← Chapters

လူလည်ဝမ်

Vol. 66 Ch. 864

လူလည်ဝမ်

Vol. 66 Ch. 864

နဂါးချီလင်မှာ ချင်မူ့လို တည်ငြိမ်အေးဆေးသော ပုံစံဖမ်းချင်၍ ခန္ဓာကိုယ်ကို အေးအေးလူလူ လှည့်ကာ အမြီးဖြင့် သူ့တင်ပါးသူ ချရင်း နန်းတော်ထဲမှ အေးအေးဆေးဆေး ထွက်သွားသည်။ သို့သော် နဂါးချီလင်၏ ခြေလေးချောင်းလုံး တုန်ရီနေပြီး သူ့အမြီးမှာလည်း သူ့အမြီးမဟုတ်တော့သည့်အလား ခံစားနေရတော့သည်။

ပုံမှန်ဆိုလျှင် သူသည် အမြီးကို အလွယ်တကူ လွှဲယမ်းနိုင်သော်လည်း ယခုတွင် အမြီးတစ်ချောင်းလုံး ထုံကျင်နေ၍ အမြီးတစ်ဝက်ကိုသာ မြှောက်နိုင်၏။ တစ်ဝက်က မြေကြီးနှင့် ထိနေသည်။

နဂါးချီလင်အတွက် မြစ်သင်္ချိုင်းမှ ဤနေရာဆီသို့ ချင်မူ့ကို ခေါ်လာရန် သုံးလကြာခဲ့သည်။ စောစောကမှ ဤမြေပေါ် ခြေချခဲ့သော်လည်း ယခုမူ အားလုံး ပြီးဆုံးသွားချေပြီ။

သူတို့နှစ်ယောက် ဤအတိုင်း ပြန်ရန် အမှန်တကယ် ဖြစ်နိုင်ပါသည်လော။

နဂါးချီလင်၏ ခြေထောက်များမှာ ပျော့ခွေနေဆဲ ဖြစ်ပြီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေရာ မယုံနိုင်လောက်အောင် မွန်းကြပ်ဖွယ်ရာကောင်း၏။ မဟာကာလ၏ နန်းတော်ကို ခြံရံနေသော နတ်ဘုရားများနှင့် မိစ္ဆာများက သိုင်းအဆင့်မြင့်မားကြသည့်အလျောက် အင်အားကြီးမားကြသည်။ ကောင်းကင်အလင်းတန်းများက သူတို့၏ရုပ်ခန္ဓာများနှင့် မျက်နှာများဆီမှ ဖြာထွက်လျက် အမှောင်ထုကို တောက်ပနေစေသည်။ ခပ်ပြင်းပြင်း အသက်ရှူသံများကိုသာ ကြားရကာ မည်သူမှ စကားမပြောကြပေ။

နောက်ဆုံးတော့ နဂါးချီလင်မှာ တစ်ဖက်သို့ လှည့်နိုင်သွားပြီး သူ့ကိုယ်သူ စိတ်အေးအေးထားရန် ပြောရင်း မဟာကာလနန်းတော်၏ တောင်ပေါ်မှ လိမ့်ဆင်းမသွားရန် ခြေလှမ်းများကို သေသေချာချာ ထိန်းနေသည်။ သို့တိုင်အောင် ဆက်၍လျှောက်နိုင်ပါ့မည်လား သူ မသေချာပေ။

ကျောက်လှေကားထစ်၏ ဘေးနှစ်ဖက်တွင် နတ်ဘုရားများ၊ မိစ္ဆာများ၏ ဧရာမခန္ဓာကိုယ်ကြီးများ အုပ်မိုးနေကြသည်။ သူတို့သည် ကြယ်ကျောက်ခဲများဖြင့် တည်ဆောက်ထားသကဲ့သို့ တောင့်တင်းသန်မာနေပြီး သူတို့၏အသွင်အပြင်များနှင့် မျက်နှာများက အရုပ်ဆိုးအကျည်းတန်ကြ၏။ မျက်နှာအမူအရာများက ပို၍ပင် ကြောက်စရာကောင်းကြလေသည်။ သူတို့၏ မျက်လုံးကြီးများက ချင်မူနှင့် နဂါးချီလင်ကို အမဲဖြတ်တော့မည့်အလား ကြည့်နေကြသည်။

