နတ်ဧကရာဇ်လမ်းစဥ်
Vol. 88 Ch. 1222
တာအိုကို ရှာဖွေရမယ် …
ဤသည်က ဝမ်ပေါင်လဲ့သည် အချိန်မြစ်ကြောင်းကို လျှောက်လှမ်းပြီး ဝမ်ရီရီ၏ ဖခင်ဖြစ်သူကို တွေ့ဆုံပြီးသည့်နောက်တွင် ထွက်လာသည့် သုံးသပ်ချက် ဖြစ်သည်။ ဤသည်က သူ့နဂိုရည်ရွယ်ချက်လည်း ဖြစ်၏။
သူက လရိပ် ကြေးမုံပန်းပွင့် တာအိုပညာရပ်ဖြင့် ထိုအထွတ်အထိပ် တည်ရှိမှုဆီမှ တာအိုကို ရှာဖွေဖို့ အသုံးပြုချင်သည်။ ကျင့်ကြံရေးလမ်းစဥ်က သူ့လက်ရှိအနေအထားထိ ရောက်ရှိလာပြီ ဖြစ်၏။ ရှေ့တွင် ရှေ့ဆက်လျှောက်ရမည့်လမ်း ကျန်ရှိနေသေးသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့က မည်မျှပင်သုံးသပ်စေကာမူ ဝေဝေဝါးဝါး ခံစားချက်သာ ရရှိနေသည်။
ကျောက်ပြားကမ္ဘာရှိ လမ်းစဥ်က သူ့အတွက် မသင့်တော်တော့ပေ။
သူ့ကြယ်နယ်မြေက တခြားသူများဖြင့် ကွဲပြားနေသည်။ ဝူလေး ပြောသကဲ့သို့ သူ့တာအိုက ပိုမို ပြီးပြည့်စုံနေ၏။ ဤသို့ဆိုလျှင် သူ့အနာဂတ်လမ်းစဥ် ဦးတည်ချက်က ပိုမို အရေးကြီးလာသည်။ လွတ်လပ်ခွင့်တာအိုက သူ့ဝိညာဥ်ထဲ ရေးထွင်းထားသော်လည်း သူသာ ပိုမိုလွတ်လပ်လိုပါက ပိုမိုအားကောင်းဖို့ လိုအပ်နေသည်။
သူ့ကံကြမ္မာက မိုးကောင်းကင်ဆီ မဟုတ်ဘဲ သူ့လက်ထဲတွင်သာ ရှိ၏။ ထို့ကြောင့် သူက တာအိုကို ရှာဖွေရမည်။
ဤကဏ္ဍတွင် သူ့ကို ကူညီပေးနိုင်သည့် သူများအတွက်မူ ကျောက်ပြားကမ္ဘာတစ်ခုလုံး၌ အဆုံးမဲ့မျိုးနွယ်၏ ခေါင်းဆောင်ကြီးနှင့် သူ့ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းကသာ လုပ်ဆောင်နိုင်လိမ့်မည်။ သို့သော်လည်း နှစ်ဖက်လုံးအတွက် မဖြစ်နိုင်သည်မှာ သိသာလှ၏။
ထို့အပြင် သူ့ဂိုဏ်းတူအစ်ကိုကြီး၏ တာအိုက မိုးကောင်းကင်တာအိုဖြစ်ကာ အမှောင်တာအိုလည်း ဖြစ်နေသည်။ ကောင်းကင်ယံတွင် အမှောင်ထုသာ ရှိနေသည့်အခါ ပြီးပြည့်စုံမည် မဟုတ်ပေ။
သူ့ဆရာ မီးတောက်ခေါင်းဆောင်ကြီးအတွက်မူ သူ့ကျိန်စာတာအိုက ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်၏။ အကယ်၍ ကျောက်ပြားကမ္ဘာ၏ တာအိုက မပြီးပြည့်စုံဘဲ အကြောင်းအရင်းတချို့ကြောင့် ကန့်သတ်ခံထားရသည့်အတွက်ကြောင့်သာ မဟုတ်လျှင် မီးတောက်ခေါင်းဆောင်ကြီးက သူ့ပင်ကိုယ်ပါရမီဖြင့် စကြဝဠာအဆင့် ရောက်ရှိပြီးလောက်လေပြီ။ သို့သော်လည်း သူက ပြီးပြည့်စုံသည့် ကြယ်နယ်မြေအဆင့်သာ ရှိနေသေး၏။ သူက အသက်ကို စတေးကာ ကျိန်စာကို ထုတ်သုံးလိုက်သည့် အချိန်မှ စကြဝဠာအဆင့်ကို ရောက်ရှိသွားလိမ့်မည်။
