← Chapters

တောင်မဟုတ်မှန်း သိလိုက်၍ ချောင်းကြည့်မိသည့်အခါ

Vol. 66 Ch. 866

တောင်မဟုတ်မှန်း သိလိုက်၍ ချောင်းကြည့်မိသည့်အခါ

Vol. 66 Ch. 866

“မဟာကာလ၊ မင်း အသိစိတ် လွတ်သွားတဲ့အထိ အရိုက်ခံခဲ့ရဖူးလား... မင်းက အောက်ဘုံမှာ ပုန်းအောင်းနေခဲ့တာကြာပြီ... ဒီနေ့ခေတ်ရဲ့ ကောင်းကင်နတ်ဘုံ ဘယ်လောက် ကြောက်စရာကောင်းနေပြီမှန်း မင်း မသိဘူး”

‘ကောင်းကင်နတ်အရှင်ယွီ’က မဆိုစလောက် ပြုံး၍ နန်း‌‌တော်အပြင် ထွက်လာသည်။ “ငါ့ခန္ဓာကိုယ်က ကောင်းကင်နတ်ဘုံရဲ့ နှစ်သန်းပေါင်းများစွာ အသိအမြင်ဗဟုသုတတွေကို ပေါင်းစည်းထားတဲ့ အစွမ်းထက်ဆုံး လက်နက်ပဲ.... နောင်ကျရင် ကောင်းကင်နတ်ဘုံဟာ အခုလို လက်နက်မျိုးနဲ့ ကောင်းကင်နဲ့မြေပြင်ကို သန့်ရှင်းပစ်လိမ့်မယ်... စကြဝဠာကို သန့်ရှင်းပစ်လိမ့်မယ်... မိစ္ဆာအညစ်အကြေးအားလုံးကို ရှင်းလင်းပြီး မင်း တစ်သက်မှာ ဘယ်တော့မှ စိတ်ကူးကြည့်ဖူးမှာတောင် မဟုတ်တဲ့ ကမ္ဘာလောကတွေကို ဖွင့်လှစ်လိမ့်မယ်”

မဟာကာလက မျက်နှာမည်းမှောင်သွားပြီး အေးစက်စက် နှာမှုတ်ကာ မတ်တပ်ထရပ်၍ သူ့နောက်မှ လိုက်လာသည်။

“နောင်တစ်ချိန်မှာ စကြာဝဠာကို အုပ်ချုပ်မယ့် မဟာနတ်ဘုရားဆယ်ပါး ပေါ်ထွန်းလာလိမ့်မယ်... ယိုတုဖြစ်စေ၊ ရွှမ်တုဖြစ်စေ၊ ယွမ်တုဖြစ်စေ၊ အဆုံးသတ်မြို့ပျက်ပဲ ဖြစ်စေ ကမ္ဘာလောကတိုင်းဟာ အဲဒီမဟာနတ်ဘုရားဆယ်ပါးရဲ့ လက်အောက်မှာပဲ ရှိရမယ်... သူတို့အားလုံးမှာ ကောင်းကင်နတ်ဘုံကို ပုန်ကန်နိုင်မယ့်အင်အား ရှိဖို့ အသာထား၊ ပုန်ကန်နိုင်ခြေတောင် ရှိမှာမဟုတ်တော့ဘူး”

‘ကောင်းကင်နတ်အရှင်ယွီ’၏အသံတွင် နှလုံးသားကို ဖမ်းဆုပ်စေ့ဆော်နိုင်သော စွမ်းအား ပါရှိနေသည်။ “အဲဒီအချိန်ကျရင် ပြုပြင်ပြောင်းလဲမှုဆိုတာတွေ မရှိတော့ဘူး... ဘာကြောင့်လဲသိလား.. ကျင့်စဉ်အားလုံး၊ လမ်းစဉ်အားလုံး၊ ကောင်ကင်းနတ်သိုင်းအားလုံး၊ မဟာတာအိုအားလုံး ဒီခန္ဓာကိုယ်ထဲမှာ ရှိနေရမှာမလို့ပဲ... နတ်ဘုရားတွေ၊ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ သူတို့ရဲ့အသိအမြင်၊ ဗဟုသုတွေကို ဘယ်လိုတွန်းတင်တွန်းတင် ဒီခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဗဟုသုတတွေကို ကျော်နိုင်မှာ မဟုတ်ဘူး... သူတို့ ဝမ်းနည်းကြေကွဲစွာနဲ့ တဖြည်းဖြည်း သဘောပေါက်လာလိမ့်မယ်... သူတို့ အားစိုက်ထည့်ခဲ့တဲ့ ကြိုးစားမှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေအားလုံး ဒီခန္ဓာကိုယ်ထဲမှာ ထိန်းချုပ်ခံရတော့မှာ ဆိုတာကိုပေါ့... နောင်ကျရင်...”