နဂါးချီလင်က ခြေထောက်ကို ကြွ၍ ကျောက်လှေကားထစ်အတိုင်း ဆင်းပေတော့မည်။

‘လိမ့်ပဲ ကျသွားမလား...’ သူ သူ့ဘာသာသူ တွေးနေမိသည်။

ဤအခိုက်အတန့်တွင် နဂါးချီလင်၏ ဘယ်ဘက်၌ ရပ်နေသော မိစ္ဆာနတ်ဘုရားတစ်ပါး၏ နှာခေါင်းမှ မီးခိုးငွေ့များ ထွက်လာသည်။ မိစ္ဆာနတ်ဘုရား၏ လက်ဝါးကြီးက သူ့ခါး၌ ရှိသော မိစ္ဆာလက်နက်ဆီ လှမ်းနေသည်။

ကျန်နတ်ဘုရားများနှင့် မိစ္ဆာများလည်း ကိုယ်စီ လှုပ်ရှားကြသည်။ နတ်လက်နက်များ၊ မိစ္ဆာလက်နက်များ၏ တုန်ခါသံများ ထွက်ပေါ်လာ၏။

နဂါးချီလင်၏ ကြွက်သားများ တောင့်တင်းသွားပြီး အချိန်ကြာလာသည်နှင့် ဤနေရာမှ အသားကုန် ပြေးထွက်သွားရန် အသင့်ပြင်ထားသည်။

စောစောက နဂါးချီလင်မှာ ထိတ်လန့်ပူပန်နေခဲ့သော်လည်း ယခုတွင် အသက်အတွက် တိုက်ခိုက်ရတော့မည်ဖြစ်၍ သူ့တွင် တခြားအတွေးများ မရှိတော့ပေ။ ထွက်ပြေးချင်လျှင် သူ့အနေဖြင့် ထွက်ပြေးရန်သာ အာရုံအပြည့်အဝ စူးစိုက်ထားလိမ့်မည်။

ဤနယ်ပယ်တွင် နဂါးချီလင် ကျွမ်းကျင်၏။

ဤအခိုက်အတန့်တွင် မဟာကာလ၏ နန်းတော်ထဲမှ အသံတစ်သံ ထွက်လာသည်။ “ခဏ”

သူ့အသံကို ကြားသည်နှင့် နတ်ဘုရားများ၊ မိစ္ဆာများ လက်ပြန်ရုတ်လိုက်ကြသည်။

ချင်မူက နဂါးချီလင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။ ချက်ချင်းဆိုသလို နဂါးချီလင်မှာ သူ၏ရည်ရွယ်ချက်ကို နားလည်သွားပြီး ခြေလှမ်းများအား ရပ်ကာ နောက်ပြန်လှည့်လိုက်သည်။

နန်း‌တော်အတွင်း၌ ထိုင်နေသော မိစ္ဆာလမ်းစဉ်၏ ဘိုးဘေးကြီးဆီသို့ ချင်မူ စိုက်ကြည့်လိုက်သည်။

နန်းတော်ထဲတွင် မဟာကာလက မတ်တပ်ရပ်၍ ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာက ကြားထားရတဲ့အတိုင်းပါပဲ.... မြောက်ပိုင်းကောင်းကင်ဘုံဟာ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီ... မင်းက အားလုံးကို မျှမျှတတ အနိုင်ယူခဲ့တယ်”

ချင်မူ ပြုံးလိုက်သည်။ “မြောက်ပိုင်းကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေက ကောင်းကင်ဆရာသခင် သစ်ခုတ်သမားနှင့် ကောင်းကင်ဆရာသခင် ကျစ်ရှီနဲ့ မြေအောက်ဘုံအရှင်လေးပဋိညာဉ် ချုပ်ဆိုထားပါတယ်... သူတို့ ပြောပြီးစကား မတည်ဘဲ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားရင် သူတို့ အလောင်းတွေ ဖြစ်ကုန်လိမ်မ့ယ်”

မဟာကာလနန်းတော်၏ ပတ်ဝန်းကျင်ရှိ နတ်ဘုရားများနှင့် မိစ္ဆာများက ဒေါသများဖြင့် တစ်ယောက်တစ်ပေါက် အော်ဟစ်ဆဲဆိုရင်း သူ့ကို ပါးစပ်ပိတ်ထားရန် ပြောနေသည်။

