← Chapters

အမှောင်မိုကျားသုတ္တန်

Vol. 66 Ch. 865

အမှောင်မိုကျားသုတ္တန်

Vol. 66 Ch. 865

ချင်မူက မဟာကာလ၏နန်းတော်ထဲတွင် အေးအေးလူလူသာ နေထိုင်နေသည်။ တစ်နေ့တစ်နေ့ ကျင့်ကြံလိုက်၊ လျှောက်သွားလိုက်ဖြင့် အလွန်အေးအေးချမ်းချမ်း ရှိနေ၏။ သူ့ပုံစံ ကြည့်ရသည်မှာ မဟာကာလကိုသော်လည်းကောင်း၊ ကြောက်မက်ဖွယ်ရာ နန်းတော်ကိုသော်လည်းကောင်း သတိထားနေဟန်မတူပေ။

မဟာကာလနန်းတော်အတွင်း၌ အလင်းရောင်များ လင်းထိန်နေသော်လည်း အပြင်၌မူ မှောင်ပိန်းနေသည်။ အလင်းရောင်အားလုံးမှာ အမှောင်ထု၏ စုပ်ယူစားသုံးခြင်း ခံထားရသကဲ့သို့ မည်သည့်အရာကိုမှ သဲသဲကွဲကွဲ မမြင်ရပေ။

ချင်မူ နန်းတော်အပြင်သို့ ခဏခဏ ထွက်သွားတတ်သော်လည်း မည်သူမှ သူ့ကို မတားကြပေ။ သို့သော် အမှောင်ထု၏အလယ်ဆီ လျှောက်ဝင်သွားပြီးနောက် ချင်မူက အလွန်ပျော်ရွှင်နေသည့်အလား အပြုံးပန်းများ ဝေဆာနေလျက် သူ့ဘာသာသူ ပြန်လှည့်လာတတ်သည်။

နဂါးချီလင်ကတော့ အမှန်တကယ် ပျော်ရွှင်နေသည်။ သူက သူ့အတွက် စွမ်းအင်ဆေးလုံး ဖော်ပေးနေသော မိစ္ဆာမအ‌ပေါ် အလွန်စည်းကမ်းတင်းကြပ်နေ၏။ စွမ်းအင်ဆေးလုံးများ၏ အရသာ၊ အနံ့၊ စွမ်းအင်ဆေး၏ သန့်စင်မှု၊ ဖော်စပ်‌သောနည်းလမ်းများကို ဝေဖန်ရင်း အလွန်ချေးများနေသည်။

နောက်ဆုံးတော့ မိစ္ဆာမမှာ မျက်ရည်ပေါက်ပေါက်ကျသည့်တိုင်အောင် အကြိမ်ပေါင်းများစွာ ဆူပူခံရပြီးနောက်တွင် သည်းမခံနိုင်တော့ဘဲ မျက်ရည်လည်ရွှဲဖြင့် ထွက်ပြေးသွားတော့သည်။

“ဂိုဏ်းသခင်၊ ဒီမိန်းကလေးက စိတ်ဓာတ်မကောင်းဘူး”

နဂါးချီလင်က စွမ်းအင်ဆေးလုံးကို စား၍ ဆက်ပြောသည်။ “ဘာမဆို လုပ်နိုင်တယ် ပြောပြီး ဘာမှလည်း မလုပ်နိုင်ဘူး.. စွမ်းအင်ဆေးလုံးတွေတောင် ကောင်းကောင်းမဖော်စပ်နိုင်ဘူး”

ချင်မူ စွမ်းအင်ဆေးလုံးတစ်လုံး ယူပြီး စားကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ “သူရဲ့ စွမ်းအင်ဆေးဖော်နည်းတွေက မမှန်ဘူးပဲ... စွမ်းအင်ဆေးကိုလည်း မသန့်စင်ထားဘူး... မီးထိန်းချုပ်တဲ့နေရာ၊ အချိုးအစားတို့မှာလည်း လိုအပ်ချက်လေးတွေ ရှိနေတယ်... အဲဒါကြောင့် အရသာ၊ အနံ့နဲ့ ဆေးစွမ်းအင်တွေ ပြောင်းလဲသွားတာ”

နဂါးချီလင်က ကောင်းကောင်းနားလည်သည်။ “အမှားလုပ်ခဲ့တာတောင် ငိုရဲသေးတယ်.. အရှက်မရှိဘူး”

ဤအခိုက်အတန့်တွင် အပြင်မှ ဒေါသတကြီးအော်ဟစ်သံ ထွက်လာသည်။ “ဘယ်သူ ငါ့ရဲ့ ညီမဝမ်းကွဲကို အနိုင်ကျင့်ရဲတာလဲ... ညီမလေး မငိုနဲ့... အဲဒီကောင်ကြီးကို သေအောင် ရိုက်သတ်ပြီး ငါ့ညီမအတွက် ကလဲ့စားချေပေးမယ်”

ချင်မူ ပြုံးလိုက်သည်။ “ပြဿနာတော့ ရောက်လာပြီ”

နဂါးချီလင် ဇဝေဇဝါ ဖြစ်သွား၏။ “ဂိုဏ်းသခင်၊ ဘာကို ဆိုလိုတာတုန်း”

မျက်ရည်ကြီးငယ် ကျသည့်တိုင်အောင် ဆူပူကြိမ်းမောင်းခံခဲ့ရသော မိစ္ဆာမက မိစ္ဆာနတ်ဆိုးမျိုးနွယ် လူငယ်တစ်ယောက်ကို ခေါ်လာသည်။ သူမသသည် ချင်မူ့ဆီသို့ လက်ညှိုးထိုးပြီး တဟင့်ဟင့် ရှိုက်လျက် ပြောလေသည်။ “သူပဲ”

မိစ္ဆာနတ်ဆိုးမျိုးနွယ် လူငယ်က ချင်မူ့ကို စိုက်ကြည့်၍ အေးစက်စက် ရယ်ကာ ပြောသည်။ “မင်းက ငါ့ညီမကို အနိုင်ကျင့်တာလား... ငါ့ဆရာ၊ မဟာကာလရဲ့ ဧည့်သည်ဖြစ်ရင်တောင်မှ ငါ မင်းကို မသက်ညှာနိုင်ဘူး... ဒီနေ့ ငါ့ညီမအတွက် မင်းကို ကလဲ့စားချေမယ်”