သူက အပြုံးတစ်ခုဖြင့် ပြောသည်။ “ရည်မှန်းချက်ကြီးတဲ့သူတွေအတွက် အခြေအနေတွေဟာ ကူရာမဲ့၊ အားကိုးရာမဲ့တွေ ဖြစ်လာလိမ့်မယ်... ငါတို့လို အာဏာကို ချုပ်ကိုင်ထားတဲ့သူတွေအတွက်တော့ ဘာကိုမှ ပူပင်ကြောင့်ကြစရာမရှိတော့ဘူး”

မဟာကာလ ရင်ထဲတွင် ပြင်းပြင်းထန်ထန် ကြောက်လန့်သွားပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။ “အသက်မဲ့နေတဲ့ အနာဂတ်ပဲ....”

သူ့မှာ သူ ခန့်မှန်းထားသော အနာဂတ်အခြေအနေများနှင့် ပတ်သက်၍ပင် အနည်းငယ် ထိတ်လန့်လာတော့သည်။

နောင်တစ်ချိန်တွင် သန်မာအားအကောင်းဆုံး ‘ကောင်းကင်နတ်အရှင်ယွီ’ ဆယ်ယောက်သည် အင်အားအကြီးမားဆုံး အာဏာကို ဆုပ်ကိုင်လျက် စကြဝဠာကောင်းကင်ထက်တွင် ရပ်တည်ကာ ကမ္ဘာလောကများအား ဖိနှိပ်ထားလိမ့်မည်။

သူတို့၏မျက်နှာများက ကောင်းကင်တာအို၏ ရုပ်သွင်၊ မျက်လုံးများက နေနှင့်လ သဖွယ် ဖြစ်နေလိမ့်မည်။ ခန္ဓာကိုယ်များသည် ကမ္ဘာပေါ်ရှိ မည်သည့်လက်နက်မဆိုထက် ခိုင်ခံ့မာကြောနေလိမ့်မည်။ သူတို့မှော်စွမ်းအင်များ၏ ပြင်းအားက ငရဲမီးပင်လယ်ထက်ပင် နက်ရှိုင်းလိမ့်မည်။

သူတို့သည် နေ၊ လ၊ ဂြိုဟ်များနှင့် ကြယ်တာရာအစုအဝေးများအထက်တွင် ပျံဝဲလျက် ရှိနေကြမည်ဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်က သူတို့ကို လှည့်ပတ်နေရလိမ့်မည်။

ထိုအနာဂတ်သည် မည်မျှကြောက်စရာကောင်းလိုက်မည်နည်း။

‘အဲဒီနေ့ ဘယ်တော့မှ ရောက်မလာပါစေနဲ့လို့ မျှော်လင့်တယ်’ မဟာကာလက စိတ်တည်ငြိမ်အောင် လုပ်ရင်း ‘ကောင်းကင်နတ်အရှင်ယွီ‌’ နောက် လိုက်သွားသည်။

‘ကောင်းကင်နတ်အရှင်ယွီ’ နန်းတော်ထဲမှ လမ်းလျှောက်ထွက်လာသည့်အချိန်တွင် ချင်မူက သာမန်လူများ မလုပ်နိုင်သော ကိုယ်ဟန်အနေအထားများဖြင့် အကြောဆန့်နေသည်။

‘ကောင်းကင်နတ်အရှင်ယွီ’က ပြုံး၍ ချင်မူ ကြွက်သားများ၊ အရိုးများ ဆန့်နေသည်ကို ကြည့်နေသည်။

အတန်ကြာသော် ချင်မူက မဟာကာလဆီသို့ လှည့်ကြည့်ကာ ပြုံးလိုက်၏။ “မဟာကာလ၊ ဒီတစ်ယောက်က ခင်ဗျားဖိတ်ခေါ်ခဲ့တဲ့ အစွမ်းထက်သိုင်းပညာရှင်လား.... သူ့ကို အနိုင်ယူနိုင်ရင် ကျွန်တော်တို့ကြားက လောင်းကြေး အကျုံးဝင်မှာပေါ့ ဟုတ်လား”

မဟာကာလသည် ခေါင်းညိတ်၍ အလေးအနက် ပြန်ဖြေသည်။ “ဟုတ်တယ်... မင်း သူ့ကို အနိုင်ယူနိုင်ရင် ကောင်းကင်ဘုံ ၃၁၆ ဘုံရဲ့ အရှင်သခင်တွေကို မင်းစိတ်တိုင်းကျ လုပ်နိုင်တယ်... သူတို့ကို ခေါ်သွားချင်လည်း ရတယ်... ငါ မင်းကို မနှောင့်ယှက်ဘူး... ဒါပေမဲ့ မြောက်ပိုင်းကောင်းကင်ဘုံကိုတော့ မပေးနိုင်ဘူး”

