← Chapters

စာသင်နှစ်သစ်

Vol. 10 Ch. 1

စာသင်နှစ်သစ်

Vol. 10 Ch. 1

အချိန်တွေကုန်တာ မြန်သလားမမေးနဲ့။ အခုဆိုရင် နယူးယောက်ဟီးရိုးကျောင်းတောင် စာသင်နှစ်သစ်စတော့မယ်။ ပုံမှန်ဆိုရင်တော့ ဝမ်းသာစရာဖြစ်ပေမဲ့ အခုလောလောဆယ် ဆရာအင်အားတစ်ဝက်က ရှေ့တန်းစစ်မြေပြင်မှာရောက်နေတာမလို့ မက်ဒါနာရဲ့ခေါင်းပေါ်ကို အလုပ်ဖိအားတွေအများကြီး ပုံကျလာတယ်ပြောရမလားပဲ။

“မမလေး၊ ဒီနှစ်အတွက်လည်း ကျောင်းဆရာရွေးပွဲလုပ်သင့်တယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မနဲ့ဖရက်က ရှေ့တန်းကိုအလှည့်ကျသွားနေရမှာလေ။”

“အင်း၊ ဒါလဲဟုတ်သားပဲ။ ဒါပေမဲ့ ဆရာသစ်ရွေးပွဲလုပ်ရင် နောက်ထပ်သူလျှိုတွေဖမ်းနေရဦးမှာမဟုတ်လား။”

မက်ဒါနာက စိတ်မပါ့တစ်ပါနဲ့ပြောလိုက်တယ်။ သူတို့က ဟီးရိုးကျောင်းလည်းဖြစ်သလို မဟာမိတ်မစ်ရှင်အဖွဲ့လည်းဖြစ်ပါတယ်။ နှစ်ဖက်အင်အားစုတွေက သူတို့ထဲမှာ သူလျှိုထည့်ချင်နေကြတာပုံမှန်ပဲ။

“ဒါလည်းဟုတ်တာပဲနော်၊ ဘယ်လိုလုပ်ရင်ကောင်းမလဲ။” အေမီက မျက်နှာကျက်ကို မော့ကြည့်ရင်းပြောပါတယ်။ မက်ဒါနာရဲ့အကြည့်တွေက ပြတင်းပေါက်ကနေတစ်ဆင့် ရုံးခန်းအပြင်ဘက်က မြင်ကွင်းတွေဆီရောက်သွားတယ်။ အဲဒီမှာ နတ်သူငယ်အပုမလေးက လမ်းလျှောက်နေပြီး နောက်မှာတော့ သူ့ရဲ့နှာဘူးအစ်ကိုကြီးက တောက်လျှောက်လိုက်လာပြီးစကားလိုက်ပြောနေလေရဲ့။ ဆိုဖီယာက နားထောင်မယ့်ပုံမပေါ်ပေမဲ့ပေါ့။

“ဟုတ်သားပဲ၊ အဲဒီဆန်ကုန်မြေလေးအုပ်စု ရှိနေတာပဲ။”

မက်ဒါနာရဲ့နားလည်ရခက်တဲ့ ရေရွတ်သံကြောင့် အေမီက နှုတ်ခမ်းပေါ်လက်တင်ပြီး စဥ်းစားလိုက်တယ်။ ပြီးမှ နားမလည်တဲ့လေသံနဲ့ ပြန်မေးလေရဲ့။

“ဆန်ကုန်မြေလေး၊ မမလေး အကြံကောင်းတစ်ခုခု တွေးမိလို့လား။”

“အင်း...” မက်ဒါနာကတော့ အတည်ပေါက်နဲ့ခေါင်းကိုညိတ်ပြတယ်။ အဲဒီနောက် အေမီကို လက်ယပ်အနားကပ်ခိုင်းကာ တီးတိုးပြောလိုက်လေရဲ့။

“အဲဒီဖက်ဒရေးရှင်းကောင်စစ်ဝန်နဲ့အဖွဲ့က ငါတို့ဆီမှာ သံတမန်ဆိုပြီးတော့ ဘာမှမလုပ်ဘဲ ကပ်စားနေတာ လအတော်ကြာပြီမဟုတ်လား။ သူတို့ကို ကျောင်းမှာဝင်လုပ်အားပေးခိုင်းမယ်လေ။” ဒီစကားကိုပြောနေတဲ့အချိန်မှာ မက်ဒါနာရဲ့မျက်လုံးတွေက ကောက်ကျစ်မှုကြောင့် တောက်ပနေလေရဲ့။