ချင်မူက သူ့ကို လျစ်လျူရှုပြီး နဂါးချီလင်ဆီသို့ ရှင်းပြနေသည်။ “မဟာကာလက ပြီးခဲ့တဲ့ရက်တွေတုန်းက ဘာမှမလုပ်ခဲ့ဘူး... နန်းတော်ထဲမှာပဲ ငါ့ကို နေခိုင်းခဲ့တယ်... ဒါပေမဲ့ ငါ့ကို တကယ့်တကယ် အနိုင်ယူဖို့လည်း သူ့မှာ ယုံကြည်ချက်အပြည့် မရှိဘူး.. သူ ကိုယ်တိုင် ပျိုးထောင်ပေးထားတဲ့ တပည့်တွေနဲ့တောင် ငါ့ကို အနိုင်ယူဖို့ မသေချာဘူး... ဒါကြောင့် ပြဿနာလေးတွေ ဖန်တီးပေးဖို့ လိုလာတယ်”

နဂါးချီလင်မှာ အပြည့်အဝ နားမလည်သေးပေ။

ချင်မူ ရယ်လိုက်သည်။ “ဂိုဏ်းသားတစ်ယောက်က ငါ့ကို စိန်ခေါ်ဖို့ ဆင်ခြေတစ်ခုနဲ့ လာရင် ဒီစိန်ခေါ်မှုကို လောင်းကစားအဖြစ် သတ်မှတ်လို့မရတော့ဘူး... သူ့တပည့် ငါ့လက်ထဲမှာ သေသွားရင်တောင် လောင်းကစားရှုံးတယ် မခေါ်ဘူး... ဒါ့အပြင် သူ့ရဲ့ ကျန်တဲ့တပည့်တွေဟာ တိုက်ပွဲကို ကြည့်ရင်း ငါ့ရဲ့ ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်၊ လမ်းစဉ်တွေကို လေ့လာနိုင်မယ်... ငါ့ကို တိုက်ခိုက်နိုင်မယ့် နည်းလမ်း ရှာတွေ့ကြလိမ့်မယ်”

နဂါးချီလင် ရုတ်တရက် သဘောပေါက်သွားသည်။ မိစ္ဆာနတ်ဆိုးမျိုးနွယ်လူငယ်မှာလည်း အံ့အားသင့်သွား၏။

နဂါးချီလင်က လူငယ်ကို ကြည့်ကာ ပြန်မေးသည်။ “ဒါဆို ဂိုဏ်းသခင်၊ မဟာကာလရဲ့ တပည့်တွေထဲက ပြဿနာလာရှာတဲ့ ပထမဆုံးတစ်ယောက်ရဲ့ ကံကြမ္မာက ဘာဖြစ်မှာလဲ”

ချင်မူ သက်ပြင်းချလိုက်သည်။ “သူ့ညီအစ်ကိုတွေက သူ့ကို ဒီလာပြီး အသေခံခိုင်းလိုက်တာပဲ”

မိစ္ဆာနတ်ဆိုးမျိုးနွယ် လူငယ်၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူက လက်သီးတင်းတင်းဆုပ်လိုက်သည်။

ချင်မူက မှင်သေသေ ဆက်ပြောသည်။ “သူ သေသွားရင် သူ့ညီအစ်ကိုတွေအနေနဲ့ ငါ့ကောင်းကင်နတ်သိုင်းတွေကို ‌လေ့လာနိုင်လိမ့်မယ်... လေ့လာပြီးသွားရင် နောက်တစ်ယောက်ကို သေဖို့ လွှတ်လိုက်မယ်... အဲဒီလိုမျိုး ငါ့ကို စိန်ခေါ်နေမှာ”

နဂါးချီလင် သိချင်စိတ်ဖြင့် မေးလိုက်မိသည်။ “ဂိုဏ်းသခင်၊ အဲဒါပြီးရင် ဘာဖြစ်မှာလဲ”

ချင်မူ ဇိမ်ပြေနပြေ ဆက်ပြောလိုက်၏။ “ပြီးရင် ဒုတိယ‌တစ်ယောက် သေမယ်... သူက ငါ ပထမတစ်ယောက်ကို တိုက်ခိုက်ခဲ့တုန်းက တမင်တကာ ထားခဲ့တဲ့ ဟာကွက်တွေကြောင့် အလွယ်တကူ အသတ်ခံရမှာပဲ... သူတို့က ငါ တမင်ထားထားတဲ့ ဟာကွက်တွေကို ‌လေ့လာကြမယ်လေ... အဲဒီလိုနဲ့ ဒုတိယတစ်ယောက်လည်း အဲဒီလို သေရမှာပဲ”

လူငယ်မှာ ယခုတွင် မျက်နှာဖြူဆုပ်သွားပြီး မဆုံးဖြတ်တတ်တော့ဟန်တူသည်။ သူက အစီအစဉ်အတိုင်း ချင်မူ့ကို ဆက်စိန်ခေါ်ရဦးမည်လား မသိတော့၍ နောက်ပြန်လှည့်ကြည့်လိုက်သည်။

နဂါးချီလင်က စွမ်းအင်ဆေးလုံးများကို စားရင်း မေးသည်။ “ဒါဆို ဂိုဏ်းသခင်က မဟာကာလနန်းတော်ထဲက မဟာကာလရဲ့ တပည့်တွေကို တကယ် သတ်မှာလား”

“တချို့လူတွေက ငါ့ကို ကြင်နာတတ်တယ်ထင်ကြတယ်... ငါ့ကို ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်လို့ မြင်ကြပေမယ့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကလည်း ကောင်းကင်နတ်ဆိုးဂိုဏ်းဆိုတာတော့ မေ့နေကြတယ်”

