မသေနိုင်သော ရုပ်ခန္ဓာ
Vol. 66 Ch. 867
‘ကောင်းကင်နတ်အရှင်ယွီ’က စွမ်းအားအပြည့်အဝ မထုတ်လွှတ်ခဲ့သလို၊ ချင်မူလည်း မထုတ်လွှတ်ရသေးပေ။
ချင်မူ၏ ရည်ရွယ်ချက်သည် ‘ကောင်းကင်နတ်အရှင်ယွီ’ကို စွမ်းအားအပြည့်အဝ ထုတ်လွှတ်အောင် ဖိအားပေးရန် ဖြစ်၏။ ‘ကောင်းကင်နတ်အရှင်ယွီ’၏ နောက်ကွယ်က ပုဂ္ဂိုလ်က ကောင်းကင်နတ်အရှင်ကိုးပါးထဲက တစ်ယောက်ဖြစ်နေသည်လား သူ သိချင်မိသည်။
ဤပုဂ္ဂိုလ်က ‘ကောင်းကင်နတ်အရှင်ယွီ’ကိုးပါးအနက်မှ တစ်ယောက် မဟုတ်လျှင်ပင် သူ၏ကောင်းကင်နတ်သိုင်းများမှတစ်ဆင့် သိုင်းအဆင့်၊ သိုင်းအခြေခံကို ချင်မူ ကြည့်နိုင်လိမ့်မည်။
ချင်မူ ‘ကောင်းကင်နတ်အရှင်ယွီ’တစ်ယောက်ကို အနိုင်ယူခဲ့သည့်အချိန်က ထို‘ကောင်းကင်နတ်အရှင်ယွီ’သည် သေဆုံးသည့်အချိန်တွင်ပင် သူ၏သရုပ်မှန်ကို ထုတ်မပြချင်သည့်အတွက် သူ့ကိုယ်ပိုင်အစွမ်းအစများအား လျှိုထားခဲ့သည်။ သို့သော် ‘ကောင်းကင်နတ်အရှင်ယွီ’က သူ့ကိုယ်ပိုင်သိုင်းကွက်များကို ထုတ်လွှတ်မည်ပြင်နေ၍ ချင်မူမှာ အလွန်မျှော်လင့်ထားမိသည်။
ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နတ်အရှင်ယွီ၏ ရုပ်ခန္ဓာကို ရယူထိန်းချုပ်ပြီးနောက် အောက်ဘုံသို့ ဆင်းသက်လာရန် အရည်အချင်းပြည့်မှီသူ အနည်းငယ်သာ ရှိသည်။ ကောင်းကင်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်များ သို့မဟုတ် အကြီးအကဲများသာ အရည်အချင်းပြည့်မှီလိမ့်မည်။
ကောင်းကင်နတ်ဘုံကို ထိန်းချုပ်နေသော ဤပုဂ္ဂိုလ်များ မည်မျှကြောက်စရာကောင်းကြောင်း ချင်မူ ကြည့်ချင်သည်။
သူ့ကိုယ်ထဲတွင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က အရှိန်ပြင်းပြင်း လှည့်ပတ်ရင်း ကောင်းကင်ရတနာဆယ့်လေးခုအား ချိတ်ဆက်ပေးထားသည်။
ကောင်းကင်နတ်မြစ်သည် သေခြင်းရှင်ခြင်း၊ ကောင်းကင်နတ်အသွင်၊ ခုနစ်စဉ်ကြယ်၊ အရပ်ခြောက်မျက်နှာ၊ ဓာတ်ကြီးငါးပါးနှင့် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာတို့ကို ဖြတ်ကျော်လာပြီးနောက် ရွှမ်တုထဲသို့ စီးဆင်းလာပြီး မိစ္ဆာလမ်းစဉ်ကောင်းကင်ရတနာများအထဲ ဝင်ရောက်သွား၏။ ကောင်းကင်ရတနာဆယ့်လေးခုကား တစ်သားတည်း ဖြစ်သွားချေပြီ။
