← Chapters

ပြင်ဆင်မှု

Vol. 66 Ch. 863

ပြင်ဆင်မှု

Vol. 66 Ch. 863

“ထာဝရနတ်ဘုရားအသိစိတ်အလျဉ်အပြင် ဓားတာအိုလို၊ ဖန်ဆင်းပညာလို ကောင်းကင်နတ်သိုင်းတွေ ပါသေးတယ်”

မဟာကာလက အတွေးများစွာ ပါဝင်နေသော အပြုံးဖြင့် ဓားပန်းချီကို ဆက်ကြည့်နေသည်။

သူ့ခေါင်းအနောက်ရှိ မဟူရာနေဆီမှ အနက်ရောင်အခိုးအငွေ့များ ထွက်လိုက်၊ ဝင်လိုက် အုံကြွနေ၏။ ထိုအနက်ရောင်အခိုးအငွေ့များက မဟာကာလ၏ ပတ်ပတ်လည် မိုင်ပေါင်းထောင်ချီတစ်လျှောက် ဖုံးလွှမ်းနေသော အမှောင်ထု၏ အရင်းအမြစ် ဖြစ်ချေသည်။

“ဒါပေမဲ့ ထူးဆန်းတာက နတ်ဘုရားအဆင့် သိုင်းပညာရှင်တွေအနေနဲ့ သူ့ရဲ့ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို အသက်မသွင်းနိုင်သလို၊ သူ့ရဲ့ဓားတာအိုနဲ့ ဖန်ဆင်းပညာကိုလည်း ခံစားမရနိုင်တာပဲ... သူ့ကောင်းကင်နတ်သိုင်းက ကောင်းကင်နတ်သိုင်းပညာရှင်တွေကိုပဲ ပစ်မှတ်ထားတယ်... ငါတို့အနေနဲ့ သူ့ရဲ့လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ခံစားလို့မရဘူး... ပကတိမျက်စိနဲ့သာ ကြည့်နေလို့ကတော့ သူ့ကောင်းကင်နတ်သိုင်းရဲ့ အနှစ်သာရကို ဖမ်းဆုပ်မိဖို့ ခက်လိမ့်မယ်”

မဟာကာလက အပြုံးမဟုတ်သော အပြုံးဖြင့် ချီးကျူးနေသည်။ “ဒီ ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာမှာ အစွမ်းအစတော့ ရှိသားပဲ.... သူ့စိန်ခေါ်စာကို ဖျက်စီးဖို့ လွယ်ပေမယ့် ကောင်းကင်နတ်သိုင်းကို ဖြိုခွင်းဖို့တော့ သိပ်ခက်တယ်”

မဟာကာလ၏ နန်းတော်အတွင်းတွင် မြောက်ပိုင်းကောင်းကင်ဘုံ၏ နတ်ဘုရားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။

မြစ်သင်္ချိုင်းတက္ကသိုလ်တွင် ချင်မူက ဓားကို စုတ်တံသဖွယ် ၊ လေကို စာရွက်သဖွယ် အသုံးချ၍ ဓားပန်းချီရေးဆွဲကာ သူ၏စိန်ခေါ်စာကို ဖန်တီးခဲ့သည်။ ချင်မူ ဓားပန်းချီ ရေးဆွဲခဲ့သော ပုံစံမှာ အေးအေးဆေးဆေးသာ ဖြစ်ခဲ့သော်လည်း ဤနေရာတွင် ဓားပန်းချီကြောင့် အင်အားကြီးမားသည့် အထက်နတ်ဘုရားများပင် ဒုက္ခရောက်နေတော့သည်။

“မင်းတို့ရဲ့ ကောင်းကင်ဘုံကို ပြန်ပြီး အထူးချွန်ဆုံး ကောင်းကင်နတ်သိုင်းပညာရှင်တွေကို ရွေးချည်... သိုင်းအဆင့်က အရေးမကြီးဘူး”