ချင်မူ ပြုံးသည်။ “ငါ့ဆီက စိန်ခေါ်စာတစ်စောင်ကို မြောက်ပိုင်းကောင်းကင်ဘုံဆီ ပို့ခဲ့တယ်... ငါ့စာအတွက် မြောက်ပိုင်းကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်သိုင်းပညာရှင် ဘယ်နှယောက် သေဆုံးခဲ့ရလဲ မသိပေမယ့် မဟာကာလရဲ့ တပည့်တွေကတော့ သေချာသိမှာပဲ... ငါ့စိန်ခေါ်စာလေးတစ်စောင်ကြောင့် ကောင်းကင်နတ်သိုင်းပညာရှင်အများကြီး သေခဲ့ပြီးပြီ.... ဒါကြောင့် ငါ ကိုယ်တိုင် မဟာကာလရဲ့ တပည့်တွေကို သတ်ရင် ငါ့ကို ရက်စက်တယ် ဆိုနိုင်ဦးမလား”

မိစ္ဆာနတ်ဆိုးမျိုးနွယ် လူငယ်မှာ ချင်မူ့ကို ကြည့်နေစဉ် ကြောက်မက်ဖွယ်ရာ နတ်ဆိုးဘုရင်တစ်ပါး သားကောင် ရွေးချယ်နေသည်ကို ကြည့်နေရသကဲ့သို့ ခံစားနေရသည်။

လူငယ်သည် မာန်အပြည့်ဖြင့် ရောက်လာခဲ့သော်လည်း တိုက်ခိုက်လိုစိတ် မရှိတော့ပေ။

မဟာကာလ၏ တပည့်ဖြစ်လာလိုပါက မြောက်ပိုင်းကောင်းကင်ဘုံ၏ ထောင်သောင်းချီသော ပါရမီရှင်များအနက်မှ အထူးချွန်ဆုံးလူငယ်တစ်ယောက် ဖြစ်ရမည်။ စမ်းသပ်မှုများ၊ သေရေးရှင်ရေးအခြေအနေများကို ကျော်ဖြတ်ရင်း ပြိုင်ဘက်တို့၏အလောင်းများအပေါ် နင်းခဲ့ရလိမ့်မည်။ ထိုအခါမှ မဟာကာလ၏ ချီး‌မြှောက်ခြင်း ခံရနိုင်၏။

ထို့ကြောင့် မဟာကာလ၏ တပည့်တစ်ယောက်စီတိုင်းကား ဖုန့်ဟွာယွီထက်ပင် ပို၍ ရှိန်စရာကောင်းလေသည်။

သူတို့အားလုံးက သူတို့နည်းဟန်ဖြင့် သူတို့ ထူးချွန်ထက်မြက်ကြသူများ ဖြစ်ကြသည့်အလျောက် ယုံကြည်ချက်ပြင်းထန်ပြီး မောက်မာကြ၏။

သို့သော် ဤအခိုက်အတန့်တွင် ဤမိစ္ဆာနတ်ဆိုးမျိုးနွယ် လူငယ်၏ ယုံကြည်ချက်နှင့် မာန်မာနတို့ ပျောက်ကွယ်သွားပြီး ကြောက်လန့်မှု၊ ကူကယ်ရာမဲ့မှုတို့သာ ကျန်ခဲ့တော့သည်။

သူ့မှာ မွေးကင်းစကလေးတစ်ယောက်သဖွယ် ဖြစ်ပြီး ချင်မူက သူ့ကို စားရန် ကြည့်နေသော ကြောက်မက်ဖွယ်ရာ နဂါးနက်ကြီးတစ်ကောင်ပမာ ဖြစ်နေသည်ဟု ခံစားနေရသည်။ အမှောင်ထဲတွင် လျှပ်စီးမိုးကြိုးများ ပြိုးပြက်လက်နေပြီး မိုး သည်းထန်စွာ ရွာကျလာသဖြင့် လူငယ်မှာ တစ်ကိုယ်လုံး စိုရွှဲသွားကာ အေးစိမ့်လာသည်။

ဤနဂါးနက်ကြီးက သူ့ကို အချိန်မရွေး စားပေတော့မည်။

ချင်မူက အေးအေးလူလူ စကားပြောလိုက်သည်။ “နောင်တော်၊ မင်း ဒီကို စိန်ခေါ်ဖို့ လာတာမဟုတ်လား”

လူငယ်၏မျက်နှာ ပျက်ယွင်းသွားကာ တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်နေ၏။

ချင်မူ သူ့ကို တစ်ချက်ကြည့်လိုက်သည်။ “မပြတ်မသားနဲ့... ငါ့အတွက် ခက်ခဲအောင် လုပ်နေတာပဲ”

လူငယ်မှာ ချွေးပြန်နေသည်။ သူက ရုတ်တရက် ခေါင်းမော့ပြီး အံတင်းတင်းကြိတ်လိုက်၏။ “ငါ ထွက်သွားရင် ငါ့တာအိုနှလုံးသား ပျက်စီးသွားလိမ့်မယ်... ငါ့ဆရာမဟာကာလလည်း ငါ့ကို ဂိုဏ်းအပြင် နှင်ထုတ်လိမ့်မယ်... ငါ မြောက်ပိုင်းကောင်းကင်ဘုံမှာ ဘယ်တော့မှ ခေါင်းပြန်မော့နိုင်မှာမဟုတ်ဘူး.. ငါ့တစ်ဘဝလုံး ရစရာမရှိအောင် စုတ်ပြတ်သွားလိမ့်မယ်”

သူ့အသံသည် အက်ကွဲနေ၏။ “ဒီတော့ ငါ တိုက်ခိုက်မှဖြစ်မယ်... သေရရင်တောင်မှ တိုက်ခိုက်ရဦးမှာပဲ... ဒီလိုတိုက်ခိုက်မှ ငါ့တာအိုနှလုံးသားကို ခိုင်မာ‌အောင် လုပ်နိုင်မယ်... မြောက်ပိုင်းကောင်းကင်ဘုံမှာ ငါ့နေရာမြဲအောင် လုပ်နိုင်မယ်... အခြားသူတွေ ပြက်ရယ်ပြုတာလည်း ခံရမှာမဟုတ်ဘူး... မင်းရဲ့ တိုက်ကွက်တွေကို ခုခံနိုင်မှာ ငါ ပြတ်ပြတ်သားသား ရှေ့ဆက်နိုင်မယ်”

