ဓားတစ်လက်၏ ရနံ့
Vol. 66 Ch. 863
ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က ရှေ့တက်လာပြီး ချီစွမ်းအင်ဖြင့် ဓားပန်းချီကို လှုံ့ဆော်လိုက်သည်။ ဓားပန်းချီအတွင်းရှိ ချင်မူက ဓားကို ဆွဲထုတ်လိုက်၍ ဓားအလင်းတန်းများ ကောင်းကင်ထဲတွင် တမဟုတ်ချင်း ပြည့်နှက်သွား၏။ သူက ပန်းချီအတွင်းထဲမှ ဓားဖြင့် လှမ်းထိုးသည်။
ကောင်းကင်နတ်သိုင်းပညာရှင်က မာန်သွင်းအော်ဟစ်ကာ သူ၏လမ်းစဉ်အဆင့် ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်သည်။
လမ်းစဉ်အဆင့် ကောင်းကင်နတ်သိုင်းနှစ်ခု တစ်ခုကို တစ်ခု ဝင်တိုက်သွားသည်နှင့် အားလှိုင်းများ အရပ်မျက်နှာတခွင် ဖြာထွက်သွားတော့သည်။
မဟာကာလ၏ နန်းတော်အရှေ့တွင် နတ်ဘုရားများမှာ အလျင်အမြန် ကြည့်လိုက်ကြသော်လည်း ထိုကောင်းကင်နတ်သိုင်းပညာရှင်က ခံ့ညားသောအသွင်အပြင်ဖြင့် တုတ်တုတ်မလှုပ်ဘဲ ရပ်နေကြောင်း မြင်လိုက်ရသည်။ ရုတ်တရက် ထိုသူမှာ နောက်ပြန်လဲကျကာ အသက်ထွက်သွားလေသည်။
မြောက်ပိုင်းကောင်းကင်ဘုံ၏ နတ်ဘုရားများ ခေါင်းမွှေးများ ထောင်သွားကြပြီး ဓားပန်းချီဆီသို့ လှမ်းကြည့်ကြသည်။ ဓားပန်းချီအတွင်းရှိ ချင်မူ၏ပုံရိပ်သည် လွန်စွာအသက်ဝင်နေဆဲ ရှိ၏။ ဓားက ဓားအိမ်ထဲတွင်သာ ရှိနေသည်။
မဟာကာလက အေးစက်စက် ပြောသည်။ “နောက်တစ်ယောက်”
လမ်းစဉ်အဆင့် ဝင်ရောက်ထားသော ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ရှေ့ထွက်လာသည်။ ထိုလူသည် ဓားမသိုင်းဖြင့် လမ်းစဉ်အဆင့် ဝင်ရောက်ထားသူ ဖြစ်၏။ သူက ချီစွမ်းအင်ဖြင့် ဓားပန်းချီကို မလှုံ့ဆော်ဘဲ ဓားမကိုသာ တိုက်ရိုက်ဆွဲထုတ်လိုက်သည်။ ထို့နောက် လမ်းစဉ်အဆင့် ဓားမသိုင်းကွက်ဖြင့် ဓားပန်းချီဆီသို့ ခုတ်ချလိုက်တော့သည်။
ဓားမရောင်များ၊ ဓားရိပ်များ တမုဟုတ်ချင်း လင်းလက်သွားကာ လေထဲတွင် ပါးလျသော အနက်ရောင်မျဉ်းများသာ ကျန်ခဲ့သည်။ ၎င်းတို့ကား ဓားကွက်များကြောင့် ပေါက်ထွက်သွားသည့် ဟင်းလင်းပြင်ဒဏ်ရာများ ဖြစ်၏။
ဤမျဉ်းနက်များမှာ တခဏကြာသည့်အခါ ပျောက်ကွယ်သွားသည်။
