← Chapters

နောက်တဖန်ဖြစ်ပေါ်ခြင်း

Vol. 88 Ch. 1220

နောက်တဖန်ဖြစ်ပေါ်ခြင်း

Vol. 88 Ch. 1220

မမလေး၏ အသံကို နားထောင်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ နှုတ်ခမ်းအထက် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။ သူက သူမကို စနောက်ခဲ့သည့်အချိန်များကို ပြန်အမှတ်ရသွား၏။ ယခင် ပြည်ထောင်စုကြီးအတွင်း ရှိနေစဥ်အချိန်က အတိတ်များကို ပြန်အမှတ်ရသွားခဲ့သည်။

နမူနာအနေဖြင့် သူသည် ကောင်းကင်တာအိုကျောင်းကို သွားခဲ့သည့်အချိန်၊ ကြက်ပေါင်ကို စားခဲ့ပုံ၊ တာအိုကျောင်းတွင် ကျောင်းသားခေါင်းဆောင်ဖြစ်လာပုံများကို ပြန်လည်အောက်မေ့လာမိသည်။

သူ ဝိတ်လျှော့နိုင်သည် ဖြစ်စေ သို့မဟုတ် သူ့ကိုယ်သူ ဂုဏ်ယူရသည်ဖြစ်စေ ကလေးဘဝကတည်းက ပြည်ထောင်စုဥက္ကဋ္ဌဖြစ်လာဖို့ အိပ်မက်ကို အမှတ်ရနေဆဲ ဖြစ်၏။

ထိုအိပ်မက်အတွက် သူ ကြိုးစားခဲ့သည့် ပုံရိပ်များက မှတ်ဉာဏ်ထဲ စွဲထင်နေဆဲ ဖြစ်သည်။ အဆင့်မြင့် အရာရှိကြီးများ၏ ကိုယ်ရေးအတ္တုပ္ပတ္တိများကိုလည်း ရင်းနှီးကျွမ်းဝင်ထားခဲ့သည်။

အတိတ်က ကုန်ဆုံးသွားပြီး ဘဝက အိပ်မက်သဖွယ် ဖြတ်သန်းသွားသည်။ နွေဦး၊ နွေရာသီ၊ ဆောင်းဦးနှင့် ဆောင်းရာသီကို တွေ့ကြုံခဲ့ရသလိုမျိုး အမျိုးမျိုး ပြောင်းလဲသွားခဲ့သည်။

အဲဒါကြောင့် ငါ့ရဲ့သွင်ပြင်ကလည်း ပြောင်းလဲသွားခဲ့တာပဲ …

ဝမ်ပေါင်လဲ့က သူ့ဘာသာသူ ရေရွတ်လိုက်သည်။

ငါက အရွယ်ရောက်လာပြီ …

ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်၏။ သူက မသိလိုက်ဘဲ ကျင့်ကြံရေးလောကအတွင်း ဝင်ရောက်ခဲ့သည်။ နှစ် ၂၀၀မျှ မရှိသေးသော်လည်း အရမ်းအလှမ်းမဝေးသေးပေ။ အချိန်အတိအကျကမူ သူ့အတွက် ဝေဝါးနေလေ၏။ ဤသည်က အချိန်ကုန်ဆုံးမှုကြောင့် ဖြစ်လာခြင်း မဟုတ်ပေ။ တကယ်တော့ ကျင့်ကြံရေးလောက၏ အမြင်မှ ကြည့်လျှင် သူ့ကျင့်ကြံဆင့်က နှစ် ၂၀၀အတွင်း ဤအဆင့်သို့ ရောက်ရှိလာသည်မှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်၏။

သို့သော်လည်း သူ့အတွက် အဓိပ္ပာယ်ရှိပေသည်။ အမှန်တရားကို ဆက်လက် ထုတ်ဖော်နေရင်း ဝမ်ပေါင်လဲ့က ဤစကြဝဠာရှိ သက်ရှိများဖြင့် အခြေခံ သဘာဝကွဲပြားနေကြောင်း နားလည်လာခဲ့သည်။