ဝမ်ပေါင်လဲ့က အတွေးများစွာ တွေးပြီးသည့်နောက်တွင် ဝမ်ရီရီ၏ ဖခင်ဖြစ်သူမှ အကူအညီတောင်းခံဖို့ ရွေးချယ်လိုက်ခြင်း ဖြစ်၏။ သူတို့နှစ်ဦးက ယခင်ဘဝတွင် သဘောတူညီချက် ရှိထားခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် သူ့ကံကြမ္မာသည် ဝမ်ရီရီနှင့် ဘဝများစွာတိုင် ဆက်နွယ်နေရခြင်းလည်း ဖြစ်၏။ ဤသည်က နောင်အနာဂတ် ဝမ်ရီရီ၏ ပြန်လည်ကောင်းမွန်လာမှုဆီ ဦးတည်နေသည်။
ထိုဖြစ်စဥ်တစ်ခုလုံးအတွင်း ဝမ်ရီရီ၏ ဖခင်ဖြစ်သူ တခြားနယ်ပယ်မှ အထွတ်အထိပ် သက်ရှိက သူ့၏ အားအကောင်းဆုံး မဟာမိတ် ဖြစ်နေ၏။
ကြည့်ရတာ ငါ သူ့ကို မရှာရင်တောင် သူက ငါ့ကို လာရှာမှာ ထင်တယ်။ ဒီကျောက်ပြားကမ္ဘာထဲမှာ စကြဝဠာအဆင့် တက်လှမ်းချင်ရင် တန်ကြေးကြီးကြီးမားမား ပေးဆပ်ရမယ် …
ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ မီးတောက်ခေါင်းဆောင်ကြီးကိုယ်တိုင်ကပင် ထိုအကြောင်းကို မသိသည့်အတွက် သူ့အား မည်သူကမှ ပြောပြခြင်း မရှိပေ။ တခြားသော စကြဝဠာအဆင့် ကျင့်ကြံသူများကလည်း ထိုအရာကို နားလည်ကြမည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့က သူ့တာအိုသည် ပြီးပြည့်စုံကြောင်း မှုန်ဝါးဝါး ခံစားချက်ရရှိနေသည့် တစ်ဦးတည်းသောသူ ဖြစ်၏။
“နည်းလမ်းသုံးခု ရှိနိုင်တယ်”
“ပထမနည်းလမ်းက ဆုတောင်းတာနဲ့ ဆင်တူတယ်။ ကြယ်နယ်မြေကို သေချာတဲ့အနေအထားထိ ရောက်အောင် ချဲ့ထွင်ပြီးတဲ့နောက်မှာ စကြဝဠာအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။ ဒီနယ်နိမိတ်က အနည်းဆုံး နယ်မြေတစ်ခုစာ ရှိရမယ်။ အဲဒီနောက်ကွယ်ရဲ့ သဘောတရားကတော့ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးရဲ့ အမွှေးနံ့သာတာအိုနဲ့ ဇစ်မြစ် တူလောက်တယ်။