မဟာကာလ၏အမူအရာ မည်းမှောင်သွားပြီး သူက အေးစက်စက် ပြောလိုက်သည်။ “မင်းတို့ကမှ ပါးစပ်ပိတ်ထားသင့်တဲ့သူတွေပဲ”

သူ့အသံက ဒေါသတကြီး အော်ဟစ်နေသော နတ်ဘုရားများနှင့် မိစ္ဆာများကို တမုဟုတ်ချင်း ငြိမ်သက်တိတ်ဆိတ်သွားစေသည်။

မဟာကာလက ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး သူ့အနောက်ရှိ မဟူရာနေက နန်းတော်အတွင်းရှိ အလင်းရောင်များကို စုပ်ယူလျက် လိုက်ပါရွေ့လျားလာ၏။

များစွာမကြာလိုက်ဘဲ နန်းတော်အရှေ့သို့ သူ ရောက်လာသည်။

ချင်မူက ဤမိစ္ဆာဘိုးဘေးကြီးကို ဂရုတစိုက် ကြည့်လိုက်သည်။ မဟာကာလ၏ ဇာတ်လမ်းများနှင့်ပတ်သက်၍ သူ ကြားခဲ့ဖူးသည်။

မဟာကာလသည် ယိုတုတွင် မွေးဖွားခဲ့သော ပထမဆုံး မိစ္ဆာနတ်ဘုရားဖြစ်သည်ဟု ဆိုကြ၏။ ယိုတုဆိုသည်မှာ သေဆုံးသူတို့ သက်ဆင်းရသည့် နေရာဖြစ်သည့်အတွက် ဤကမ္ဘာပေါ်တွင် သေခြင်းတရား တည်ရှိလာကတည်းက ယိုတုလည်း မွေးဖွားလာခဲ့သည်။ မြေအောက်ဘုံအရှင်သခင်က ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုနှင့်အတူ မွေးဖွားလာခဲ့ကာ လူဆိုးများကို အပြစ်ပေး၍ လူကောင်းများကို ချီးမြှောက်ရင်း မရဏတရား၏ အရှင်သခင် ဖြစ်လာခဲ့၏။

သို့သော် မြေအောက်ဘုံအရှင်သခင်ပင် ယိုတု၏စည်းမျဉ်းဥပဒေများကို လိုက်နာရ၍ သူ၏စိတ်တိုင်းကျ မဆုံးဖြတ်နိုင်ပေ။

ယိုတုထဲ၌ ဝိညာဉ်များ တစတစ များပြားလာသည်နှင့်အမျှ သေဆုံးသူတို့၏ လောက၊ ဒေါသ၊ မောဟ၊ သောက အစရှိသော ခံစားချက်များက ယိုတု၏ ကြောက်မက်ဖွယ်ရာ မိစ္ဆာသဘာဝကို ဖြစ်တည်လာစေခဲ့သည်။ ယိုတု၏အမှောင်ထုထဲ၌ လျှောက်သွားနေသော တစ်ပိုင်းတစဝိညာဉ်များလည်း ရှိသည့်အတွက် ယိုတု၏ မိစ္ဆာသဘာဝသည် အချိန်နှင့်အမျှ ကြီးထွားအားကောင်းလာခဲ့၏။

ယိုတုမကောင်းဆိုးဝါးများက ထိုကဲ့သို့သော ခံစားချက်များမှ ဖွားမြင်လာခြင်း ဖြစ်သည်။ ရွံစရာအကောင်းဆုံး၊ အဆိုးရွားဆုံးအတွေးများ ယိုတု၏ မိစ္ဆာနတ်ဆိုးချီနှင့် ပေါင်းစည်းသွားရာမှ ဖွဲ့တည်လာသည့် ဤမကောင်းဆိုးဝါးများတွင် အသိစိတ် သိပ်မရှိပေ။

ဤကဲ့သို့မကောင်းဆိုးဝါးများ တစ်ကောင်ကိုတစ်ကောင် စားသုံးရင်း မိစ္ဆာနတ်ဘုရားများ ဖြစ်လာကြသည်။

မဟာကာလက ထိုအတိုင်း မွေးဖွားလာသည့် ပထမဆုံး မိစ္ဆာနတ်ဘုရား ဖြစ်၍ ယိုတုသားတော်ကဲ့သို့ သူ့သည်လည်း အတိုင်းထက်အလွန် ထူးခြားသော ဖြစ်တည်မှု ဖြစ်၏။