မဟာကာလက စိန်ခေါ်စာကို ပိတ်၍ ဆက်ပြောသည်။ “လိုအပ်ချက်က တစ်ခုတည်းပဲ... သူတို့အားလုံး လမ်းစဉ်အဆင့် ဝင်ရောက်ထားပြီး ဖြစ်ရမယ်... လမ်းစဉ်အဆင့် မရောက်သေးတဲ့ လူငယ်ကောင်းကင်နတ်သိုင်းပညာရှင်တွေ လွှတ်လိုက်လို့ကတော့ သေကြမှာပဲ”

မြောက်ပိုင်းကောင်းကင်ဘုံ၏ နတ်ဘုရားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း စိတ်လေးနေကြသည်။ မိစ္ဆာနတ်ဘုရားတစ်ပါးက ရဲရဲတင်းတင်း ဝင်ပြော၏။ “လမ်းစဉ်အဆင့် ဝင်ရောက်ဖို့က အင်မတန် ခက်တယ်... ကျွန်တော်တို့ မြောက်ပိုင်းမှာ ကောင်းကင်ဘုံ ၃၀၀ ကျော် ရှိတယ်.... ကောင်းကင်ဘုံတစ်ဘုံစီတိုင်းမှာ လူဦးရေ တစ်သန်းကျော် အနည်းဆုံး နေထိုင်ကြပေမယ့်... မဟာကာလအရှင်အနေနဲ့ ကျွန်တော်တို့ကို လမ်းစဉ်အဆင့် ဝင်ရောက်ထားပြီးတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ရွေးခိုင်းနေတာက ကောက်ရိုးပုံထဲ အပ်ရှာခိုင်းနေသလိုပဲ”

မဟာကာလက မှင်သေသေ ပြန်ဖြေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လမ်းစဉ်အဆင့် ဝင်ရောက်ထားတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ အများကြီး ဘာကြောင့် ရှိတယ်ထင်လဲ”

“ဒါ....”

“စစ်ပွဲကြောင့်ပဲ”

မဟာကာလက မတ်တပ်ထရပ်လိုက်သည့်အခါ သူ့အနောက်မှ မဟူရာနေဆီမှ အမျှင်တန်းများ ဖြာထွက်လာကာ အမှောင်ထုနှင့် ချိတ်ဆက်သွားသည်။ သူက လမ်းလျှောက်နေစဉ် နေဆီမှ အနက်ရောင်အခိုးအငွေ့များက ချည်မျှင်များသဖွယ် အမှောင်ထုကို ဆွဲငင်လျက် သူလှုပ်ရှားသည့်အတိုင်း လိုက်လံလှုပ်ရှားနေစေသည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာက နှစ်ပေါင်း ၈၀၀ လောက် စစ်ဖြစ်ခဲ့ရတယ်... အဲဒီနယ်မြေလေးမှာ နေထိုင်သူတွေဟာ သူတို့ကိုယ်သူတို့ တိုးတက်အောင် လုပ်ဖို့အပြင် တခြားရွေးချယ်စရာ မရှိခဲ့ဘူး.... သူတို့ရဲ့ ကောင်းကင်တံတားကလည်း ဖျက်စီးခံထားရတော့ ကောင်းကင်နန်းဆောင်ဆီ မတက်လှမ်းနိုင်ခဲ့ဘူး... ဒါကြောင့် သူတို့အနေနဲ့ တခြားနည်းလမ်းတွေ လိုက်ရှာခဲ့ရတယ်”