နမူနာအနေနဲ့ဆိုရင် လမ်းစဥ်ကိုးသွယ် တာအိုဂိုဏ်းက ခေါင်းဆောင်ကြီးနဲ့ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းမှ နတ်ဆိုးသားတော်တို့က အဆင့်တက်ဖို့ ဒီနည်းလမ်းကို သုံးခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ နောက်တစ်ယောက်ကတော့ ပိုပြီး ပြီးပြည့်စုံတဲ့ပုံပဲ။ မဟာဒိဋ္ဌိနယ်မြေက အကောင်းအဆိုး ရောနေတာဆိုတော့ နည်းနည်းတော့ သံသယ ဖြစ်စရာပဲ။ ရလဒ်အနေနဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်လာမဲ့ ကံကြမ္မာကို မျှဝေထားတဲ့ လူတချို့ ရှိနေတယ်။ အဲဒါကြောင့် သူက ချောချောမွေ့မွေ့ အဆင့်တက်လှမ်းနိုင်ခဲ့တာ။”
“ဒါပေမဲ့ မဟာလက်ဝဲတာအိုနယ်မြေက ကွဲပြားတယ်။ ဆရာနဲ့ ချန်ရှင်းက နှစ်များစွာ မဟာလက်ဝဲတာအိုနယ်မြေထဲမှာပဲ သက်ဝင်လှုပ်ရှားခဲ့ကြတာ။ လမ်းစဥ်ကိုးသွယ် တာအိုဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးက ကံကြမ္မာအလုံအလောက် မစုစည်းမိလို့ သူ့ကိုယ်ပိုင်ဂိုဏ်းမှာပဲ စကြဝဠာအဆင့် စွမ်းအားကို ရနိုင်တာ ဖြစ်မယ်။ အဲဒါကြောင့် လမ်းစဥ်ကိုးသွယ်ဂိုဏ်းက ငါ့ကို တားဆီးဖို့ အားကုန်ထုတ်သုံးနေကြတာပဲ။”
“ငါ့ရဲ့ အဆင့်တက်လှမ်းမှုက လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးအတွက် အဆင့်တက်လှမ်းဖို့ အခွင့်အရေး မရသွားစေတာမျိုး ဖြစ်လာနိုင်တယ်။ သူက လက်ရှိအနေအထားမှာပဲ ထာဝရ ကြန့်ကြာသွာနိုင်တယ်။
ဆရာကတော့ သူ့မွေးရပ်မြေက ကျရှုံးသွားပြီ။ သူ့တာအိုအုတ်မြစ်က ပြိုလဲသွားပြီဆိုတော့ ဒီလမ်းစဥ်ကို မလျှောက်လှမ်းနိုင်တော့ဘူး။
ဒါပေမဲ့ ဒီနည်းလမ်းကို သုံးပြီး အဆင့်ချိုးဖောက်တာက ဆိုးကျိုးတော့ ရှိတယ်။ ဒီကျောက်ပြားကမ္ဘာကနေ ဘယ်တော့မှ ထွက်ခွာသွားလို့ရမှာ မဟုတ်ဘူး။ ထွက်ခွာသွားတာနဲ့ တာအိုအသီးက ညှိုးနွမ်းသွားပြီးတော့ သူ့ကျင့်ကြံဆင့်ကလည်း ပြုတ်ကျသွားလိမ့်မယ်”
“အဲဒါအပြင် ဒုတိယနည်းလမ်းလည်း ရှိနေသေးတယ်။ မိုးကောင်းကင်တာအိုရဲ့ ရုပ်သေးရုပ်ဖြစ်လာပြီးတော့ မိုးကောင်းကင်တာအိုဆီက စည်းမျဥ်းဥပဒေတွေကို ငှားယူပြီး စကြဝဠာအဆင့် တက်လှမ်းဖို့ပဲ။ ဒီနည်းလမ်းက ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ လူကန့်သတ်ချက် ရှိတယ်။ မိုးကောင်းကင်တာအိုရဲ့ ရုပ်သေးရုပ်ဖြစ်လာတာနဲ့ ကိုယ်ပိုင်အသက်နဲ့ အလိုဆန္ဒက ကိုယ့်အပိုင် မဟုတ်တော့ဘူး။
