် ရှိနေမယ်။ သူတို့တွေက ဧကရာဇ်နဲ့ ငါလိုမျိုး ကိုယ်ပွားတွေပဲ။ ဝူလေးကလည်း အတူတူပဲ …
ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။ သူက အတွေးများကို စုစည်းရင်း စိတ်ထဲတွင် စီရီလိုက်သည်။ သူက ဝူလေးကို အချိန်ကို ပြောင်းလဲစေခဲ့သည့် အဖြစ်အပျက်များကို မေးတော့မည် ဖြစ်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ မမြင်ရသည့် ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်သွားဟန်ပေါ်သည်။
ငါက ဒီကျောက်ပြားကမ္ဘာကို ဘာလို့ စစ်တုရင်ခုံအဖြစ် ရွေးချယ်ခဲ့တာလဲ။ ငါက ဘာလို့ဒီရောက်နေတာလဲ။ စစ်တုရင်ခုံက တစ်နေရာတည်းမှာ မဟုတ်ဘဲနဲ့ ငါကလည်း တစ်ယောက်တည်း မဟုတ်ဘဲနဲ့ တခြားကွဲပြားတဲ့ စကြဝဠာတွေက ဖွဲ့စည်းထားတဲ့ အဆုံးမဲ့ နယ်နိမိတ်တွေထဲမှာ နောက်ထပ် ငါက ရှိနေအုံးမလား …
ထိုအတွေးက ဝမ်ပေါင်လဲ့ကို မျက်လုံးပြူးသွားစေသည်။ သူ့ကျင့်ကြံဆင့်ဖြင့်ပင် သူ့စိတ်ထဲ လှုပ်ခတ်သွားမိ၏။
ဧကရာဇ်က ကိုယ်ပွားသိန်းချီ ပြောင်းလဲနိုင်ပြီး ကမ္ဘာသိန်းချီ ဖွဲ့စည်းနိုင်သည်။
အနက်ရောင် သစ်သားပြားကလည်း နတ်ဘုရားသိန်းချီအဖြစ် ပြောင်းလဲကာ အတွေးပေါင်းသိန်းချီ ဖြစ်တည်နိုင်လိမ့်မည်။