ချင်မူ၏မူလဝိညာဉ်က နတ်ဘုရားနှင့်မိစ္ဆာကို ပေါင်းစည်းထားပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က စွမ်းအားအလုံးစုံ ပေါင်းစည်းထားသည်။ သူ၏မူလဝိညာဉ်သည် ကောင်းကင်နတ်မြစ်အထက်တွင် မတ်မတ်ရပ်လျက် အချိန်မရွေး စွမ်းအားအလုံးစုံ ထုတ်လွှတ်ရန် အသင့်ဖြစ်နေ၏။
ဤသိုင်းကွက်က သူ့တစ်ဘဝလုံးတွင် အားအပြင်းဆုံးသိုင်းကွက် ဖြစ်လိမ့်မည်။
မဟာကာလနန်းတော်ကို ဝန်းရံထားသော အမှောင်ထုက ပြန်ရောက်လာပြီး ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’ကို လွှမ်းခြုံသွားသည်။
ရုတ်တရက် မဟာကာလနန်းတော်အနောက်မှ အသံကျယ်ကြီးတစ်သံ ထွက်လာသည်။ ဧရာမဂြိုဟ်ကြီး၏အလယ်၌ အက်ကွဲလာပြီး ချောက်နက်ကြီးက ဂြိုဟ်တစ်လျှောက် အလျားလိုက် ဖြတ်ပြေးသွားသည်။
ချောက်ကြီးသည် ကျယ်သထက် ကျယ်လာ၏။ တောင်တန်းများ နောက်ရွေ့သွားပြီး ပင်လယ်ရေများ ဆုတ်ခွာသွားသည်။ ထို့နောက် တဖြည်းဖြည်း မျက်လုံးကြီးတစ်လုံး ပေါ်လာ၏။
မျက်လုံးကြီးက အမှောင်ထဲသို့ စိုက်ကြည့်ရင်း ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’ တိုက်ခိုက်တော့မည်ကို စောင့်နေသည်။ ၎င်းသည် ဤတိုက်ပွဲအား အကြီးအကျယ် မျှော်လင့်နေလေသည်။
ဤမျက်လုံးက မဟာကာလ၏ ခန္ဓာကိုယ်အစစ်မှ မျက်လုံးကြီး ဖြစ်သည်။
အားလုံးအရှေ့ရှိ မဟာကာလက သူ၏ခန္ဓာကိုယ်အစစ် မဟုတ်ပေ။ သူသည် ပထမဆုံး မိစ္ဆာနတ်ဘုရားဖြစ်သည့်အတွက် သူ၏ခန္ဓာကိုယ်ကလည်း ဧရာမကြီးမားလွန်း၏။ သူ့ကိုယ်အစစ်ကို ထုတ်ပြလိုက်လျှင် နတ်ဘုရားများ၊ မိစ္ဆာများပင် သူ့တစ်ကိုယ်လုံး မြင်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် မဟာကာလသည် ကိုယ်ပွားဖြင့်သာ အားလုံးအရှေ့တွင် နေပြီး ကိုယ်အစစ်ကိုတော့ အမှောင်ထုထဲ၌ ဖွက်ထားခဲ့ခြင်း ဖြစ်ပေသည်။
ချင်မူ မဟာကာလနန်းတော်သို့ ရောက်လာပြီး နေထိုင်နေသည့်အချိန်တွင် အမှောင်ထုထဲသို့ ဝင်ဝင်သွားခဲ့သည်။ သူက အမှောင်ထဲ၌ လျှောက်သွားနေရင်း ပုန်းကွယ်နေသော ဧရာမဖြစ်တည်မှုကြီးတစ်ခုကို ခံစားခဲ့ရ၍ အပြုံးတစ်ခုဖြင့် နန်းတော်ဆီ ပြန်လာခဲ့ခြင်း ဖြစ်သည်။
မဟာကာလအစစ် အမှောင်ထုထဲ၌ ပုန်းကွယ်နေမှန်း ခံစားခဲ့ရသောကြောင့် ချင်မူသည် မည်သည့်နည်းနှင့်မျှ ထွက်ပြေးမရမှန်း သိသွားပြီး နန်းတော်ဆီသာ ပျော်ပျော်ရွှင်ရွှင် ပြန်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
