← Chapters

တာအိုမျိုးစေ့

Vol. 88 Ch. 1223

တာအိုမျိုးစေ့

Vol. 88 Ch. 1223

ကောင်းကင်ယံ ရှိသော်လည်း ကမ္ဘာကြီးက ဗလာကျင်းနေသည်။ ကြယ်တာရာကောင်းကင် ရှိသော်လည်း စကြဝဠာကြီးက မှောင်မဲနေ၏။ အလင်းရောင် လုံးဝ မရှိပေ။ တစ်ခုတည်းသော တည်ရှိသည့်အရာက အဆုံးမဲ့ချောက်နက်သာ ဖြစ်၏။

အနက်ရောင်က နေရာတစ်ခုလုံးကို ကြီးစိုးထားဟန်ပေါ်သည်။ အေးစက်မှုကသာ တစ်ခုတည်းသော လေထု ဖြစ်နေဟန်ပေါ်သည်။

ထိုခံစားချက်၊ ထိုအခြေအနေက ဝမ်ပေါင်လဲ့နှင့် မရင်းနှီးခြင်း မဟုတ်ပေ။ ယခင် သူ ကံကြမ္မာကြယ်ပေါ်တွင် အတိတ်အကြောင်း ပြန်လည်သိစဥ်အခါက သမင်ဖြူလေးဘဝ မရောက်ခင် ဘဝတွေအားလုံးက ဤသို့ ဖြစ်ခဲ့၏။ အမှောင်ထု၊ အေးစက်မှုလွဲ၍ တခြား ဘာမှမရှိပေ။

အချိန်တစ်ခုကြာမြင့်ပြီးသည့်နောက်တွင် အမှောင်ထုနှင့် အေးစက်မှုတို့က ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီး လေဟာနယ်တစ်ခုလုံး၊ နေရာတစ်ခုလုံးနှင့် ကောင်းကင်တစ်ခုလုံးက အပြိုအပျက်အဖြစ် ပြောင်းလဲသွားဟန်ပေါ်သည်။ ထို့နောက် ဝမ်ပေါင်လဲ့က အလင်းတန်းကို မြင်လိုက်ရ၏။

ထိုအလင်းတန်းက ဤမှောင်မဲနေသည့် ကမ္ဘာအတွင်း ပွင့်လန်းလာသည့် ပန်းပွင့်သဖွယ် ဖြစ်နေသည်။ ထိုအရာက အဆုံးမဲ့ အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် အံ့မခန်းစွမ်းအားကို ဆောင်ကြဉ်းလာဟန်ပေါ်သည်။

ဝမ်ပေါင်လဲ့က ထိုမြင်ကွင်းနှင့် မရင်းနှီးခြင်း မဟုတ်ပေ။ သူက ယခင်ဘဝတွင် ဉာဏ်အလင်းပွင့်စဥ်အခါကလည်း အတူတူသာ ဖြစ်ခဲ့၏။ သူက အနက်ရောင် သစ်သားပြားဘဝတွင် ရှိပြီး စကြဝဠာ၏ မွေးဖွားမှုကို မြင်လိုက်ရသည်။ သို့သော် ယခုအချိန် မွေးဖွားလာသည်က စကြဝဠာအသစ် မဟုတ်ဘဲ အရုဏ်တက်မှု ဖြစ်၏။

နေမင်းက မဟူရာချောက်နက်ထဲ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုအရာ ထွက်ပေါ်လာသည်နှင့် မျက်စိစူးလောက်ဖွယ် အလင်းတန်းက ထွက်ပေါ်လာပြီး အမှောင်ထု ပြည့်နှက်နေသည့် လေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ကာ မှောင်မဲနေသည့်နေရာတွင် ထာဝရအလင်းတန်း ပေါ်ထွက်လာသလိုမျိုးဖြစ်ကာ အမှောင်ထုကို အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။