သူက နဂါးဟန်ခေတ်မတိုင်ခင်က မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ နဂါးဟန်ကောင်းကင်နတ်ဘုံမှာ ထိုစဉ်တုန်းက မတည်ဆောက်ရသေးပေ။ အတိုင်းထက်အလွန် ရှေးကျပြီး လူမှုအဆင့်အတန်း မတိုးတက်သေးသော ခေတ်တစ်ခေတ်သာ ရှိသေးသည်။

မဟာကာလ ထွက်ပေါ်လာပြီးနောက်တွင် မိစ္ဆာနတ်ဆိုးမျိုးနွယ် ဖြစ်တည်လာခဲ့သည်။

တချို့က ဤသို့ပြောကြသည်။ သဘောတရားအရ သေချာစဉ်းစားကြည့်လျှင် မိစ္ဆာနတ်ဆိုးမျိုးနွယ်အစစ်က မြေအောက်ဘုံအရှင်သခင်၏ သမီးသာ ဖြစ်ပြီး ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားနေသော မိစ္ဆာနတ်ဆိုးမျိုးနွယ်က အတုအယောင် မိစ္ဆာနတ်ဆိုးမျိုးနွယ်သာ ဖြစ်သည်ဟု ဆိုကြ၏။ သို့သော် ဤအမြင်ကို လက်ခံသူ သိပ်မရှိပေ။

မိစ္ဆာနတ်ဆိုးမျိုးနွယ်သည် မဟာကာလကို မိစ္ဆာလမ်းစဉ်၏ ဘိုးဘေးကြီး၊ မိစ္ဆာနတ်ဆိုးတို့၏ ဘိုးဘေးကြီး၊ မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ အရှင်သခင်အဖြစ် ရိုသေလေးစားကြ၏။ အမှန်တွင် မိစ္ဆာနတ်ဆိုးလမ်းစဉ်၏ ပထမဆုံးဘိုးဘေးကြီးအစစ်က မြေအောက်ဘုံအရှင်သခင် ဖြစ်သင့်သည်။ သို့သော် မြေအောက်ဘုံအရှင်သခင်တွင် သားသမီးသိပ်မရှိရာ မိစ္ဆာနတ်ဆိုးမျိုးနွယ်သည် မဟာကာလ တည်ထောင်ခဲ့သော မျိုးနွယ်ဖြစ်လာခဲ့ကာ ယိုတု၌ မွေးဖွားလာသည့် မိစ္ဆာနတ်ဘုရားတို့၏ မျိုးဆက်များ ပါဝင်လာခဲ့၏။ မြေအောက်ဘုံအရှင်သခင်နှင့် မပတ်သက်ပေ။

မဟာကာလသည် ယိုတုတွင် ပထမဆုံး မွေးဖွားလာသည့် မိစ္ဆာနတ်ဘုရားဖြစ်သောကြောင့် မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ ရိုသေလေးစားခြင်းခံရသည်မှာ မထူးဆန်းပေ။

မဟာကာလတွင် မြေအောက်ဘုံအရှင်သခင်နှင့် ဆင်တူသော အသွင်သဏ္ဍာန် ရှိကြောင်း ချင်မူ သတိထားမိသည်။ သူ့တွင်လည်း ရှည်လျားကွေးကောက်နေသော ကျွဲချိုနှစ်ချောင်း ရှိသည်။ သို့သော် နောက်မလှည့်သေးသောကြောင့် မြေအောက်ဘုံအရှင်သခင်လို ကျွဲအမြီးလည်း ရှိနေမည်လား ချင်မူ မပြောတတ်ပေ။

“မင်းတို့အားလုံးက တော်တော်ရဲတင်းကြတာပဲ”