အမှောင်ထုထဲတွင် ပြင်းထန်သော အားလှိုင်းဂယက်များ ပေါ်ထွက်လာသည်။ ဟင်းလင်းပြင်တစ်ခုလုံး အဆပေါင်းများစွာ တုန်ခါနေသကဲ့သို့ နန်းတော်အရှေ့၌ ရပ်နေသူတိုင်း မြဲမြဲမြံမြံ မရပ်နိုင်တော့ပေ။
ဤသည်မှာ ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’၏ ကောင်းကင်နတ်သိုင်းများ ထိတိုက်သွား၍မဟုတ်ပေ။ ‘ကောင်းကင်နတ်အရှင်ယွီ’ ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သဖြင့် ထွက်ပေါ်လာသော အားလှိုင်းများသာ ရှိသေးသည်။
ကောင်းကင်တံတားအဆင့် ဤရုပ်ခန္ဓာမှာ ထိုမျှအနှိုင်းမဲ့သော စွမ်းအားတို့ကို သိုလှောင်ပေးနိုင်ခြင်းမှာ ယုံရခက်လေသည်။
အမှောင်ထုထဲတွင် ချင်မူသည် တုန်ခါမှုတို့၏ အလယ်၌ ရပ်နေ၏။ ‘ကောင်းကင်နတ်အရှင်ယွီ’၏ ကောင်းကင်နတ်သိုင်းက ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာပြီး အဆုံးမဲ့သော အမျက်ဒေါသအပြည့်ဖြင့် ဤကမ္ဘာကို ဖျက်စီးချင်နေသည့်အလား ထင်ရသည်။
ချင်မူလည်း အားကုန်ထုတ်ဖော်လိုက်သည်။ သူ့စိတ်ထဲတွင် တခြားအတွေးများ မရှိတော့ပေ။
သူ၏ချီနှင့်သွေးတို့သည် လှိုင်းလုံးကြီးများသဖွယ် ထကြွနေပြီး ခေတ်တစ်ခေတ်၏ စိတ်ဓာတ်အားမာန်က အရှိန်ဟုန်းဟုန်း တောက်လောင်နေ၏။ ပွက်ပွက်ဆူနေသော ဆီပေါ်၌ ဟဲဟဲထ လောင်မြိုက်နေသော မီးတောက်များပမာ ပြင်းထန်လှသည်။
သူက လေးညှို့မှ ပစ်လွှတ်လိုက်သော မြားသဖွယ် တရှိန်ထိုး ပြေးထွက်သွားသည်။ သူ၏အလျင်က အလွန်မြန်လွန်းသဖြင့် ပင်လယ်ကြီးသဖွယ် အုံကြွနေသည့် သူ၏ချီနှင့်သွေးများပင် သူ့အရိပ်နောက် အမှီလိုက်မလာနိုင်ပေ။
သူသည် ချီနှင့်သွေးပင်လယ်ကြီးကို ပင့်မြှောက်လျက် သွေးစွန်းအလံသဖွယ် လွှင့်ထူထားသည့်အလား ထင်ရသည်။ ဤချီသွေးပင်လယ်ကြီး၏ လှိုင်းလုံးများ တဘုန်းဘုန်း ရိုက်ခတ်လျက် မိုးခြိမ်းသံများ မြည်ဟည်း’နေသည်။
သူ့လက်ထဲရှိ ဓားစက်လုံးက ပြိုင်ဘက်ကင်း ဓားအာရုံအသွင် ပြောင်း၍ အမှောင်ထုထဲ၌ ဒေါသူပုန်ထနေသော နတ်ဘုရားကြီးဆီသို့ ထိုးစိုက်သွားသည်။