ဓားမသိုင်းဖြင့် လမ်းစဉ်အဆင့် ဝင်ရောက်ထားသော နတ်ဘုရားတစ်ပိုင်း၏ မျက်ဝန်းထောင့်စွန်းများ လှုပ်ခတ်သွားသည်။ သူက ခါးဆီသို့ ငုံ့ကြည့်လိုက်ပြီး သူ့ပါးစပ်မှ သွေးများစီးကျလာလေသည်။
သူ့ခါး၌ သွေးအစင်းကြောင်းတစ်ကြောင်း ပေါ်လာပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်းက တဖြည်းဖြည်း ပြတ်ထွက်သွားသည်။
“မင်းက မဆိုးဘူး... သူ့ဓားနဲ့ မသေခဲ့ဘူးဆိုတော့ မင်းကို ဆက်ပျိုးထောင်ပေးလို့ ရသေးတယ်”
မဟာကာလက အနိမ့်အမြင့်မရှိသောအသံဖြင့် ဆက်ပြောသည်။ “နောက်တစ်ယောက်”
နတ်ဘုရားတစ်ပါးက အလျင်အမြန် ပြေးထွက်လာပြီး နှစ်ပိုင်းပြတ်သွားသော ကောင်းကင်နတ်သိုင်းပညာရှင်ကို သွေးတိတ်အောင် လုပ်ပေးသည်။ သူ့ခြေထောက်နှစ်ချောင်း မြေပေါ် လဲကျနေ၍ နတ်ဘုရားက သူ၏ခန္ဓာကိုယ်အောက်ပိုင်းကိုလည်း ကောက်ကာ ဆေးကုသပေးရန် ကပျာကယာ ထွက်သွားလေသည်။
ကောင်းကင်နတ်သိုင်းပညာရှင်နောက်တစ်ယောက် ထွက်လာပြီး ချင်မူ၏ဓားပန်းချီကို တိုက်ရိုက်ရင်ဆိုင်သည်။
***
မြေပြင်ပေါ်သို့ အလောင်းနှစ်လောင်း ထပ်မံလဲကျသွားသည်။ ခြေပြတ်လက်ပြတ်နေသော တစ်ယောက်လည်း ရှိသည်။ သို့သော် လမ်းစဉ်အဆင့် ဝင်ရောက်ထားသော ကောင်းကင်နတ်သိုင်းပညာရှင် ခြောက်ယောက်အနက် နတ်ဘုရားတစ်ပိုင်းလူငယ်တစ်ယောက်သည် ပွန်းရာပဲ့ရာမရှိဘဲ ကျန်ရစ်ခဲ့၏။ သူက ချင်မူ့ဓားပန်းချီဆီမှ တိုက်ကွက်များကို ခုခံနိုင်ခဲ့ရုံသာမက ဓားပန်းချီကိုပင် ဖျက်စီးနိုင်ခဲ့သည်။
“မင်းနာမည်က ဘာလဲ” မဟာကာလက မျှော်လင့်ထားသည့် အမူအရာဖြင့် လူငယ်ကို ကြည့်သည်။
လူငယ်က ဦးညွှတ်အရိုအသေပေး၍ ပြန်ဖြေသည်။ “တပည့်က ပန်းတစ်ရာကောင်းကင်ဘုံက ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ပါ... မျိုးရိုးက ဖုန့်ဖြစ်ပြီး နာမည်က ဟွာယွီလို့ ခေါ်ပါတယ်... ကျွန်တော့်ဘိုးဘေးကြီးက နှစ်တစ်ရာပန်းအရှင်သခင် ရှေးဟောင်းနတ်ဘုရားပါ”