ခဏနေတော့ အေမီလည်းပြုံးပြီး ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်တယ်။ အခုဆိုရင် ဟိုနတ်သူငယ်နှစ်ယောက်က ကျောင်းဝင်းကိုတစ်ပတ်ပတ်လို့ပြီးပြီဖြစ်လို့ ဝန်ထမ်းအဆောင်ဆီကို ပြန်ပြီးဦးတည်သွားနေကြပြီ။ အေမီက ပြတင်းပေါက်တံခါးကိုဖွင့်ပြီးတော့ လက်နှစ်ဖက်ကို ပါးစပ်နားမှာတေ့ကာလှမ်းအော်လိုက်တယ်။

“ဆိုဖီယာနဲ့ဟိုနှာဘူးဦးလေးကြီး၊ မမလေးက ရှင်တို့ကို ပြောစရာရှိလို့တဲ့။”

ဆိုဖီယာက ပုံမှန်အတိုင်း ကျောင်းအုပ်ရုံးခန်းရှိရာကိုလှည့်ကြည့်လိုက်ပေမဲ့ အီဂိုကတော့ ပေါက်ကွဲနေတဲ့မျက်နှာနဲ့ အေမီကိုပြန်ကြည့်ပြီးပြောလိုက်လေရဲ့။

“နှာ... နှာဘူးဦးလေးကြီးတဲ့၊ အနည်းဆုံးတော့ အစ်ကိုကြီးလို့ ပြောသင့်တယ်မဟုတ်လား။”

ဆိုဖီယာကတော့ စိတ်အနှောင့်အယှက်ဖြစ်သွားလေဟန်နဲ့ အီဂိုကို ခေါင်းစောင်းပြီးကြည့်တယ်။ “နှာဘူးလို့အခေါ်ခံရတာကို နင်မငြင်းဘူးဆိုတော့ နင့်ကိုယ်နင် နှာဘူးလို့သတ်မှတ်ထားပြီးဖြစ်တဲ့ပုံပဲ။”

အီဂိုရဲ့မျက်နှာက ဆိုဖီယာရဲ့မှတ်ချက်ကြောင့် ချက်ချင်းဖြူဖျော့သွားပြီး ဆိုဖီယာကိုဒူးထောက်လုမတတ် တောင်းပန်တော့တာပဲ။ “မ... မဟုတ်ရပါဘူး။ ညီမလေး၊ အစ်ကိုကြီးက ဦးလေးကြီးလောက် အသက်မကြီးသေးလို့ အဲဒီလိုပြောမိတာပါ။”

“ဒါဆိုလည်း ငါ့နောက်ကို နှစ်ဆယ့်လေးနာရီအပြည့်လိုက်မနေနဲ့လေ။ သောက်နတ်သူငယ်ကောင်ရဲ့။”

ဆိုဖီယာက အီဂိုကို ရွံစရာအမှိုက်တစ်ခုကို ကြည့်နေသလိုမျိုး ကြည့်လိုက်ပြီး ရှေ့ကနေ ဆက်လျှောက်သွားတယ်။ အီဂိုကတော့ နောက်ကနေ ဖြည်းဖြည်းချင်းလိုက်လာတာပေါ့။

...

“နင်တို့လည်း ငါတို့ဆီမှာ နေလာတာကြာပြီဆိုတော့ ဒီကမ္ဘာအကြောင်းကို ပိုသိချင်မှာပဲမဟုတ်လား။ ဒီတော့ စူးစမ်းလေ့လာရတာ ပိုအဆင်ပြေသွားအောင်လို့ ကျောင်းမှာလုပ်အားပေးသင့်တယ်လို့ မထင်ဘူးလား။”

မက်ဒါနာက အတတ်နိုင်ဆုံးပြုံးထားပြီး သူ့ရှေ့က ဖက်ဒရေးရှင်းကောင်စစ်ဝန်နဲ့အဖွဲ့ကို ကြည့်ပြီးပြောလိုက်တယ်။ ခိုင်းမယ့်သူဆိုတာက ပြုံးချိုနေပြီး သူများထွက်မပြေးအောင် ပြောတတ်ဖို့လိုတယ်လေ။