မဟာကာလ၏ နန်းတော်အရှေ့တွင် မိုစန်းတုံ၊ ရွှယ့်ထိုက်သိုနှင့် ကျန်ရှိသူများသည် ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’ဆီသို့ လှမ်းကြည့်နေကြသော်လည်း အမှောင်ထုက ကာဆီးထား၍ မည်သည်ကိုမျှ မမြင်ရပေ။
အမှောင်ထုထဲရှိ နတ်ဘုရားများနှင့် မိစ္ဆာများလည်း တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်ရအောင် ကြိုးစားနေကြသည်။ သူတို့၏အကြည့်များက မီးအလင်းတန်းများပမာ အမှောင်ထုကို ထိုးခွင်းသွားသော်လည်း ဟိုဟိုသည်သည် ဖြတ်ပြေးနေသော အရိပ်များနှင့် တရစပ် ပေါက်ကွဲထွက်ပေါ်လာသည့် ကောင်းကင်နတ်သိုင်းအရိပ်များကိုသာ မြင်နေရ၏။
ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’က မြန်လွန်းသည့်အပြင် အမှောင်ထုကလည်း ဖုံးလွှမ်းထားသေးသည်။ သူတို့မြင်နိုင်သော နေရာများများစားစား မရှိပေ။
ရုတ်တရက် တိတ်ဆိတ်သွားသည်။
“ဘယ်လိုဖြစ်သွားလဲ” ကောင်းကင်ဘုံအရှင်သခင်တစ်ယောက်က ခပ်တိုးတိုး မေးသည်။
ဤအခိုက်အတန့်တွင် မိုင်တစ်ရာကျော်အကွာမှ ကောင်းကင်နတ်သိုင်းအားလှိုင်းတို့က သူတို့ဆီသို့ ဖြာဆင်းလာ၏။ အားလုံး အလျင်အမြန် လှမ်းကြည့်လိုက်သော်လည်း သူတို့အကြည့် ထိုနေရာအပေါ် ရောက်သည့်အချိန်မှာပဲ ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’ကား ပျောက်သွားချေပြီ။ ကွဲထွက်နေသော တောင်ထိပ်တစ်လုံးသာ ကျန်ခဲ့သည်။ သူတို့ကြည့်နေစဉ် တောင်ထိပ်သည် ချောက်ထဲသို့ ဘုန်းခနဲ ပြိုကျသွား၏။
ထို့နောက် မိုင်တစ်ရာအကွာမှ ကောင်းကင်နတ်သိုင်းပေါက်ကွဲသံများ ထပ်မံထွက်ပေါ်လာသည်။ ကောင်းကင်ဘုံအရှင်သခင် အယောက်သုံးရာကျော်မှာ ထိုနေရာသို့ ကပျာကယာ လှမ်းကြည့်လိုက်သည့်အခါ အလင်းတန်းများ ဖြာထွက်နေကြောင်း မြင်လိုက်ရသည်။
ချင်မူ၏ခန္ဓာကိုယ်သည် တောင်ထိပ်တစ်ခု၌ ချိတ်နေ၏။ သူ၏ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်မှာ ရစရာမရှိအောင် ကျိုးပဲ့ပျက်စီးနေသည်။ ‘ကောင်းကင်နတ်အရှင်ယွီ’က သူ့ဆီသို့ ရိုက်ချလိုက်၍ တောင်ထိပ်မှာ ပေါက်ကွဲသွားသည်။ ချင်မူက တောင်ထိပ်၏ အခြားတစ်ဖက်သို့ လွင့်ထွက်သွားပြီး သူ့အား မမြင်ရတော့ပေ။ ‘ကောင်းကင်နတ်အရှင်ယွီ’လည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
နောက်ဆုံးတော့ ကောင်းကင်နတ်သိုင်းလှိုင်းများအား သူတို့ ထပ်မံခံစားရပြန်သည်။
