ရန်စမှုလား
Vol. 88 Ch. 1226
ဝမ်ပေါင်လဲ့က ထိုအတွေးဖြင့် စိတ်ဂယက်ရိုက်နေသည်။ သူက ထိုအရာသည် ဖြစ်နိုင်ချေ သိပ်မများသော်လည်း မဖြစ်နိုင်ဖူးဟု မထင်ပေ။ အကယ်၍ သူ့တကယ့် ခန္ဓာကိုယ်က စကြဝဠာ၏ ဓာတ်ငါးပါးထဲမှ သစ်သားဓာတ်ဖြစ်နေခဲ့လျှင် သူ့လက်ရှိ အစွန်းရောက် သစ်သားဓာတ်တာအိုဖြင့် သစ်သားမျိုးစေ့ကို ဖွဲ့စည်းဖို့ အကြိမ်ရာချီ မည်သို့လိုအပ်မည်နည်း။
ပြီးတော့ ငါ့ရဲ့တကယ့်သွင်ပြင်က သစ်သားဓာတ် ဇစ်မြစ်ဆိုရင် ဘယ်သူက အဲဒါကို ကိုင်ဆောင်ပြီးတော့ ဧကရာဇ် မျက်ခုံးကြားကို ထိုးစိုက်ထားခဲ့တာလဲ။ ပြီးတော့ ငါက သစ်သားဓာတ်အဆီအနှစ်နဲ့ ဧကရာဇ်ကို ဘာလို့ထိုးစိုက်ထားခဲ့ရတာလဲ …
သဘောတရားအရပြောရလျှင် သစ်သားဓာတ်က သီးသန့်တည်ရှိမှု ဖြစ်၏။ ထိုအရာက စကြဝဠာ၏ စည်းမျဥ်းဥပဒေသထဲ အခြေခံကျဆုံး ဓာတ်သဘာဝတစ်ခု ဖြစ်ပေသည်။ ထိုအရာက ကိုယ်ပိုင်အသိစိတ် ရှိလာခြင်း မဖြစ်နိုင်သလို တစ်စုံတစ်ယောက်က ထိတွေ့ထားခြင်းလည်း မဖြစ်နိုင်ပေ။
သစ်သားဓာတ်တာအိုက အလိုလျောက် ပြုမူနေခြင်းသာ ဖြစ်၏။ ဧကရာဇ်က သစ်သားဓာတ်ကို ထိတွေ့ဖို့ ကြိုးစားခဲ့တာလား။
ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားသည်။ အဆုံးသတ်တွင် သူက ရယ်မောလိုက်၏။ ဤအရာသည် လွန်ကဲသည်ဟု မထင်မိပေ။ သို့သော် သူက ဂရုမစိုက်ပေ။
အဆုံးသတ်တွင် သူက ထိုအရာသည် မှန်းဆချက်တစ်ခုဟုသာ ခံစားမိနေ၏။
သစ်သား တာအိုမျိုးစေ့ ပုံပေါ်လာသည့်အခါ ထိုအရာကို အစပိုင်းအဆင့်ဟုသာ သတ်မှတ်နိုင်သည်။ ထို့နောက် သူ့အနေဖြင့် ဆက်လက် နားလည်အောင်လုပ်ပြီး အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေ သို့မဟုတ် မဟာဒိဋ္ဌိနယ်မြေတို့ရှိ သစ်သားဓာတ်ဖြင့် ပူးပေါင်းရအုံးမည်။
အဲဒီနောက် ငါ အလယ်အလတ်အဆင့် ဝင်ရောက်သွားလိမ့်မယ်။ အဲဒါတွေအကုန်လုံးကို ငါ့ရဲ့ သစ်သားအရင်းအမြစ်ထဲ ထည့်ပေါင်းလိုက်မယ်ဆိုရင် ပြီးပြည့်စုံမှုကို ရလိမ့်မယ်။
ငါ လိုချင်တာက ပြီးပြည့်စုံမှုပဲ …
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သစ်သားဓာတ်တာအိုနှင့် ပတ်သက်ပြီး အချိန်တော်ကြာ စဥ်းစားပြီးသည့်နောက်တွင် သူ့သစ်သား ဇစ်မြစ်စွမ်းအားကို နက်ရှိုင်းအောင် ဆက်လုပ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သစ်သားဓာတ်တာအိုကို ကျင့်ကြံပြီးသည့်နောက် သူ့ကျင့်ကြံရေးက များစွာ တိုးတက်မသွားခဲ့လျှင်ပင် သူ့တိုက်ခိုက်စွမ်းရည်က များစွာ တိုးတက်သွားခဲ့၏။