ချင်မူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကျွန်တော် ခင်ဗျားနဲ့ မြောက်ဘုံအရှင်လေးပဋိညာဉ် ချုပ်ဆိုချင်ပေမယ့် ခင်ဗျားကလည်း ယိုတုက ဖြစ်နေတော့ ခက်တယ်... မြေ‌အောက်ဘုံအရှင်သခင်ပဋိညာဉ်မှာလည်း ဟာကွက်တွေ အများကြီးရှိတယ်... မြေအောက်ဘုံအရှင်သခင်က ရိုးတော့ ဘယ်လိုလှည့်ပတ်ရမလဲ မသိဘူး.. ကျွန်တော် မြေအောက်ဘုံအရှင်လေးပဋိညာဉ်ကို ခင်ဗျားနဲ့ ချုပ်ဆိုရင်လည်း မြေအောက်ဘုံအရှင်လေးက ခင်ဗျားကို အနိုင်ယူနိုင်မှာမဟုတ်ဘူး... ဒီတော့ ခင်ဗျား ကတိတည်ပါစေလို့ပဲ မျှော်လင့်ရမှာပေါ့လေ”

‘ကောင်းကင်နတ်အရှင်ယွီ’က ပြုံးသည်။ “ကောင်လေး၊ မင်း နိုင်မှာမဟုတ်တဲ့အတွက် အဲဒါတွေ ထည့်စဉ်းစားနေစရာမလိုဘူး... မင်းက တစ်ယောက်တည်းသော လောကသခင်ခန္ဓာလို့ ဆိုကြပေမယ့် ငါ့ခန္ဓာကိုယ်က လောကသခင်ခန္ဓာအားလုံးရဲ့ ဘုရင်ပဲ... နှစ်သန်းပေါင်းများစွာမှာ တစ်ယောက်ပဲ ရှိတယ်”

ချင်မူ ခပ်တိုးတိုး ရယ်၍ နောက်တစ်လှမ်း ဆုတ်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် နန်းတော်အပြင်ရှိ အမှောင်ထုထဲ၌ နစ်မြုပ်သွား၏။ နှင်းကဲ့သို့ ဖြူဖွေးနေသော သွားစွယ်တန်းနှစ်တန်းကိုသာ မြင်ရတော့သည်။

စီတန်းနေသော သွားနှစ်တန်းသည် ပိတ်လိုက်ဖွင့်လိုက်ဖြင့် ရယ်နေပြီးနောက် စကားပြော၏။ “ညီလေး စပါ”

“ညီလေး ဟုတ်လား မင်း ငါ့ကို ညီလေးလို့ ခေါ်လိုက်တာလား”

‘ကောင်းကင်နတ်အရှင်ယွီ’က ပြုံးလျက် ခြေတစ်လှမ်းလှမ်းကာ အမှောင်ထုထဲ ဝင်ရောက်သွားသည်။ “ဘယ်လောက် ရိုင်းလိုက်သလဲ”

အမှောင်ထဲမှ အလင်းတန်းများ ဖြာထွက်လာပြီး ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’ကား သိုင်းကွက်များ စတင်ဖလှယ်ပြီဖြစ်ချေသည်။ သူတို့၏ကောင်းကင်နတ်သိုင်းက မဟာကာလနန်းတော်၏ ပတ်ဝန်းကျင်ရှိ အမှောင်ထုကို တိုက်ချသွားသဖြင့် နန်းတော်အနောက်ရှိ ဧရာမဂြိုဟ်ကြီး ပေါ်လွင်လာသည်။

ဂြိုဟ်ကြီး၏မျက်နှာပြင်က ရောင်စုံတောက်နေပြီး ခပ်ကြမ်းကြမ်း မျက်နှာပြင် ရှိသည်။

မဟာကာလနန်းတော်၏ ပတ်ပတ်လည်တွင် ကြယ်ကျောက်ခဲများဖြင့် တည်ဆောက်ထားသကဲ့သို့ ကြီးမားလှသော ဧရာမနတ်ဘုရားကြီးများ၊ မိစ္ဆာကြီးများသည် အမှောင်ထုထဲ၌ ရပ်နေကြ၏။ ချင်မူနှင့်‘ကောင်းကင်နတ်အရှင်ယွီ’ဆီမှ ကောင်းကင်နတ်သိုင်းများ သူတို့၏အရေပြားပေါ် ထိမှန်နေကြသော်လည်း သူတို့ကား တုတ်တုတ်မှမလှုပ်ကြပေ။

ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’၏ ကောင်းကင်နတ်သိုင်းများမှ ကြမ်းတမ်းပြင်းထန်သော လေပြင်းအားလှိုင်းသည် အရှိန်ပြင်းပြင်း တိုက်ခတ်နေပြီး ၎င်းဖြတ်သွားသည့်နေရာတိုင်းတွင် လေထုအလွှာနှင့် ပွတ်တိုက်မှုကြောင့် လျှပ်စီးများ၊ မိုးကြိုးများ ပြိုးပြက်ထစ်ချုန်းသွားတတ်၏။