မဟာကာလက သဘောကျဟန်ဖြင့် ခေါင်းညိတ်၏။ “မင်းသွေးဆက်က အင်မတန် မြင့်မြတ်တယ်.. မင်းရဲ့ တွေးခေါ်နိုင်စွမ်းကလည်း ထက်မြက်တယ်... အထုံပါရမီကလည်း ထူးခြားတယ်... မင်းက လမ်းစဉ်အဆင့် ကောင်းကင်နတ်သိုင်းနဲ့ သူ့ဓားပန်းချီက တိုက်ခိုက်မှုတွေကို ခုခံပြီး ဓားပန်းချီကိုတောင် ဖျက်စီးနိုင်ခဲ့တယ်... ဒီကိစ္စဟာ သေးသေးမွှားမွှား ကိစ္စမဟုတ်ဘူး... မင်း ကောင်းကင်နတ်သိုင်းတွေကနေတစ်ဆင့် လမ်းစဉ်အဆင့် ဝင်ရောက်သွားခြင်းက မင်းရဲ့အစွမ်းအစတွေက ကမ္ဘာဦးဘုံမှာ အင်မတန် တွေ့ရခဲတယ်လို့ ဆိုလိုတယ်... ဒါပေမဲ့ လောကသခင်ခန္ဓာကို ရင်ဆိုင်နိုင်ဖို့ မင်းမှာ လိုအပ်ချက်တွေ ရှိနေတုန်းပဲ”
ဖုန့်ဟွာယွီ၏မျက်ဝန်းများက စူးရှလာသည်။ သူသည် ဤအမြင်ကို လက်မခံနိုင်ပုံရ၏။
“ဒါပေမဲ့ မင်းကို ထပ်ဖြည့်ပေးလို့ ရသေးတယ်”
မဟာကာလက ချာခနဲ လှည့်၍ နန်းတော်ထဲ ဝင်သွားသည်။ “နောက်က လိုက်ခဲ့... ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာရဲ့ စိန်ခေါ်စာ ပျက်စီးသွားပြီဆိုတော့ သူ ခံစားလိုက်ရလိမ့်မယ်... အခုအချိန်မှာ သူ ဒီကို လာနေလောက်ပြီ.. သူ့အတွက် ဒီနေရာကို ရောက်ဖို့ အနည်းဆုံး သုံးလကြာမယ်... ဒီ သုံးလအတွင်း ငါ့ရဲ့ အန္တိမဧကရာဇ်ပလ္လင်အဆင့် အမှောင်မိုကျားသုတ္တန်ကို မင်းဆီ သင်ပေးမယ်... ငါ ကိုယ်တိုင် မင်းကို သင်ပေးမှာဆိုတော့ သုံးလအတွင်း မင်းရဲ့ကျင့်စဉ်စွမ်းအင် ကြောက်ခမန်းလိလိ တိုးတက်လာလိမ့်မယ်”
ဖုန့်ဟွာယွီမှာ အံ့ဩဝမ်းသာသွားပြီး မဟာကာလ၏ အနောက်မှ ကပျာကယာ လိုက်ကာ နန်းတော်ထဲ ဝင်သွားသည်။
“လွမ်သီခန်ကို ခေါ်ဖို့ လူတစ်ယောက် လွှတ်လိုက်”
မဟာကာလက တိုးညှင်းသောအသံဖြင့် ပြောသည်။ “လွမ်သီခန်က ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ တစ်ခါ အညံ့ခံခဲ့ဖူးတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုဆီက အသီးအပွင့်တွေကို ခံစားခဲ့ရတယ်... သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုဆီက အသီးအပွင့်တွေဆီ မင်းဆီ သင်ကြားပေးရင် မင်းအနေနဲ့ လောကသခင်ခန္ဓာကို ယှဉ်နိုင်လိမ့်မယ်... လွမ်သီခန်က အခု ငါ့တပည့်ပဲ... သူ့ရဲ့အစွမ်းအစတွေက အတော်လေး သန်မာအားကောင်းနေပြီ... မင်း ငါ့ရဲ့ အန္တိမကျင့်စဉ်ကို သင်ပြီးရင် သူ မင်းကို ပိုအရောင်တင်ပေးနိုင်လိမ့်မယ်”
......