အကြောင်းအရင်းတစ်ခုကမူ ပြင်းထန်သည့် စွမ်းအားပါဝင်နေသည့် ချန်ယဲ့ပညာရပ်ကြောင့် ဖြစ်၏။ ဝမ်ပေါင်လဲ့က ထိုအရာကို ထုတ်လွှတ်လိုက်သည်နှင့် အရာအားလုံးကို လှုပ်ခတ်သွားစေနိုင်ကြောင်း သိထားသည်။ တခြားတစ်ဖက်တွင် တာအိုနားလည်နိုင်စွမ်းအရ ဝမ်ပေါင်လဲ့သည် ဤစကြဝဠာ၏ အထွတ်အထိပ် စည်းမျဥ်းစံနှုန်းကို ရောက်ရှိနေပြီ ဖြစ်၏။ သူ့စကားတိုင်းနှင့် အပြုအမူတိုင်းတွင် တာအိုစည်းချက် ကိန်းအောင်းနေသည်။
သူက မည်မျှတိုးတက်လာလဲ အတိအကျသိရဖို့အတွက်မူ ဝမ်ပေါင်လဲ့က စကြဝဠာအဆင့် ကျင့်ကြံသူဖြင့် ရင်ဆိုင်မတိုက်ဖူးသေးပေ။ ထို့ကြောင့် သူ့အနေဖြင့် အကဲဖြတ်ဖို့ရာအတွက် စံနှုန်း မရှိပေ။
“အလျင်လိုနေစရာ မလိုဘူး။” ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။ သူက မျက်လုံးကို အသာမှိတ်ထားပြီး သစ်သားဓာတ်တာအိုကို ထပ်မံဆင်ခြင်လိုက်သည်။ သူက ထိုသို့လုပ်ဆောင်နေစဥ် မဟာလက်ဝဲတာအိုနယ်မြေရှိ အပင်အားလုံးက စတင်လှုပ်ခါလာသည်။ သစ်သားဓာတ်တာအိုကို ကျင့်ကြံသည့် ကျင့်ကြံသူအားလုံးကလည်း ကြည်ညိုရိုသေမှုအပြည့် ဖြစ်လာကြ၏။
ဝမ်ပေါင်လဲ့က သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားစဥ် သူ့အသိစိတ်ကို အပိုင်းပိုင်း ခွဲထုတ်ထားသည်။ သူတို့က အချိန်စီးဆင်းမှုကို စောင့်ကြည့်နေသည့် အပင်တစ်ပင်ချင်းစီတွင် စုဝေးနေသလိုမျိုး ဖြစ်၏။
သူတို့က သစ်သားဓာတ်တာအိုကို ကျင့်ကြံသည့် ကျင့်ကြံသူတိုင်း၏ စိတ်နှလုံးသား၏ အနက်ပိုင်းတွင် ရောက်ရှိနေသလိုမျိုး ဖြစ်သည်။ သူတို့က ကျင့်ကြံသူ၏ ကိုယ်ပိုင်အာရုံခံစားနှုန်းကို အသုံးပြုကာ ပြင်ပလောကမှ တာအိုနည်းစနစ်များကို ဉာဏ်အလင်းပွင့်နိုင်သည်။
ဝမ်ပေါင်လဲ့က နေရာတိုင်းတွင် ရှိနေသည်ဟု ဆိုရပေမည်။
အချိန်က အမြန်အဆန် ကုန်ဆုံးသွားခဲ့၏။ အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေ၏ စစ်ပွဲကလည်း ပိုမိုပျံ့နှံ့လာခဲ့သည်။ တိုက်ပွဲ၏ သက်ရောက်မှုကလည်း ပိုမိုပြင်းထန်လာခဲ့၏။
နတ်ဧကရာဇ်များကြားမှ တိုက်ပွဲကလည်း မကြာခဏ ဖြစ်ပျက်လာခဲ့သည်။