လေပြင်းအားလှိုင်းများ ဤနတ်ဘုရားကြီးများ၊ မိစ္ဆာကြီးများကို ဖြတ်တိုက်သွားသောအခါ ပွတ်တိုက်မှုမှ မီးတောက်များ ထတောက်လာကာ နတ်ဘုရား၊ မိစ္ဆာတို့၏ အရေပြားများကို မီးစွဲ‌လောင်သွားစေသည်။ နတ်ဘုရား၊ မိစ္ဆာ ၃၁၆ ပါး ရှိ၏။ သူတို့ကား မြောက်ပိုင်းကောင်းကင်ဘုံ ၃၁၆ ဘုံ၏ အရှင်သခင်များ ဖြစ်ပေသည်။

သူတို့၏အစွမ်းအစများက ကျန်မိစ္ဆာများ၊ နတ်ဘုရားများထက် များစွာသာလွန်ပြီး မယုံနိုင်လောက်အောင် ကြောက်လန့်ဖွယ်ကောင်းကြသည်။ အများစုကား ကျောက်စိမ်းမြို့တော်အဆင့် ဖြစ်ကြ၏။ ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’၏ ကောင်းကင်နတ်သိုင်းများအလယ် ရောက်နေသော်လည်း သူတို့တွင် ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ ရမသွားကြပေ။

ဤတိုက်ပွဲသည် သူတို့၏ကံကြမ္မာနှင့် အနာဂတ်ကို အဆုံးဖြတ်ပေးမည် တိုက်ပွဲဖြစ်၍ ဤတိုက်ပွဲ၏ အရှုံး၊ အနိုင်ကို ကိုယ်တိုင်ကြည့်ရှုရန် လိုအပ်လေသည်။

မဟာကာလနန်းတော်အတွင်း၌ မိုစန်းတုံ၊ ရွှယ့်ထိုက်သိုနှင့် မဟာကာလ၏ ကျန်တပည့်များလည်း အလျင်အမြန် ပြေးထွက်လာကြပြီး အမှောင်ထုထဲသို့ ကြည့်ကာ မျက်နှာအမူအရာများ ပြောင်းလဲသွား၏။

အမှောင်ထုထဲတွင် ‘ကောင်းကင်နတ်အရှင်ယွီ’သည် မည်သည့်ကောင်းကင်နတ်သိုင်းကိုမဆို ထမင်စားရေသောက်ပမာ လွယ်ကူစွာ ထုတ်လွှတ်နေ၏။ သူ ထုတ်လွှတ်သမျှ သိုင်းကွက်တိုင်းက လမ်းစဉ်အဆင့် ဝင်ရောက်ထားသော မဟာကောင်းကင်နတ်သိုင်းများနှင့် တူနေသည်။

သူက ကမ္ဘာပေါ်ရှိ မည်သည့်လမ်းစဉ်၊ မည်သည့်ကျင့်စဉ် ၊ မည်သည့်ကောင်းကင်သိုင်းကိုမဆို တတ်မြောက်ထားသည့်အလား ထင်ရပြီး ကျင့်စဉ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းတိုင်းကို လမ်းစဉ်အဆင့်သို့ မြှင့်တင်ထားပုံလည်း ရသည်။

လမ်းစဉ်သို့ ဝင်ရောက်ပြီးလျှင် မတူကွဲပြားသော အဆင့်များဖြင့် ဆက်လက်သတ်မှတ်နိုင်သေးသည်။ ကောင်းကင်နတ်သိုင်းများနှင့် နတ်ဘုရား, မိစ္ဆာများက ကောင်းကင်ဘုံများဖြင့် အဆင့်ခွဲခြားလေ့ရှိ၏။

ဥပမာ ကောင်းကင်နတ်သိုင်း၏ ပထမသိုင်းကွက်ဖြင့် လမ်းစဉ်သို့ ဝင်ရောက်သွားလျှင် ပထမကောင်းကင်ဘုံဖြစ်သည်။ ထိုမဟာကောင်းကင်နတ်သိုင်း၏ ဒုတိယသိုင်းကွက်ဖြင့် လမ်းစဉ်သို့ ဝင်ရောက်သည့်အခါ ဒုတိယကောင်းကင်ဘုံဟု ဆို၏။

မတူကွဲပြားသော မဟာတာအိုများတွင် မတူကွဲပြားသော ကောင်းကင်ဘုံအဆင့်များ ရှိသည်။

ဥပမာ ဓားတာအို။ ဓားတာအို၏ အင်အားအကြီးဆုံးစံချိန်သည် ခိုင်ဧကရာဇ်၏ စံချိန်ဖြစ်၏။ ကောလဟာလများအရ ခိုင်ဧကရာဇ်၏ ဓားတာအိုတွင် ကောင်းကင်ဘုံ ၃၃ ဘုံရှိသည်ဟု ဆိုကြသည်။ အတိတ်မှ ယနေ့ခေတ်တိုင်အောင် သူတစ်ယောက်တည်းသာ ရှိခဲ့ပြီး မည်သူမှ သူ၏စံချိန်ကို မချိုးနိုင်ခဲ့ပေ။

ထို့ကြောင့် ခိုင်ဧကရာဇ်၏ ကောင်းကင်နတ်ဘုံတွင် ကောင်းကင်ဘုံ ၃၃ ဘုံရှိပြီး ကောင်းကင်နတ်ဘုံကို ၃၃ ဘုံမြောက် ကောင်းကင်ဘုံထက်၌ တည်ဆောက်ထားခြင်း ဖြစ်ပေသည်။