မြစ်သင်္ချိုင်းတက္ကသိုလ်တွင်
ချင်မူသည် မြစ်သင်္ချိုင်းတက္ကသိုလ်၏ ပြုပြင်ပြောင်းလဲမှုဆီမှ ရလဒ်များကို လေ့လာသင်ကြားရင်း တက္ကသိုလ်တွင်သာ ရှိနေ၏။
မသိလိုက်မသိဖာသာဖြင့် တစ်လကြာသွားသည့်အခါ ချင်မူလည်း လေ့လာစရာရှိသည်များ လေ့လာပြီးသွား၍ နယ်စားဝေ့နှင့် ဆွေးနွေးနေသည်။ ထိုစဉ် သူ့ရင်ထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ သူက လုပ်လက်စကို ရပ်ကာ ပြုံးလိုက်သည်။ “မြောက်ပိုင်းကောင်းကင်ဘုံမှာ ကျွန်တော့်ရဲ့ စိန်ခေါ်စာကို လက်ခံလိုက်တဲ့ လူတစ်ယောက် ထွက်ပေါ်လာပြီပဲ... ကောင်းကင်နယ်စားဝေ့၊ ကျွန်တော် အဲဒီကို အခု သွားမှဖြစ်တော့မယ်”
နယ်စားဝေ့ ထိတ်လန့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ “ဂိုဏ်းသခင်၊ မြောက်ပိုင်းကောင်းကင်ဘုံတွေက ရန်သူ့တပ်စခန်းတွေပါ... မဟာကာလက မိစ္ဆာလမ်းစဉ်ရဲ့ ဘိုးဘေးကြီးပဲ.... သိုင်းပညာကောင်းကင်ဆရာသခင်တောင် သူ့ကို မယှဉ်နိုင်ဘူး... အဲဒီကို သွားဖို့ ဂိုဏ်းသခင် သိုင်းပညာရှင်ဘယ်နှယောက် လိုလဲ”
ချင်မူ ပြုံးလိုက်သည်။ “နဂါးချီလင်နဲ့တင် လုံလောက်ပါတယ်”
နယ်စားဝေ့၏ မျက်လုံးများ ပြူးကျယ်သွားကာ စိတ်ပူပန်လာတော့သည်။ “အဲဒီအစားဘီလူးကိုပဲ ခေါ်သွားလို့ ဘယ်ဖြစ်ပါ့မလဲ... ဂိုဏ်းသခင်၊ ရက်ပိုင်းလောက် စောင့်ပေးပါ... ငါ ဂိုဏ်းသခင်ကို စောင့်ရှောက်ပေးဖို့ ကောင်းကင်ဆရာသခင်လေးဦးနဲ့ ကောင်းကင်နတ်မင်းလေးဦးကို သွားရှာခိုင်းလိုက်မယ်..,”
ချင်မူက ခေါင်းခါကာ ရယ်လိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာအတွက် ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်ဆရာသခင်တွေနဲ့ ကောင်းကင်နတ်မင်းတွေဆီက စောင့်ရှောက်မှုကို ဘာကြောင့် လိုအပ်မှာလဲ.. ဒါက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို နာမည်ဖျက်သလို မဖြစ်ဘူးလား... ညီလေးယွီကိုသာ သေသေချာချာ လေ့လာခိုင်းထားပါ.. ကျွန်တော် အခု သွားတော့မယ်” ချင်မူသည် ယန်အာကိုလည်း ကောင်းကင်နတ်အရှင်ယွီ၏ နိစ္စဓူဝကိစ္စများ ဂရုစိုက်ပေးရန် မှာကြားရင်း ထားခဲ့၏။ သူက နဂါးချီလင်ကို ခေါ်၍ မြောက်အရပ်သို့ ဦးတည်သွားလေသည်။