ချင်မူ့အမူအရာက လေးစားသွားသောအမူအရာ ဖြစ်သွားသည်။ “မင်းနာမည်က ဘာလဲ”

မိစ္ဆာနတ်ဆိုးမျိုးနွယ်လူငယ်သည် ပြန်ဖြေ၏။ “မိုစန်းတုံ”

ချင်မူ ခေါင်းညိတ်ကာ မေးလိုက်သည်။ “မိုစန်းတုံ၊ မင်း ဘယ်နေရာမှာ အတော်ဆုံးလဲ... ဘာနဲ့ လမ်းစဉ်အဆင့် ဝင်ရောက်နိုင်ခဲ့တာလဲ”

မိုစန်းတုံမှာ တခဏ မှင်သက်သွားပြီးနောက် ပြန်ဖြေသည်။ “ငါ ဆရာမဟာကာလနဲ့အတူ အမှောင်မိုကျားသုတ္တန်ကို ကျင့်ကြံရင်း မဟာကာလသိုင်းကွက်တွေကို သင်ယူပြီး ကောင်းကင်နတ်သိုင်းတွေနဲ့ လမ်းစဉ်အဆင့် ဝင်ရောက်နိုင်ခဲ့တယ်... အဲဒီနောက်ပိုင်း အစ်ကိုကြီးလွမ်သီခန်နဲ့အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုကို စူးစမ်းလေ့လာခဲ့တာမလို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တချို့တလေ နားလည်ပါတယ်”

“အမှောင်မိုကျားသုတ္တန်၊ မဟာကာလသိုင်းကွက်၊ ကောင်းကင်နတ်သိုင်းနဲ့ လမ်းစဉ်အဆင့် ဝင်ရောက်တယ်”

ချင်မူ ရယ်လိုက်သည်။ “မဆိုးဘူးပဲ... ငါက ကောင်းကင်နတ်သိုင်းနဲ့ လမ်းစဉ်အဆင့် မရောက်သေးဘူး... အဲဒီနယ်ပယ်က သိပ်ခက်တယ်... လောလောဆယ် ဓားသိုင်း၊ သိုင်းပညာနဲ့ပဲ လမ်းစဉ်အဆင့် ဝင်ရောက်ရသေးတယ်... ဒါပေမဲ့ လွမ်သီခန် လေ့လာထားတဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေက ခေတ်နောက်ကျသွားပြီ... သူ မင်းကို သင်ကြားပေးခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မသုံးတော့တာ ကြာပြီ... မင်း သင်ထားသမျှ အကုန်လုံး ထုတ်လွှတ်ပြီး ငါ့ကို တိုက်ကြည့်... ငါ ကောင်ကင်နတ်သိုင်းနဲ့ ခုခံမယ်... ငါ မင်းကို သိပ်လေးစားမိတယ်... မင်း အသက်ရှင်ရင် မင့်ညီအစ်ကိုတွေကို သွားရှင်းပြလိုက်ပေါ့”

မိုစန်းတုံ၏ မျက်လုံးများ လင်းလက်သွားပြီး သူ၏အရှိန်အဝါ ‌ပေါ်ထွက်လာ၏။

သူ့အနောက်တွင် မိစ္ဆာလှည်းဘီး တစ်ဘီးပြီးတစ်ဘီး ပေါ်ထွက်လာသည်။ သူ၏မူလဝိညာဉ်က ခမ်းနားကြီးကျယ်သော အသွင်အပြင်ဖြင့် ဧရာမလှည်းဘီးများအရှေ့၌ ရပ်၍ တဖြည်းဖြည်း မတ်တပ်ထလာသည်။

ဤမူလဝိညာဉ်သည် ခပ်ဝဝမိစ္ဆာနတ်ဘုရားအသွင် ရှိ၏။ သူ့တွင် လက်လေးဖက် ရှိပြီး မျက်လုံးရှစ်လုံးက နဖူးပြင်ထက်၌ အလျားလိုက် စီတန်းနေသည်။ ယိုတုသင်္ကေတအမှတ်အသားများဖြင့် ဖွဲ့တည်ထားသော ကြိုးမျှင်များက အရပ်လေးမျက်နှာသို့ တဖတ်ဖတ် ပျံလွင့်နေသည်။

သူ၏မူလဝိညာဉ်က ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားကို အဆုံးစွန်ထိ ထုတ်လွှတ်လိုက်သည်။ မိုစန်းတုံ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည့်အခါ လက်လေးဖက်၊ မျက်လုံးရှစ်လုံး မိစ္ဆာနတ်ဘုရားမူလဝိညာဉ်က မဟာကာလသိုင်းကွက်များဖြင့် ချင်မူ့ကို စတင်တိုက်ခိုက်တော့သည်။

ဤအခိုက်အတန့်တွင် အမှောင်မိုကျားသုတ္တန်၏ စွမ်းအားက အချုပ်အနှောင်ကင်းမဲ့စွာ ထွက်ပေါ်လာချေပြီ။

မိစ္ဆာလမ်းစဉ်ကောင်းကင်နတ်သိုင်းသည် ခန့်မှန်းမရအောင် ထူးဆန်းနေပြီဖြစ်သော်လည်း အမှောင်မိုကျားသုတ္တန်တွင်လည်း အားကောင်းပြင်းထန်သော ဘက်ခြမ်း ရှိ၏။

လက်လေးဖက်၊ မျက်လုံးရှစ်လုံးမိစ္ဆာနတ်ဘုရား မူလဝိညာဉ်က ကောင်းကင်နတ်သိုင်း ပစ်လွှတ်လိုက်သည်။ မိစ္ဆာလှည်းဘီးကြီးများသည် သူ၏လက်လေးဖက် လှုပ်ရှားမှုများအတိုင်း ချင်မူ့ဆီသို့ လိမ့်လာ၏။ ထို့အပြင် မိစ္ဆာနတ်ဘုရားမူလဝိညာဉ်၏ မျက်လုံးရှစ်လုံးအတွင်းမှလည်း မိစ္ဆာလှည်းဘီးများက ချင်မူ့ဆီသို့ ပျံသန်းလာကြသည်။