ဗုဒ္ဓတာအိုလည်း ရှိသေးသည်။ ဗုဒ္ဓတာအို၏ အခိုင်မာဆုံးစံချိန်သည် ဗြဟ္မဗုဒ္ဓ၏ စံချိန် ဖြစ်၏။ ဗုဒ္ဓဘုံတွင် ‌ကောင်းကင်ဘုံအထပ်နှစ်ဆယ်၊ တစ်နည်းအားဖြင့် ကောင်းကင်ဘုံ ၂၀ ဘုံ ရှိပြီး အဆိုပါကောင်းကင်ဘုံ ၂၀ ဘုံမှာ သူ၏မဟာတာအိုဖြင့် ဖွဲ့တည်ထားခြင်းဖြစ်သည်ဟု ဆိုကြ၏။

မိစ္ဆာတာအိုလည်း ရှိသေးသည်။ မဟာကာလ၏ မိစ္ဆာတာအိုကလည်း ပြိုင်ဘက်ကင်းသော အဆင့်သို့ ရောက်နေပြီဖြစ်သည်။ လမ်းစဉ်ထဲတွင် ကောင်းကင်ဘုံအထပ် မည်မျှဖော်ဆောင်နိုင်ခဲ့သည်ကိုမူ မဟာကာလက တစ်ခါမှ မဖော်ပြခဲ့ဖူးပေ။

သို့သော် ခိုင်ဧကရာဇ်၏ ကောင်းကင်ဆရာသခင်လေးဦးထဲမှ သိုင်းပညာ၏ မဟာဧကရာဇ် လာရောက်တိုက်ခိုက်ခဲ့တုန်းက မဟာကာလသည် လမ်းစဉ်အဆင့် မဟာကောင်းကင်သိုင်းကွက် ၁၇ ကွက် ထုတ်လွှတ်ခဲ့ပြီး နှစ်ယောက်စလုံး ထိခိုက်ဒဏ်ရာရခဲ့သည်။

ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်နှစ်ယောက်၏ တိုက်ပွဲကို အလွန်ကံကောင်းမှသာ မြင်တွေ့နိုင်လိမ့်မည်။

သို့သော် သူတို့ကို အမှန်တကယ် အံ့အားသင့်စေသည်မှာ မဟာကာလ ဖိတ်ခေါ်ခဲ့သော လူငယ်သည် မည်သည့်မဟာတာအို ကောင်းကင်နတ်သိုင်းကိုမဆို ထုတ်လွှတ်နိုင်ခြင်း ဖြစ်၏။ မဟာကောင်းကင်နတ်သိုင်း ကောင်းကင်ဘုံအထပ် မည်မျှသို့ ရောက်နေစေကာမူ သူက လွယ်ကူစွာ ထုတ်လွှတ်နိုင်သည်။ အမှန်တကယ်ပင် အံ့အားသင့်စရာကောင်းလှပေသည်။

ဤသည်မှာ မဖြစ်နိုင်သင့်သော်လည်း သူတို့မျက်စိရှေ့မှောက်၌ အမှန်တကယ် ဖြစ်ပျက်နေချေပြီ။

ကောင်းကင်တာအိုကဲ့သို့ မဟာတာအိုတစ်ခုအတွက် သူက လမ်းစဉ်အဆင့် ကောင်းကင်နတ်သိုင်း ၄၉ မျိုးစလုံးအား မထပ်ဘဲ ထုတ်လွှတ်နိုင်သည်။ အမိကမ္ဘာမြေ၏ သံလိုက်ဆွဲအားမဟာတာအိုအတွက်လည်း လမ်းစဉ်အဆင့် ကောင်းကင်နတ်သိုင်း ၅၈ မျိုး ထုတ်ဖော်နိုင်၏။

လမ်းစဉ်အဆင့် ဝင်ရောက်ထားသည့် သုံးရာခြောက်ဆယ်သော ကောင်းကင်နတ်သိုင်းတို့က သူတို့မျက်လုံးများတွင် လင်းလက်နေတော့သည်။

မိုစန်းတုံလို လူများအတွက် လမ်းစဉ်အဆင့်များကို ကောင်းကင်ဘုံများဖြင့် ခွဲခြားသည်။ သို့သော် ကောင်းကင်နတ်ဘုံ၏ ရှေး‌ဟောင်းဖြစ်တည်မှုများအတွက်မူ ကောင်းကင်ဘုံအထပ်များကို တာအိုတစ်၊ တာအိုနှစ်၊ တာအိုသုံး အစရှိသဖြင့် နံပါတ်စဉ်အလိုက်သာ ခွဲ၏။

အောက်ဘုံ၏ သက်ရှိသတ္တဝါများမှာ လမ်းစဉ်သို့ ဝင်ရောက်လိုပါက ပင်ပန်းကြီးစွာ လေ့ကျင့်ရသည်။ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ရသည်။

