သစ်သားမျိုးစေ့
Vol. 88 Ch. 1224
“အနက်ရောင် သစ်သားပြား ပေါ်ထွက်လာစေ” ဝမ်ပေါင်လဲ့၏ အကြည့်က ထူးထူးဆန်းဆန်း အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။ သူက ညာဘက်လက်ကို မြှောက်ပြီး ဝှေ့ယမ်းလိုက်သည့်အခါ အနက်ရောင် သစ်သားပြားက သူ့အနောက်ဘက်တွင် ပေါ်ထွက်လာ၏။
အနက်ရောင် သစ်သားပြားက ပုံရိပ်ယောင်မျှသာဖြစ်နေသော်လည်း အကောင်းအဆိုး ပြောင်းလဲတတ်သော လောကဓံ အငွေ့အသက်တို့ကို ထုတ်လွှင့်နေသည်။ ထိုအရာက လေထဲမျောလွင့်နေရင်း ဝမ်ပေါင်လဲ့၏ အတွေးတစ်ချက်ဖြင့် သူ့ရှေ့မှောက် ပေါ်ထွက်လာခဲ့သည်။ ထိုအရာက လက်ဝါးအရွယ်အစားလောက်မျှသာ ဖြစ်သော်လည်း ထိုအရာမှ ထုတ်လွှင့်နေသည့် အငွေ့အသက်က နေရာရှိ စည်းမျဥ်းဥပဒေသများကို ပြိုလဲစေဖို့ လုံလောက်ပေသည်။
သို့သော်လည်း ဝမ်ပေါင်လဲ့က မျက်မှောင်အသာကြုတ်လိုက်၏။
“ဒါက ငါ့ရဲ့ အရင်ဘဝတုန်းက တည်ရှိခဲ့တဲ့ ပုံရိပ်ယောင်တစ်ခုပဲ” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။
“ငါက ဘာလို့ တကယ့်ပုံစံကို ထုတ်ဖော်ပြီးတော့ ငါ့ရဲ့တာအိုမျိုးစေ့ အုတ်မြစ်ကို ပြီးမြောက်အောင် လုပ်ရတာလဲ” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ညာဘက်လက်ကို မြှောက်ကာ ပုံရိပ်ယောင် အနက်ရောင် သစ်သားပြားကို ဆွဲယူလိုက်သည်။ ထို့ကြောင့် သူက သူ့မျက်ခုံးကြား ထိကပ်လိုက်ပြီး သူ့ဝိညာဥ်ကို လှုပ်ခတ်ဖို့ ကြိုးစားလိုက်သည်။
ပုံရိပ်ယောင် အနက်ရောင် သစ်သားပြားက ဝမ်ပေါင်လဲ့၏ မျက်ခုံးကြား ထိတွေ့လိုက်သည်နှင့် သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွား၏။ ထို့နောက် သူ့ခန္ဓာကိုယ်အပြင်ဘက် အနှစ်သာရက ပုံပေါ်လာသလိုမျိုး ထပ်နေသည့် ပုံရိပ်များစွာ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းဆိုသလို အင်္ဂါဂြိုဟ်တစ်ခုလုံးက တုန်ယင်သွား၏။ မြေကြီးကလည်း အပြင်းအထန် လှုပ်ခါသွားသည်။ အင်္ဂါဂြိုဟ်ပေါ်ရှိ သက်ရှိများက တုန်လှုပ်တကြီးဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြ၏။