ဤမိစ္ဆာလှည်းဘီးများအတွင်း၌ မယုံနိုင်အောင် ရှုပ်ထွေးသော ယိုတုသင်္ကေတအမှတ်အသားများ ကိန်းဝပ်နေပြီး စွမ်းအားသည် အတိုင်းထက်အလွန် ကြောက်မက်ဖွယ်ရာကောင်း၏။

ချင်မူ လက်မြှောက်လိုက်သည်။ သူ ထုတ်လွှတ်လိုက်သော ကောင်းကင်နတ်သိုင်းက အဘွားစစ် တီထွင်ခဲ့သော သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်း ဖြစ်သည်။ သူ၏အရှေ့နှင့်အနောက်တွင် ကြယ်တာရာများ စုဝေးဖွဲ့တည်လာပြီး သံလိုက်ဆွဲအား ပေါက်ကွဲထွက်ပေါ်လာ၏။

ချင်မူသည် ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်အဆင့် မဝင်ရောက်ရသေးသော်လည်း အဘွားစစ်က ကောင်းကင်နတ်သိုင်းမှတစ်ဆင့် လမ်းစဉ်အဆင့် ဝင်ရောက်ထားသော ပညာရှင်တစ်ယောက် ဖြစ်သည်။ သူက အဘွားစစ် လမ်းစဉ်အဆင့် ဝင်ရောက်ရန် အသုံးပြုခဲ့သော မဟာကောင်းကင်နတ်သိုင်းအား အေးအေးဆေးဆေး ထုတ်ဖော်နေခြင်း ဖြစ်လေသည်။

မဟာကာလနန်းတော်၏ ပရဝုဏ်အတွင်း၌ မုန်တိုင်းများ ချက်ချင်း တိုက်ခတ်လာသည်။ မုန်တိုင်းအတွင်း၌ မိုစန်းတုံမှာ လွင့်ထွက်သွားပြီး ဧရာမတိုင်လုံးကြီးတစ်လုံးဆီသို့ အရှိန်ပြင်းပြင်း ဝင်တိုက်သွား၏။

ထို့နောက် ဝုန်းခနဲ မြည်သံကြီး လိုက်ပါလာသည်။ မိုစန်းတုံမှာ မြေပြင်ပေါ် ပြုတ်ကျသွားပြီး မြေကြီးထဲ၌ ကိုက်ပေါင်းများစွာ နက်ရှိုင်းသော တွင်းကြီးတစ်တွင်း ဖြစ်ပေါ်လာ၏။

သံလိုက်ဆွဲအားအတွင်းရှိ စွမ်းအားက နေရာဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်သည်။ ၎င်းက မိုစန်းတုံ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ခေါက်ဆွဲဖတ်သဖွယ် ဆွဲလိုက်၊ ဖိလိုက်လုပ်နေ၏။ မိုစန်းတုံမှာ မခံနိုင်တော့ဘဲ တစ်ကိုယ်လုံး ပြတ်ထွက်သွားတော့မတတ် ခံစားနေရတော့သည်။

ချင်မူက ကောင်းကင်နတ်သိုင်းကို ဖယ်ရှားလိုက်သည့်အခါ သူ့ကို ဝန်းရံထားသော ကြယ်အစုအဝေးလည်း ပျောက်ကွယ်သွားသည်။ သူက ကျင်းကြီးဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။ “ငါ့ကောင်းကင်နတ်သိုင်းတွေက မင်းရဲ့ကောင်းကင်နတ်သိုင်းတွေလောက် မသေသပ်ဘူး... မှော်စွမ်းအင်မှာ ငါက မင်းထက် အားကောင်းနေရုံသက်သက်ပဲ... ဒါပေမဲ့ မင်းက ကောင်းကင်နတ်သိုင်းကနေတစ်ဆင့် လမ်းစဉ်အဆင့် တက်သွားတာဆိုတော့ ငါ့အတွက် မင်းကို ကောင်းကင်နတ်သိုင်းနဲ့ သတ်ဖို့ ခက်တယ်.... အခု မင်းရဲ့ ညီအစ်ကိုတွေဆီ ပြန်သွားလိုက်တော့”

မိုစန်းတုံက ခဲရာခဲဆစ် ထရပ်ပြီး ကျင်းထဲမှ ထွက်လာကာ ချင်မူ့ဆီသို့ အရိုအသေပေးသည်။

ချင်မူ အသာအယာ အရိုအသေပြန်ပေးလိုက်၏။ “မင်းရဲ့ ယိုတုသင်္ကေတအမှတ်အသားတွေမှာ အားနည်းနေတာမလို့ မင်း ယိုတုမဟာတာအိုရဲ့ သင်္ကေတအမှတ်အသားစွမ်းအားကို အပြည့်အဝ မထုတ်လွှတ်နိုင်တာပဲ”

မိုစန်းတုံသည် ထွက်သွားရန် ပြင်နေသော်လည်း သူ့စကားကို ကြားသည်နှင့် ဆတ်ခနဲ ဖြစ်သွားပြီး ချင်မူ့ကို အလျင်အမြန် ဦးညွှတ်အရိုအသေပေး၏။ “လောကသခင်ခန္ဓာ ကျွန်တော့်ကို အလင်းပြပေးနိုင်မလားခင်ဗျာ”

ချင်မူက ဝမ်းမြောက်ဝမ်းသာစွာ ပြန်ဖြေသည်။ “ငါ့အတွက် မင်းကို လမ်းပြပေးဖို့ အပန်းမကြီးပါဘူး... မင်းရဲ့ မိစ္ဆာနတ်ဘုရားမူလဝိညာဉ်ကို ထုတ်လွှတ်ပြီး မဟာကာလသိုင်းကွက်တွေ သုံးကြည့်လိုက်”