အီဂိုနဲ့အဖွဲ့ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။ ဆိုဖီယာကတော့ သက်ပြင်းချပြီး “ငါကတော့ သွားလိုက်ဦးမယ်။ ရှေ့တန်းမှာ ဘာပြဿနာဖြစ်မလဲဆိုတာ မသိနိုင်သေးဘူးလေ။”

ဆိုဖီယာက ဖြစ်နိုင်သမျှမြန်မြန် အီဂိုရှေ့ကနေထွက်သွားချင်နေပေမဲ့ အေမီကတော့ ရုံးခန်းတံခါးဝမှာပိတ်ရပ်ပြီး ဆိုဖီယာကို ပြုံးပြလိုက်လေရဲ့။

“ဟမ်... အိမ်စေအရူးမ၊ နင်ဘာလုပ်တာလဲ။”

“မမလေးက၊ ဆိုဖီယာကိုလည်း အသုံးလိုနေတာမလို့ခနလောက် စောင့်ပေးလို့ရမလား။”

“.....”

တစ်ဖက်မှာတော့ မက်ဒါနာက အီဂိုအခုမှခေါ်ပြီးပြန်လာတဲ့ ကောင်စစ်ဝန်အဖွဲ့ထဲက တခြားသုံးယောက်ကို ကြည့်လိုက်တယ်။ သူတို့ကျောင်းထဲမှာ ရှိနေတာကြာပြီဆိုပေမဲ့ မက်ဒါနာနဲ့မျက်နှာချင်းဆိုင် စကားပြောခွင့်ရတာ ပထမဆုံးအကြိမ်ပါ။

“မင်းကိုကြည့်ရတာ အီဂိုနဲ့ဆိုဖီယာလိုပဲ နတ်သူငယ်ဖြစ်ပုံပဲ။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးနိုင်မလား။”

နတ်သူငယ်မလေးက ရှေ့ကိုထွက်လာပြီး ပြောလိုက်တယ်။ “ဟုတ်ကဲ့၊ ကျောင်းအုပ်ရှင့်။ ကျွန်မနာမည်က မာရီယာပါ။ ဖက်ဒရေးရှင်းရဲ့အမှတ် (၁၆) ပင်မစစ်သင်္ဘောတတိယအရာရှိပါ။”

“မာရီယာတဲ့၊ နာမည်လေးက သဘောကျစရာပဲ။ တခြားရော ဘာတွေလုပ်နိုင်သေးလဲ။” အေမီက မေးတော့ မာရီယာက ချက်ချင်းပဲ ပြန်ဖြေပါတယ်။

“ဟုတ်ကဲ့၊ ကျွန်မက ကျွမ်းကျင်မြေပုံပညာရှင်တစ်ယောက်လည်းဖြစ်ပြီး စကြဝဠာဘာသာဗေဒကိုလေ့လာတဲ့သူလည်းဖြစ်ပါတယ်။”

‘အကြမ်းဖျင်းတော့ ပထဝီဝင်နဲ့နိုင်ငံခြားဘာသာစကားပညာတွေကို နားလည်တဲ့သူပေါ့။’ မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး ထပ်မေးပါတယ်။

“သမိုင်းကြောင်းတွေဘာတွေရော နားလည်လား။”

“ဟုတ်ကဲ့၊ ဖက်ဒရေးရှင်းသမိုင်းကြောင်းအခြေခံတွေတော့ အားရင်အားသလို လေ့လာဖြစ်ပါတယ်။”

ဘုန်း...

“အောင်မလေး...” မက်ဒါနာက ရုတ်တရက်ကြီး ထိုင်ခုံကို လက်ဝါးနဲ့ရိုက်ချလိုက်တာကြောင့် နတ်သူငယ်မလေး လန့်သွားတယ်။ ဒါပေမဲ့ မက်ဒါနာကတော့ ဝမ်းသာအားရနဲ့ပဲ ပြောလိုက်လေရဲ့။

“ဒီနေ့ကစပြီး မင်းကို ငါတို့ကျောင်းရဲ့မြူတန့်သမိုင်းဆရာအဖြစ်ခန့်လိုက်ပြီ။”

“ဒါ... ဒါပေမဲ့၊ ကျွန်မက ရှင်တို့ကမ္ဘာရဲ့သမိုင်းတွေမှမသိတာ။”