လျိုတောက်ပင်းဖြစ်စေ အင်္ဂါဂြိုဟ်ပေါ်တွင် နေထိုင်ကြသော ပြည်ထောင်စုမှ တခြားသော ကျင့်ကြံသူများဖြစ်စေ သူတို့က ခေါင်းမော့ကြည့်လိုက်သည်နှင့် ဝေဟင်အထက် မှုန်ဝါးဝါးပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ထိုပုံရိပ်က ပုံပြောသူ၏ လက်ထဲတွင် အကြိမ်များစွာ ပေါ်ထွက်လာဖူးသည့် သစ်သားပြားသာ ဖြစ်၏။ ထိုအရာက ကောင်းကင်အထက် ပုံပေါ်လာကာ ဖိအားလှိုင်းလုံးများကလည်း ထွက်ပေါ်လာပြီး အင်္ဂါဂြိုဟ်တစ်ခုလုံးက လမ်းကြောင်းမှ သွေဖယ်လုနီးပါး ဖြစ်သွားစေသည်။ သူတို့၏ ကျင့်ကြံဆင့်က မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ စိတ်ထဲ ဖရိုဖရဲဖြစ်သွားလေ၏။
တစ်ချိန်တည်းဆိုသလို နေအဖွဲ့အစည်းရှိ တခြားသော ဂြိုဟ်များမှ ကျင့်ကြံသူအားလုံးကလည်း အင်္ဂါဂြိုဟ်ပေါ်ရှိ ဝေဟင်အထက် ဧရာမပုံရိပ်ကြီးတစ်ခု မျောလွင့်နေသည်ကို မှုန်ဝါးဝါး မြင်လိုက်ကြရသည်။
မည်သူကမှ ဘာမှမတုံ့ပြန်နိုင်ခင် ပုံရိပ်က ထပ်မံ ပျောက်ကွယ်သွားခဲ့၏။ အင်္ဂါဂြိုဟ်ကောင်းကင်ရှိ ပုံရိပ်က တစ်ခါမှမတည်ရှိဘူးသကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ဖိအားကလည်း ပျောက်ကွယ်သွားသည့်အတွက် အားလုံးက စိတ်ရှုပ်ထွေးသွားကြသည်။
အင်္ဂါဂြိုဟ်၏ မြို့အသစ်တွင် သီးသန့်ကျင့်ကြံနေသည့် ဝမ်ပေါင်လဲ့က ဖြူဖျော့သွား၏။ သူ့ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားသည်။
သူ့ခန္ဓာကိုယ်၏ ထပ်နေသည့် ပုံရိပ်များက ပုံမှန် ပြန်ဖြစ်သွား၏။ အနက်ရောင် သစ်သားပြားပုံရိပ်ကလည်း သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ကာ အနောက်ဘက်တွင် ပြန်လည်ပေါ်ထွက်လာသည်။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်လျက် မျက်မှောင်ကြုတ်ကာ စဥ်းစားနေသည်။ ခဏအကြာတွင် သူက ပြုံးလိုက်၏။
ဒါက ငါ့အမှားပဲ။ အနက်ရောင် သစ်သားပြားက ငါပဲလေ။ ငါက အနက်ရောင် သစ်သားပြားပဲ။ ဒီလိုသာဖြစ်နေတယ်ဆိုရင် ငါက ဘာလို့အဲဒါကို ဖန်တီးဖို့ လိုအုံးမှာလဲ …
ဝမ်ပေါင်လဲ့က အတွေးများဖြင့် ခေါင်းအသာယမ်းလိုက်တော့သည်။
“ငါ့ဘာသာ မျိုးစေ့အနေနဲ့ သုံးပြီးတော့ အစွန်းရောက် သစ်သားတာအို အုတ်မြစ်ကို ဖန်တီးနိုင်တာပဲ။”
သူက ပြောလိုက်ရင်းဖြင့် လက်ကိုမြှောက်ကာ ကျောက်စိမ်းပြားမှ သူ နားလည်ထားသည့် အစွန်းရောက် တာအိုရှစ်ပါး သန့်စင်မှုပေါ် အခြေခံသည့် စည်းတံဆိပ်များကို ထုတ်ဖော်လိုက်သည်။ ဓမ္မပုံရိပ်က ချက်ချင်းဆိုသလို ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ် အပြင်ဘက်တွင် မျောလွင့်နေ၏။
ဝမ်ပေါင်လဲ့၏ အပြုအမူက ပိုမိုမြန်ဆန်လာပြီး ဓမ္မစည်းတံဆိပ်များစွာလည်း ထွက်ပေါ်လာခဲ့သည်။ အဆုံးသတ်တွင် သူ့အမြန်နှုန်းကြောင့် ဝမ်ပေါင်လဲ့၏ လက်များက ဝေဝါးသွားဟန်ပေါ်သည်။