အရိုးဧကရာဇ်၊ စိတ်ဝိညာဥ်မြှုပ်နှံရေး သစ်ပင်၊ ကွမ်းမင်၊ တိရှန်းနှင့် ရွမ်ဟွားတို့က ထပ်မံ တိုက်ခိုက်လာကြသည်။ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို ပေါ်ထွက်လာမှုကြောင့် ပြန်လည်ဝင်စားမှုက အလိုလျောက် မလုပ်ဆောင်နိုင်တော့ပေ။ သေလူများက အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအို၏ အကူအညီဖြင့် ပြန်လည် အသက်မရှင်နိုင်ကြတော့ပေ။ ထို့ကြောင့် သေဆုံးမှုများက အမြောက်အမြားဖြစ်ကာ အမှောင်မြစ်ကြောင်းမှ ဝိညာဥ်များ၏ အရေအတွက်က တိုးပွားလာခဲ့သည်။
ဤသည်က အမှောင်ဂိုဏ်းကို ပိုမိုအားကောင်းလာစေ၏။ အဆုံးမဲ့မျိုးနွယ်က ဤသို့ဆက်ဖြစ်နေလျှင် အမှောင်ဂိုဏ်းက ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း သိသော်လည်း လူများကို တိုက်ပွဲကွင်းပြင်အတွင်း ဆက်လက်စေလွှတ်နေဆဲသာဖြစ်၏။
နှစ်ဖက်လုံးက နောက်ဆုံးတိုက်ပွဲကို နှောင့်နှေးထားကြပြီး တစ်စုံတစ်ခု ကြံစည်နေကြဟန်ပေါ်သည်။
အဆုံးမဲ့မျိုးနွယ်သာ ဤသို့ဖြစ်နေခြင်း မဟုတ်ပေ။ မဟာလက်ဝဲတာအိုနယ်မြေနှင့် မဟာဒိဋ္ဌိနယ်မြေတို့ကလည်း မထိမခိုက် ကျန်ရှိဖို့ ခက်ခဲလှသည်။ သူတို့က ပထမဦးစွာ တိုက်ပွဲအတွင်း ဝင်ရောက်ဖို့ ဂိုဏ်းများနှင့် မျိုးနွယ်များကို စီစဥ်ပေးခဲ့ပြီး အဆုံးမဲ့မျိုးနွယ်၏ အမိန့်အောက်တွင် အားကောင်းသည့် ကျင့်ကြံသူများပါ ပါဝင်ခဲ့ရသည်။
တိုက်ပွဲကို နှောင့်နှေးဖို့ ကြိုးစားကြသည့် လူတချို့လည်း ရှိသော်လည်း အဆုံးမဲ့မျိုးနွယ်က ထိုဂိုဏ်းမျိုးကို ဖိနှိပ်ဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။ တိုက်ပွဲကို ရှောင်လိုသည့် သူများက ကြောက်တရားဖြင့် တိုက်ပွဲကို ဝင်ရောက်ဆင်နွှဲရုံမှအပ ရွေးချယ်စရာ မရှိပေ။
ပြည်ထောင်စုကြီးလိုမျိုး အင်အားစုအတွက်မူ ကိစ္စကောင်း ဖြစ်၏။ ထိပ်သီး ၅ဂိုဏ်းနှင့် မျိုးနွယ်များက တိုက်ပွဲအတွင်း မပါဝင်ဖို့အတွက် အရည်အချင်းနှင့် အရင်းအမြစ်များ ရှိကြသည်။ သို့သော်လည်း တိုက်ပွဲ အရှိန်မြှင့်တင်လာသည့်အခါ ဖိအားကို တောင့်ခံနိုင်သည့်သူများက ပိုမိုရှားပါးလာခဲ့သည်။ ဖိအားကို တောင့်ခံနိုင်သည့် ဂိုဏ်းများကလည်း ပိုမိုနည်းသထက် နည်းလာခဲ့၏။
သို့သော်လည်း လက်ရှိအခြေအနေအရ ပြည်ထောင်စုကြီး၏ အနေအထားက အတော်လေး မြင့်မားနေဆဲ ဖြစ်သည်။ အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေဆီ တိုက်ပွဲအား စောင့်ကြည့်ဖို့ စေလွှတ်ခံရသည့် ပြည်ထောင်စုကြီး၏ ကျင့်ကြံသူများက သက်ရောက်မှု မခံရပေ။ အဆုံးမဲ့မျိုးနွယ်နှင့် အမှောင်ဂိုဏ်းတို့က တမင်ရှောင်ရှားနေဟန်ပေါ်၏။