မာရီယာက ပြန်ပြောတော့ မက်ဒါနာက ဆိုဖီယာကို ညွန်ပြလိုက်တယ်လေ။ “ဟိုနားမှာရပ်နေတဲ့ ကြီးမြတ်တဲ့ နတ်ဘုရားအသံကြီးက နင်တို့ကို သင်ပေးပါလိမ့်မယ်။ နင်တို့အင်္ဂလိပ်စာ သင်တုန်းကလိုပေါ့။”

“ရှင်... ကြီး... ကြီးမြတ်တဲ့ နတ်ဘုရားအသံရိုက်တာကို ကျွန်မတို့ထပ်ခံရဦးမှာလား။” မာရီယာက ထိတ်လန့်နေတဲ့လေသံနဲ့ မေးလိုက်တယ်။ ဆိုဖီယာကတော့ရှေ့ကို ဖြည်းဖြည်းချင်းတက်လာနေပါပြီ။ တကယ်တော့ အီဂိုကို ဆိုဖီယာက ဘာသာစကားသင်ပေးလိုက်ပေမဲ့ ကျန်တဲ့သုံးယောက်က ချက်ချင်းတတ်မသွားဘူးလေ။ ဒါကြောင့် ဆိုဖီယာက ဒီသုံးယောက်ကိုလည်း ရိုက်ပေးဖို့လိုခဲ့တယ်။

“ကျ... ကျွန်မကို ဖြည်းဖြည်းလေးရိုက်ပါနော်။” ဆိုဖီယာရှေ့တိုးလာတာမြင်တော့ မာရီယာက နဖူးကိုလက်နဲ့အုပ်ထားရင်း ပြောလိုက်တယ်။ ဆိုဖီယာကတော့ ပြုံးလိုက်ပြီးတော့ လက်ဝါးကိုအားနဲ့မြှောက်ကာ ဖြန်းခနဲရိုက်ချလိုက်လေရဲ့။

“အား....” မာရီယာရဲ့အော်သံ ထွက်လာပါတယ်။ မကြာခင်မှာပဲ မာရီယာက နံရံထောင့်မှာကပ် နာကျင်နေတဲ့နဖူးကို ဆုပ်ကိုင်ပြီး ငိုကြွေးနေလေရဲ့။

“ဟုတ်ပြီ၊ နင်တို့နှစ်ယောက်လည်း ကိုယ့်ဘာသာကိုယ်မိတ်ပြီး ဘာလုပ်နိုင်လဲပြောကြ။”

“ဟုတ်... ဟုတ်ကဲ့၊ ကျွန်တော့်နာမည်က ရော့ရီဂါပါ။ အမှတ် (၁၆) ပင်မယာဥ်ရဲ့စက်ပြင်ပါ။”

“ကောင်းပြီ၊ နင့်ကို ဟီးရိုးအထောက်အကူပြုသင်တန်းဆရာအဖြစ်ခန့်တယ်။ ဆိုဖီယာ....”

ဖြန်း....

“သေပါပြီဗျ။” ဒီလိုနဲ့ နံရံထောင့်မှာကပ်ပြီး ငိုနေတဲ့ လူတစ်ယောက် ထပ်တိုးသွားပြန်ပါပြီ။

“နောက်တစ်ယောက်...”

“ကျွန်မနာမည်က တာရီဂါပါ။ အမှတ် (၁၆) ပင်မယာဥ်ရဲ့ဆေးမှူးပါ။”

“ကောင်းပြီ၊ နင့်ကို ကယ်ဆယ်ရေးဆရာအဖြစ်ခန့်မယ်။ ဆိုဖီယာ...”

ဖြန်း....

“အီးဟီးဟီး...” အခုဆိုရင် ထောင့်မှာကပ်ပြီးငိုနေတဲ့လူ သုံးယောက်ဖြစ်သွားပြီ။

အေမီက ရှေ့ကိုတက်လာပြီး မေးလိုက်ပါတယ်။ “မမလေး၊ သူတို့ကိုနေရာပေးလိုက်တဲ့ တချို့မေဂျာတွေက ဆရာဟယ်ရီနဲ့ဆရာမဟဲရိုးသင်နေတာတွေမဟုတ်လား။”

မက်ဒါနာက ခေါင်းညိတ်လိုက်ပြီးတော့မှ ဆက်ပြောပါတယ်။ “အင်း၊ ဒါပေမဲ့ အစကတည်းက သူတို့တွေက မေဂျာတွေအများကြီးကိုသင်ပြီး အလုပ်မအားဖြစ်နေကြတာလေ။ ဆရာဟယ်ရီက ဒီနှစ်မှာ စာရိတ္တနဲ့ဥပဒေကို အဓိကထားသင်လိုက်မယ်။ ဆရာမဟဲရိုးကတော့ ဟီးရိုးဇီဝဗေဒပေါ့။”