မဟာကာလက အလေးအနက် ဆက်ပြောသည်။ “စစ်ပွဲက သူတို့ကို တိုးတက်စေမယ့် အကောင်းဆုံးတွန်းအား ဖြစ်လာခဲ့တယ်... မြောက်ပိုင်းကောင်းကင်ဘုံကတော့ တည်ငြိမ်အေးချမ်းနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... ကြာလွန်းလို့ မင်းတို့လေးတွေဟာ မူးယစ်ပျော်ပါးနေခဲ့ကြတယ်... လမ်းစဉ်အဆင့် ဝင်ရောက်သွားတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ကို နှစ်တစ်သောင်းနေလို့ တစ်ယောက်တောင် မမြင်ခဲ့ရဘူး.... သူတို့ အချင်းချင်း လွှတ်ပေးထားပြီး တိုက်ခိုက်ခိုင်းလိုက်... အဆိပ်ပိုးကောင် မွေးသလိုပေါ့.... အိုးထဲ ထည့်ထားပြီး နောက်ဆုံး တစ်ကောင်၊ နှစ်ကောင်ပဲ ကျန်ခဲ့တဲ့အထိ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်ခိုင်းမယ်.... နောက်ဆုံးကျန်ခဲ့တဲ့တစ်ယောက်က အဆိပ်အပြင်းဆုံး ဖြစ်လိမ့်မယ်”

မြောက်ပိုင်းကောင်းကင်ဘုံ၏ နတ်ဘုရားများမှာ ကျောရိုးထဲ စိမ့်အေးသွားကြသည်။

နွားခေါင်းနှင့်မိစ္ဆာနတ်ဘုရားက အရိပ်အခြည်ကြည့်၍ ပြောသည်။ “မဟာကာလရဲ့ လက်အောက်မှာ အင်အားကြီးမားတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ရှိတာပဲ....”

မဟာကာလက သူ့ကို တစ်ချက်ကြည့်၍ ဟက်ခနဲ ရယ်သည်။ “မင်းတို့အားလုံးက ငါ့တောင် မပြောဘဲ ဟိုမြေခွေးအိုကြီး ဝမ်ထျန်းကဲနဲ့ မြေ‌အောက်ဘုံအရှင်လေး ပဋိညာဉ် ချုပ်ဆိုခဲ့ကြတယ်လေ.... အခု မနိုင်တော့မှ မင်းတို့ရဲ့ ချီးထုပ်ကို ငါ ရှင်းပေးရမယ်ပေါ့ ဟုတ်စ.... မြောက်ပိုင်းကောင်းကင်ဘုံရဲ့ ဘုရင်က မင်းတို့လား... ငါလား... သွား၊ လူရွေးကြ... တစ်လနေရင် မင်းတို့ ပျိုးထောင်ပေးထားတဲ့ အဆိပ်အပြင်းဆုံး အဆိပ်ပိုးကောင်ကို ငါ မြင်ချင်တယ်”

နတ်ဘုရားများ သက်ဆိုင်ရာ ကောင်းကင်ဘုံများသို့ ပြန်သွားကြသည်။

ဆီးနှင်းရေခဲများ ဖုံးလွှမ်းနေသော ရေခဲကောင်းကင်ဘုံ၏ ဧရာမရေခဲတောင်ကြားတစ်ခုတွင် ကောင်းကင်နတ်သိုင်းပညာရှင်များသည် ပုန်းလျှိုးကွယ်လျှိုးဖြင့် သွားလာရင်း အပြင်းအထန် တိုက်ခိုက်နေကြ၏။ ကြည်လင်သန့်ရှင်းနေခဲ့သော ဆီးနှင်းများတွင် သွေးကွက်များက နှင်းဆီပန်းနီနီများပမာ စွန်းထင်းနေကြသည်။

ကောင်းကင်ထက်မှ ကျဆင်းလာသော ဆီးနှင်းပွင့်များမှာလည်း တဖြည်းဖြည်း သွေးရောင်ဖြစ်လာကြသည်။

ဤရေခဲ‌တောင်ကြားအပြင် ကောင်းကင်နတ်သိုင်းပညာရှင်များ တစ်ယောက်ကိုတစ်ယောက် ရက်ရက်စက်စက် တိုက်ခိုက်နေကြသော အခြားရေခဲတောင်ကြားများလည်း ရှိကြသည်။ ရေခဲတောင်ကြားများအထဲ၌ တိုက်ခိုက်နေကြသော ကောင်းကင်နတ်သိုင်းပညာရှင်အားလုံးကား အဆင့်တူများ ဖြစ်ပေသည်။