ပုံရိပ်များက ဆက်တိုက်ပေါ်ထွက်လာပြီး ဓမ္မစည်းတံဆိပ်များကလည်း ရာချီ ထောင်ချီ သောင်းချီ သိန်းချီအထိ ဖြစ်လာလေသည်။ သူတို့အားလုံးက ဝမ်ပေါင်လဲ့ဝန်းကျင်တွင် စုဝေးလျက်ရှိ၏။
သို့သော်လည်း သူ့လက်စည်းတံဆိပ်များက အဆုံးမသတ်သွားသေးပေ။ ထို့အစား သူတို့က ပိုမိုမြန်ဆန်လာ၏။ အကယ်၍ တစ်စုံတစ်ယောက်သာ ကြည့်လိုက်ပါက သူတို့သည် နောက်ကွယ်မှ လှုပ်ရှားနေသည့် ပုံရိပ်များကိုပင် မြင်ရမည် မဟုတ်ပေ။ ထို့အစား ဝမ်ပေါင်လဲ့က သူ့အရှိန်သည် ကန့်သတ်ချက်ကို ကျော်လွန်သွားသည့်အတွက် မလှုပ်ရှားသကဲ့သို့ ဖြစ်နေသည်။
ဓမ္မစည်းတံဆိပ်က တစ်သန်းကျော် ဖြစ်သွားပြီး ဆက်လက် တိုးမြှင့်နေခဲ့သည်။
၃သန်း၊ ၅သန်း၊ ၈သန်း …
ဖြည်းဖြည်းချင်းဖြင့် ၁၀သန်းအထိ ရှိလာခဲ့သည်။ အကယ်၍ ဝမ်ပေါင်လဲ့က သူတို့ကို အကောင်းဆုံး ကြိုးစားပြီး ဖိနှိပ်မထားပါက အင်္ဂါဂြိုဟ်တစ်ဝက်ကို ဖုံးလွှမ်းသွားလောက်ပြီလေ။ ယခုအခါ သူတို့က သီးသန့်ကျင့်ကြံရာ၌ စုဝေးနေလေ၏။ ဓမ္မစည်းတံဆိပ်ထောင်ချီက ဓမ္မစည်းတံဆိပ်တစ်ခုအဖြစ် ထပ်သွားကြသည်။
ထိုစဉ် ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်ဖြင့် သူ့နဖူးအထက် ချွေးများပင် ဆို့လာလေ၏။ သူ့မျက်ဝန်းထဲရှိ အလင်းရောင်က ပိုမိုတောက်ပလာခဲ့သည်။ တခြားသူများက အစွန်းရောက်တာအိုကို ကျင့်ကြံပြီး တာအိုမျိုးစေ့ မည်သို့သန့်စင်မှန်း မသိသော်လည်း သူကမူ သူ့ကိုယ်ပိုင် ခန္ဓာကိုယ်ကို အသုံးပြု၍ သန့်စင်သည့်နည်းလမ်းက ထူးကဲမည်ဖြစ်ကြောင်း ခံစားနေသည်။
ထိုအရာက သူ့အား သေခြင်းရှင်ခြင်း အန္တရာယ်ကို ခံစားမှုကို ပေးစွမ်းနေ၏။ တာအိုမျိုးစေ့ သန့်စင်ရခြင်းက လက်နက်များ သန့်စင်ခြင်းနှင့်တူညီသည့် အရာတစ်ခု ရှိ၏။ အကယ်၍ သူသာ ကျရှုံးပါက ဓမ္မလက်နက်သည် ပျက်စီးသွားလိမ့်မည်။
သို့သော်လည်း ဝမ်ပေါင်လဲ့က ကိုယ့်နဂိုခန္ဓာသည် ပျက်စီးမည် မဟုတ်ကြောင်း ယုံကြည်ချက် ရှိနေသည်။ ထိုအကြောင်းအရင်းကြောင့် သူသည် ပိုမိုဆုံးဖြတ်ချက် ပြတ်သားလာ၏။ သူက သန့်စင်နေရင်း နေအဖွဲ့အစည်းရှိ ဂြိုဟ်အားလုံးရှိ အပင်များ၊ သစ်သားဓာတ် အခြေပြု သက်ရှိအားလုံးနှင့် ထိုတာအို ကျင်ကြံထားသည့် ကျင့်ကြံသူများက တုန်ယင်သွားကြသည်။