ဒါက အဆုံးမဲ့မျိုးနွယ်ရဲ့ နတ်ဧကရာဇ်တချို့အတွက်လည်း ဒီနည်းလမ်းနဲ့ တက်လှမ်းခဲ့တဲ့ပုံပဲ။ အဆုံးသတ်မှာ ဒီနည်းလမ်းက ပထမနည်းလမ်းနဲ့ ဇစ်မြစ် အတူတူ ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ကံကြမ္မာအလုံအလောက် စုဆောင်းနိုင်တယ်ဆိုရင်တော့ မိုးကောင်းကင်တာအိုရဲ့ စွမ်းအားကို ငှားယူပြီးတော့ ချောချောမွေ့မွေ့ အဆင့်တက်လှမ်းနိုင်လိမ့််မယ်။ အဲဒါအပြင် တိုက်ခိုက်စွမ်းရည်ကလည်း အဆင့်တက်လှမ်းပြီးတဲ့နောက်မှာ ပိုပြီး အားကောင်းလာလိမ့်မယ်။ မိုးကောင်းကင်တာအိုက ကျောက်ပြားကမ္ဘာကနေ ထွက်သွားနိုင်ရင် သူကလည်း အဲဒါကို သုံးပြီးတော့ ထွက်သွားနိုင်လိမ့်မယ်။”
“တတိယနည်းလမ်းကတော့ ကျောက်ပြားကမ္ဘာထဲမှာ ထိပ်သီးလမ်းစဥ်ဖြစ်တဲ့ မိုးကောင်းကင်တာအို ဖြစ်လာဖို့ပဲ။” ဝမ်ပေါင်လဲ့၏ အကြည့်များက တောက်ပလာသည်။
“တကယ်လို့ မိုးကောင်းကင်တာအိုသာ ဖြစ်လာခဲ့မယ်ဆိုရင် ချန်ရှင်းလို ကန့်သတ်ချက်ရှိမှာ မဟုတ်ဘူး။ အခုဒါကို စဥ်းစားကြည့်မယ်ဆိုမှ အဆုံးမဲ့မျိုးနွယ်ရဲ့ ခေါင်းဆောင်ကြီးကလည်း ဒီလမ်းစဥ်ကို လျှောက်လှမ်းခဲ့တဲ့ပုံပဲ။ အဆုံးမဲ့မျိုးနွယ်ရဲ့ မိုးကောင်းကင်တာအိုက သူ့ပြန်လည်ဝင်စားမှု ဖြစ်နေနိုင်တယ်။” ဝမ်ပေါင်လဲ့၏ အတွေးများက ပိုမိုရှင်းလာသည်။
“ငါ ရှာဖွေနေတဲ့ တာအိုက စတုတ္ထမြောက်နည်းလမ်းပဲ။”
“ကျောက်ပြားကမ္ဘာထဲမှာ တကယ့်စကြဝဠာရဲ့ တာအိုကို ကျင့်ကြံဖို့ပဲ။ ပြီးမှ ကျောက်ပြားကမ္ဘာကနေ ထွက်သွားပြီးတော့ တာအိုကို သက်သေပြရမယ်။ အဲဒီနည်းလမ်းနဲ့ စကြဝဠာအဆင့် တက်လှမ်းတာက အနှောင်အဖွဲ့ မရှိဘဲ လွတ်မြောက်သွားလိမ့််မယ်။”
ဝမ်ပေါင်လဲ့က အချိန်တော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရုတ်တရက် ထရယ်လိုက်သည်။ သူက ထိုကိစ္စများကို ဆက်မတွေးတော့ပေ။ ထိုအစား သူက အင်္ဂါဂြိုဟ်ရှိ မြို့အသစ်တွင် ကျောက်စိမ်းပြားကို ထုတ်ကာ သေချာလေ့လာကြည့်လိုက်ပြီး သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့သည်။ ဤတစ်ကြိမ် သူက သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားစဥ် အစွန်းရောက်တာအိုရှစ်ပါးနှင့် ချန်ယဲ့ ပညာရပ်များကို ကျွမ်းကျင်လိုသည်။
ပထမတစ်ခုက အနာဂတ်တွင် သူ လျှောက်လှမ်းရမည့် လမ်းစဥ် ဖြစ်၏။ နောက်ဆုံးတစ်ခုကမူ တိုက်ခိုက်ရေး၌ သူ့ဝှက်ဖဲ ဖြစ်လာလိမ့်မည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်သွားပြီး ဝမ်ပေါင်လဲ့က ဆက်လက် လေ့လာနေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း တစ်နှစ်တာ ကုန်ဆုံးသွားလေ၏။