မက်ဒါနာရဲ့အကြံကိုသိပြီးမှ အေမီလည်း သက်ပြင်းချလိုက်တယ်။ ဒါပေမဲ့ မက်ဒါနာကတော့ အီဂိုကို ဆက်ကြည့်လိုက်ပြီ။

“ခါတိုင်းတော့ ဆရာမဘရီစာနဲ့အေမီက လက်တွေ့တိုက်ပွဲသင်တာဆိုပေမဲ့ အေမီက စစ်မြေပြင်ကိုသွားဖို့ လိုလိုနေပြီး ဆရာမဘရီစာက အတန်းကြီးတွေကို လေ့ကျင့်ပေးဖို့ အဆင်မပြေတော့ဘူးဆိုတော့ အီဂို၊ နင်က ဒုတိယနှစ်တွေရဲ့ လက်တွေ့တိုက်ပွဲအတန်းကိုတာဝန်ယူရမယ်။”

အီဂိုက အယ်ဖာအဆင့်အစစ်မဟုတ်ပေမဲ့ ဖက်ဒရေးရှင်း ကောင်စစ်ဝန်ဖြစ်လာဖို့ဆိုတာက အတွေ့အကြုံမရှိဘဲနဲ့တော့ မဖြစ်နိုင်ဘူးလေ။ အနည်းနဲ့အများတော့ တိုက်ပွဲအတွေ့အကြုံရှိမှာပဲ။

“ဟုတ်ကဲ့၊ ကျွန်တော့်ကို အဲဒီနေရာမှာ စိတ်ချထားလိုက်ပါ။ ဖက်ဒရေးရှင်းရဲ့ကျော်ကြားတဲ့ စစ်ဗျူဟာတိုင်းကို သင်ကြားပေးပါမယ်။”

တခြားပညာရပ်တွေနဲ့မတူတာက လက်တွေ့တိုက်ပွဲပညာက လက်တွေ့ပညာတစ်ခုမလို့ ဆိုဖီယာရိုက်တာခံပြီး သင်ရိုးတွေခေါင်းထဲမှတ်စရာမလိုဘူး။ မက်ဒါနာလည်း အခုဆိုရင် ကျောင်းအတွက်စိတ်အေးရပြီထင်လို့ သက်ပြင်းချလိုက်ပေမဲ့...

“အခု၊ ညီမလေးရေ။ ဟောဒီက အစ်ကိုကြီးကို ကျောင်းသင်ခန်းစာတွေ ခေါင်းထဲဆွဲသွားအောင်လို့ တခြားသူတွေလိုပဲ ရိုက်ပေးပါဦး။”

အီဂိုက ရူးနေသူတစ်ယောက်လိုမျိုး ဆိုဖီယာရှေ့မှာ ဒူးထောက်ရပ်ပြီး လက်နှစ်ဖက်ကိုဖြန့်ကားကာ ဆိုဖီယာရိုက်တာကို ကြိုဆိုနေတဲ့ရုပ်မျိုးလုပ်နေပါတယ်။ မက်ဒါနာကတော့ အဲဒိကောင်ကို ကြည့်နေရင်းကနေ တင်မီဆိုတဲ့အရူးကို ပြေးမြင်မိတော့တာပဲ။

‘အား... အရိုက်ခံရတာကြိုက်တဲ့ ရောဂါတူတွေပဲ။’ မက်ဒါနာက မှတ်ချက်ချလိုက်တယ်။

ဆိုဖီယာကတော့ ရွံစရာအမှိုက်ကောင် အီဂိုကိုကြည့်ရင်း ခြေထောက်ကိုမြှောက်ကာ မျက်နှာကို တည့်ကန်ချလိုက်တယ်။

“နင့်လိုကောင်မျိုးကို ငါ့လက်ဝါးနဲ့ရိုက်ဖို့မတန်ဘူးဟဲ့။”

ဖောင်း....