သစ်ပင်များနှင့် ပန်းပင်များက ဆင့်ခေါ်ခံလိုက်ရသလိုမျိုး သူတို့အလိုလို လှုပ်ခါလာသည်။ သစ်သားတာအိုကို ကျင့်ကြံကြသည့် ကျင့်ကြံသူများကလည်း သူတို့၏ ခန္ဓာကိုယ်က မနေနိုင်ဘဲ အင်္ဂါဂြိုဟ်ဘက်ကို လှည့်ကြည့်မိသွားကြ၏။ ထိုအရာက သူတို့ကိုးကွယ်ရမည့် တစ်စုံတစ်ခု ရှိနေသလိုမျိုး ဖြစ်သည်။
ထိုအရာကို ခံစားမိဆုံးသူက ဧရာမသစ်ပင်ကြီး ဖြစ်၏။ ထိုစဉ် သူက အပြင်းအထန် တုန်ယင်လာမိသည်။ သူ့ကျင့်ကြံဆင့်က အင်္ဂါဂြိုဟ်ပေါ်ရှိ ဖော်ပြရခက်သည့် အငွေ့အသက်များကို ရှင်းရှင်းလင်းလင်း အာရုံခံဖို့ ခွင့်ပြုပေးထားသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် သစ်သားဓာတ်နှင့် သက်ဆိုင်သည့် နေအဖွဲ့အစည်းရှိ သက်ရှိအားလုံးက ထပ်မံ တုန်ယင်သွားကြပြန်သည်။ သူတို့ကို ကိုးကွယ်လာချင်အောင် ပြုလုပ်နေသည့် အငွေ့အသက်က ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့၏။
မြက်ပင်နှင့် သစ်ပင်များက ယိမ်းနွဲ့မှု ရပ်တန့်သွားခဲ့သည်။ သစ်သားတာအိုကို ကျင့်ကြံထားသည့် ကျင့်ကြံသူများကလည်း လမ်းပျောက်သွားကြ၏။ အင်္ဂါဂြိုဟ်ပေါ်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြင့် သူ့ဝန်းကျင်ရှိ စည်းတံဆိပ်တစ်ခုက ပြိုလဲပျက်စီးသွားခဲ့သည်။
တစ်ခုပြိုလဲပျက်စီးမှုက အရာအားလုံးအပေါ် သက်ရောက်မှုရှိ၏။ စည်းတံဆိပ်သောင်းချီက အားလုံး ပျက်စီးသွားလေသည်။ ဝမ်ပေါင်လဲ၏ မျက်နှာက ဖြူဖျော့သွားပြီး သူ့စိတ်ဝိညာဥ်က မငြိမ်မသက် ဖြစ်လာသည်။ သူ့အနေဖြင့် ပြန်လည်ကောင်းမွန်ဖို့ အချိန်တစ်ခု ယူခဲ့ရ၏။ သူ့ခန္ဓာကိုယ်ကို အာရုံခံကြည့်လိုက်ပြီး သူသည် စိတ်ပိုင်းဆိုင်းရာ နွမ်းနယ်သွားကြောင်း သဘောပေါက်သွားခဲ့သည်။
ထင်ထားတဲ့အတိုင်းပဲ ငါ့ရဲ့ တကယ့်သွင်ပြင်က စိတ်ကူးထက်တောင် ကျော်လွန်နေတယ်။ သန့်စင်မှု ကျရှုံးသွားမည်ဆိုရင်တောင် ငါက ထိခိုက်မှာမဟုတ်ဘူး။ ဒီနည်းနဲ့ဆိုရင် တာအိုမျိုးစေ့ကို သန့်စင်ဖို့က ဘယ်လောက်ပဲ ခက်ခဲခဲ ငါအကြိမ်များစွာ ကြိုးစားကြည့်နိုင်တယ် …
ဒါပေမဲ့ အစွန်းရောက်တာအိုရှစ်ပါးက တာအိုမျိုးစေ့ ဖွဲ့စည်းဖို့ အရမ်းခက်ခဲနေတယ်ဆိုရင်တော့ အနာဂတ်မှာ တခြားတာအိုတွေနဲ့ သင့်တော်တဲ့ ကောင်းကင်ရတနာတွေကိုတော့ လိုက်ရှာရမယ်။ အစကတည်းက ခက်တယ်ဆိုတော့ သန့်စင်မှုကလည်း ကျရှုံးဖို့ လွယ်နေမှာပဲ …