ရေခဲကောင်းကင်ဘုံ၏ နတ်ဘုရားများက အထူးချွန်ဆုံး ကောင်းကင်နတ်သိုင်းပညာရှင်ကို ရွေးချယ်ရန်အတွက် ထောင်သောင်းချီသော လူငယ်များကို စုစည်းကာ တစ်ယောက်ကိုတစ်ယောက် ရက်ရက်စက်စက် တိုက်ခိုက်စေခဲ့သည်။ အဆိပ်ပိုးကောင်များ မွေးသည့်အတိုင်း ရည်ရွယ်ချက်သည် အင်အားအကြီးဆုံး၊ အသန်မာဆုံး ကောင်းကင်နတ်သိုင်းပညာရှင်ကို ရွေးထုတ်၍ သေခြင်းရှင်ခြင်းတိုက်ပွဲများမှတစ်ဆင့် လမ်းစဉ်အဆင့်သို့ ဝင်ရောက်အောင် ဖိအားပေးရန် ဖြစ်၏။

ဤသည်မှာ မြောက်ပိုင်း၏ ကောင်းကင်ဘုံတစ်ဘုံသာ ရှိသေးလေသည်။

ကမ္ဘာဦးဘုံ၏ မြောက်ပိုင်းတွင် အရွယ်အစားမျိုးစုံသော ကောင်းကင်ဘုံ ၃၁၆ ဘုံ ရှိသည်။ တချို့က လူဦးရေများပြားပြီး တချို့သည် လူဦးရေ နည်းပါး၏။ သို့သော် အသေးငယ်ဆုံး ကောင်းကင်ဘုံတွင် လူဦးရေဆယ်သန်း အနည်းဆုံး ရှိပြီး ပို၍ပင် ကြီးမားသော ကောင်းကင်ဘုံများ၌ လူဦးရေသန်းရာကျော် နေထိုင်ကြသည်။

တစ်လအတွင်း ကောင်းကင်ဘုံများ၏ ကောင်းကင်နတ်သိုင်းပညာရှင်များစွာ သေဆုံးခဲ့ကြသော်လည်း ရလဒ်ကလည်း အံ့အားသင့်ဖွယ်ကောင်းသည်။ လေ့ကျင့်ရေးများမှတစ်ဆင့် သန်မာအားကောင်းသော ကောင်းကင်နတ်သိုင်းပညာရှင်အတော်များများ ရွေးချယ်နိုင်ခဲ့၏။

သူတို့အနက် လမ်းစဉ်အဆင့် ဝင်ရောက်ထားသော ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဒါဇင်ခန့် ရှိပြီး အစွမ်းအစများကား ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။

မြောက်ပိုင်းကောင်းကင်ဘုံ၏ နတ်ဘုရားများက ရွေးချယ်ထားသော ကောင်းကင်နတ်သိုင်းပညာရှင်များကို မဟာကာလ၏ ကောင်းကင်နန်းတော်ဆီသို့ ခေါ်ဆောင်ကာ မဟာကာလနှင့် တွေ့ဆုံစေသည်။

ကောင်းကင်နတ်ဘုရားပညာရှင်အယောက် သုံးရာကျော်သည် နန်းတော်၏အပြင်၌ ညီညီညာညာ ရပ်နေကြ၏။ သူတို့အားလုံး လက်ရွေးစင်များအထဲက လက်ရွေးစင်များ ဖြစ်ပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်၊ အားကောင်းသော တိုက်ခိုက်လိုစိတ်တို့နှင့်အတူ ယုံကြည်ချက်အပြည့် ရှိကြသည်။

“အခုထိ လမ်းစဉ်အဆင့် မဝင်ရောက်သေးတဲ့လူတွေ ရှိသေးတာပဲ”