ထိုမှတ်ဉာဏ်များ ဝေဝါးနေပြီး သူ့အကျင့်စရိုက် ပြောင်းလဲသွားရသည့် အဓိကအကြောင်းအရင်းကမူ သူသည် အချိန်တိုအတွင်း များစွာတွေ့ကြုံခံစားခဲ့ရ၍ ဖြစ်သည်။ ကံကြမ္မာကြယ်ဆီ သွားခဲ့သည့် ခရီးစဉ်က သူ့ဘဝအတွက် များစွာသက်ရောက်မှုရှိလာစေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့သည် တဖြည်းဖြည်း အသက်ကြီးလာသလို ခံစားမိနေ၏။ သူ့ခန္ဓာကိုယ်နှင့် ဝိညာဥ်များသာမကဘဲ သူ့စိတ်နှလုံးသားကလည်း အသက်အရွယ် ကြီးရင့်လာခဲ့သည်။

သူက ကိစ္စများစွာကို သံသယ မဖြစ်တော့ဘဲ အသားကျလာခဲ့သည်။ သို့သော်လည်း သူ အသားကျလာသည်မှာ သူ ငယ်ရွယ်စဥ်ကလောက် စိတ်အားထက်သန်မှု မရှိတော့ပေ။

ဝမ်ပေါင်လဲ့က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ရင်း ပြုံးလိုက်မိသည်။ သူက ဆုတောင်းပြည့် ပုလင်းကို ထုတ်ကာ ရေရွတ်လိုက်သည်။

“ငယ်ရွယ်တုန်းကလိုမျိုး စိတ်ဓာတ်တက်ကြွတဲ့ အခြေအနေကို ပြန်လိုချင်တယ်”

ဆုတောင်းပြည့် ပုလင်းက တိတ်ဆိတ်နေလေသည်။

ဝှစ်ခနဲအတူ ထိုအရာက ဝမ်ပေါင်လဲ့၏ လက်ထဲမှ လွတ်မြောက်သွားပြီး သိုလှောင်အိတ်အတွင်း ပြန်လည်ဝင်ရောက်သွား၏။

ထိုအရာကို မြင်ကာ ဝမ်ပေါင်လဲ့က ရှားရှားပါးပါး ရယ်လိုက်မိသည်။

ရာသီဥတု ပြောင်းလဲသွားသော်လည်း သူက သူသာလျှင် ဖြစ်နေဆဲ ဖြစ်၏။ ယခင်က ငယ်ရွယ်မှုက သူ့စိတ်နှလုံးသားထဲ ရှိနေဆဲ ဖြစ်သည်။

ကောင်းပြီလေ …

ဝမ်ပေါင်လဲ့က ညာဘက်လက်ကို မြှောက်ကာ အသာဝှေ့ယမ်းလိုက်သည်။ သူ့ဝန်းကျင်တွင် လှိုင်းတွန့်များ ထွက်ပေါ်လာလေ၏။ လှိုင်းတွန့်များက ပျံ့နှံ့သွားပြီး သူ့ဝန်းကျင်ရှိ အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ သူ့ခြေထောက်အောက်ရှိ ရေမျက်နှာပြင်ကလည်း ထပ်မံ ပေါ်ထွက်လာသည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က ရေပေါက်သဖွယ် ကျဆင်းလာသည့်အခါ လှိုင်းတွန့်စက်ကွင်း ၉ ခုက ပျံ့နှံ့သွားလေသည်။

သူက နှစ် ၉၀၀ ကတည်းက မွေးဖွားလာခြင်း မဟုတ်သော်လည်း ကိစ္စမရှိပေ။ သူက လရိပ်ပညာရပ်ကို ကိုယ်တိုင်ဖန်တီးခဲ့ခြင်း ဖြစ်၏။ ပြောရလျှင် အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးအတွင်း သူ့ထက် ထိုပညာရပ်ကို ထုတ်သုံးဖို့ ပိုမိုသင့်တော်သည်ဟူ၍ များများစားစားရှိမည် မဟုတ်ပေ။