ထိုတာအိုကို အထွတ်အထိပ်ထိရောက်အောင် ကျင့်ကြံရမည်။ ထိုဖြစ်စဥ်အတွင်း မပြောင်းအလဲများစွာ မရှိသင့်ပေ။ သို့သော်လည်း တာအိုရှစ်ပါးလုံးက ဤသို့သာဖြစ်နေလျှင် ဝမ်ပေါင်လဲ့က ခေတ္တမျှ စဥ်းစားကြည့်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ အဖြေတစ်ခု ပေါ်ထွက်လာ၏။
ငါက သစ်သားတာအိုကို ကိုယ်တိုင်လုပ်လိုက်ပြီးတော့ တခြားတာအိုတွေအတွက်ကိုတော့ နေအဖွဲ့အစည်းတစ်ခုလုံးက လက်နက်သခင်တွေကို စုစည်းရမယ်။
ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့က သူ့ဝိညာဥ်ကို ခံစားမိလိုက်ပြီး နောက်ထပ် စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေလေ၏။ သိပ်မကြာခင် ၃လတာ ကုန်ဆုံးသွားခဲ့သည်။ ထို ၃လတာအတွင်း နေအဖွဲ့အစည်းရှိ ဂြိုဟ်အားလုံးနှင့် သစ်သားဓာတ်တာအို ကျင့်ကြံသည့် ကျင့်ကြံသူများက ကြီးမားသည့် အရှိန်အဝါတစ်ခု ပေါ်လိုက်ပျောက်လိုက်ဖြစ်နေကြောင်း ခံစားမိလိုက်ကြသည်။ သူတို့က သူတို့ခေါင်းဆောင်ကြီး ကျင့်ကြံနေကြောင်း သဘောပေါက်သွားကြသည်။
ဝမ်ပေါင်လဲ့က အကြိမ်ရာချီ ကြိုးစားပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ သစ်သားဓာတ် သဘာဝကို သက်ရောက်မှုရှိသည့် အငွေ့အသက်က နေအဖွဲ့အစည်းတစ်ခုလုံးထံ ရုတ်ချည်း ပျံ့နှံ့သွားလေ၏။ ထိုအရာက နေအဖွဲ့အစည်းအတွင်းသာမကဘဲ မဟာလက်ဝဲတာအိုနယ်မြေအထိ ဆက်တိုက် ပျံ့နှံ့သွားခဲ့သည်။ ထိုအရာ ပျံ့နှံ့သွားစဥ် ကြယ်တာရာကောင်းကင်ဖြစ်စေ၊ ကြယ်စင်များဖြစ်စေ၊ သက်ရှိများဖြစ်စေ၊ သစ်သားဓာတ်နှင့် သက်ဆိုင်နေသရွေ့ သူတို့အားလုံးက တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။
ထိုပျံ့နှံ့မှုက ရပ်တန့်မသွားခဲ့ပေ။ ထိုအစား မုန်တိုင်းသဖွယ် ဖြစ်၏။ အချိန်တိုအတွင်း ထိုအရာက မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ပြီး မျိုးနွယ်များနှင့် ဂိုဏ်းများအားလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
သူတို့က ဂြိုဟ်များနှင့် ပန်းမန်သစ်ပင်များက နေအဖွဲ့အစည်းရှိရာဘက် ကိုင်းညွှတ်နေသည်ကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းဆိုသလို ကျင်ကြံသူအားလုံးလည်း ပါဝင်ကြ၏။ သူတို့၏ ကျင့်ကြံဆင့်က မည်သို့ပင်ဖြစ်စေကာမူ သူတို့၏စိတ်ထဲ အသိစိတ်တစ်ခု ရှိလာကြသည်။ ထိုအသိစိတ်က သူတို့ ကျင့်ကြံရေး၏ ဇစ်မြစ် ဖြစ်ဟန်ပေါ်သည်။ ထိုအခိုက်အတန့်တွင် သူတို့က ဂြိုဟ်များနှင့် ပန်းမန်သစ်ပင်များကဲ့သို့ ရွေးချယ်စရာ မရှိဘဲ နေအဖွဲ့အစည်းဘက်လှည့်ကာ ဦးညွတ်လိုက်ရသည်။