ကောင်းကင်ဘုံအရှင်သခင် အယောက်သုံးရာကျော်၏ အကြည့် ထိုဘက်သို့ ရောက်သွားသည့်အခါ ချင်မူ့လက်ထဲရှိ ဓားရောင်ကား ဆယ်မိုင်ကျော် ဆန့်ထွက်သွားပြီဖြစ်သည်။ ၎င်းသည် ဓားနှင့်မတူတော့ဘဲ တစ်ကိုက်အကျယ် ရှိသော တိုင်လုံးအသွင်သဏ္ဍာန် ရှိနေ၏။ ဓားက ‘ကောင်းကင်နတ်အရှင်ယွီ’အပေါ် ခုတ်ချလိုက်ပြီး တောင်တစ်လုံး၏ ခါးလယ်ကို ဝိုက်ဖြတ်လိုက်သည်။
တောင်မှာ ခါးလယ်မှ ပြတ်ထွက်သွားသည့်တိုင် ပြိုကျမလာပေ။ အဘယ်ကြောင့်ဆိုသော် ချင်မူ၏ဓားက မြန်လွန်းသဖြင့် ပြတ်ထွက်သွားသော တောင်ထိပ်သည် တောင်ပေါ် တိတိရိရိ ပြန်ကျသွား၍ ဖြစ်သည်။
ကောင်းကင်ဘုံအရှင်သခင်အားလုံးက နတ်ဘုရားများနှင့် မိစ္ဆာများအကြား ထိပ်တန်းသိုင်းပညာရှင်များ ဖြစ်သည့်အတွက် သူတို့၏အကြည့် ထိုဧရိယာအပေါ် ရောက်သွားသည့်အခါ ချင်မူ့လက်ထဲရှိ ဓားတိုင်လုံးသည် မည်သည့်အရာဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။
၎င်းက အမှန်တွင် ဓားတိုင်လုံးမဟုတ်ပေ။ မတူညီသော ဓားကွက်များကို ထုတ်လွှတ်လျက် ထူးဆန်းစွာ လှည့်ပတ်နေသော ဓားပျံများဖြင့် ဖွဲ့တည်ထားသည့် အတန်းတစ်တန်းဖြစ်သည်။
အဝေးမှ ကြည့်သည့်အခါ ချင်မူက ဆယ်မိုင်ကျော် ရှည်လျားသော တိုင်လုံးကြီးတစ်လုံးကို ကောက်မထားသည်နှင့် တူနေ၏။
‘ကောင်းကင်နတ်အရှင်ယွီ’မှာ တိုင်လုံးကြီးဖြင့် ရိုက်ခံလိုက်ရသယောင် ထင်ရသော်လည်း အမှန်တွင် ဓားတိုင်လုံးအတွင်းထဲမှ သူ့ဆီသို့ တရစပ် ထိုးစိုက်နေသော ဓားရောင်များကို ဟန့်တားနေခြင်း ဖြစ်သည်။ သူ့မှာ ဆယ်ချက်ကျော် အထိုးခံလိုက်ရ၍ အံ့အားသင့်နေသည်။ သူက ပါးစပ်ဟပြီး တစ်ခုခုပြောလိုက်သော်လည်း ကောင်းကင်ဘုံအရှင်သခင်များမှာ အကွာအဝေးကြောင့် သူပြောနေသည်ကို မကြားရပေ။
“သူ ဘာတွေပြောနေတာလဲ”
ကောင်းကင်ဘုံအရှင်သခင်များ စိတ်ရှုပ်ထွေးသွားကြသည်။ အမှောင်ထုက ပြန်လည်အုံ့ကြွလာပြီး ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’ ပျောက်ကွယ်သွား၏။
ကောင်းကင်နတ်သိုင်းလှိုင်းများ ထပ်မံဖြာထွက်လာသည့်အချိန်တွင် ‘ကောင်းကင်နတ်အရှင်ယွီ’၏ လက်ဝါးက ချင်မူ့မျက်နှာအပေါ် ဖိချနေပြီး လက်ချောင်းသုံးချောင်း ကျိုးနေ၏။ သူက ချင်မူ့ကို အမှောင်ထုထဲသို့ ရေကန်ကြီးဆီသို့ ရက်ရက်စက်စက် ဖိချလိုက်သည်။ ကန်ရေများမှာ ဥက္ကာခဲကြီး ပြုတ်ကျလာသကဲ့သို့ မြောက်တက်သွားတော့သည်။