အဆုံးမဲ့မျိုးနွယ်နှင့် အမှောင်ဂိုဏ်းကြားမှ စစ်ပွဲက ဆက်လက် ပြင်းထန်လာသည်။ နှစ်ဖက်ကြားရှိ စစ်ပွဲမီးစက အလယ်ပိုင်း အဆုံးမဲ့တာအိုနယ်မြေတစ်ဝက်ကျော်ကို ပျံ့နှံ့လာပြီ ဖြစ်၏။ နတ်ဧကရာဇ်များကြားတွင်ပင် တိုက်ပွဲတချို့ရှိလာလေသည်။
အများစုက ရိုးရှင်းသည့်တိုက်ကွက်များ ဖြစ်သော်လည်း တိုက်ပွဲက အရှိန်မြှင့်တင်လာကြောင်း ပြသနေသည့် အရိပ်အယောင်လည်း ဖြစ်ပေသည်။ ပို၍ အရေးကြီးသည်က အမှောင်ဂိုဏ်းသည် ချန်ရှင်းအပြင် တခြားသော နတ်ဧကရာဇ်များ၏ တိုက်ခိုက်စွမ်းရည်ကို ဖော်ထုတ်ပြသလာသည်။
သူတို့ဘက်တွင် နတ်ဧကရာဇ် သုံးပါးရှိထားလေသည်။ သူတို့က အမှောင်ဂိုဏ်း ကျင့်ကြံသူများ မဟုတ်ပေ။ ထိုအစား သူတို့သည် အမှောင်မြစ်မှ သေလူများ၏ စိတ်ဝိညာဥ်သာ ဖြစ်၏။ ချန်ရှင်း၏ ထူးကဲသောနည်းစနစ်က သူတို့အား အားကောင်းသည့် ကျင့်ကြံဆင့် ပေးထားမှန်း သိသာလှသည်။ သူတို့ ပေးဆပ်ရသည့် တန်ကြေးကလည်း မနည်းလှပေ။ သို့သော် စစ်ပွဲအတွက်မူ ဤကိစ္စက ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
သေလူသုံးဦး၏ စိတ်ဝိညာဥ်များကို ဂုဏ်ပုဒ်များ ပေးထားလေ၏။ တစ်ယောက်က ငရဲသူတော်စင်ဟု ခေါ်ဆိုကာ တခြားတစ်ယောက်ကမူ အရိုးဧကရာဇ် ဖြစ်၏။ နောက်ဆုံးတစ်ယောက်ကမူ သူ့တကယ့်အသွင်က စိတ်ဝိညာဥ်မြှပ်နှံရေးသစ်ပင် ဖြစ်နေသည်။ သူက လူအိုကြီး အသွင်ပြောင်းလဲထားပြီး သူ့ကိုယ်သူ စိတ်ဝိညာဥ်မြှပ်နှံရေးသစ်ပင်ဟု ခေါ်ဆို၏။
သို့သော်လည်း ဤသည်က အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေခြင်း မဟုတ်ပေ။ အမှန်တကယ် တုန်လှုပ်သွားစေသည့်အရာက ငရဲသူတော်စင်နှင့် နတ်ဧကရာဇ် အလင်းသူတော်စင်တို့၏ တိုက်ပွဲ ဖြစ်၏။ အဆုံးသတ်တွင် နတ်ဧကရာဇ် အလင်းသူတော်စင်က နာမည်တစ်ခုကို ထုတ်ဖော်ခဲ့သည်။
“ နတ်ဧကရာဇ် ဧရာမလမင်း”
နတ်ဧကရာဇ် ဧရာမလမင်းက လွန်ခဲ့သည့် နှစ် ၃သောင်းခန့်က ချန်ရှင်း လက်ချက်ကြောင့် သေဆုံးသွားခြင်း ဖြစ်၏။