ဆိုဖီယာရဲ့ခြေထောက်က အီဂိုရဲ့နှာခေါင်းကိုတည့်မှန်သွားပြီး နှာနုရိုးကို အောင်အောင်မြင်မြင်ချိုးလိုက်နိုင်တယ်။ အခုဆိုရင် အီဂိုရဲ့နှာခေါင်းထဲကနေ သွေးတွေစီးကျနေပြီ။ ဒါပေမဲ့ တစ်ကောင့်သားကတော့ အကန်ခံရတာကို ဝမ်းသာနေပုံရပြီး ငိုတောင်ငိုနေသေးတယ်။

“အီးဟီး... သင်ရိုးတွေကို ခေါင်းထဲဝင်အောင် မှတ်ထားပါ့မယ်ခင်ဗျ။”

ဆိုဖီယာကတော့ အီဂိုနားမှာ ဆက်မနေချင်တော့တဲ့အတွက် မက်ဒါနာကိုကြည့်ပြီး ပြောလိုက်တယ်။ “မက်ဒါနာ၊ ငါရှေ့တန်းခံတပ်တွေကို သွားစစ်တော့မယ်။ ကျန်တာ နင့်ဘာသာဆက်လုပ်တော့။”

နောက်တော့ ရုံးခန်းထဲကနေ ထွက်သွားပါလေရော။ ကောင်စစ်ဝန်အီဂိုကိုတော့ သူ့တပည့်သုံးကောင်က ရုံးခန်းထဲကနေ ထမ်းထုတ်သွားတယ်။ အေမီကတော့ မက်ဒါနာကို ကြည့်လိုက်ပြီး ထပ်ပြောပါတယ်။

“ပြီးတော့ ဒီနှစ်အတွက် ကျောင်းသားတွေကို အွန်လိုင်းကနေ ကျောင်းအပ်လက်ခံတဲ့စနစ် ဖွင့်ပေးလိုက်တာကောင်းပေမဲ့ အခုလျှောက်ထားသူက သောင်းဂဏန်းနဲ့ချီနေပါပြီ။ ဒီပမာဏနဲ့ကျောင်းသားတွေကို ကျွန်မတို့လက်ခံသင်ကြားပေးလို့မဖြစ်ပါဘူး။ အဆင့်တစ်ခုသတ်မှတ်ပြီး ကျောင်းသားတွေကို ပယ်ချပေးစေချင်ပါတယ်။”

မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ အေမီဆိုလိုတာကို မက်ဒါနာနားလည်တယ်။ အေမီက သူတို့ကျောင်းရဲ့ကျောင်းအပ်ဖို့လိုတဲ့ လိုအပ်ချက်တွေကို ပြင်ဆင်စေချင်တာ။

“ဒီတော့ နင်က အနိမ့်ဆုံးလိုအပ်ချက်ကို D ကနေပြီး ဘယ်အထိမြှင့်ချင်တာလဲ။”

“ဖြစ်နိုင်ရင် C+ အထိမြှင့်စေချင်ပါတယ် သခင်မလေး။ ကျွန်မတို့ကျောင်းက နံပါတ်တစ်ကျောင်းဖြစ်နေပြီမလို့ တခြားဟီးရိုးကျောင်းတွေရဲ့သတ်မှတ်ချက်နဲ့ တန်းတူဒါမှမဟုတ် ပိုမြင့်အောင်ထားသင့်ပါတယ်။”

ဒါပေမဲ့ မက်ဒါနာကတော့ ခေါင်းကိုခါယမ်းလိုက်ပါတယ်။ “မဟုတ်ဘူး၊ ငါတို့ကျောင်းရဲ့ရည်မှန်းချက်က ဟီးရိုးဖြစ်ချင်သူတိုင်းအတွက် အခွင့်အရေးတစ်ခုပေးဖို့ပဲ။ ဒါကြောင့် အဆင့် D မှာပဲ ဆက်ထားထားမယ်။ အရင်နှစ်ရလဒ်တွေအရလည်း အဲဒီအဆင့်က ကျောင်းသားတွေက အများကြီးစွမ်းဆောင်ပြခဲ့တာပဲမဟုတ်လား။”

မက်ဒါနာပြောတာကလည်း အမှန်တရားတစ်ခုပါပဲ။ အခုဆိုရင် အဆင့် D အနေနဲ့ဝင်ခဲ့တဲ့ နျူရေက နာမည်ကြီးနည်းပညာဒီဇိုင်းပညာရှင်ဖြစ်နေပြီလေ။

“ဒါပေမဲ့ မမလေးရေ၊ ကျောင်းသားသောင်းဂဏန်းကို ပညာသင်ပေးဖို့ဆိုတာက ကျွန်မတို့လက်ရှိကျောင်းအနေအထားနဲ့ ဖြစ်မှမဖြစ်နိုင်တာ။”