နေရောင်ထွက်ပေါ်လာသည်နှင့် မိုးမြေကြားရှိ အမှောင်ထုအားလုံးက ဖျက်ဆီးခံလိုက်ရသည်။ နတ်ဆိုး၊ မိစ္ဆာ၊ တစ္ဆေ၊ မကောင်းဆိုးဝါးနှင့် တခြားသော အပျက်အစီးများအားလုံး အပါအဝင် ဖြစ်၏။ သူတို့က တစ်ခုပြီးတစ်ခုဆိုသလို ပြိုလဲကာ ပျောက်ကွယ်သွားကြသည်။

ကောင်းချီးအငွေ့အသက်က နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မကောင်းသည့် အရာများကို နှင်ထုတ်လိုက်သလိုမျိုး ဖြစ်၏။

ကောင်းချီးအငွေ့အသက်က အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

ထိုစဥ် မိုးခြိမ်းလုမတတ် အသံကျယ်ကြီး ထွက်ပေါ်လာလေ၏။ ထိုအသံက အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။ အနီရောင်နေလုံးက ကောင်းကင်အထက် ရှိနေပြီး ကမ္ဘာကြီးကို ထွန်းလင်းတောက်ပစေသည်။ ထိုမြင်ကွင်းက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကို အပြင်းအထန် တုန်ယင်သွားစေကာ စိတ်နှလုံးသားထဲ ဂယက်ရိုက်သွားစေသည်။

အချိန်တော်ကြာမြင့်ပြီးသည့်နောက်တွင် ညအမှောင်ထုက ဝမ်ပေါင်လဲ့၏ စိတ်ထဲ ပျောက်ကွယ်သွားကာ အနီရောင်နေလုံး မြင်ကွင်းတို့က ဖြည်းဖြည်းချင်း ဝေဝါးလာသော်လည်း သူ့စိတ်ထဲတွင်မူ အဆုံးမဲ့ မဟူရာချောက်နက်ထဲ နေမင်း ထွက်ပေါ်လာသည့်မြင်ကွင်းက အချိန်တော်ကြာသည်အထိ ပျောက်ကွယ်မသွားခဲ့ပေ။ ပြောရလျှင် ထိုအရှိန်အဝါက ထွက်ပေါ်နေဆဲဖြစ်ကာ ထိုအရာတွင် ပါဝင်နေသည့် တာအိုအသိအမြင်က ဝမ်ပေါင်လဲ့အား နားလည်စေဖို့ အထောက်အကူ ဖြစ်စေသည်။

“ဒါက ချန်ယဲ့ပညာရပ်လား” ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က မျက်လုံးဖွင့်ကာ ရေရွတ်လိုက်သည်။ သူက ဤတာအိုပညာရပ်ကို ဖန်တီးခဲ့သည့် ဝမ်ရီရီ၏ ဖခင်ဖြစ်သူကို အတော်လေး လေးစားနေမိ၏။

ပြောရလျှင် ချန်ယဲ့က တာအိုပညာရပ် မဟုတ်တော့ပေ။ ထိုအရာက ယုံကြည်မှု ဂါထာမန္တန်သဖွယ် ဖြစ်၏။

“ယုံကြည်မှု ဂါထာမန္တန်လား” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူက ဝမ်ရီရီ၏ ဖခင်ဖြစ်သူ ချန်ထားခဲ့သည့် ကျောက်စိမ်းပြားထဲတွင် ထိုနာမည်ကို ကြားခဲ့ဖူးသည်။

ဝမ်ပေါင်လဲ့က ယုံကြည်မှု ဂါထာမန္တန်များအကြောင်း မသိသည့်အတွက် နက်နက်နဲနဲ မလေ့လာခဲ့ပေ။ သူက တခြားသူများ၏ ကျင့်စဥ်ကို သတ်ဖြတ်ဖို့ရာ အသုံးပြုနိုင်သော်လည်း နက်နက်နဲနဲ မစဥ်းစားနိုင်ကြောင်း သဘောပေါက်၏။

နမူနာအနေဖြင့် ချန်ယဲ့ပညာရပ်သည် သတ်ဖြတ်ခြင်းဖြင့် ဆက်နွယ်နေဟန်မပေါ်ပေ။ သို့သော် လက်တွေ့တွင် ဝမ်ပေါင်လဲ့၏ အကဲဖြတ်မှုအရ ထိုအရာသည် သတ်ဖြတ်ဖို့ရာအတွက် ထိပ်တန်းပညာရပ်တစ်ခု ဖြစ်သည်။