ဤသို့ဖြင့် ၃နှစ်တာ ကုန်ဆုံးသွားခဲ့သည်။
၃နှစ်တာအတွင်း မဟာလက်ဝဲတာအို၏ ဂိုဏ်းအများစုက အရေအတွင် လျော့ကျသွားခဲ့၏။ အမှောင်ဂိုဏ်းနှင့် အဆုံးမဲ့မျိုးနွယ်ကြားရှိ တိုက်ပွဲက မဟာလက်ဝဲတာအိုနယ်မြေအထိ အကြိမ်များစွာ ထိခိုက်ရောက်ရှိလာသည်။ လွန်ခဲ့သည့်နှစ်ဝက်က အရိုးဧကရာဇ်နှင့် ရွမ်ဟွားတို့ကြားရှိ တိုက်ပွဲက မဟာလက်ဝဲတာအိုအနက်ပိုင်းသို့ ရောက်ရှိလာကာ လူမှုအဖွဲ့အစည်းထောင်ချီကို သက်ရောက်မှု ဖြစ်လာစေခဲ့သည်။
အဆုံးသတ်တွင် မီးတောက်ခေါင်းဆောင်ကြီးက တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့၏။ လမ်းစဉ်ကိုးသွယ် တာအိုဂိုဏ်း၏ ခေါင်းဆောင်ကြီးကလည်း သီးသန့်နည်းစနစ်တစ်ခုကို ထုတ်သုံးကာ တာအိုစည်းချက်များကို ထုတ်လွှင့်ပြီး ထိုနတ်ဧကရာဇ် နှစ်ပါးကို ဖိအားပေးခဲ့သည်။
သို့သော်လည်း သူတို့ကိုယ်သူတို့ ဖိနှိပ်ပြီးသည့်နောက်တွင် ရွမ်ဟွားနှင့် အရိုးဧကရာဇ်တို့က နေအဖွဲ့အစည်းရှိရာဘက် ကြည့်လိုက်ကြသည်။ ရွမ်းဟွားက မျက်မှောင်ကြုတ် ကြည့်စဥ် အရိုးဧကရာဇ်က ပိုမိုတဲ့တိုးဆန်ကာ မထီမဲ့မြင်ပုံဖြင့် ကြည့်လိုက်သည်။
“ဒီလောက်ထိ ရောက်လာတာကို သူက အခုထိ ပေါ်မလာသေးဘူးပဲ။ ကြည့်ရတာ ပြည်ထောင်စုကြီးရဲ့ တာအိုသခင်က သတ္တိနည်းတဲ့ပုံပဲ”
ဤတိုက်ပွဲ ရောက်ရှိလာမှုက နှစ်ဦးသားက သဘောတူညီထားသည့် စမ်းသပ်ချက်တစ်ခုသာ ဖြစ်၏။ ထို့ကြောင့် သူတို့က မီးတောက်ခေါင်းဆောင်ကြီးနှင့် လမ်းစဉ်ကိုးသွယ် တာအိုဂိုဏ်း ခေါင်းဆောင်ကြီးတို့၏ ဖိနှိပ်အားကြောင့် ရပ်တန့်ပြီးသည့်နောက်တွင် ရုတ်တရက် တိုက်ခိုက်လိုက်ပြီး တိုက်ပွဲအရှိန်က ပိုမိုမြင့်တက်လာသည်။ ဤသို့ဖြင့် နေအဖွဲ့အစည်းဆီ ချဥ်းကပ်လာ၏။
သီးသန့် ကျင့်ကြံရေးတွင်း ဝင်ရောက်နေသည့် ဝမ်ပေါင်လဲ့က ကျောက်ပြားကမ္ဘာရှိ လူအများရှေ့ ပေါ်ထွက်မလာသည်မှာ နှစ်များစွာ ကြာမြင့်ပြီဖြစ်၏။ ထို့ကြောင့် အဆုံးမဲ့မျိုးနွယ်၏ စမ်းသပ်ချက်က ရောက်ရှိလာခြင်း ဖြစ်သည်။ အရိုးဧကရာဇ်ကလည်း သူ့ကိုယ်ပိုင် လိုအင်ဆန္ဒများကြောင့် ပူးပေါင်းဖို့ ရွေးချယ်လိုက်ခြင်း ဖြစ်၏။