သို့သော် တာအိုဂိုဏ်း၏ တာအိုဘိုးဘေးကြီးသည် ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုများကို အက္ခရာသင်္ချာဖြင့် ပြန်တည်ဆောက်ပြီး အသိအမြင်များအဖြစ် ပြောင်းလဲလိုက်ကာ လမ်းစဉ်သို့ လွယ်ကူစွာ ဝင်ရောက်စေနိုင်ခဲ့၏။

မိုစန်းတုံနှင့် ကျန်ရှိသူများအား ပို၍ပင် အံ့အားသင့်စေသည်မှာ ချင်မူက ‘ကောင်းကင်နတ်အရှင်ယွီ’ဆီမှ သိုင်းကွက်မှန်သမျှ ခုခံနိုင်နေခြင်း ဖြစ်လေသည်။

‘ကောင်းကင်နတ်အရှင်ယွီ’ ထုတ်လွှတ်လိုက်သည့် ကောင်းကင်နတ်သိုင်းက မည်သည့်ကောင်းကင်ဘုံအဆင့် ဖြစ်စေ၊ ချင်မူက တစ်ကွက်မကျန် ခုခံနိုင်ရုံမက တန်ပြန်တိုက်ခိုက်နိုင်သေး၏။

အမှောင်ထုထဲတွင် အလင်းတန်းများ ပြိုးပြိုးပြက်ပြက် လင်းလက်နေသည်။ ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’၏ ပုံရိပ်အား အမှောင်ထုထဲ၌ တစ်ချက်တစ်ချက် မြင်ရ၏။ သူတို့နှစ်ယောက်၏ သိုင်းကွက်များ ဝင်တိုက်သွားသည်နှင့် နောက်တခဏတွင် မိုင်တစ်ရာအကွာ၌ ပြန်ပေါ်လာတတ်ကြသည်။

သူတို့နှစ်ယောက် တစ်ချက်တစ်ချက် အနီးကပ်တိုက်ခတ်တတ်ပြီး တစ်ချက်တစ်ချက် မိုင်တစ်ရာဝေးသွားတတ်သည်။ ထိုအခါမျိုးတွင် ကောင်းကင်နတ်သိုင်းနှစ်ခုက သူတို့အကြား၌ ထိတိုက်သွားပြီး အလင်းရောင်များဖြင့် ပေါက်ကွဲသွားတတ်လေသည်။

ရုတ်တရက် သူတို့နှစ်ယောက်က အမှောင်ထုထဲ၌ ရပ်နေသော ခေါင်းလေးလုံးမိစ္ဆာနတ်ဘုရား၏ ခေါင်း‌‌ပေါ်တွင် ပေါ်လာသည်။

မိစ္ဆာနတ်ဘုရားတွင် ခေါင်းလေးလုံး ရှိပြီး သစ်ပင်လို ထူပိန်းနေသော အနက်ရောင်ဆံပင်များ ဖုံးလွှမ်းနေ၏။ ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’က ဆံပင်တစ်ချောင်းစီတွင် ရပ်လိုက်ကြ၍ ဆံပင်များမှာ ကွေးညွတ်ကျသွားသည်။

ချင်မူက လက်နှစ်ချောင်းကို ပူးကပ်၍ ဓားလက်ချောင်းပမာ ပြုမူလိုက်သည့်အခါ ဓားစက်လုံးက ဝှစ်ခနဲ ဓားပျံများအဖြစ် ကွဲထွက်သွားပြီး မိစ္ဆာနတ်ဘုရား၏ ဆံပင်တောအုပ်တစ်လျှောက် လျင်မြန်စွာ ဖြတ်သန်းလျက် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ‘ကောင်းကင်နတ်အရှင်ယွီ’ ဆီသို့ ထိုးဆင်းသွားကြသည်။

‘ကောင်းကင်နတ်အရှင်ယွီ’က သံလိုက်ဆွဲအားကောင်းကင်အလင်းတန်းများ ဖြန့်ကျက်လိုက်သည်နှင့် သူ့ခေါင်းပေါ်တွင် ကြယ်အစုအဝေးများ ဖွဲ့တည်လာ၏။ ကြယ်တာရာများအကြား၌ သံလိုက်ဆွဲအားအလင်းတန်းများ ချိတ်ဆက်သွားပြီး ဓားပျံများကို ဆွဲငင်လိုက်သည်။ ဓားပျံတို့မှာ ကြယ်များအထဲသို့ ဒုတ်ခနဲ ထိုးစိုက်သွားကြတော့သည်။

‘ကောင်းကင်နတ်အရှင်ယွီ’ လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည့်အခါ ကြယ်အစုကြီး လည်လာပြီး ချင်မူ့ဆီသို့ ပျံသန်းလာသည်။ ထို့နောက် ကြယ်ဝင်္ကပါကြီးအဖြစ် ချင်မူ့အား လွှမ်းခြုံသွား၏။