“ကိစ္စမရှိပါဘူး။ ငါတို့ကျောင်းကလွဲပြီး တခြားမှာလျှောက်မထားတဲ့လူတွေကိုပဲ ထည့်စဥ်းစားမယ်ဆိုရင်ရော။”

မက်ဒါနာပြောတဲ့အကြံကြောင့် အေမီရဲ့ခေါင်းထဲမှာ အလင်းတန်းတစ်ခုဖြတ်ပြေးသွားတယ်။ အဲဲဒီနောက် သွားပေါ်ပြီး သွားရည်ကျလုနီးပါးဖြစ်တဲ့အထိပြုံးကာ မက်ဒါနာကိုအကြည့်လွဲပြီး ပြောလိုက်လေရဲ့။

“ဟုတ်သားပဲ၊ သစ္စာရှိမှုပေါ့။ အဟီးဟီး၊ မမလေးက တို့ကျောင်းမှာပဲ ပညာသင်ချင်ပြီး တခြားမှာပညာမသင်ချင်တဲ့ ကျောင်းသားသစ်တွေကိုပဲ အခွင့်အရေးပေးချင်တာ။”

နောက်တော့ အေမီက သူ့ခေါင်းထဲကနေတစ်ဆင့် ဝင်ခွင့်လျှောက်ထားတဲ့ ကျောင်းသားစာရင်းကို စီစစ်လိုက်တယ်။ အေမီက သူ့အကြံနဲ့သူဆိုပေမဲ့ မက်ဒါနာရဲ့အကြံအပေါ် အဓိပ္ပါယ်ဖွဲ့ပုံကတော့ မတူဘူးရယ်။

‘တခြားကျောင်းမှာလျှောက်ထားတဲ့သူတွေက တခြားမှာဝင်ခွင့်ရသွားနိုင်တယ်မဟုတ်လား။ ဒီတော့ ငါတို့ကျောင်းမှာပဲ လျှောက်ထားရတဲ့ကလေးတွေကို ဦးစားပေးသင့်တယ်မဟုတ်လား။’ မက်ဒါနာက ဒီလိုတွေးနေရင်းနဲ့ လက်နှစ်ဖက်ကို စားပွဲပေါ်တင်အတူတူဆုပ်ကိုင်ထားကာ တကယ့်ကျောင်းအုပ်ကြီးဂိုက်ဖမ်းနေပါတယ်။

အေမီက စီစစ်မှုပြီးသွားတဲ့နောက်တော့ မက်ဒါနာဘက်ကို ပြန်လှည့်ပြီး ပြောလိုက်တယ်။ “မမလေး စုစုပေါင်း ကျောင်းသားသုံးထောင်ပဲ ကျန်ခဲ့ပါတယ်။”

မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ အခုဆိုရင် လူဦးရေက တော်တော်လျော့သွားပြီ။ ဒါပေမဲ့ အေမီကတော့ စိတ်ပူနေတုန်းပဲ။

“ဒါပေမဲ့ ကျွန်မတို့ကျောင်းအရွယ်အစားနဲ့ဆိုရင် အများဆုံး ကျောင်းသားငါးရာလောက်ပဲ လက်ခံနိုင်မှာလေ။ ဆရာတွေလည်း အများကြီးရှိတာမှမဟုတ်တာ။”

မက်ဒါနာလည်း သက်ပြင်းချလိုက်တယ်။ “ဒီတော့လည်း ဘယ်တတ်နိုင်မလဲ၊ ငါတို့ဝင်ခွင့်စာမေးပွဲစစ်ကြတာပေါ့။”

မက်ဒါနာက ကျောင်းတွေမှာလုပ်တဲ့ သာမန်လုပ်ထုံးတစ်ခုကိုပဲ ပြောလိုက်တာဆိုပေမဲ့ မမလေးကို လိုတာထက်ပိုပြီး အထင်ကြီးထားတဲ့ အေမီကတော့ မဟုတ်တာတွေ တွေးမိနေပြန်ပါပြီ။