ထိုအရာကို မြင်ကာ လမ်းစဉ်ကိုးသွယ် တာအိုဂိုဏ်း၏ ခေါင်းဆောင်ကြီးက ရပ်တန့်ဖို့ ရွေးချယ်ခဲ့သည်။ သူက သူတို့ကို မတားဆီးဘဲ သေချာစောင့်ကြည့်လိုက်သည်။
မီးတောက်ခေါင်းဆောင်ကြီးကမူ မျက်မှောင်ကြုတ်လိုက်၏။ သူက ကမ္ဘာမြေတွင် တင်ပျဥ်ခွေထိုင်လျက်ရှိကာ မျက်လုံးဖွင်လိုက်ပြီး ထရပ်တော့မည့်ဆဲဆဲတွင် …
နောက်အခိုက်အတန့်လေး၌
မဟာလက်ဝဲတာအိုနယ်မြေရှိ သစ်ပင်အားလုံးနှင့် အပင်ငယ်အားလုံးက သတ်ဖြတ်ငွေ့ကို ထုတ်လွှင့်လာကြသည်။ သူတို့အားလုံးက ထက်ရှသည့် ဓားများက ကောင်းကင်ကို ချိန်ရွယ်ထားသလိုမျိုး ထရပ်လိုက်ကြ၏။ ထိုစဉ် ကြိုးမျှင်များ ပျံ့နှံ့လာပြီး လေဟာနယ်အတွင်း ပေါင်းစည်းသွားကြသည်။
တစ်ချိန်တည်းဆိုသလို သစ်သားဓာတ်တာအို ကျင့်ကြံသည့် ကျင့်ကြံသူများကလည်း တုန်ယင်သွားကြသည်။ သူတို့၏ မျက်ခုံးကြား ဝဲကတော့တစ်ခု ပေါ်ထွက်လာသည်။ ကြည့်ရသည်မှာ ဝဲကတော့အတွင်း မမြင်နိုင်သည့် ကြိုးမျှင်များက လွင့်မျောနေပြီး လေဟာနယ်အတွင်း ပျောက်ကွယ်သွားဟန်ပေါ်၏။
မျက်စိတစ်မှိတ်အတွင်း နေအဖွဲ့အစည်း အပြင်ဘက် အရိုးဧကရာဇ်နှင့် ရွမ်ဟွားတို့၏ ပုံရိပ်က တိုက်ခိုက်ရင်းဖြင့် နေအဖွဲ့အစည်းသို့ ချဥ်းကပ်လာခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် နေအဖွဲ့အစည်း၏ အပြင်ဘက်တွင် တင်ပျဥ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့၏ ဓမ္မကိုယ်ပွားက ရုတ်တရက် ညာဘက်လက်ကို မြှောက်လိုက်သည်။
သူက ညာဘက်လက်ကို မြှောက်လိုက်သည့်အခါ လေထုထဲမှ ကြိုးမျှင်များ ပေါ်ထွက်လာပြီး စုဝေးလာသည်။ သူတို့က သူ့ညာဘက်လက်၌ စုဝေးလာကာ ဧရာမလက်ချောင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုလက်ချောင်းက ကြီးမားလွန်းလှ၏။ ထိုအရာ၏ ထိပ်တွင် ကြယ်စင်တစ်ခု ရှိနေဟန်ပေါ်သည်။ ထိုအရာထဲတွင် မဟာလက်ဝဲတာအိုနယ်မြေရှိ သစ်သားဓာတ် ကျင့်ကြံသူများနှင့် အပင်အားလုံး၏ စွမ်းအားကိန်းအောင်းနေ၏။ ထိုအရာက လက်မြှောက်လိုက်သည့်အခါ အရိုးဧကရာဇ်နှင့် ရွမ်ဟွားတို့၏ ပုံရိပ်ဆီ ရောက်ရှိလာသည်။
အရိုးဧကရာဇ်နှင့် ရွမ်ဟွားတို့၏ အမူအရာက ပျက်ယွင်းသွားခဲ့၏။ သူတို့က ချက်ချင်းဆိုသလို လူခွာကာ တိုက်ပွဲကို ရပ်တန့်လိုက်ကြသည်။ သူတို့က တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။ အရိုးဧကရာဇ်နောက်တွင် ဧရာမအရိုးကြီးတစ်ခု ပေါ်ထွက်လာပြီး ရွမ်ဟွားကမူ ပွင့်ချပ် ၁၅လွှာရှိသည့် အနက်ရောင်ကြာပွင့်အသွင် ပြောင်းလဲသွားခဲ့သည်။ ဝိညာဥ်တစ်ခုချင်းစီးက ပျက်ယွင်းနေသည့် မျက်နှာရှိထားပြီး ဝမ်ပေါင်လဲ့၏ လက်ချောင်းနှင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။