မဟာကာလသည် ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရင်း ရင်ထဲတွင် နာကျင်နေဟန်တူ၏။ “မြေအောက်ဘုံအရှင်လေး ပဋိညာဉ်ကို ချုပ်ဆိုပြီး လိုက်နာမယ့်စိတ် မရှိကြတာ မင်းတို့ တကယ် ရဲတင်းကြတာပဲ... ဝမ်ထျန်းကဲက ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်ဆရာသခင်လေးယောက်ထဲက တစ်ယောက် ဖြစ်ပြီး သူ့မှာ လူလည်ဝမ်ဆိုတဲ့ နာမည်ပြောင်ရှိတာ မင်းတို့အားလုံး မသိကြဘူးလား... သူ လောင်းကြေးထပ်မယ်လို့ ဟတာနဲ့ မင်းတို့အားလုံး မရှုံးအောင် တစ်ခါတည်း အပြတ်ငြင်းရတယ်... လက်ခံလိုက်လို့ကတော့ ရှုံးပြီပဲ... မင်းတို့တွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အထင်သေးပြီး လွယ်လွယ်လေး သိမ်းနိုင်မယ် ထင်နေပေမယ့် သူကလည်း မင်းတို့မြောက်ပိုင်းကောင်းကင်ဘုံကို ထောင်ချောက်ထဲ မျှားခေါ်နေခဲ့တယ်... ငါ ဘာလုပ်ပေးရတော့မလဲ”

မဟာကာလနန်းတော်၏ပတ်ပတ်လည်တွင် အပ်ကျသံမကြားအောင် တိတ်ဆိတ်နေသည်။

မဟာကာလက သက်ပြင်းချသည်။ “မြောက်ပိုင်းရဲ့ ကောင်းကင်ဘုံ ၃၆၁ ဘုံဟာ ငါ့လက်အောက်က စစ်သည်တော်တွေ သွေးမြေကျပြီးမှ သိမ်းပိုက်ထားတဲ့ ကောင်းကင်ဘုံတွေပဲ... ဒါပေမဲ့ မင်းတို့ဟာ တခဏတာ အာသီသလေးအတွက် လောဘကြီးခဲ့ကြတော့ မြောက်ပိုင်းကောင်းကင်ဘုံကို အခြားသူလက်ထဲ ထည့်ပေးရတော့မယ်.... လူလည်ဝမ်က သိပ်ကို ဗျူဟာကျတဲ့လူကွ”

“ကျွန်တော်တို့ ပဋိညာဉ်ကို ချိုးဖျက်လို့မရဘူးလား” နတ်ဘုရားတစ်ပါးသည် တုန်ရီနေသောအသံဖြင့် မေး၏။

မဟာကာလက သူ့ကို တစ်ချက်စိုက်ကြည့်၍ ထိုမိစ္ဆာနတ်ဘုရား၏ မျက်နှာ ဖြူလျော်သွားသည်။

“ပဋိညာဉ်ကို ချိုးဖျက်တာက မြေအောက်ဘုံအရှင်လေးကို တိုက်ရိုက်ရင်ဆိုင်တာပဲ”

မဟာကာလက မှင်သေသေ ဆက်ပြောသည်။ “ငါ သူ့ကို မကြောက်ပေမယ့် ပဋိညာဉ်ကို ချိုးဖျက်လိုက်ရင် ငါ့ဂုဏ်သိက္ခာနဲ့ နာမည်အပေါ် ထိပါးလိမ့်မယ်... ယုံစားမရတဲ့လူလို့ ပြက်ရယ်ပြုခံရလိမ့်မယ်... လူနေမှုအဆင့်အတန်းတွေ မတိုးတက်သေးတဲ့ ခေတ်ကနေ ယနေ့ထက်ထိ မိစ္ဆာနတ်ဆိုးမျိုးနွယ်ဟာ ငါ့ဥပဒေအောက်မှာ အင်အားကြီးသထက် ကြီးလာခဲ့ပေမယ့် တဟုန်ထိုး ကျော်ကြားခြင်းမျိုး မရှိခဲ့ဘူး... အကြောင်းရင်းကတော့ ငါ ကောက်ကျစ်ခဲ့လွန်းလို့ ဖြစ်လောက်တယ်... အရင်တုန်းက ငါဟာ ဘယ်တော့မှ စကားမတည်ခဲ့ဘူး... အခု ငါ အောင်မြင်နေပြီဆိုတော့ အပြောင်းအလဲတချို့ လုပ်သင့်ပြီ”

သူ့အကြည့်သည် ချင်မူ့အပေါ် ကျရောက်သွား၏။ သူက ပြုံးလျက် မေးလေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာ၊ လောင်းကစားပွဲတစ်ပွဲ လက်ခံရဲလား”

ချင်မူက အင်အားကြီးမားသော ဧကရာဇ်ပလ္လင်အဆင့် မိစ္ဆာဘိုးဘေးကြီးကို ကြည့်၍ သွေးတိုးစမ်းလိုက်သည်။ “မဟာကာလရဲ့ လောင်းကစားကို ကျွန်တော် လက်မခံရင် မဟာကာလ ဘာလုပ်မလဲ”