ရုတ်တရက် ‘ကောင်းကင်နတ်အရှင်ယွီ’က ထိတ်လန့်သွားသော ငန်းတစ်ကောင်သဖွယ် လေပေါ် ခုန်၍ မည်းနက်နေသော မုခ်ဝတစ်ခုကို ကပ်သီကာ ရှောင်လိုက်သည်။
သူ ကောင်းကင်အလိုတော်မုခ်ဝကို ရှောင်လိုက်သော အခိုက်အတန့်တွင် မုခ်ဝထဲမှ အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။ မုခ်ဝ၏အလယ်၌ လူနှင့်ပင် မတူတော့သည့်တိုင်အောင် ရိုက်နှက်ခံထားရသော အရိပ်တစ်ခု ရှိနေသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ထိုအရိပ်က ချင်မူ ဖြစ်၏။ ဓားရောင်က ‘ကောင်းကင်နတ်အရှင်ယွီ’၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဝင်လာသည်။
‘ကောင်းကင်နတ်အရှင်ယွီ’က လက်ဖြင့် ဓားကို ရိုက်ထုတ်လိုက်သည်။
နှစ်ယောက်သား ပျောက်ကွယ်သွားပြန်သည်။
သူတို့ပြန်ပေါ်လာသည့်အခါ ချင်မူက ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် သူ့အနောက်မှ လိုက်လာသော ကြောက်မက်ဖွယ်ရာ အားလှိုင်းများဆီမှ လွတ်မြောက်အောင် ထွက်ပြေးနေသည်။
သို့သော် ကြယ်အလင်းရောင်တို့သည် သူ့အရှေ့၌ ဖျတ်ခနဲ တောက်ပသွားပြီး သံကြိုးများအဖြစ် ချိတ်ဆက်သွား၏။ ချင်မူမှာ အငိုက်မိသွားသဖြင့် ကြယ်ရောင်ပိုက်ကွန်ထဲ ပြေးဝင်မိသွားချေပြီ။ သူ၏ခန္ဓာကိုယ်မှာ အပိုင်းပိုင်းပြတ်ထွက်သွားပြီး ခေါင်းပင် မြေပြင်ပေါ် ကျလာသည်။
“လောကသခင်ခန္ဓာ ရှုံးသွားပြီ”
ကောင်းကင်ဘုံအရှင်သခင်များမှာ စိတ်သက်သာရာရသွားကြကာ ယခုမှ ပြုံးနိုင်တော့သည်။ “အခုဆို မြေအောက်ဘုံအရှင်လေး ပဋိညာဉ် ကျိုးပျက်သွားပြီပေါ့”
ဤအချိန်မှာပင် ချင်မူ၏ အတုံးအတစ်များမှ ခြေလက်များ ပေါက်လာပြီး ဟိုဟိုသည်သည် ပြေးလွှားနေကြောင်း မြင်လိုက်ရသည်။ ၎င်းတို့သည် ပြေးလွှားရင်း တစ်တုံးနှင့်တစ်တုံး ချိတ်ဆက်သွားကာ ချင်မူပြန်ဖြစ်လာ၏။
မြောက်ပိုင်းကောင်းကင်ဘုံ၏ နတ်ဘုရားများ၊ မိစ္ဆာများမှာ ဤမြင်ကွင်းကို မှင်သက်စွာ ကြည့်ရင်း နားမလည်နိုင်တော့ပေ။
“မသေနိုင်တဲ့ ထာဝရခန္ဓာလား”