ထိုအခိုက်အတန့်တွင် အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးရှိ အားကောင်းသော ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။ သူတို့က နည်းမျိုးစုံသုံးလျက် ဤတိုက်ပွဲကို စောင့်ကြည့်နေကြပြီး အားလုံး၏ အတွေးကမူ ထိုသစ်သားတာအိုလက်ချောင်းက ထိုစကြဝဠာအဆင့် ကျင့်ကြံသူနှစ်ဦးနှင့် ထိတွေ့သွားသည့် နေရာကို အာရုံစိုက်ထားကြသည်။
လေဟာနယ်က ပြိုလဲသွားပြီး အသံပင် မကြားလိုက်ရပေ။ ဧရာမ အရိုးကြီးက နောက်ဆုတ်လိုက်ရသည်။ လျို့ဝှက်ဆန်းကြယ် ပန်းပွင့်ကလည်း ပျောက်ကွယ်သွားလေ၏။
မည်သူနိုင်မှန်း မည်သူရှုံးမှန်း မြင်ဖို့ရာ မဖြစ်နိုင်ပေ။ လက်ချောင်းကမူ ခေတ္တရပ်တန့်သွားခဲ့၏။
ဝမ်ပေါင်လဲ့၏ ဧရာမ ဓမ္မကိုယ်ပွားက မျက်လုံး ဖွင့်လာကာ
“ချန်ရှင်း၊ ဝေ့ယန်ကျစ် … ငါ့ကို ဖြေရှင်းချက်ပေး”
ဝမ်ပေါင်လဲ့၏ စကားအဆုံးတွင် မဟာလက်ဝဲတာအိုနယ်မြေ အပြင်ဘက် ရောက်ရှိလာသည့် အရိုးဧကရာဇ်ကလည်း ချက်ချင်းဆိုသလို တုန်ယင်သွားလေ၏။ သူ့ဘေးတွင် ချန်ရှင်းက ရုတ်တရက် ပေါ်ထွက်လာပြီး အမူအရာ ကင်းမဲ့လျက် လက်ကို မြှောက်ကာ ဖိချလိုက်သည်။ သူက အရိုးဧကရာဇ်အား ရှင်းပြဖို့ အခွင့်အရေးပင် မပေးခဲ့ပေ။
အသံကျယ်ကြီးနှင့်အတူ နတ်ဧကရာဇ်၏ အရိုးများက တစ်စစီ ချေမွသွားလေ၏။ သူက ပျက်သုဥ်းသွားခဲ့ရသည်။ သူက နောက်အခိုက်အတန့်တွင် ပြန်လည်စုဝေးသွားသော်လည်း ယခင်ကထက် ပိုမိုအားနည်းသွားလေ၏။
သူက ချန်ရှင်းကို အကြောက်တရားဖြင့် ကြည့်ကာ ဘာမှမပြောရဲပေ။
ချန်ရှင်းက မဟာလက်ဝဲတာအိုနယ်မြေဘက် ခေါင်းညိတ်ပြပြီးသည့်နောက်တွင် အရိုးဧကရာဇ်ကို လေဟာနယ်ထဲ ခေါ်ဆောင်ကာ လှည့်ထွက်သွားသည်။ ရွမ်ဟွားအတွက်မူ အဆုံးမဲ့မျိုးနွယ်က မတုံ့ပြန်ခဲ့ပေ။ သူတို့က ရွမ်ဟွားအား လေဟာနယ်ထဲ ဝင်ရောက်ပြီး အဆုံးမဲ့မျိုးနွယ်ဆီ ပြန်လာဖို့ ခွင့်ပြုထားလေ၏။
ထိုအရာကို မြင်ကာ အင်္ဂါဂြိုဟ်ပေါ်တွင် နှစ်များစွာ သီးသန့်ကျင့်ကြံနေခဲ့သည့် ဝမ်ပေါင်လဲ့က ခေါင်းမော့ကြည့်လာသည်။
ကြည့်ရတာ ငါ အပြင်သွားပြီးတော့ အညောင်းအညာ ဖြေရမဲ့ပုံပဲ …