“မြောက်ပိုင်းကောင်းကင်ဘုံ ၃၁၆ ဘုံကိုတော့ ငါ လုံးဝ မပေးနိုင်ဘူး... သူတို့ကိုပဲ မြေအောက်ဘုံအရှင်လေး စားအောင် လွှတ်ထားလိုက်မယ်”

မဟာကာလက ပြတ်ပြတ်သားသား ပြောသည်။ “အသုံးမကျတဲ့ကောင်တွေကို စွန့်ပစ်ပြီးရင် တခြားနတ်ဘုရားတွေ၊ မိစ္ဆာတွေကို ‌လေ့ကျင့်ပျိုးထောင်ရင်း ကောင်းကင်ဘုံတွေကို ငါ အုပ်ချုပ်နိုင်သေးတယ်”

ချင်မူ ပြုံးလိုက်သည်။ “ကျွန်တော်သာ ခင်ဗျားဆိုလည်း အဲဒီလို လုပ်မှာပါပဲ... ဒီကောင်းကင်ဘုံအရှင်သခင်တွေက မဟာကာလအစား ကောင်းကင်ဘုံတွေကို စောင့်ရှောက်ပေးနေတဲ့ အစေခံတွေသက်သက်ပဲ... သူတို့ သေသွားလို့ ဘာမှမဖြစ်သွားဘူး... ပြည်သူတွေကမှ အရေးအကြီးဆုံးမဟုတ်ပေလား... အဲဒီလောက်များပြားတဲ့ ပြည်သူတွေထဲမှ ပါရီရှင်ပေါင်းများစွာ ရှိနေနိုင်တယ်... ပိုလို့တောင် အင်အားကြီးမားတဲ့ သိုင်းပညာရှင်တွေကိုလည်း မွေးထုတ်ပေးနိုင်မယ်... အဲဒီလိုနည်းလမ်းနဲ့ မဟာကာလရဲ့ ဥပဒေက ဆက်လက်စိုးမိုးနိုင်မှာပဲ”

မဟာကာလက ရယ်သည်။ “ဆို‌တော့ မင်း လက်ခံမှာလား”

ချင်မူ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ “မဟာကာလက ဘာနဲ့လောင်းမှာလဲ”

“ငါနိုင်ရင် ပဋိညာဉ်ကို ချိုးဖျက်ပေးရမယ်... မင်း နိုင်ရင် ကောင်းကင်ဘုံ ၃၁၆ ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အပိုင် ဖြစ်မယ်”

ချင်မူက တဟားဟား ရယ်လိုက်သည်။ “ကျွန်တော် မလောင်းဘူး”

မဟာကာလ မျက်မှောင်ကြုတ်သွား၏။ “ဘာလို့လဲ”

“ကျွန်တော်နိုင်သွားရင်တောင် မဟာကာလက ပဋိညာဉ်ကို ချိုးဖျက်ချင်ရင် မတွန့်မဆုတ် ချိုးဖျက်ဦးမှာပဲ... ကျွန်တော် ရှုံးသွားရင်တော့ ကောင်းကင်ဆရာသခင်နှစ်ယောက် ကြိုးစားခဲ့ရတဲ့ အမြတ်တွေ အလကား ဖြစ်သွားလိမ့်မယ်”

ချင်မူ ဟက်ခနဲ ရယ်လိုက်သည်။ “ကောင်းကင်ဘုံ ၃၁၆ ဘုံနဲ့ မဟာကာလရဲ့ ဂုဏ်သိက္ခာကို ယှဉ်ရင် ဘယ်ဟာ ပိုအရေးကြီးလဲ”

မဟာကာလက သူ့ကို စိုက်ကြည့်၍ ပြန်ဖြေသည်။ “ကောင်းကင်ဘုံ ၃၁၆ဘုံက ပိုအရေးကြီးတယ်.... ငါ့ဂုဏ်သိက္ခာက ဘာမှမဟုတ်ဘူး... လွန်ခဲ့တဲ့ နှစ်တစ်သန်းထဲက ငါ့ဂုဏ်သိက္ခာတွေ မြောင်းထဲ ရောက်သွားတာ ကြာပြီ”

ချင်မူက အပြုံးပန်းများ ဝေဆာနေသည်။ “ဒါကြောင့် ကျွန်တော် မလောင်းတာပဲ”