ထိုမျှတင်မကသေးဘဲ မဟာလက်ဝဲတာအိုနယ်မြေရှိ သဘာဝ စည်းမျဥ်းဥပဒေသများပင် သက်ရောက်ခံလိုက်ရသည်။ ထိုအရာက ပြိုလဲပျက်စီးသွားကာ အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအိုပင် ပေါ်ထွက်လာခဲ့သည်။ ထိုအရာက အော်ဟစ်လိုက်ပြီး အကြောက်တရားနှင့် ဒေါသများဖြင့် ပြည့်နှက်နေဟန်ပေါ်သည်။ ထိုအရာက သူ့ခန္ဓာကိုယ်ထဲမှ အာဏာလုပ်ပိုင်ခွင့်တချို့သည် ဖယ်ရှားခံလိုက်ရပြီး ကူးပြောင်းခံလိုက်ရကြောင်း ခံစားမိလိုက်၍ ဖြစ်သည်။
ထိုဖြစ်စဥ်က ၈ရက်တာ ကြာမြင့်ခဲ့၏။
ထို၈ရက်တာအတွင်း အဆုံးမဲ့မျိုးနွယ်ကလည်း အာရုံစိုက်လာခဲ့သည်။ တကယ်တော့ အမှောင်ဂိုဏ်းနှင့် စစ်ပွဲကိုပင် ယာယီ ရပ်တန့်ထားခဲ့၏။
အမှောင်ဂိုဏ်းကလည်း နေအဖွဲ့အစည်းကို အာရုံစိုက်ထားခဲ့သည်။
၈ရက်မြောက်နေ့ အဆုံးသတ်တွင် အားလုံးက တုန်လှုပ်နေကြစဥ် ပန်းမန်သစ်ပင်များနှင့် သစ်သားဓာတ် တာအို ကျင့်ကြံသူများ၏ ကိုးကွယ်မှုကြားတွင် နေအဖွဲ့အစည်းမှ အရှိန်အဝါတစ်ခု ပျံ့လွင့်လာသည်။
ထိုအရာက မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးအနှံ့ လွှမ်းခြုံသွားသည့် ဝဲကတော့တစ်ခုသဖွယ် ဖြစ်၏။ ထိုအခိုက်အတန့်တွင် သစ်သားတာအို ကျင့်ကြံသည့်သူအားလုံးက အပြင်းအထန် တုန်ယင်သွားကြသည်။ သူတို့က ထိုနေရာတွင် ကျင့်ကြံရေး၏ ဇစ်မြစ်ပေါ်ထွက်လာကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ကြ၏။
ထိုအခိုက်အတန့်တွင် မဟာလက်ဝဲတာအိုနယ်မြေရှိ ဂြိုဟ်အားလုံးက အပြင်းအထန် လှုပ်ခတ်သွားကြောင်း သိလိုက်ရသည်။
ထိုအခိုက်အတန့်တွင် အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအိုကလည်း စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ ထိုအသံက ကြားရသူများကိုပင် ပြိုလဲသွားစေနိုင်သည်။
သူတို့ခန္ဓာကိုယ်ရှိ စည်းမျဉ်းဥပဒေသများက မပါဝင်တော့ပေ။
ထိုအခိုက်အတန့်တွက် မဟာလက်ဝဲတာအိုနယ်မြေရှိ သစ်သားဓာတ်က လူတစ်ယောက်တည်းအတွက် အပိုင် ဖြစ်သွားခဲ့သည်။
ထိုသူက ဝမ်ပေါင်လဲ့ ဖြစ်၏။
ဤသည်က တာအိုမျိုးစေ့၏ အစမျှသာ ရှိသေးသည်။ အကယ်၍ ဝမ်ပေါင်လဲ့ကသာ အစွန်းရောက် သစ်သားတာအိုကို ကျင့်ကြံနိုင်ခဲ့ပါက မဟာဒိဋ္ဌိနယ်မြေ သို့မဟုတ် အလယ်ပိုင်း အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးရှိ သစ်သားတာအိုက သူတစ်ယောက်တည်းအပိုင် ဖြစ်သွားလိမ့်မည်။