အကြောင်းအရင်းကမူ သူ့တကယ့်သွင်ပြင်က ဤစကြဝဠာကြီး ကျောက်ပြားကမ္ဘာအဖြစ် ပြောင်းလဲသွားသည့် ဖြစ်စဥ်တစ်ခုလုံးကို မြင်တွေ့ခဲ့ရ၍ ဖြစ်သည်။ အစမှအဆုံးထိ သူက အမြဲတမ်း ရှိနေခဲ့၏။

သူက ညာဘက်လက်ကို မြှောက်ကာ ရေမျက်နှာပြင်ကို လက်ညှိုးထိုးလိုက်သည်။ သူရှိနေသည့် ကမ္ဘာက ပြောင်းလဲသွားဟန်ပေါ်၏။ ထိုအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားကာ လွန်ခဲ့သည့် နှစ် ၉၀၀ ခန့်က နေရာတစ်ခုသို့ ပြန်လည်ရောက်ရှိသွားလေသည်။

ဤနေရာက ဗလာ ကျင်းနေ၏။

သူက ထပ်မံ လက်ညှိုးထိုးလိုက်သည့်အခါ ရေမျက်နှာပြင်အထက် နောက်ထပ်လှိုင်းတွန့် ၉ခု ထွက်ပေါ်လာသည်။ ဤသို့ဖြင့် ဝမ်ပေါင်လဲ့က သူ့ဂါထာမန္တန်ကို တည်ငြိမ်စွာ ဆက်တိုက် ထုတ်ဖော်နေသည်။ သူ ရောက်ရှိနေသည့် ကမ္ဘာက အချိန်များ ဆက်တိုက်ပြောင်းလဲသွားပြီး သမိုင်းကြောင်းတစ်လျောက် လျှောက်လှမ်းနေရသလိုမျိုး ဖြစ်နေသည်။ သူက မည်မျှလျှောက်လှမ်းလာသည်ကိုပင် မသိတော့ပေ။ သူက ဤစကြဝဠာအတွင်း သက်ရှိမွေးဖွားလာမှုကို မြင်တွေ့လိုက်ရသည်။ သူက နတ်ဘုရားများ၏ ကမ္ဘာသို့ ရောက်ရှိလာသည်။

သိပ်မကြာခင် သူက ဖုတ်ကောင်ကမ္ဘာထိလည်း ရောက်ရှိလာပြီး နတ်ဆိုးဓား၊ အငြိုးကြီး ကျင့်ကြံသူများ အစရှိသည်ကို တွေ့ကြုံခဲ့ရသည်။ ဝမ်ပေါင်လဲ့က အရာအားလုံးကို တည်ငြိမ်စွာ ကြည့်နေလေ၏။ သူက မမလေးသည် သူ့ဘေးတွင် ဘယ်ချိန်ကတည်းက ထိုင်နေမှန်း မသိပေ။ သူမက ဘာမှပြောခြင်း မရှိပေ။ သူတို့က ဆက်တိုက်ပြောင်းလဲနေသည့် ကောင်းကင်ကြီးကိုသာ အတူတကွ ကြည့်နေကြသည်။

အမည်မသိ အချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် ရေမျက်နှာပြင်ရှိ မြင်ကွင်းများက ရပ်တန့်သွားလေ၏။ သမင်ဖြူလေးတစ်ကောင် ပေါ်ထွက်လာပြီး မိန်းကလေးက သူ့ကျောပေါ်တွင် ထိုင်နေသည်။ သူ့ရှေ့တွင် ဆံပင်အဖြူရောင် ရှိပြီး အရပ်ရှည်ရှည် ခပ်တောင့်တောင့် အမျိုးသားတစ်ယောက်၏ ပုံရိပ်တစ်ခု ရှိနေသည်။