‘မမလေးက ထင်ထားတာထက် ပိုပြီးထက်မြက်နေတာပဲ။ ကျောင်းတော်အပေါ် သစ္စာရှိရုံနဲ့တင် မရသေးဘူးပေါ့။ အတော်တကာ့အတော်ဆုံးတွေထဲကလည်း ဖြစ်ရဦးမယ်။ မမလေးက ဒီကမ္ဘာကြီးအတွက် ပြိုင်ဖက်ကင်းတဲ့ ဟီးရိုးမျိုးဆက်သစ်တွေကို မွေးမြူဖို့ ပြင်ဆင်နေတာပဲ။’ အေမီက သူ့ဘာသာသူတွေးရင်း အသက်ရှုသံတွေတောင် လိုတာထက်ပိုပြီးပြင်းထန်လာတယ်။ ရမ္မက်ပြင်းပြင်း အသက်ရှုသံလို့ခေါ်ရမလား။ ဟော၊ အခုအေမီက သူ့ရဲ့နီရဲနေတဲ့ ပါးပြင်လေးကို လက်ဖဝါးနဲ့ထောက်ပြီး သခင်မလေးကို ငုံထားလုမတတ် မျက်လုံးတွေနဲ့ကြည့်နေပြီ။

‘မမလေးက အကောင်းဆုံးပဲ။’ အေမီက အခုလိုတွေးလိုက်တယ်။

မက်ဒါနာကတော့ အေမီကိုကြည့်နေရင်းကနေ ကျောချမ်းလာပါပြီ။ “အေမီ၊ နေမကောင််းဘူးလား။ ငါနင့်ကို စစ်ဆေးပေးရမလား။”

“ကျွန်မနေကောင်းပါတယ် မမလေးရဲ့။ စက်ပစ္စည်းတွေအားလုံး ပုံမှန်အလုပ်လုပ်ပါတယ်။ နည်းနည်း အတွေးလွန်သွားရုံပါ။”

အေမီက မက်ဒါနာကို ပြန်ဖြေလိုက်ပြီးတဲ့နောက်တော့ အလုပ်ကိစ္စဆက်ဖို့ပြင်ရတယ်။ “ဒီတော့ မမလေးက ဘယ်လိုလုပ်ဖို့ ပြင်ထားလဲဟင်။”

မက်ဒါနာက တစ်ချက်စဥ်းစားလိုက်ပြီးတဲ့နောက်မှာတော့ သူ့အစီအစဥ်ကို ပြောပြပါတယ်။ “ဘာသာရပ်ဆိုင်ရာ စာမေးပွဲတွေစစ်တာက နည်းနည်းပုံမှန်ဆန်လွန်းရာကျတယ်။ လက်တွေ့တိုက်ပွဲစာမေးပွဲနဲ့စစ်ကြမယ်လေ။ ငါစဥ်းစားထားတာကတော့ တိုက်ပွဲကွင်းနားက တောအုပ်ကို ကျောင်းသားသစ်တွေကိုပေးဖြတ်မယ်။ ကျောင်းသားသုံးထောင်ကို အုပ်စုခြောက်စုခွဲပြီး တစ်စုကို လူငါးရာနဲ့ တောအုပ်ကိုဖြတ်ခိုင်းမယ်။ အုပ်စုတစ်စုမှာ ပထမဆုံးထွက်လာနိုင်တဲ့ ကျောင်းသား ငါးဆယ်က ဝင်ခွင့်အောင်မယ်ပေါ့။ ဒါဆိုရင် ကျောင်းသားသုံးရာပဲ ဝင်ခွင့်အောင်မယ်။ ကျောင်းသားဟောင်းတွေကိုတော့ သူတို့ထွက်မလာနိုင်အောင် နှောင့်ယှက်ခိုင်းမယ်လေ။”

“မမလေးက ထင်ထားတာထက် ထက်မြက်တာပဲ။ လုံးဝ ဆန်းသစ်တဲ့ ဝင်ခွင့်ပုံစံပဲ။ ပြီးတော့ အရင်နှစ်ကျောင်းသားတွေက တကယ့်လူတော်တွေမလို့ သူတို့အောင်ဖို့ခက်မှာသေချာတယ်။”

“ငါက အဲဒီအကြံကို စိတ်ကူးယဥ်ဝတ္ထုတစ်ခုထဲကနေ ရလာရုံပါ အေမီရယ်။” မက်ဒါနာကတော့ သူ့အကြံရယ်လို့မဟုတ်ကြောင်း အေမီကိုရှင်းပြဖို့လုပ်နေပေမဲ့ အေမီကတော့ နားမထောင်တော့ဘူးရယ်။

All Chapters