မိုစန်းတုံက ပြောသည့်အတိုင်း လုပ်သည်။ ချင်မူက သူ၏မူလဝိညာဉ်‌ဘေးသို့ လာ၍ မိစ္ဆာလှည်းဘီးဆီမှ မဟာတာအိုသင်္ကေတအမှတ်အသားတချို့ ဆွဲထုတ်လိုက်၏။ ထို့နောက် သူ၏ချီစွမ်းအင်ကို မိစ္ဆာချီစွမ်းအင်အသွင် ပြောင်းလဲရင်း ဤမဟာတာအိုသင်္ကေတအမှတ်အသားများ၏ ဖွဲ့စည်းပုံတွင် အပြောင်းအလဲတချို့ လုပ်လိုက်သည်။ သူက မိုစန်းတုံဘက် လှည့်၍ ပြောသည်။ “မင်းရဲ့ မဟာကောင်းကင်နတ်သိုင်းကို ထပ်ထုတ်လွှတ်ကြည့်လိုက်”

မိုစန်းတုံသည် မဟာကာလသိုင်းကွက်ကို ထုတ်လွှတ်ကြည့်လိုက်ရာ သူ၏မဟာကောင်းကင်နတ်သိုင်း၏ စွမ်းအားက နှစ်ဆယ်ရာခိုင်နှုန်း၊ သုံးဆယ်ရာခိုင်နှုန်းခန့် တိုးသွားကြောင်း ခံစားလိုက်ရ၏။ သူ့မှာ အံ့ဩဝမ်းသာသွားကာ အလျင်အမြန် မေးလိုက်သည်။ “လောကသခင်ခန္ဓာ ဘာကြောင့် အဲဒီလိုအပြောင်းအလဲ လုပ်လိုက်တာလဲ မေးခွင့်ရှိမလား”

ချင်မူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ဖရိုဖရဲရှုပ်ပွနေကြောင်း သတိထားမိ၍ ပြုံးလျက် ပြောလိုက်သည်။ “ဒီမှာ ဖရိုဖရဲဖြစ်နေတယ်... ရှင်းတဲ့နေရာတစ်နေရာဆီ သွားပြီး ဖြည်းဖြည်း ပြောကြတာပေါ့”

မိုစန်းတုံသည် သူနှင့်အတူ နန်းတော်အတွင်းရှိ အဆောင်တစ်ဆောင်ဆီသို့ လိုက်လာ၏။ မိုစန်းတုံမှာ မဟာကာလသိုင်းကွက်ကို ထပ်မံထုတ်လွှတ်ချင်သော်လည်း ကျင့်စဉ်စွမ်းအင် လိုအပ်ချက်ကြောင့် မထုတ်လွှတ်နိုင်ပေ။

ချင်မူက သူ့အတွက် မိစ္ဆာအားဖြည့်‌‌ဆေးအိုးတစ်အိုး ဖော်စပ်ပေးပြီးနောက် ပြောသည်။ “ဒါကို စားပြီး အမှောင်မိုကျားသုတ္တန် ထုတ်လွှတ်ကြည့်လိုက်... မင်းရဲ့ ကျင့်စဉ်စွမ်းအင် မြန်မြန် ပြည့်လာလိမ့်မယ်”

မိုစန်းတုံက ပြောသည့်အတိုင်း လုပ်ကြည့်ရာတွင် အမှန်ပင် ကျင့်စဉ်စွမ်းအင် လျင်မြန်စွာ ပြန်ပြည့်သွားကြောင်း တွေ့လိုက်ရ၏။ သူ့မှာ ချင်မူ့ကို လေးစား၍မဆုံးတော့ပေ။

ချင်မူက သူ့ကို ယိုတု၏မဟာတာအို သင်္ကေတအမှတ်အသားများအကြောင်း လမ်းပြပေးနေပြီး မိုစန်းတုံမှာ ချင်မူပြောလိုက်သည့် စကားတစ်ခွန်းတိုင်းက ပုလဲတစ်လုံးသဖွယ် တန်ဖိုးကြီးကြောင်း ခံစားနေရသည်။ ချင်မူ့အပေါ် သူ၏လေးစားမှုမှာ ပိုတိုးလာ၏။ သူက ကျင့်ကြံရင်း ကြုံတွေ့ရသည့် ပြဿနာအားလုံး မေးမြန်းသည့်အခါ ချင်မူက လျင်မြန်စွာ စဉ်းစားပြီး လွယ်ကူအောင် ရှင်းပြပေးသည်။

မိုစန်းတုံ ချင်မူ့ကို အကြီးအကျယ် လေးစားသွား၏။

နှစ်ယောက်သား နေ့ဝက်ခန့် ဆွေးနွေးလိုက်ပြီး မိုစန်းတုံမှာ ရုတ်တရက် ထရပ်ကာ ချင်မူ့ဆီသို့ ဦးညွှတ်အရိုအသေပေးသည်။ “မင်း နာမည်ကျော်ကြားတာဟာ တကယ်ကို မျှတပါတယ်... လောကသခင်ခန္ဓာချင်ရဲ့ ဗဟုသုတတွေက တိုင်းတာလို့တောင် မရပါဘူး.. ငါ တကယ် လေးစားမိပါတယ်”

ချင်မူက ကပျာကယာ ဆွဲထူပေးရင်း အပြုံးတစ်ခုဖြင့် ပြောသည်။ “ငါလည်း မင်းကို ကျေးဇူးတင်ရမှာပါ... ကဲ အခု မင်းရဲ့ညီအစ်ကိုတွေဆီ ပြန်သွားတွေ့လို့ရပြီ”

မိုစန်းတုံမှာ စိတ်ရှုပ်ထွေးသွားသော်လည်း မမေးသင့်ကြောင်း ခံစားရ၍ လှည့်ထွက်လာခဲ့သည်။

လမ်းများကို ဖြတ်ကျော်လာပြီးနောက် မိုစန်းတုံအား သူ့ညီအစ်ကိုတချို့က တားကြသည်။ “သူက ကျွန်တော့်ကို နေ့ဝက် လမ်းပြပေးခဲ့လို့ ကျွန်တော့် ‌ကောင်းကင်နတ်သိုင်းက အရင်ထက်တောင် ပြည့်စုံသွားပြီ”