မဟာကာလက သူတို့ကို နန်းတော်ထဲ ဝင်ခွင့်မပေးဘဲ အမိန့်တော်ထုတ်ပြန်သည်။ “ငါတို့ သူတို့တွေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာဆီက စိန်ခေါ်စာ ကြည့်ခိုင်းလိုက်ရင် ငါတို့ကိုယ်ငါတို့ အရူးလုပ်သလိုပဲ ဖြစ်လိမ့်မယ်... မင်းတို့ရဲ့ ရည်ရွယ်ချက်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တောသားတွေ ငါတို့ကို ပြက်ရယ်ပြုအောင်လား... လမ်းစဉ်အဆင့် ဝင်ရောက်သွားတဲ့လူတွေပဲ ကျန်တဲ့အထိ သူတို့ကို ဆက်တိုက်ခိုက်ခိုင်းကြ... လမ်းစဉ်အဆင့် ဝင်ရောက်သွားတဲ့ လူတစ်ယောက် ထပ်ထွက်လာရင် ငါတို့အတွက် အမြတ်ပဲ”

အမိန့်ထုတ်ပြန်လိုက်သည်နှင့် ကောင်းကင်နတ်သိုင်းပညာရှင် အယောက်သုံးရာကျော်ကား တမုဟုတ်ချင်း လှုပ်ရှားကြတော့သည်။ သူတို့၏ကောင်းကင်နတ်သိုင်းများ တဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာ၍ အလင်းတန်းများက အမှောင်ထုကို ထိုးခွဲသွားသည်။

အလင်းတန်းများ ဖြာထွက်လာသည့်အချိန်မှာပင် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် လဲကျသေဆုံးသွားသည်။

အတန်ကြာသော် မဟာကာလက နန်းတော်အတွင်းမှ အမိန့်နောက်တစ်ခု ထုတ်ပြန်သည်။ “ရပ်လိုက်”

ကျန်ရှိသော ကောင်းကင်နတ်သိုင်းပညာရှင်များအားလုံး တိုက်ခိုက်နေသည်ကို ရပ်၍ လင်းထိန်နေသော မဟာကာလ၏ နန်းတော်အတွင်းသို့ လှမ်းကြည့်ကြသည်။

ယခုတွင် ဆယ့်ခုနစ်ယောက်သာ ကျန်တော့လေသည်။ သူတို့သည် နတ်ဘုရားသွေး စီးဆင်းနေသော နတ်ဘုရားတစ်ပိုင်းများအထဲက လက်ရွေးစင်နတ်ဘုရားတစ်ပိုင်းများ ဖြစ်၏။ အကုန်လုံး လမ်းစဉ်အဆင့် ဝင်ရောက်ကြသူများလည်း ဖြစ်ကာ တရှိန်းရှိန်း တက်ကြွအုံကြွနေသော တိုက်ခိုက်လိုစိတ်၊ အာသီသတို့ ပြင်းထန်အားကောင်းနေကြသည်။

“မဟာကာလ”

မိစ္ဆာနတ်ဘုရားတစ်ပိုင်းက ဦးညွှတ်ပြီး ကျယ်လောင်စွာ အော်ဟစ်သည်။ “မြောက်ပိုင်းရဲ့ ကောင်းကင်ဘုံ ၃၁၆ ဘုံထဲက ကောင်းကင်နတ်သိုင်းပညာရှင်ထောင်ပေါင်းများစွာထဲက လမ်းစဉ်အဆင့် ဝင်ရောက်သွားတဲ့ သိုင်းပညာရှင် ဆယ့်ခုနစ်ယောက် ရွေးချယ်ပြီးပါပြီ... ရွေးချယ်ပွဲတစ်ပွဲတိုင်း လူငယ်သန်းနဲ့ချီ သေဆုံးခဲ့ကြရပါတယ်... ဒါတွေအားလုံးက ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာဆီက စိန်ခေါ်စာလေးတစ်စောင် ကြည့်ဖို့လေးအတွက်တဲ့ တန်ရဲ့လားခင်ဗျာ.... ဒီကောင်းကင်နတ်သိုင်းပညာရှင်သန်းနဲ့ချီက ထာဝရငြိမ်းချမ်းရေးအင်ပါယာ စိစိညက်ညက် ကြေမွသွားအောင် အကြိမ်ပေါင်းများစွာ နင်းခြေပစ်နိုင်ပါတယ်”