မဟာကာလ မျက်မှောင်ကြုတ်သွားသည်။ သူက ယဉ်ကျေးသောအမူအရာဖြင့် မေး၏။ “မင်းဆရာက ဘယ်သူလဲ မေးခွင့်ရှိမလား”

ချင်မူက ခပ်တည်တည် ပြန်ဖြေလိုက်သည်။ “လူလည်ဝမ်”

မဟာကာလ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “သူကိုး... မင်း ငါ့ရဲ့ လှည့်ကွက်လေးကို မြင်နိုင်တာ အံ့ဩစရာမရှိဘူးပဲ.... ကဲ ဒီလိုဆိုမှတော့ ငါတို့ လောင်းကြေးပြောင်းမယ်... မင်းရဲ့အသက်နဲ့ လောင်းမယ်ကွာ”

သူက မှင်သေသေ ဆက်ပြော၏။ “မင်း နိုင်ရင် မဟာကာလနန်းတော်၏ ပတ်ပတ်လည် မိုင်တစ်ထောင်အတွင်း မင်းအသက်ရှင်ရက် ထွက်သွားနိုင်အောင် ငါ ဖန်တီးပေးမယ်... အဲဒီထက်ကျော်သွားရင်ကတော့ နတ်ဘုရားတွေ၊ မိစ္ဆာတွေကို မင်းနောက် လိုက်ခိုင်းမယ်... မင်း ရှုံးရင် ငါ့ကောင်းကင်ဘုံ ၃၁၆ ဘုံရဲ့ အရှင်သခင်အားလုံးနဲ့အတူ သေရမယ်”

သူ ဤသို့ပြောလိုက်သည့်အခါ ကောင်းကင်ဘုံအရှင်သခင်များ၏ အမူအရာများ ပြိုင်တူပြောင်းလဲသွားကြသည်။

မဟာကာလသည် ရက်စက်ပြတ်သားသူဖြစ်သည့်အတွက် သူ့ကို မပြောဘဲ ဝမ်ထျန်းကဲနှင့် မြေအောက်ဘုံအရှင်လေးပဋိညာဉ် ချုပ်ဆိုခဲ့သောသူများအား အငြှိုးထား၏။ သူက မြေအောက်ဘုံအရှင်သခင်လေးပဋိညာဉ်ကို ချိုးဖျက်ရန် သူတို့အသက်များအား စ‌တေးတော့မည့်ပုံရလေသည်။

ချင်မူ တိတ်ဆိတ်သွားသည်။ သူ့ပတ်ပတ်လည်ရှိ အမှောင်ထုထဲတွင် မည်သည့်အရာများ ကိန်းအောင်းနေကြောင်း သူ မမြင်ရပေ။

မဟာကာလက ရယ်နေသည်။ “မင်း ဟိုလူလည်ဝမ်ထျန်းကဲကို ရှာနေတာလား... မဟာကာလနန်းတော်ရဲ့ နယ်နိမိတ်ထဲ သူတို့ ရောက်မလာသေးဘူး... သူတို့ရောက်လာရင် ငါ ခံစားရလိမ့်မယ်”

ချင်မူ ပြုံးလိုက်သည်။ “မဟာကာလက ကျွန်တော့်ကို ကိုယ်တိုင်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီလား”

မဟာကာလက ခေါင်းယမ်း၏။ “ငါအနေနဲ့ မင်းကို ငါကိုယ်တိုင် ရင်ဆိုင်သင့်ပေမယ့် ငါ့သိက္ခာကိုလည်း ငဲ့ချင်သေးတယ်... မင်းနဲ့ ရင်ဆိုင်မယ့်သူတွေကို ငါ့တပည့်တွေထဲက ဒါမှမဟုတ် မင်းထက် အသက်မကြီးတဲ့လူတွေထဲကပဲ ရွေးချယ်မှာပါ... စိတ်ပူစရာမလိုဘူး“

ချင်မူ စိတ်သက်သာရာရသွားကာ အလေးအနက် ပြောလိုက်သည်။ “ဒါဆို မဟာကာလဘက်က အပေးအယူကို ပြောပါ”