ယခုအခါ ကြည့်လိုက်ပါက ချန်ရှင်းသည် အမှောင်ဂိုဏ်း၏ စွမ်းအားမြင့်တက်မှုကို အချိန်တော်ကြာ စီစဉ်လာခဲ့ကြောင်း သိသာလှသည်။ သူတို့က အဆုံးမဲ့မျိုးနွယ်ထဲ စကြဝဠာကို အုပ်စိုးခဲ့သည့် နတ်ဧကရာဇ်များအကြောင်းကို တွေးမိသွားသည့်အခါ ချန်ရှင်းက သူတို့ကို အသွင်ပြောင်းလိုက်တာလားဟု စဥ်းစားမိသွားကြသည်။ ထိုအရာစဥ်းစားလိုက်သည်နှင့် သူတို့၏ စိတ်ထဲ လှိုင်းလုံးများစွာ ထသွားလေ၏။
ကံကောင်းစွာဖြင့် အရိုးဧကရာဇ်နှင့် စိတ်ဝိညာဥ်မြှပ်နှံရေးသစ်ပင် ပေါ်ထွက်လာမှုက ထိုအရာများကို ထပ်မံ မဖြစ်စေပေ။ အဆုံးမဲ့မျိုးနွယ်၏ တုန်လှုပ်မှုက လျော့ကျသွားခဲ့သည်။ သို့သော်လည်း ထိုသူနှစ်ဦးနှင့် ပတ်သက်ပြီး သူတို့၏ ခန့်မှန်းချက်က ဆက်လက် ဖြစ်နေဆဲ ဖြစ်သည်။
ပြောရလျှင် အချိန်တိုအတွင်း နတ်ဧကရာဇ် ပေါ်ထွက်လာဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် အမှောင်ဂိုဏ်း၏ နတ်ဧကရာဇ် သုံးပါးသည် သမိုင်းကြောင်းမှတစ်လျှောက် နောက်ကြောင်းပြန်လိုက်ကြည့်သင့်ပေသည်။
နတ်ဧကရာဇ်များကြားမှ တိုက်ပွဲက မဟာလက်ဝဲတာအိုနယ်မြေအပေါ် သက်ရောက်မှု မရှိသော်လည်း ပြည်ထောင်စုကြီး၏ လက်ရှိအဆင့်အတန်းဖြင့် လူမှုအဖွဲ့အစည်းနှင့် ဂိုဏ်းငယ်များက ပူးပေါင်းလိုသည့် အရေအတွက် များပြားလွန်းနေသည်။ သူတို့က ဆက်တိုက်ဆိုသလို မျက်စိများသဖွယ် နားများသဖွယ် လှုပ်ရှားကာ တိုက်ပွဲအကြောင်း ပြည်ထောင်စုကြီးထံ သတင်းပို့လျက် ရှိသည်။
တစ်ချိန်တည်းဆိုသလို မီးတောက်ခေါင်းဆောင်ကြီး၏ စီစဉ်မှုအောက်တွင် ပြည်ထောင်စုကြီးက အလယ်ပိုင်းတာအိုနယ်မြေဆီ သွားရောက်မည့် အဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်က တိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲဖို့ မဟုတ်ဘဲ တိုက်ပွဲကို မျက်လုံးများသဖွယ် စောင့်ကြည့်ဖို့ ဖြစ်၏။ ထိုအခါမှ ပြည်ထောင်စုကြီးသည် တိုက်ပွဲကွင်းပြင်ရှိ အခြေအနေကို အလျင်အမြန် သိနိုင်လိမ့်မည်။
ဝမ်ပေါင်လဲ့၏ ဓမ္မကိုယ်ပွားနှင့် နတ်ဘုရားအသိစိတ်တို့က အပြင်ဘက်တွင် ရှိနေသည့်အတွက် သူက အရာအားလုံးကို သိနေသည်။ သို့သော်လည်း သူက ထိုအရာကို ဂရုစိုက်ဖို့ အချိန်မရှိပေ။ အကြောင်းအရင်းက သူ့စိတ်ထဲတွင် အစွန်းရောက် တာအိုရှစ်ပါးနှင့် ချန်ယဲ့ပညာရပ်ကို လေ့လာဖို့ရာသာ မြှုပ်နှံထား၏။
သူ ပထမဦးဆုံး နားလည်သည့်အရာက အစွန်းရောက် တာအိုရှစ်ပါး မဟုတ်ဘဲ ချန်ယဲ့ ပညာရပ် ဖြစ်၏။