“ဦးနှောက်မရှိတဲ့ အရူးတွေ”

မဟာကာလ၏ အသံက နန်းတော်ထဲမှ အေးစက်စွာ ထွက်လာသည်။ “ငါ မင်းတို့အသက်ကို ကယ်တင်နေတာကွ... မင်းတို့သာ ဝမ်ထျန်းကဲနဲ့ မြေအောက်ဘုံအရှင်လေး ပဋိညာဉ် မချုပ်ဆိုခဲ့ရင် ငါ့လက်ဖျောက်လေးတစ်ချက် တီးလိုက်ရုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မြေပုံပေါ်က ဖျောက်ပစ်လိုက်လို့ ရတယ်... ဒါပေမဲ့ အခု မင်းတို့တွေ သူနဲ့ မြေအောက်ဘုံအရှင်လေးပဋိညာဉ် ချုပ်ဆိုခဲ့တာကြောင့် အင်အားသန်းနဲ့ချီမကလို့ ကုဋေနဲ့ချီလည်း မင်းတို့ သေကို သေရမှာပဲ”

နန်းတော်အတွင်းတွင် အနက်ရောင်အခိုးငွေ့များ လှုပ်ရှားနေပြီး မဟာကာလက သူတို့ဆီသို့ လမ်းလျှောက်လာသည်။ အနက်ရောင်နေသည် သူ၏ခေါင်းနောက်၌ ပျံဝဲလျက် အမှောင်ကို ဆွဲငင်လာ၏။ ၎င်းက နန်းတော်၏ ဘေးနှစ်ဖက်၌ စီတန်းနေသော မီးလင်းဖိုများကို ဝါးမြိုသွားသဖြင့် မီးလင်းဖိုများမှ အလင်း‌ရောင် မဖြာထွက်နိုင်တော့ပေ။

“မြေအောက်ဘုံအရှင်သခင်က မဟာတာအိုကနေ မွေးဖွားလာတဲ့သူ.. မြေအောက်ဘုံအရှင်လေးက ယိုတုသားတော်ပဲ.... သူ့မှာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ အစွမ်းအစရော၊ သက်ရှိသတ္တဝါတွေရဲ့ စွမ်းဆောင်နိုင်ရည်တွေရော ရှိတယ်... ငါက ယိုတုမှာ မွေးဖွားလာပြီး တာအိုရရှိသွားတဲ့ ပထမဆုံးမိစ္ဆာနတ်ဘုရားမလို့ ယိုတုသားတော် ဘယ်လောက် အင်အားကြီးလဲ ကောင်းကောင်းသိတယ်... မင်းတို့အားလုံး မြေအောက်ဘုံအရှင်လေးပဋိညာဉ် ချုပ်ဆိုခဲ့တာက ခေါင်းဖြတ်စက်မှာ လည်စင်းခံပေးလိုက်တာပဲ”

မဟာကာလက ချင်မူ၏ စိန်‌ခေါ်စာကို ထုတ်၍ ခပ်ဆတ်ဆတ် လှုပ်ခါကာ ကောင်းကင်ထဲ၌ ပျံဝဲစေလိုက်သည်။ “ကြည့်လိုက်ကြစမ်း”

နတ်ဘုရားတစ်ပိုင်း ကောင်းကင်နတ်သိုင်းပညာရှင် ဆယ့်ခုနစ်ယောက်စလုံး ချင်မူ၏စိန်ခေါ်စာကို ကြည့်လိုက်ကြသည်။ စာထဲတွင် ချင်မူက ဓားတစ်လက်ကို ကျောနောက်၌ လွယ်လျက် သူတို့ကို တိတ်ဆိတ်စွာ ပြုံးပြနေ၏။