နယ်စားဝေ့မှာ စိတ်မချသောကြောင့် ချက်ချင်း ကြေးမုံတစ်ချပ် ထုတ်ကာ စစ်ယွင်ရှန်းကို ဆက်သွယ်လိုက်သည်။ “ဂိုဏ်းသခင်က မြောက်ပိုင်းကောင်းကင်ဘုံဆီ ထွက်သွားပြီ... ခိုင်ဧကရာဇ်ခေတ်ရဲ့ ကောင်းကင်နတ်မင်းလေးပါးနဲ့ ကောင်းကင်ဆရာသခင်လေးပါးကိုလည်း မြောက်ပိုင်းလိုက်သွားဖို့ မြန်မြန် ဆက်သွယ်လိုက်ပါဦး”
စစ်ယွင်ရှန်းလည်း အရေးကြီးမှန်း သိ၍ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ စံအိမ်သခင်များကို ကောင်းကင်နတ်မင်းလေးပါးနှင့် ကောင်းကင်ဆရာလေးပါးအား လိုက်ရှာခိုင်းလိုက်သည်။
နဂါးချီလင်သည် မြောက်အရပ်သို့ ပြေးနေပြီး ချင်မူက ကြေးမုံထဲ ဝင်ကာ အစောင့်အရှောက်ဆောင်တွင် တာအိုဘိုးဘေးကြီးမှ ရခဲ့သည့် ရှေးဟောင်းနတ်ဘုရားများ၏ သင်္ကေတအမှတ်အသားများနှင့် မဟာတာအိုများကို ဆက်လက်လေ့လာနေ၏။
ဤသို့ဖြင့် မသိလိုက်မသိဖာသာဖြင့် နှစ်လကြာသွားပြီး ကမ္ဘာဦးဘုံ၏ မြောက်ပိုင်းကောင်းကင်ဘုံသို့ သူတို့ရောက်လာကြသည်။ ကောင်းကင်ထဲတွင် ရောင်စုံအလင်းတန်းများ ညင်သာစွာ ကွန့်မြူးတောက်ပနေသည်။ မြောက်ပိုင်းကောင်းကင်ဘုံတို့၏ ပုံရိပ်အသွင်များသည် ကမ္ဘာဦးဘုံအထက်၌ ပျံဝဲနေကြလေသည်။
နဂါးချီလင်က ရှေ့ဆက်သွားသည်။ ယနေ့တွင် မိုင်ပေါင်းထောင်ချီ မြင့်မားသော တောင်ကြီးတစ်လုံးက ရုတ်တရက် ဆူဆူညံညံ တုန်ခါလာပြီး တောင်နတ်ဘုရားတစ်ပါးအသွင် ပြောင်းသွားသည်။ သူက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးဖြင့် လှမ်းမေးသည်။ “လာနေတဲ့တစ်ယောက်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာချင်လား”
နဂါးချီလင်က ရပ်၍ ပြောလိုက်သည်။ “ဂိုဏ်းသခင်၊ တောင်နတ်ဘုရားတစ်ပါး ဂိုဏ်းသခင်ကို ခေါ်နေတယ်”
ချင်မူ မှန်ထဲမှ ထွက်ပြီး လှမ်းကြည့်လိုက်သည်။ သူက ဦးညွှတ်အရိုအသေပေးကာ ပြုံးပြလိုက်သည်။ “ကျွန်တော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ချင်မူပါ”
တောင်နတ်ဘုရားက အရိုအသေပြန်ပေး၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာ၊ မဟာကာလက အမိန့်တစ်ခု ထုတ်ပြန်ထာပါတယ်... လောကသခင်ခန္ဓာအနေနဲ့ မြောက်ပိုင်းကောင်းကင်ဘုံဆီ လာစရာမလိုဘဲ မဟာကာလရဲ့ နန်းတော်ဆီ တန်းသွားနိုင်ပါတယ်တဲ့... မြောက်ပိုင်းကောင်းကင်ဘုံရဲ့ သိုင်းပညာရှင်က နန်းတော်မှာ သင် ရောက်လာမှာကို စောင့်နေပါတယ်”