တခဏကြာသော် ဒေါသတကြီးအော်ဟစ်သံတစ်သံ ထွက်လာသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာချင်၊ မင်းက ငါ့ညီကို အနိုင်ကျင့်ခဲ့တယ်.... ငါ သူ့အတွက် ကလဲ့စားချေမယ်”

ချင်မူက ထရပ်ပြီး ပြုံးပြလိုက်၏။ “မင်းက ဘယ်သူလဲ မေးခွင့်ရှိမလား”

ထောင်ထောင်‌မောင်းမောင်း လူတစ်ယောက်က ခါးထောက်၍ ခြေလှမ်းကြဲကြဲများဖြင့် လျှောက်လာကာ သရော်တော်တော် ပြောသည်။ “မဟာကာလရဲ့တပည့် ရွှယ့်ထိုက်သို”

ချင်မူ ပြုံးလိုက်သည်။ “နောင်တော်ရွှယ့်၊ မင်း ဘာနဲ့ လမ်းစဉ်အဆင့် ဝင်ရောက်ခဲ့တာလဲ”

ရွှယ့်ထိုက်သိုက အေးစက်စက် ပြန်ဖြေသည်။ “ငါက မိစ္ဆာဓားမနဲ့ လမ်းစဉ်အဆင့် ဝင်ရောက်ခဲ့တာပဲ”

ချင်မူ့အမူအရာသည် အခက်တွေ့သွားဟန် ဖြစ်သွား၏။ “ငါက ဓားမသိုင်းနဲ့ လမ်းစဉ်အဆင့် မဝင်ရောက်ရသေးဘူး... ဒီလိုဆို ဘယ်လိုလဲ.... နောင်တော်ရွှယ့်က လမ်းစဉ်အဆင့် ဝင်ရောက်ဖို့ သုံးခဲ့တဲ့ ကောင်းကင်နတ်သိုင်း ထုတ်လွှတ်... ငါက ဓားမသိုင်းကွက်တွေနဲ့ ပြန်ခုခံမယ်”

ရွှယ့်ထိုက်သိုသည် သူ့ကို ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်ပြီးနောက် ရုတ်တရက် နားရွက်တက်ချိတ်အောင် ပြုံးလိုက်၏။ “မင်း ငါ့ကို အနိုင်ယူပြီးရင် ငါ့ကို နည်းနည်းပါးပါး လမ်းပြပေးလို့ရလား”

...

မဟာကာလနန်းတော်၏ ပင်မခန်းမထဲတွင် မဟာကာလသည် ထိုင်ခုံထက်၌ ထိုင်လျက် အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေ၏။ အပြင်မှ ကောင်းကင်နတ်သိုင်းတို့၏ ဆူညံပေါက်ကွဲသံများက သူ့နားထဲ ရောက်နေသည်။ သူ့အရှေ့တွင် အနက်ရောင်ရေကန်တစ်ခု ဖွဲ့တည်လာပြီး ရေကန်မှာ ကြေးမုံသဖွယ် ဖြစ်နေ၏။ ရေမျက်နှာပြင်ထက်တွင် သူ့တပည့်များနှင့် ချင်မူ တိုက်ခိုက်နေသော မြင်ကွင်းက ရှင်းလင်းပြတ်သားစွာ ပေါ်လွင်နေသည်။ ရေကြေးမုံ၏ ရှုထောင့်များကိုလည်း ရွှေ့ပြောင်းရရာ သူ့အနေဖြင့် ချင်မူ့ကောင်းကင်နတ်သိုင်း၏ မည်သည့်အပိုင်းကိုမဆို အသေးစိတ် လေ့လာနိုင်နေ၏။

“မဟာကာလ၊ သူက မဟာကာလရဲ့ တပည့်တွေကို လမ်းပြပေးနေမယ့် တကယ်တမ်း အမှောင်မိုကျားသုတ္တန်ကို တိတ်တိတ်ကလေး လေ့လာနေတာပဲ”

ရုတ်တရက် ငယ်ရွယ်သောအသံတစ်သံက ရယ်လိုက်သည်။ “မဟာကာလ ဒါကို မမြင်ဘူးမလား”

မဟာကာလသည် လက်ဖက်ရည်ခွက်ကို ချ၍ မျက်မှောင်ကြုတ်နေ၏။ “ငါတို့က သူ့လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ကြည့်နေပေမယ့် သူကလည်း ငါ့တပည့်တွေဆီက ငါ့ရဲ့ အန္တိမကျင့်စဉ်ကို လေ့လာချင်နေတယ်တဲ့လား... ကမ္ဘာပေါ်မှာ လောကသခင်ခန္ဓာ တကယ်ပဲ ရှိတာလား”

“လောကသင်ခန္ဓာရဲ့သမိုင်းက ကြာလှပါပြီ”

အမှောင်ထုထဲမှ ငယ်ရွယ်သောအသံသည် တစတစ နီးကပ်လာ၏။ “နဂါးဟန်ခေတ်ရဲ့ ပထမနှစ်မှာကတည်းက လောကသခင်ခန္ဓာနဲ့ ပတ်သက်တဲ့ ကောလဟလတွေ ရှိနေပြီ... ဒီလောကသခင်ခန္ဓာချင်က အင်မတန် ရှိန်စရာ‌ကောင်းတာပဲ... မင်းရဲ့ ဒီတပည့်တွေက သူ့လမ်းပြမှုကို ရသွားကြပေမယ့် သူလည်း မကြာခင် မင်းရဲ့ အမှောင်မိုကျားသုတ္တန်ကို တတ်မြောက်သွားတော့မယ်”

မဟာကာလက အပြုံးမဟုတ်သည့် အပြုံးဖြင့် ပြန်ဖြေသည်။ “ဒါပေမဲ့ သူက ငါ ငါ့တပည့်တွေကို အသုံးချပြီး သူ့ကို ရင်ဆိုင်နေတယ် ထင်နေတယ်.. တကယ် ငါကိုယ်တိုင် သူ့ကို ရင်ဆိုင်မှာ သဘောမပေါက်သေးဘူး... အမှောင်မိုကျားသုတ္တန်ကို သူ လေ့လာနေလည်း အလကားပဲ... သူက ငါ့အစား ငါ့တပည့်တွေကို ကူညီလမ်းပြပေးလိုက်သလိုပဲ ဖြစ်သွားလိမ့်မယ်”