မဟာကာလနန်းတော်အနောက်ရှိ ဧရာမမိစ္ဆာမျက်လုံးကြီး အံ့အားသင့်နေသည်။ “ဒါက ချိဧကရာဇ်နဲ့အတူ ပျောက်ကွယ်သွားတာ ကြာပြီမဟုတ်လား... ဘယ်လိုလုပ်ပြီး ချိဧကရာဇ်နဲ့ အဆင့်တူတဲ့အထိ ကျင့်ကြံထားတဲ့သူ ရှိနေသေးတာလဲ”
ချင်မူ့အနောက်မှ ဓားပျံများသည် မြေကြီးထဲ ထိုးထွက်လာပြီး ဓားတောင်များ၊ ဓားတောအုပ်များ ဖွဲ့တည်ကာ သူ့နောက် လိုက်လာနေသော ကောင်းကင်နတ်သိုင်းကို ဖြိုခွင်းလိုက်ကြသည်။
ချင်မူက ချာခနဲ လှည့်၍ လက်ခြောက်ဖက်စလုံး ပင့်မြှောက်လိုက်သည်။ ထိုအခါ ဓားတောင်များ၊ ဓားတောအုပ်များသည် တဝုန်းဝုန်း အော်မြည်လျက် မြောက်တက်လာပြီး လက်ခြောက်ဖက်၏ ရွေ့လျားမှုအတိုင်း လိုက်ပါရွေ့လျားရင်း ခုတ်ဖြတ်နေ၏။
‘ကောင်းကင်နတ်အရှင်ယွီ’၏ လက်မောင်းတစ်ဖက် ဖြတ်တောက်ခံလိုက်ရသည်။ သူက နောက်ဆုတ်သွားပြီး နှစ်ယောက်စလုံး အမှောင်ထဲ၌ ပျောက်ကွယ်သွားပြန်သည်။
အတန်ကြာသည်အထိ အသံလည်း မကြားရ၊ ကောင်းကင်နတ်သိုင်းများဆီမှ လှိုင်းဂယက်များလည်း ထွက်မလာပေ။
နန်းတော်၏ ပတ်ပတ်လည်ရှိ ကောင်းကင်ဘုံအရှင်သခင်များသည် မျက်လုံးအလင်းတန်းများကို ထုတ်လွှတ်၍ အမှောင်ထဲ၌ လိုက်ရှာနေကြ၏။ သို့သော် နန်းတော်ကို လွှမ်းခြုံထားသည့် အမှောင်ထုက မိုင်ပေါင်းထောင်နှင့်ချီ ကျယ်ဝန်းလေသည်။ သူတို့၏အကြည့်များ မည်မျှအားကောင်းစေကာမူ သူတို့နှစ်ယောက်အား အချိန်တိုအတွင်း ရှာနိုင်မည်မဟုတ်။
“သူတို့ဘယ်ရောက်သွားလဲ”
ဤအခိုက်အတန့်တွင် နတ်ဘုရားတို့၏အလယ်သို့ မိုးကြိုးလျှပ်စီးများ ပစ်ချလိုက်၍ အလင်းရောင်များ လင်းထိန်သွားသည်။ ချင်မူသည် ရင်ဘတ်ထဲသို့ လက်တစ်ဖက် စိုက်ဝင်လျက်အနေအထားဖြင့် ကောင်းကင်ထဲမှ ပြုတ်ကျလာ၏။ သူမြေပြင်ပေါ် မကျခင် ကောင်းကင်အလိုတော်မုခ်ဝက ဖျတ်ခနဲ ပေါ်လာပြီး သူ့ကို ဝါးမြိုသွားသည်။
ကောင်းကင်အလိုတော်မုခ်ဝ ပျောက်ကွယ်သွားကာ မြေပြင်ထက်၌ မည်သည့်အရာမှ မရှိပေ။
အဝေးတွင် ဓားရောင်တစ်ချက် လက်သွားပြီး ကောင်းကင်အလိုတော်မုခ်ဝ ပြန်ပေါ်လာသည်။ မုခ်ဝအတွင်း၌ တစ်ယောက်ကိုတစ်ယောက် အသည်းအသန် တိုက်ခိုက်နေသော အရိုးစုကြီးနှစ်စု ရှိလေသည်။
အရိုးစုတစ်စုတွင် ရင်ဘတ်ထဲသို့ လက်တစ်ဖက် စိုက်ဝင်နေပြီး အရိုးစုတစ်စုက လက်တစ်ဖက် ပြတ်နေသည်။