သူက လက်တစ်ဖက်မြှောက်ကာ မဟာကာလနန်းတော်ဆီသို့ လက်ညှိုးထိုးပြသည်။ “လောကသခင်ခန္ဓာ၊ ကျေးဇူးပြုပြီး အဲဒီဘက်ကို သွားပါ”
ချင်မူ အသာအယာ ခေါင်းညိတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ်ဗျ... ဖက်တီးနဂါး မဟာကာလနန်းတော်ဆီ သွားမယ်”
နဂါးချီလင်လည်း အလျင်အမြန် ဦးတည်ရာပြောင်းလိုက်သည်။
နှစ်ရက်ကြာသည့်အခါ အရှေ့တွင် အမှောင်ဖုံးနေသော နေရာတစ်နေရာကို မြင်လိုက်ရသည်။ နေရောင်ပင် ထိုနေရာအား မတိုးပေါက်နိုင်ပေ။
အမှောင်ထုထဲရှိ ဧရာမတောင်ထွတ်ကြီးတစ်ခုတွင် ကိုက်တစ်သောင်းမြင့်မားသော မိစ္ဆာနတ်ဘုရားတစ်ပါးသည် တောင်ပံဖြန့်လျက် လှမ်းအော်၏။ “လာနေတဲ့တစ်ယောက်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာချင်လား”
နဂါးချီလင်မှာ ပြေးနေသည်ကို ရပ်လိုက်ရသည်။ ချင်မူက ခေါင်းမော့ကာ ပြုံးပြလိုက်လေသည်။ “ကျွန်တော်ပါ”
“ဒါက မဟာကာလနန်းတော်ရဲ့ ပိုင်နက်ပဲ”
ငှက်ခေါင်းနှင့်နတ်ဘုရားက ထပ်အော်ပြန်သည်။ “မဟာကာလက မင်း လမ်းမသိမှာစိုးလို့ ငါ့ကို ဒီမှာ စောင့်ခိုင်းပြီး လမ်းပြခိုင်းထားတယ်”
“ကျေးဇူးအများကြီးတင်ပါတယ်”
ချင်မူ ဦးညွှတ်အရိုအသေပေး၍ နဂါးချီလင်အား ဆက်သွားလိုက်သည်။ ဝေးဝေးလံလံ မလျှောက်လိုက်ရဘဲ အမှောင်ထုကို ထိုးခွင်းနေသော ကောင်းကင်အလင်းရောင်များအား မြင်လိုက်ရသည်။ အမှောင်ထုထဲတွင် နတ်ဘုရားတစ်ပါးက ရပ်နေပြီး လှမ်းအော်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာချင်၊ မဟာကာလက မင်းကို လမ်းပြခိုင်းထားတယ်”
ချင်မူက ကျေးဇူးတင်စကား ဆိုလိုက်သည်။
မိုင်အနည်းငယ်ကြာသော် မီးလျှံတဟုန်းဟုန်း တောက်လောင်နေသော မိစ္ဆာနတ်ဘုရားတစ်ပါးက လှမ်းအော်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာချင်၊ ဒီဖက်ပါ”
နဂါးချီလင် ရှေ့ဆက်သွားသည့်အခါ လမ်းတွင် ကြိုဆိုနေသော မိစ္ဆာနတ်ဘုရားအယောက် တစ်သိန်းနှင့် ဆုံတွေ့ရသည်။ သူတို့သည် မဟာကာလနန်းတော်၏ အရှေ့အထိ တောက်လျှောက် စီးတန်းရင်း အမှောင်ထုထဲတွင် ရပ်နေကြခြင်းဖြစ်၏။ ဤမြင်ကွင်းက နဂါးချီလင်ကို ရင်ခုန်သံများ ဆူညံလာစေတော့သည်။
မဟာကာလသည် မြောက်ပိုင်းကောင်းကင်ဘုံ ၃၁၆ ဘုံကို အုပ်စိုးပြီး သူ့လက်အောက်ရှိ မိစ္ဆာနတ်ဘုရားများက စီတန်းလျက် သူတို့ကို ကြိုဆိုနေကြသည်မဟုတ်ပါလော။ နဂါးချီလင်မှာ ထွက်ပြေးချင်စိတ်အပြင် တခြားမရှိတော့ပေ။