မိစ္ဆာနတ်ဘုရား၏ ခေါင်းပေါ်ရှိ ဆံပင်မွှေးထူထူကြီးများမှာ ဝင်္ကပါကြောင့် ပြတ်ထွက်ကုန်ပြီး မိစ္ဆာသွေးများ ကပ်ငြိလျက် မြောက်တက်သွားကြသည်။

ရုတ်တရက် ကြယ်အစုကြီး၏အလယ်၌ မိစ္ဆာနေတစ်စင်း ထွက်ပေါ်လာပြီး တမုဟုတ်ချင်း ကြယ်အားလုံးကို လွှမ်းမိုးသွားတော့သည်။ ပတ်ဝန်းကျင်တွင် နေ‌ရောင်သော်လည်းကောင်း၊ လရောင်သော်လည်းကောင်း မရှိတော့ပေ။

ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်ကို ခွာလိုက်သည်။ သူ၏ခေါင်းအနောက်တွင် အနက်ရောင်နေတစ်စင်း ဖွဲ့တည်လာပြီး သူက ကြယ်ဝင်္ကပါကို ခွဲထွက်လာ၏။ ထို့နောက် သူ့လည်ပင်းမှ ခေါင်းနှစ်ခေါင်း ထပ်ထွက်လာသည်။ ယခု သူ့တွင် ခေါင်းသုံးလုံး၊ မျက်လုံးကိုးလုံး ရှိနေချေပြီ။ ချင်မူက ခေါင်းလေးလုံးမိစ္ဆာနတ်ဘုရား၏ နောက်ဆုံးဆံပင်မွှေးအပေါ်တွင် ရပ်၍ ဂျင်လို လှည့်လိုက်သည်။

ရွှစ်

သူ၏မျက်လုံးကိုးလုံးဆီမှ ကောင်းကင်အလင်းတန်းများက ပတ်ဝန်းကျင်တစ်လျှောက် ဖြတ်ခွင်းလျက် ကြယ်တာရာများ၊ လေပေါ် မြောက်တက်နေသော ဆံပင်လုံးတုတ်တုတ်ကြီးများကို ပိုင်းဖြတ်ပစ်နေသည်။

‘ကောင်းကင်နတ်အရှင်ယွီ’က လေပေါ် ခုန်တက်၍ အလင်းတန်းများကို ရှောင်သည်။ သူ၏ခြေလှမ်းများက လျင်မြန်စွာ လှုပ်ရှားနေပြီး ဤမိစ္ဆာနတ်ဘုရား၏ ခေါင်းတစ်လုံးအပေါ်ရှိ ဘယ်မျက်လုံးမှ မျက်တောင်အပေါ် ဆင်းသက်လိုက်သည်။

နောက်တခဏတွင် ချင်မူက မိစ္ဆာနတ်ဘုရား၏ ညာမျက်လုံးမှ မျက်တောင်အပေါ်တွင် ပေါ်လာ၏။

ခေါင်းလေးလုံးမိစ္ဆာနတ်ဘုရားမှာ မျက်လုံးပြူးနေသည်။ သူ၏မျက်လုံးကြီးများက သူတို့ကို ကြည့်နေပြီး သူ့နဖူးမှ ချွေးစက်ကြီးတစ်စက် ထွက်လာသည်။ ချွေးစက်ကား တောင်ကုန်းလေးတစ်လုံးအရွယ် ရှိပြီး သူ၏နှာရိုးတစ်လျှောက် လိမ့်ဆင်းလာကာ နှာထိပ်တွင် ခိုတွဲနေ၏။

နောက်တခဏတွင် ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’၏ ကောင်းကင်နတ်သိုင်းများ ထွက်ပေါ်လာ၍ မိစ္ဆာနတ်ဘုရားမှာ ကြောက်အားလန့်အားဖြင့် မျက်လုံးပိတ်လိုက်သည်။

သူ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’သည် သူ့မျက်လုံးဆီမှ ထွက်ခွာသွားပြီး တခြားမိစ္ဆာနတ်ဘုရား၏ ပခုံး‌ပေါ်မှ နားရွက်ကြီးအထိ တောက်လျှောက် တိုက်ခိုက်သွားနေကြ၏။

ထိုမိစ္ဆာနတ်ဘုရား၏ နားရွက်က အလွန်ရှည်လျားပြီး သူတို့ခန္ဓာကိုယ်များက မြေကြီးနှင့်အပြိုင် ရှိနေကြသည်။ နှစ်ယောက်သား အနီးကပ်တိုက်ခိုက်နေသဖြင့် ချင်မူက သိုင်းပညာ‌လမ်းစဉ် ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်နေပြီး ‘ကောင်းကင်နတ်အရှင်ယွီ’တွင်မူ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လျက် အရှေ့နတ်မင်းချင်းလုံ၏ မဟာတာအိုကို ထုတ်လွှတ်နေသော အစစ်အမှန်နဂါးတစ်‌ကောင် ရှိ၏။