သူ့ဆရာ မီးတောက်ခေါင်းဆောင်ကြီး၏ ကျိန်စာပင် ထိုအရာနှင့် ယှဥ်လိုက်ပါက မှေးမှိန်သွားလိမ့််မည်။ သူတို့က တူညီသည့်အဆင့်တွင် ရှိမနေပေ။ နောက်တစ်ခုက လျို့ဝှက်ဆန်းကြယ်ကာ မှောင်မိုက်လွန်းသည်။ သို့သော်လည်း ရှေ့တစ်ခု၏ လွှမ်းမိုးတတ်သည့် အငွေ့အသက်က မိုးမြေကြားရှိ ကောင်းချီးမင်္ဂလာကို ကိုယ်စားပြုကာ အရာအားလုံးကို ဖိနှိပ်ထားသည်။

“ငါ့ကို ဆန့်ကျင်တဲ့သူတွေက ညအမှောင်ထုပဲ” ထိုစဥ် ဝမ်ပေါင်လဲ့က သူ့တစ်ကိုယ်လုံး လျှပ်စီးဖြတ်ပြေးသွားသလို ခံစားလိုက်ရပြီး ထိုစကားများကြောင့် သူ့ဦးခေါင်းပင် အနည်းငယ် ထုံထိုင်းသွားသည်။

ထိုအကြောင်းကို တွေးမိလေလေ ထိုစကားများက ပိုမိုလွှမ်မိုးမှုအား ကြီးလာလေလေ ဖြစ်၏။

ဝမ်ပေါင်လဲ့က သူ့စိတ်ထဲမှ ဝမ်ရီရီ၏ ဖခင်ဖြစ်သူကို ပိုမို လေးစားမိသွားသည်။ ထိုအမျိုးသားသည် သတ်ဖြတ်ရေး ကျင့်ကြံရေးလမ်းစဥ်ကို လျှောက်လှမ်းခဲ့ပြီး သူ သတ်ခဲ့သည့် လူအရေအတွက်က ရေတွက်၍ မရနိုင်တော့ကြောင်း ခန့်မှန်းမိ၏။

သူက ချန်ယဲ့ကို ပြီးပြည့်စုံစွာ နားလည်နိုင်သည့် အကြောင်းအရင်းကမူ ယခင်အတိတ်ဘဝမှ အတွေ့အကြုံများကြောင့် ဖြစ်၏။ အရေးကြီးဆုံး အချက်ကမူ ဝမ်ရီရီ အမွေဆက်ခံရရှိထားသည့် အမွေအနှစ်တစ်ခုကြောင့် ဖြစ်သည်။

ထိုအမွေအနှစ်က အရည်အချင်း အသိမှတ်ပြုမှုတစ်ခုနှင့် တူညီပြီး သူ့အား ကျောက်ပြားကမ္ဘာနှင့် မသက်ဆိုင်သည့် တာအိုကို ကျင့်ကြံခွင့်ပြုထားသည်။

ဝမ်ပေါင်လဲ့က အသက်ပြင်ပြင်းရှူကာ ချန်ယဲ့ပညာရပ်ကို စိတ်ထဲတွင် ပြန်လည်တွေးတောလိုက်သည်။ သူက ထိုအရာကို ထပ်ခါထပ်ခါ သုံးကြည့်ပြီး ပိုမိုကောင်းမွန်စွာ နားလည်သွားသည်။ ထို့နောက် သူက ထိုအရာကို ပိုမိုနားလည်ဖို့ အလောကြီးလာမိသည်။ သူက မျက်လုံးကို ဖွင့်ကာ ထိုအရာ၏ ဇစ်မြစ်ကို လေ့လာဖို့ လက်လျှော့လိုက်သည်။

“သတ်ဖြတ်ရေး ကဏ္ဍမှာဆိုရင်တော့ ငါ့ရဲ့ လက်ရှိ ကျွမ်းကျင်မှုက လုံလောက်နေပြီ” ဝမ်ပေါင်လဲ့၏ အကြည့်က ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် တောက်ပနေသည်။ သူက ကျောက်စိမ်းပြားကို ထပ်မံထုတ်ကာ အစွန်းရောက် တာအိုရှစ်ပါးကို ကြည့်လိုက်သည်။