လေတွင် ပျံဝဲနေသော ကောင်းကင်အလိုတော်မုခ်ဝသည် အားလုံး၏ အာရုံကို ဆွဲဆောင်ထား၏။ မုခ်ဝအတွင်းတွင် အရိုးစုကြီးနှစ်စုကား တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးဘဲ အသေသတ်ရန် ကြိုးစားနေကြဆဲဖြစ်သည်။
“ဒီနှစ်ယောက် အတူတူ သေချင်နေတာလား”
ရုတ်တရက် ကောင်းကင်အလိုတော်မုခ်ဝက မြေပြင်ပေါ် ဘုန်းခနဲ ပြုတ်ကျလာပြီး မဟာကာလနန်းတော်အရှေ့၌ ထူမတ်နေသည်။ မုခ်ဝက ရုတ်တရက် ပိတ်သွားကာ အတွင်းထဲမှ တိုက်ခိုက်သံများ ထွက်လာ၏။ အရိုးစုနှစ်စုကား တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေသေးလောက်သည်။
အတန်ကြာသော် ဆူညံသံများ တိခနဲ တိတ်ဆိတ်သွား၏။
အားလုံး ဆက်စောင့်နေကြသည်။ တခဏကြာသော် မုခ်ဝက ကျွီခနဲ ဖြည်းဖြည်း ပြန်ပွင့်လာသည်။ သွေးများသည် တရဟော စီးကျလာပြီး အရိုးစများလည်း ရောနေသည်။
အားလုံး တုန်လှုပ်ချောက်ချားသွားကြပြီး ဆက်စောင့်နေကြသည်။
မုခ်ဝအတွင်းမှ အရိုးစုတစ်စုသည် တံခါးကို အားပြုလျက် အပြင်ထွက်လာ၏။ ၎င်းက သွေးအိုင်ထဲသို့ ဗိုင်းခနဲ လဲကျသွားပြီး အသွေးအသားများ စတင်ထွက်လာသည်။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာ၊ မင်းက မင်းရဲ့ဂုဏ်သတင်းနဲ့ တကယ် ထိုက်တန်ပါပေတယ်... ကောင်းကင်နတ်ဘုံရဲ့ အင်အားအကြီးဆုံး ပုဂ္ဂိုလ်တောင် အဆင့်တူမှာ မင်းကို မရင်ဆိုင်နိုင်သေးဘူး”
မဟာကာလက တဟာဟား ရယ်၍ လက်ခုပ်တီးနေသည်။ “မင်း နိုင်တယ်၊ ငါ ရှုံးပြီ... ကောင်းကင်ဘုံအရှင်သခင် သုံးရာ့ဆယ့်ခြောက်ယောက်ကို မင်း ကြိုက်သလို လုပ်လို့ရပြီ.. ဒါပေမဲ့ ငါ့မြောက်ပိုင်းကောင်းကင်ဘုံကိုတော့ လက်ဖျားနဲ့ ထိဖို့တောင် မကြံနဲ့... ကောင်းကင်ဘုံအရှင်သခင်တို့ မင်းတို့ရဲ့ သခင်ကို ခေါ်ပြီး ငါ့ပိုင်နက်ကနေ ထွက်သွားကြတော့”
ကောင်းကင်ဘုံအရှင်သခင်များက မလှုပ်ဘဲ သွေးအိုင်ထဲလျက် လဲလျက် အသွေးအသားများ ပြန်ထွက်လာနေဆဲဖြစ်သော ချင်မူ့ကို စိုက်ကြည့်နေကြသည်။
“ငါတို့ သူ့ကို သတ်လိုက်ရင် မြေအောက်ဘုံအရှင်လေးပဋိညာဉ် အကျုံးမဝင်လောက်တော့ဘူး” မိစ္ဆာနတ်ဘုရားတစ်ပါးက ခပ်တိုးတိုး ရေရွတ်လိုက်၏။
ရုတ်တရက် မိစ္ဆာနတ်ဘုရားအားလုံး ချင်မူ့ကို ဝိုင်းတိုက်ကြတော့သည်။
မဟာကာလက မျက်လုံးများပိတ်လျက် ခပ်တိုးတိုး ရေရွတ်နေ၏။ “ဘာကြောင့် ငါ့လက်အောက်မှာ ဒီလိုအရူးတွေ အများကြီး ရှိနေတာလဲ”