ဝမ်ပေါင်လဲ့ ဘေးတွင် ထိုင်နေသည့် မမလေးက ထိုပုံရိပ်ကို မြင်လိုက်သည့်အခါ တုန်ယင်သွားလေ၏။ ကြယ်တာရာကောင်းကင်ထဲ လျှောက်လှမ်းလာသည့် ပုံရိပ်ကလည်း ခြေလှမ်းများ ရပ်တန့်သွားလေသည်။

တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က ညာဘက်လက်ကို မြှောက်ကာ ပုံရိပ်ကို လက်ညှိုးထိုးလိုက်သည်။ ထို့နောက် သူ့ဝန်းကျင်ရှိ ကမ္ဘာက ထပ်မံ ပြောင်းလဲသွားလေ၏။ အရာအားလုံးက ပျောက်ကွယ်သွားကာ ပုံရိပ်တစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။ သူ့ရှေ့တွင် ရှိနေသည်က ရှေးကျသော်လည်း အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ဖြစ်၏။

သမင်ဖြူလေးက မျက်လုံးမှိတ်လျက် ရှိနေသည်။ ၎င်းက အိပ်စက်နေဟန်ပေါ်၏။ မိန်းကလေးကလည်း တရေးတမော အိပ်နေဟန်ပေါ်သည်။ သူတို့၏ အတိတ်နှင့် ပစ္စပ္ပုန်ဘဝကို တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖို့ တားဆီးပေးထားသည့် စည်းမျဥ်းစွမ်းအားတချို့ ရှိဟန်ပေါ်သည်။

“ဖေဖေ” မမလေး၏ ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။ သူမက ထိုပုံရိပ်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

“လူကြီးမင်း” ဝမ်ပေါင်လဲ့က ခေါင်းငုံ့ကာ လက်နှစ်ဖက်ယှက်ပြီး ဦးညွတ်လိုက်သည်။

ဆံပင်အဖြူပုံရိပ်က ဖြည်းဖြည်းချင်း လှည့်ကြည့်လာကာ လူလတ်အရွယ် အမျိုးသားတစ်ယောက်၏ မျက်နှာကို ထုတ်ဖော်ပြသလာသည်။ သူက တစ်ချိန်တည်းဆိုသလို ခန့်းညားကာ ကြော့ရှင်းနေ၏။ သူ့အကြည့်က အကြီးအကဲများလိုမျိုး ညင်သာနေသည်။

ဝမ်ပေါင်လဲ့က ထိုသူသည် ပြင်ပလောကမှ အထွတ်အထိပ် တည်ရှိမှုဖြစ်ကြောင်း သိလေ၏။ သူ့မျိုးရိုးက ဝမ် ဖြစ်သော်လည်း သူ့နာမည်အပြည့်အစုံကိုတော့ မမေးခဲ့ရပေ။

ဤသည်က အရေးမကြီးလှပေ။ တကယ့် အရေးကြီးသည်က သူတို့သည် အချိန်မြစ်ကြောင်းအတွင်း ထပ်မံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“မင်းက အရွယ်ရောက်လာပြီပဲ” ဆံပင်ဖြူဖြူ လူလတ်အရွယ် အမျိုးသားက ဝမ်ပေါင်လဲ့နှင့် ဝမ်ရီရီတို့ကို ကြည့်ရင်း ပြောလိုက်သည်။

“ဖေဖေ” မမလေးက ချုပ်တည်းမထားနိုင်တော့ပေ။ သူမ၏ ပါးပြင်အထက် မျက်ရည်များ စီးကျလာကာ သူ့အဖေ၏ ရင်ခွင်အတွင်း ပြေးဝင်လိုက်သည်။ ကလေးတစ်ယောက်လိုမျိုး သူမက ငိုရှိုက်လိုက်၏။

ဝမ်ပေါင်လဲ့က သူမကို မနှောင့်ယှက်ပေ။ သူက ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီး အိပ်စက်နေသည့် သမင်ဖြူလေးကို ကြည့်လိုက်သည်။ သူမက သူတို့အား အဖေနှင့်သမီး ပြန်လည်တွေ့ဆုံဖို့အတွက် အချိန်ပေးထားလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက ယခင်ဘဝမှ သမင်ဖြူလေးကို လေ့လာအကဲခတ်နေ၏။