ချင်မူကတော့ မှင်သေသေသာ ရှိပြီး နဂါးချီလင်ကို ရှေ့ဆက်သွားခိုင်းသည်။
သူတို့ မဟာကာလ၏ နန်းတော်အရှေ့ ရောက်သည့်အခါ အရှိန်အဝါများ ဖြန့်ကျက်ထားသော မိစ္ဆာနတ်ဘုရားများကို မြင်တွေ့ရသည်။ နဂါးသွဲ့ရေကန်၊ ကျောက်စိမ်းမြို့တော်၊ နတ်ကောင်းကင်ခန်းမအဆင့် မိစ္ဆာနတ်ဘုရားများစွာ ရှိနေပြီး ကောင်းကင်ထက်တွင် မတူညီသော ကောင်းကင်နန်းဆောင် ပုံရိပ်အသွင်များ ဖွဲ့တည်နေကြ၏။ မိစ္ဆာနတ်ဘုရားတို့၏ ခန္ဓာကိုယ်ကြီးများက တောင်ထိပ်များအပေါ်တွင် ရပ်နေကြပြီး သူတို့၏မူလဝိညာဉ်များက သက်ဆိုင်ရာကောင်းကင်နန်းဆောင်များ၌ ထိုင်နေကြသည်။ ဤနတ်ဘုရားတို့၏ အစွမ်းအစများက ထူးဆန်းစွာ အားကောင်းပြင်းထန်နေလေသည်။
မဟာကာလ၏ နန်းတော်က အားလုံး၏အလယ်၌ ရပ်တည်နေ၏။ နန်းတော်၏ လင်းထိန်နေသော ပင်မခန်းမဆီသို့ ဦးတည်နေသော လှေကားထစ်ကျဉ်းကျဉ်းတစ်ခု ရှိသည်။
နဂါးချီလင်မှာ ချင်မူ့ကို သယ်၍ ကျောက်လှေကားထစ်များအတိုင်း တက်သွားရင်း မူးဝေနေသောကြောင့် အားတင်းရင်း မဟာကာလ၏ နန်းတော်ဆီ ရောက်အောင် တက်နေရ၏။ လမ်း၏ဘေးနှစ်ဖက်တွင် မြောက်ပိုင်းကောင်းကင်ဘုံ၏ နတ်ဘုရားများက ရက်စက်ကြမ်းကြုတ်မည့်အသွင်များဖြင့် စောင့်ကြိုနေကြသည်။
ချင်မူက သူ့နဖူးအပေါ်တွင် တည်ငြိမ်အေးဆေးစွာ ရပ်နေသည်။
နောက်ဆုံးတော့ နဂါးချီလင် တောင်ထိပ်ရှိ မဟာကာလ၏ နန်းတော်အရှေ့ ရောက်သွားသည်။
နန်းတော်အရှေ့တွင် မီးတောက်များက မီးတုတ်များသဖွယ် တောက်ပနေသည်။ နန်းဆောင်၏အနောက်၊ အမှောင်ထဲတွင် ဧရာမကြယ်ကြီးများကို ခပ်ရေးရေးမျှ မြင်ရ၏။ ဖော်ပြမတတ်အောင် ကြောက်စရာကောင်းလေသည်။
ချင်မူက ပတ်ဝန်းကျင်ရှိ မြင်ကွင်းများကို ဂရုမစိုက်ဘဲ ကျယ်လောင်စွာ စကားပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာ ချင်မူ မြောက်ပိုင်းကောင်းကင်ဘုံရဲ့ သူရဲကောင်းနဲ့ ဆုံတွေ့ဖို့ ရောက်လာပါပြီ... သူရဲကောင်း မင်း ထွက်လာရဲသလား”
နန်းတော်တံခါးက ဝုန်းခနဲ ပွင့်သွားပြီး ခေါင်းအနောက်တွင် မဟူရာနေတစ်စင်းရှိသည့် အရိပ်တစ်ခု အထဲ၌ ထိုင်နေသည်ကို ခပ်ဝါးဝါး မြင်လိုက်ရသည်။
“ဖုန့်ဟွာယွီ၊ လောကသခင်ခန္ဓာ ရောက်လာပြီ”