မဟာကာလက ကျယ်လောင်စွာ ရယ်ပြီး အင်္ကျီလက်အိုးခါကာ ချာခနဲ လှည့်သွားသည်။ သူ၏ကျယ်လောင်ပြတ်သားသောအသံသည် ထွက်ပေါ်လာ၏။ “ဒဲ့ပဲပေါ့... ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာ၊ ကျေးဇူးပြုပြီး ရက်ပိုင်းလောက် စောင့်ပေးပါ... ငါ့နန်းတော်ထဲ လက်ရွေးစင်တွေကိုလည်း ကြည့်လို့ရတယ်”

ချင်မူက နဂါးချီလင်၏ ခေါင်းပေါ်မှ ဆင်း၍ နန်းတော်ထဲ လိုက်ဝင်သွားသည်။ သူက ပြုံးလေသည်။ “မဟာကာလ၊ ခင်ဗျား ကျွန်‌တော့်ထက် ဝါရင့်တဲ့အကြီးတစ်ယောက်ပါ...”

မဟာကာလက ခေါင်းယမ်းသည်။ “ငါက မင်းထက် ဝါရင့်တဲ့အကြီးမဟုတ်ဘူး... မင်းရဲ့ဇစ်မြစ်ကို ငါ သိထားပြီးသား.. မင်းကတော့ မသိလောက်သေးပေမယ့် ယိုတုရဲ့ ဘုရင်ခံလေးပါးစလုံးက ငါ့အငယ်တွေပဲ”

ချင်မူ ရင်ထဲတွင် ထိတ်သွားပြီး မျက်လုံးများ မှေးကျဉ်းသွား၏။

‘သဘောက မဟာကာလက ငါ ယိုတုသားတော်ဆိုတာ သိထားတယ်ပေါ့... ဒါဆို ဘာလို့ ငါနဲ့ လောင်းကြေးထပ်သေးတာလဲ’

နဂါးချီလင်မှာ ရင်တမမဖြင့် ဟိုကြည့်၊သည်ကြည့် ကြည့်ရင်း သူ့နောက်မှ လိုက်လာသည်။ သူက အလင်းရောင်များကို ကြည့်နေပြီး အရိပ်များအနောက်၌ မကောင်းဆိုးဝါးများ ပုန်းအောင်းနေသည်ဟု ခံစားနေရသည်။

“ငါ မင်းကို အစာပိုကျွေးပါ့မယ်” ချင်မူက ပြောသည်။

နဂါးချီလင် တမုဟုတ်ချင်း အကြောက်ပြေသွားပြီ ခေါင်းမော့ရင်ကော့ကာ ခြေလှမ်းကြဲကြဲကြီးများဖြင့် လျှောက်နေ၏။

မဟာကာလက မိစ္ဆာမတစ်ပါးကို ခေါ်၍ အမိန့်ပေးလိုက်သည်။ “လောကသခင်ခန္ဓာချင်ကို နန်းတော်အနောက်မှ နေရာချပေးလိုက်... မင်း သူ့ကို ကောင်းကောင်း ပြုစုပေးရမယ်”

မိစ္ဆာမသည် အမိန့်နာခံပြီး ချင်မူ့ကို နန်းတော်အနောက်သို့ ခေါ်သွားကာ အခန်းတစ်ခန်း စီစဉ်ပေးသည်။ သူမက နူးညံ့ကြင်နာသောအကြည့်ဖြင့် ပြောလေသည်။ “သခင်လေးချင်က ဧည်သည့်ဆိုတော့ တစ်ခုခုလိုအပ်တာ ရှိရင် ကျွန်မကို အချိန်မရွေး ခိုင်းလို့ရပါတယ်... ကျွန်မ ဘာမဆို လုပ်ပေးနိုင်တယ်”

သူမသည် ကြည့်ကောင်းရှု‌ပျော် ရှိသော်လည်း မျက်ဝန်းများက အတော်လေး စူးရဲနေ၏။

ချင်မူ့မျက်လုံးများ အရောင်တောက်သွားသည်။ “မမကြီး ဘာမဆို လုပ်နိုင်တာလား”

မိစ္ဆာမမှာ ရှက်သွားပြီး ခေါင်းညိတ်လေသည်။

ချင်မူက သူမကို ဆေးညွှန်းပေးလိုက်၏။ “ဒါဖြင့် စွမ်းအင်ဆေးလုံး အသုတ်တစ်ရာလောက် ဖော်ပေးပါဦးဗျာ... ဖက်တီးနဂါး၊ မင်းတော့ ဗိုက် ခွေးနမ်းပြီပဲ”

All Chapters