ဒါက ငါ့ရှေ့ဆက်လျှောက်ရမဲ့ လမ်းစဥ်ပဲ။ နက်နက်နဲနဲ နားလည်ဖို့လိုအပ်တယ် …

“ငါ့ရဲ့ တာအိုက လွတ်လပ်ပြီးတော့ အနှောင်အဖွဲ့ကင်းဖို့” ဝမ်ပေါင်လဲ့က တိုးတိုးလေး ရေရွတ်လိုက်သည်။

“အစွန်းရောက် တာအိုရှစ်ပါးက ငါ့တာအိုရဲ့ ဓမ္မကာကွယ်သူ ဖြစ်လာလိမ့်မယ်”

သူ့စိတ်ထဲ အစွန်းရောက် တာအိုရှစ်ပါးနှင့် ပေါင်းစည်းသွားကာ တည်ငြိမ်သွားခဲ့သည်။

သူ့ခန္ဓာကိုယ်က ဝေဝါးသွားပြီး ရေပြင်က သူ့ဝန်းကျင်တွင် ပေါ်ထွက်လာခဲ့သည်။ ရေပေါက်လေးက ရေမျက်နှာပြင်အထက် လှိုင်းတွန့်ထသွားစေ၏။ ထိုစဥ် လှိုင်းတွန့်စက်ကွင်းကိုးခု ပေါ်ထွက်လာခဲ့ကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က ပိုမိုမှုန်ဝါးလာသည်။

အစွန်းရောက် တာအိုရှစ်ပါးနှင့် ပတ်သက်ပြီး ဉာဏ်အလင်းပွင့်မှုက အချိန်တိုအတွင်း ဖြစ်နိုင်သည့်အရာမျိုး မဟုတ်ပေ။ ထိုအရာ၏ ဇစ်မြစ်က နက်နဲလွန်းလှသည့်အတွက် သမိုင်းကြောင်းကလည်း ကြီးမားလွန်းလှသည်။ ဝမ်ပေါင်လဲ့ ကိုယ်တိုင်ပင် အချိန်တိုအတွင်း သိလာနိုင်မည် မဟုတ်ပေ။

ကျောက်ပြားကမ္ဘာက သူ့အား အချိန်များစွာ မပေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့က လရိပ်ပညာရပ်ကို အသုံးပြုကာ အစွန်းရောက် တာအိုရှစ်ပါးကို နားလည်ဖို့ လုပ်ဆောင်ခဲ့သည်။ သူက အချိန်မြစ်ကြောင်းကို ဖြတ်သန်းပြီး အတိတ်နှင့် ပစ္စပ္ပုန်ကြား သွားလာလိုက်သည်။ ထိုနေရာတွင် ရှိသည့် အချိန်က သူ့အား တာအိုကို နားလည်ခွင့်ပြုထားသလိုမျိုးဖြစ်၏။

နှစ် ၁၀၀၊ နှစ် ၂၀၀၊ နှစ် ၃၀၀

နှစ် ၁၀၀၀၊ နှစ် ၂၀၀၀၊ နှစ် ၃၀၀၀

ဝမ်ပေါင်လဲ့က သဘောမပေါက်ဘဲ လရိပ်ပညာရိပ်ကို ရှစ်ကြိမ် ထုတ်သုံးခဲ့သည်။ ထိုအရာက ရိုးရိုးရှင်းရှင်း ဖြတ်သန်းသွားခြင်း မဟုတ်ဘဲ ဉာဏ်အလင်းပွင့်မှု ပါဝင်နေသည်။ ထို့ကြောင့် သူက လရိပ်ပညာရပ်၏ ကန့်သတ်ချက်ကို ခံစားမိလိုက်၏။