အသံက အေးအေးလူလူ ပြောလိုက်သည်။ “သုံးလကျင့်ကြံပြီးတဲ့နောက်မှ မင်းက အရင်ကမင်း မဟုတ်တော့ဘူး.. အခု ယုံကြည်ချက်ရှိပြီလား”
“ရှိပါပြီ” နန်းတော်အတွင်းမှ မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်လာသည်။
“သွားတော့”
ချင်မူ့အကြည့်က နန်းတော်ထဲမှ ထွက်လာသော လူငယ်အပေါ် ကျရောက်သွားပြီး မွှေးပျံ့သော ပန်းရနံ့တို့က ချင်မူ့နှာခေါင်းဝထဲ တိုးဝင်လာ၏။
“ပန်းတစ်ရာကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်၊ ဖုန့်ဟွာယွီ” လူငယ်က ဦးညွှတ်အရိုအသေးသည်။
ချင်မူက နဂါးချီလင်၏ ခေါင်းပေါ်မှ ဆင်းရင်း ပြုံးပြနေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာ၊ ချင်မူ”
ဖုန့်ဟွာယွီ၏ အရှိန်အဝါ ပေါ်ထွက်လာသည်။ သူ ချင်မူ့ဆီ ခုန်လိုက်သည့်အခါ ကောင်းကင်ထက်တွင် အလင်းတန်းများ ကွန့်မြူးဖြာထွက်သွား၏။
ချင်မူက ဓားစက်လုံးကို ဆုပ်၍ ခန္ဓာကိုယ် လှုပ်ခါကာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ပြောင်းလိုက်သည်။ သူ၏ဓားရောင်များသည် ခံ့ညားတင့်တယ်သော အလင်းတန်းများဖြင့် ရုတ်ခြည်းဆိုသလို တောက်ပလာ၏။
အလင်းတန်းများ ဖြာဆင်း၍ ဓားရောင်များ ရွေ့လျားသည့်အခါ မဟာကာလနန်းတော်၏အရှေ့တွင် ငါးများ၊ နဂါးများ ကခုန်နေသကဲ့သို့ လှပသော ပုံရိပ်များ ဖွဲ့တည်လာသည်။ ဓား၏ အော်မြည်သံက ခပ်စူးစူးဖြင့် ပြတ်သား၏။ ရုတ်တရက် ဓားရောင်များ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ပန်းပွင့်မျိုးစုံ ရွာကျလာသည်။
မဟာကာလနန်းတော်၏ပတ်ပတ်လည်တွင် နတ်ဘုရားများမှာ လှမ်းကြည့်နေကြ၏။ အမျိုးအစား စုံလင်သော ပန်းပွင့်တို့သည် အမှောင်ထဲ၌ မျောလွင့်နေရင်း အရေအတွက်များသထက် များလာသည်။
တဖွဲဖွဲ ရွာကျလာသော ပန်းပွင့်များကား လဲကျနေသည့် ဖုန့်ဟွာယွီ၏အလောင်းအပေါ် ကျဆင်းလျက် မြှုပ်နှံပေးနေ၏။
ပန်းတစ်ရာကောင်းကင်ဘုံမှ လူငယ်မှာ ပန်းပွင့်များထဲ၌ တစ်ဝက်ကျော် နစ်မြုပ်နေပြီဖြစ်ချေသည်။
ချင်မူက ဓားပြန်ရုတ်၍ မဟာကာလနန်းတော်ထဲ၌ တုတ်တုတ်မလှုပ်သော ဖြစ်တည်မှုဆီ ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထို့နောက် ချာခနဲ လှည့်ကာ နဂါးချီလင်ထံ လျှောက်သွားသည်။
ချင်မူက နဂါးချီလင်၏ ခေါင်းကြီးအပေါ် တက်ထိုင်ကာ မှင်သေသေ ပြောလိုက်၏။ “ဖက်တီးနဂါး ပြန်လို့ရပြီ”