သူက ကံကြမ္မာကြယ်ပေါ်တွင် သမင်ဖြူလေး၏ ဘဝကို လျှောက်လှမ်းခဲ့ဖူးသော်လည်း ယခင်ဘဝ၏ ပုံရိပ်ကို ဤသို့အနေအထားဖြင့် မြင်ဖူးသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။

“မင်း ပျော်နေတဲ့ပုံပဲ” ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။ သူက သမင်ဖြူလေးသည် အင်မတန် ပျော်ရွှင်နေကြောင်း ခံစားမိလေ၏။ ထိုအရာက ဝမ်ရီရီကို အဖော်ပြုပေးနေရသည့်အတွက် ကျေနပ်အားရနေဟန်ပေါ်သည်။

အချိန်က ကုန်ဆုံးသွားလေ၏။ ဝမ်ပေါင်လဲ့က ဝမ်ရီရီနှင့် သူမ ဖခင်တို့ကြားမှ စကားဝိုင်းကို နားထောင်နေခြင်း မရှိပေ။ အကယ်၍ အထွတ်အထိပ် တည်ရှိမှုက မလိုလားပါက သူ့ကျင့်ကြံဆင့်ဖြင့်ပင် ထိုအရာကို ကြားနိုင်မည် မဟုတ်ကြောင်း သိထားလေသည်။ ထို့ကြောင့် သူက ဘေးပတ်ဝန်းကျင်ကို ပိတ်ဆို့ထားဖို့ ဆုံးဖြတ်လိုက်၏။

အမည်မသိ အချိန်တစ်ခုကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ခေါ်သံကို ကြားလိုက်ရသည်။

“မိတ်ဆွေလေး”

အသံက ညင်သာလှသည်။ ဝမ်ပေါင်လဲ့က လှည့်ကာ ဝမ်ရီရီ၏ ဖခင်ဖြစ်သူကို ကြည့်လိုက်၏။ သူက တရိုတသေဖြင့် ထပ်မံ ဦးညွတ်လိုက်သည်။

“ယောက္ခမကြီးက ကျွန်တော်ကို ပေါင်လဲ့လို့ ခေါ်လို့ရပါတယ်” ဝမ်ပေါင်လဲ့က တရိုတသေ ပြောလိုက်သည်။ သူက သူမ၏ အဖေကို ယောက္ခမကြီးဟု ခေါ်လိုက်ပါက လက်တွေ့ဘဝထဲ ပြန်လည်ရိုက်ထုတ်ခံရနိုင်ချေရှိကြောင်း သုံးသပ်ထားပြီးသား ဖြစ်၏။ သို့သော် ယခုအချိန် မခေါ်ပါက ထပ်မံ အခွင့်အရေးရမည် မဟုတ်သလို ခံစားမိနေသည်။

ထို့ကြောင့် သူက အရဲစွန့်ကာ ခေါ်လိုက်ခြင်း ဖြစ်၏။

တစ်ဖက်လူက မျက်စိမှိတ်လိုက်လျောပေးလောက်မည် မဟုတ်လား။

ပေါင်လဲ့က မစိုးရိမ်ပေ။

ပေါင်လဲ့က ခေါင်းကို ငုံ့ထားပြီး စိတ်နှလုံးသားထဲတွင် တွေးနေစဥ် ဝမ်ရီရီ၏ ဖခင်ဖြစ်သူဆီမှ အသံကို ထပ်မံ ကြားလိုက်ရသည်။ သူ့အသံအနေအထားက ပြောင်းလဲသွားကြောင်း သိသာလှ၏။

“ထပ်ပြောလိုက်စမ်း။”

ဝမ်ပေါင်လဲ့က မျက်တောင်ခတ်လိုက်သည်။

All Chapters