အကယ်၍ သူသာ ဆက်လက်လျှောက်လှမ်းနေပါက ကန့်သတ်ချက်သည် ပိုမိုကြီးမားလာလိမ့််မည်။ နမူနာအနေဖြင့် သူသည် သမင်ဖြူလေးရှိသည့် ခေတ်ကာလထိ သွားနိုင်လိမ့််မည်။ သို့သော် သူသာ အချိန်ကို ကျင့်ကြံပါက ရှစ်ဆသည် သူ့၏ ကန့်သတ်ချက်သာဖြစ်၏။

ကံကောင်းသွားသည်က ရှစ်ကြိမ်ဖြင့် လုံလောက်နေပြီဖြစ်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က မှုန်ဝါးသွားပြီး ပြန်လည်ကြည်လင်လာသည်။ သူက မျက်လုံးဖွင့်လိုက်သည့်အချိန် သူ့မျက်ဝန်းထဲ ရှေးဟောင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ မျက်စိတစ်မှိတ်အတွင်း သူက ရှစ်ဆ ဉာဏ်အလင်းပွင့်မှုကို ရရှိခဲ့သည်။

“အစွန်းရောက် တာအိုရှစ်ပါးက ဒါကိုး” သူက ရေရွတ်လိုက်သည်။ သူ့မျက်ဝန်းအထက်ရှိ လောကဓံက ပျောက်ကွယ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ပေါ် ဓာတ်ငါးပါး လှိုင်းလုံးက ပေါ်ထွက်လာသည်။ သူ့အမြင်တွင် ထိုနေရာ၌ မြင့််မားသည့် သစ်ပင်တစ်ပင်၊ စီးဆင်းနေသည့် မြစ်တစ်စင်း၊ လောင်ကျွမ်းနေသည့် မီးတောက်၊ မြေကြီးနှင့် သက်ရှိအားလုံး၏ လက်နက်တို့ ရှိနေသည်။ အစွန်းရောက် တာအိုငါးခုက အုတ်မြစ် ဖြစ်၏။

အစွန်းရောက် သတ္ထုဓာတ်တာအို

အစွန်းရောက် သစ်သားဓာတ်တာအို

အစွန်းရောက် ရေဓာတ်တာအို

အစွန်းရောက် မီးဓာတ်တာအို

အစွန်းရောက် မြေဓာတ်တာအို

ထိုတာအို ၅ခုကို တစ်ခုပြီးတစ်ခု ပြီးမြောက်ရမည်။ အကယ်၍ သူသာ ထိုဓာတ် ၅ပါးကို ကျွမ်းကျင်သည်အထိ လေ့လာလိုပါက ဓာတ် ၅ပါးနှင့် သက်ဆိုင်နေသည့် အထွတ်အထိပ် ရတနာ ၅ခုကို ရှာဖွေပြီး သူ့ကိုယ်ပိုင်တာအို မျိုးစေ့အဖြစ် ပြောင်းလဲပစ်ရမည်။ တာအိုမျိုးစေ့၏ အရည်အသွေးက ပိုမိုမြင့််မားလေလေ သူ့ဆီ ဆောင်ကြဉ်းလာမည့် တိုးတက်မှုက ပိုမိုကြီးမားလေလေ ဖြစ်၏။

တာအိုမျိုးစေ့က တာအိုအုတ်မြစ်ထက် ပိုမိုကောင်းမွန်၏။

“အဲဒီလိုဆိုရင် ငါ ပထမဆုံး လေ့ကျင့်ဖို့ လိုအပ်နေတဲ့ ပထမဆုံးတာအိုက အစွန်းရောက် သစ်သားဓာတ်တာအိုပေါ့” ဝမ်ပေါင်လဲ့၏ အကြည့်က တောက်ပလာသည်။

သူ့နဂိုခန္ဓာကိုယ်က အနက်ရောင် သစ်သားပြားဖြစ်သည့်အတွက် သစ်သားဓာတ်သဘာဝတွင် သူ့တကယ့်ခန္ဓာကိုယ်ကို ကျော်လွန်နိုင်သည့်အရာ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အစွန်းရောက် သစ်သားဓာတ်တာအိုက ဝမ်ပေါင်လဲ့အတွက် ပြိုင်ဘက်ကင်း ဖြစ်နေသည်။

All Chapters