လူငယ်က အမှောင်ထုထဲမှ ထွက်လာပြီး အနက်ရောင်ရေကန်ထဲရှိ ချင်မူ့ပုံရိပ်ကို စိတ်ဝင်တစား ကြည့်ကာ ပြုံးနေသည်။ “မဟာကာလက အသက်ကြီးပြီး အတွေ့အကြုံများတယ်... အဲဒါကြောင့် ရှေးခေတ်ကနေ ယနေ့ခေတ်အထိ အသက်ရှင်နေခဲ့တာပဲ”

သူ့မျက်နှာအပေါ် အလင်းရောင်သို့ ကျရောက်သွားသည့်အခါ လူငယ်သည် ကောင်းကင်နတ်အရှင်ယွီ၊ လန်ယွီထျန်း ပိန်နေစဉ်တုန်းနှင့် တူနေ၏။

ဤကောင်းကင်နတ်အရှင်ယွီက ရယ်လိုက်သည်။ “သူ့ကို ဆက်ကစားခွင့်ပေးထားရင် မင်းရဲ့ မိုကျားသုတ္တန် ပေါ်သွားတော့မယ်... အဲဒီလိုဖြစ်လာရင် မင်းရဲ့ မိုကျားသုတ္တန် တန်ဖိုးမဲ့သွားလိမ့်မယ်”

မဟာကာလက တစ်ယောက်ကို ဆင့်ခေါ်၍ ခပ်ပြတ်ပြတ်အသံဖြင့် အမိန့်ပေးလိုက်သည်။ ထိုတစ်ယောက်မှာ အလျင်အမြန် ထွက်သွားလေသည်။

“မင်းက ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ကို လိုက်ရှာနေတာဆိုတော့ ငါ့မိုကျားသုတ္တန်ကို လိုချင်နေတာ ကြာပြီမလား”

မဟာကာလက ပြုံးသည်။ “ဒါ မင်းအတွက် အခွင့်အရေးပဲ... သူ့ကို နိုင်ရင် ငါ မိုကျားသုတ္တန်ကို မင်းဆီ ပေးမယ်”

ကောင်းကင်နတ်အရှင်ယွီသည် အနက်ရောင်ရေကန်ထဲရှိ ချင်မူ့ကို စိုက်ကြည့်နေ၏။ ယခုတွင် ချင်မူ့ဘေး၌ မည်သူမျှမရှိတော့‌ပေ။ ချင်မူက အမှောင်မိုကျားသုတ္တန်ကို ထုတ်လွှတ်နေပြီဖြစ်ပြီး သူ့အနောက် အနက်ရောင်လှည်းဘီးများ လည်နေသည်။ လှည်းဘီးများသည် တစတစ စုစည်းသွားပြီးနောက် မဟာကာလ၏ မဟူရာနေနှင့် ခပ်ဆင်ဆင်တူသော အနက်ရောင်နေကြီးတစ်စင်းအသွင် ပြောင်းသွားကြ၏။

မဟာကာလမှာ ရေကန်ထဲရှိ ချင်မူ့ကို ကြည့်ရင်း မျက်ဝန်းထောင့်စွန်းများ တွန့်လာတော့သည်။

ဤအခိုက်အတန့်တွင် ရေကန်ထဲရှိ ချင်မူက တစ်စုံတစ်ခုကို ခံစားလိုက်ရသကဲ့သို့ ခေါင်းမော့လိုက်သည်။ သူကား သူတို့နှင့် အကြည့်ချင်းဆုံသွားလေသည်။

ကောင်းကင်နတ်အရှင်ယွီအတု အံ့အားသင့်စွာ ကြည့်နေစဉ် ရေကန်ထဲမှ အနက်ရောင်ရေများ မြောက်တက်လာပြီး ချင်မူ့အသွင်အဖြစ် တစတစ ပြောင်းလဲသွား၏။

ချင်မူက ရှေ့သို့ လှမ်းလိုက်ကာ အနက်ရောင်ရေကန်ထဲမှ ထွက်လာသည်။ သူ့ကိုယ်အ‌ပေါ်ရှိ အနက်ရောင်ရေများသည် အနက်ရောင်ဆီများသဖွယ် ဆုတ်ခွာသွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွား၏။

“မဟာကာလ၊ ခင်ဗျား အကူအညီလှမ်းတောင်းလိုက်တဲ့သူ ရောက်လာတာလား”

သူက မဟာကာလနှင့် ကောင်းကင်နတ်အရှင်ယွီကို ကြည့်ကာ ပြုံးပြနေသည်။ သူတို့နှစ်ယောက်သည် သူ့ကို စိုက်ကြည့်နေကြသော်လည်း အနက်ရောင်ရေထဲမှ ထွက်လာသည့် ချင်မူက အတုလား၊ အစစ်လား မပြောနိုင်ကြပေ။

ရုတ်တရက် နန်းတော်အပြင်မှ ချင်မူ့အသံ ထွက်လာသည်။ သူက တဟားဟား ရယ်၍ ပြောလေသည်။ “ရောက်လာပြီဆိုမှတော့ လာခဲ့ပါ”

နှစ်ယောက်စလုံး အံ့အားသင့်သွားတော့သည်။ သူတို့အရှေ့ရှိ ချင်မူက ထူးဆန်းသောအပြုံးဖြင့် ပြုံးပြီးနောက် ပြိုကွဲသွားပြီး အနက်ရောက်ရေအိုင် ပြန်ဖြစ်သွား၏။

“လောကသခင်ခန္ဓာက ခန့်မှန်းမရအောင် လျှို့ဝှက်ဆန်းကြယ်တယ်... သတိထားပါ”

မဟာကာလက အလေးအနက် ပြောသည်။ “ဒီလောက် ရက်စက်တဲ့သူ တစ်ခါမှ မမြင်ဖူးဘူး.. သူက မိစ္ဆာနတ်ဆိုးတွေထက်တောင် ရက်စက်သေးတယ်”

All Chapters