တခဏကြာသော် လမ်းစဉ်အဆင့် ဝင်ရောက်ထားသော ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်၏ မျက်လုံးများ ဖောင်းလာပြီး သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာသည်။ ရုတ်တရက် သူ့ဆီမှ သွေးပျက်စွာ အော်ဟစ်သံကြီး ထွက်လာပြီး သူ၏ခန္ဓာကိုယ်သည် အပိုင်းပိုင်းပြတ်ထွက်ကာ ထူးဆန်းစွာ သေဆုံးသွားတော့သည်။

အချိန်အနည်းငယ်ကြာသော် ကောင်းကင်နတ်သိုင်းပညာရှင်နောက်တစ်ယောက်က ဓားဆွဲထုတ်၍ ဟိုလွှဲသည်ယမ်း လုပ်နေသည်။ သူ၏ဓားချက်များက လျှပ်စီးလို မြန်နေပြီး သူ့အသွင်မှာ စိတ်ရူးဖောက်သွားသည့်ဟန် ရှိနေသည်။

“ခမ်းနားလိုက်တဲ့ ဓားသိုင်း”

သူက ရုတ်တရက် ဓားကို ပြန်ရုတ်လိုက်ပြီး ငြိမ်ငြိမ်ရပ်လိုက်သည်။ သူ့မျက်ခုံးနှစ်ဖက်ကြားမှ ဓားအလင်းတန်းတစ်တန်း ထွက်လာက သွေးများ စီးကျလာ၏။

နောက်တစ်ယောက်တွင်မူ အရှိန်အဝါတစ်ခုက သူ့ကို လှည့်ပတ်နေပြီး ထူးဆန်းသော ခေါင်းလောင်းမြည်သံများ တရစပ် ထွက်ပေါ်နေသည်။ သူ၏ပတ်ပတ်လည်ရှိ သင်္ကေတအမှတ်အသားများသည် ဧရာမခေါင်းလောင်းကြီးအသွင် ဖွဲ့တည်သွားပြီး ခေါင်းလောင်းကြီးက ပြင်းပြင်းထန်ထန် တုန်ခါလာ၏။ သူ၏ကောင်းကင်နတ်သိုင်းကား ထူးခြားလေသည်။

ရုတ်တရက် ခေါင်းလောင်းအတွင်းမှ သွေးအလင်းတန်းများ ထွက်လာပြီး သင်္ကေတအမှတ်အသားများဖြင့် ဖွဲ့တည်နေသော ခေါင်းလောင်းကြီးတစ်လုံးစလုံး နီစွေးသွားစေတော့သည်။ ခေါင်းလောင်း လွင့်ပျယ်သွား၍ သင်္ကေတအမှတ်အသားများ ပြိုပျက်သွားသောအချိန်တွင် အပေါက်တစ်ထောင် ပြည့်နေသော အလောင်းတစ်လောင်းသာ ကျန်ရစ်ခဲ့သည်။

ကောင်းကင်နတ်သိုင်းပညာရှင်များ တဖြည်းဖြည်း နည်းပါးသွားသည်နှင့်အမျှ မကြာမီတွင် ဆယ့်ခုနစ်ယောက်မှ ခြောက်ယောက်သာ ကျန်တော့၏။

ဤနတ်ဘုရားတစ်ပိုင်း ကောင်းကင်နတ်သိုင်းပညာရှင်များက ချင်မူ၏စိန်ခေါ်စာအတွင်းရှိ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ဟန့်တားနိုင်ခဲ့ကြလေသည်။ ဤခြောက်ယောက်ကား အပြင်းအထန် လေ့ကျင့်ပြီးနောက် ဉာဏ်အလင်းပွင့်သွားသည့်အလား စိတ်အားတက်ကြွကာ အားအင်ပြည့်ဝနေကြ၏။ သူတို့၏အစွမ်းအစများသည်လည်း မြင့်မားသော အဆင့်တစ်ဆင့်သို့ ‌ထောင်တက်သွားကြချေပြီ။