ဧရာမပေါက်ကွဲသံကြီး ထွက်ပေါ်လာ၍ နားရွက်ရှည် မိစ္ဆာနတ်ဘုရားမှာ မခံမရပ်နိုင်တော့ဘဲ ခေါင်းစောင်း၍ သူ့နားရွက်အပေါ် ရိုက်လိုက်သည်။ ဤအခိုက်အတန့်တွင် ချင်မူနှင့် ‘ကောင်းကင်နတ်အရှင်ယွီ’သည် သူ့နားရွက်ဆီမှ ထွက်ခွာ၍ မိစ္ဆာနတ်ဘုရားမတစ်ပါးကို ဝန်းရံထားသည့် ရောင်စုံဖဲကြိုးအလင်းတန်းများအပေါ် ဆင်းသက်သွားချေပြီ။

သူတို့နှစ်ယောက်သည် ဖဲကြိုးများအထက်၌ တရှိန်ထိုး ပြေးရင် အမျိုးမျိုးသော ကောင်းကင်နတ်သိုင်းများဖြင့် တစ်ယောက်ကိုတစ်ယောက် အသည်းအသန် တိုက်ခိုက်နေကြ၏။

မိစ္ဆာနတ်ဘုရားမက သူမကျောနောက်ရှိ ဖဲကြိုးအပေါ်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေကို ကြည့်ရန် ကြိုးစားနေသော်လည်း မမြင်ရပေ။ ရုတ်တရက် သူတို့နှစ်ယောက်က ဖဲကြိုး၏အဆုံးသို့ ရောက်သွားပြီး ဖျတ်ခနဲ သူမ၏ရင်ဘတ်အရှေ့၌ ‌ပေါ်လာကြကာ တောင်နှစ်လုံးအပေါ် ဖြတ်ပြေးနေသကဲ့သို့ တိုက်ခိုက်နေကြသည်။

ထိုတခဏတွင် ချင်မူက ရင်ဘတ်ကို ကြည့်ပြီး အာရုံပျံ့လွင့်သွားသဖြင့် ‘ကောင်းကင်နတ်အရှင်ယွီ’ဆီမှ သိုင်းကွက်ကြောင့် လွင့်ထွက်သွားတော့သည်။ သူ့အရိုးများ၊ အရွတ်များ တဖျောင်းဖျောင်း ကျိုးကြေကုန်၏။

မိစ္ဆာနတ်ဘုရားမက သဘောကျစွာ ရယ်နေ၍ သူ၏တောင်မို့မို့နှစ်လုံးမှာ တုန်ခါလာလေသည်။

‘ကောင်းကင်နတ်အရှင်ယွီ’လည်း မချုပ်တည်းနိုင်ဘဲ လှည်ကြည့်မိလိုက်သည့်တခဏတွင် ဓားမသိုင်းကွက်တစ်ကွက်ဖြင့် ခေါင်းသို့ ခုတ်ချခံလိုက်ရကာ တောင်နှစ်လုံးကြားသို့ ပြုတ်ကျသွား၏။

သူတို့နှစ်ယောက်၏ ပုံရိပ်များ ပျောက်ကွယ်သွားပြန်ပြီး မိစ္ဆာနတ်ဘုရားနှစ်ပါး၏အလယ်၌ ပြန်ပေါ်လာကာ သွေးအန်လျက် တစ်ယောက်ကိုတစ်ယောက် စိန်းစိန်းဝါးဝါး စိုက်ကြည့်နေကြသည်။

“ဒီရုပ်ခန္ဓာရဲ့ ခွန်အားကိုပဲ အားကိုးနေရင် ငါ မင်းကို အနိုင်မယူနိုင်ဘူး”

‘ကောင်းကင်နတ်အရှင်ယွီ’က လေးစားနေသောအမူအရာဖြင့် ပြုံးသည်။ “ငါ့လမ်းစဉ်၊ ကျင့်စဉ်နဲ့၊ ကောင်းကင်နတ်သိုင်းတွေကို သုံးမှ မင်းကို သတ်နိုင်မယ်ထင်တယ်... မဟာကာလ၊ မင်းရဲ့ ရန်သူက တကယ် တစ်ခုခုပဲ... မင်းရဲ့ အမှောင်မိုကျားသုတ္တန်နဲ့ ငါ့ကို တိုက်ခိုက်နိုင်ခဲ့တယ်... မင်းလည်း နောက်ကျမကျန်ခဲ့ဘူးပဲ”

အဝေးတွင် မဟာကာလက နှာခေါင်းရှုံ့၏။

ချင်မူက အသက်ရှူနှုန်းကို ဂရုတစိုက် ထိန်းနေပြီး သူ့ကိုယ်ထဲရှိ မိစ္ဆာလမ်းစဉ်ကောင်းကင်ရတနာများ တစ်ခုပြီးတစ်ခု ပွင့်လာသည်။ နတ်ဘုရားလမ်းစဉ် ကောင်းကင်ရတနာများနှင့် မိစ္ဆာလမ်းစဉ်ကောင်းကင်ရတနာများအား တစ်ခုတည်း ပေါင်းစည်းသွားချေပြီ။

All Chapters