မြောက်ပိုင်းကောင်းကင်ဘုံမှ နတ်ဘုရားများ၊ မိစ္ဆာများမှာ စိတ်သက်သာရာရသွားတော့သည်။

“ငါတို့‌မြောက်ပိုင်းကောင်းကင်ဘုံမှာ ဒီထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာကို ယှဉ်နိုင်တဲ့လူ ခြောက်ယောက်တော့ ထွက်လာပြီ... အနည်းဆုံးတော့ ငါတို့သိက္ခာတွေ ပြန်အဖတ်ဆယ်လို့ ရပြီ”

“ဒီကောင်းကင်နတ်သိုင်းပညာရှင်ခြောက်ယောက်ရဲ့ အထုံပါရမီက အများစုထက် သာလွန်တယ်... တွေးခေါ်နိုင်စွမ်းတွေကလည်း အံ့မခန်းပဲ... သူတို့က ဓားပန်းချီကို အသုံးချပြီး သူတို့ကိုယ်သူတို့ တိုးတက်အောင် လုပ်ရင်း နောက်ဆုံးတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာဆီက စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ပြီ”

“ဒီတိုက်ပွဲပြီးရင် ငါတို့မြောက်ပိုင်းကောင်းကင်ဘုံမှာ တစ်လောကလုံးကို ဖိန့်ဖိန့်တုန်သွားစေမယ့် ဉာဏ်ကြီးရှင် ခြောက်ယောက် ရှိလာလိမ့်မယ်... ဒီခြောက်ယောက်ရဲ့ အောင်မြင်မှုတွေက ငါတို့ကောင်းကင်ဘုံတွေကို သေချာပေါက် ထွန်းတောက်လာစေတော့မှာပဲ”

ဤအခိုက်အတန့်တွင် မဟာကာလက စကားပြောသည်။ “ဒါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာဆီက စိန်ခေါ်စာစမ်းသပ်မှုရဲ့ ပထမဆုံးအဆင့်ပဲ... မင်းတို့ ပထမဆုံးအဆင့်ကို အောင်သွားပြီ”

မြောက်ပိုင်းကောင်းကင်ဘုံ၏ နတ်ဘုရားများ၊ မိစ္ဆာများ အံ့အားသင့်သွားကြ၍ မဟာကာလက ဆက်ပြောသည်။ “စိန်ခေါ်စာထဲက ဓားပန်းချီကို ဖျက်စီးလိုက်မှ စိန်ခေါ်မှုကို လက်ခံတယ်လို့ သဘောရတယ်... ဒီလောကသခင်ခန္ဓာက မျှမျှတတ တွေးပေးထားတာပဲ... စိန်ခေါ်စာထဲမှာ ငုပ်လျှိုးနေတဲ့ သူ့အသိစိတ်အလျဉ်က မင်းတို့ ဘယ်သိုင်းအဆင့်ပဲ ဖြစ်ပါစေ၊ မင်းတို့ရဲ့သိုင်းအဆင့်အလိုက် တိုက်ခိုက်ပေးလိမ့်မယ်... ဒါကြောင့် အဆင့်မတူလို့ အနိုင်ကျင့်ခံရမှာ ကြောက်နေစရာမလိုဘူး... အခု...”

မဟာကာလက လမ်းစဉ်အဆင့် ဝင်ရောက်ထားသည့် ကောင်းကင်နတ်သိုင်းပညာရှင်များကို ကြည့်၍ အေးစက်စက် ပြောသည်။ “တစ်ယောက်ချင်းစီ လာခဲ့... မင်းတို့ရဲ့ ကိုယ်ပိုင်ချီစွမ်းအင်နဲ့ ဒီစိန်ခေါ်စာကို လှုံ့ဆော်ကြည့်”

All Chapters