ဝင်ခွင့်စာမေးပွဲ
Vol. 10 Ch. 2
ဒီလိုနဲ့ ကျောင်းသားသစ်ရွေးပွဲနေ့ကို ရောက်လာတယ်ဆိုပါတော့။ မက်ဒါနာတို့က စီစဥ်ထားတဲ့အတိုင်းပဲ ဝင်ခွင့်ဖြေတဲ့ကလေးတွေကို တိုက်ပွဲကွင်းနားကနေ တောအုပ်ကို အုပ်စုခြောက်စုခွဲပြီးတော့ ပြေးခိုင်းတယ်။ အရင်ကျောင်းသားတွေကတော့ အဲဒီအုပ်စုကို တားရတာပဲ။
ဝေါင်း....
“ဘာ... ဘာ... ဘယ်လိုလုပ်ပြီး ကျောင်းထဲမှာ မြူတန့် ဝံပုလွေတစ်ကောင်ရှိနေရတာလဲ။ မဖြစ်နိုင်တာ။”
ဝင်ခွင့်ဖြေသူတွေ ဝင်ဝင်ချင်းရင်ဆိုင်မိတာက အီဗန်တို့အတန်းက မထင်မရှားကျောင်းသားလေး ဂျိုနသန်ရဲ့ဝံပုလွေကြီးပါ။ နဂိုကတည်းက တိရစ္ဆာန်တွေကို ဆက်သွယ်နိုင်စွမ်းကြောင့် ကင်းထောက်ဟီးရိုးအဖြစ်လေ့ကျင့်ခဲ့ပေမဲ့ ကျောင်းမှာတစ်နှစ်နေခဲ့ပြီးတဲ့နောက်မှာ မြူတန့်ဝံပုလွေတစ်ကောင်ကို ယဥ်ပါးအောင်လုပ်ပြီး တိုက်ခိုက်နိုင်နေပြီ။
“ဝင်ခွင့်စာမေးပွဲက အန္တရာယ်များလိုက်တာ။ တော်ပြီ ဒီမှာစာမသင်ချင်တော့ဘူး။ နယူးယောက်ဟီးရိုးကျောင်းက ကြောက်စရာကြီး။”
အတော်များများက C rank မြူတန့်ဝံပုလွေကိုမြင်ရုံနဲ့တင် တောထဲဆက်မဝင်တော့ဘဲ ပြန်ထွက်ပြေးကုန်တယ်။ မောင်းမာမာနဲ့ဆက်ပြီးတောထဲတိုးဝင်တဲ့သူတွေကတော့ ဂျိုနသန်ထက် ပိုပြီးသန်မာတဲ့ ဒုတိယနှစ်ကျောင်းသားတွေနဲ့ ရင်ဆိုင်ကြရပါတယ်။
တခြားကျောင်းသားတွေလည်း ရှိနေသေးတယ်ဆိုပေမဲ့ ဂိုးလ်နဲ့ဘယ်လာတို့နှစ်ယောက်က သစ်တောရဲ့အလယ်မှာ ကျောချင်းယှဥ်လျက် ရပ်နေကြပြီးတော့ သူတို့ရှိရာဆီကို ရောက်လာတဲ့ ကျောင်းသားတစ်ဒါဇင်လောက်ကို ကြည့်လိုက်လေရဲ့။
“အိုရာအိုရာ... ဒီအဆင့်အထိ ရောက်လာနိုင်တယ်ဆိုတော့ နင်တို့သတ္တိက မဆိုးဘူးလို့ပြောရမှာပဲ။ ဒါပေမဲ့ဟီးရိုးတစ်ယောက်ဖြစ်လာဖို့ဆိုတာ သတ္တိရှိရုံနဲ့မလောက်သေးဘူး။”
ဘယ်လာက ပြောပြောဆိုဆိုနဲ့ မြေပြင်ကို လက်ဝါးနဲ့ရိုက်ချလိုက်တယ်။ သလင်းကျောက်တွေက မြေပြင်ကနေ ထိုးထွက်လာပြီးတော့ အငိုက်မိနေတဲ့ဝင်ခွင့်ဖြေသူတချို့ကို ချုပ်ထားပြီးသားဖြစ်သွားတယ်။ ဒါပေမဲ့ တချို့တလေကတော့ ရှောင်လိုက်နိုင်ပြီး သလင်းကျောက်တွေရန်ကနေ လွတ်သွားဆဲပါ။ ဘယ်လာကတော့ သူတို့နဲ့ပတ်သက်ပြီး စိုးရိမ်နေပုံမရပါဘူး။ အကြောင်းကတော့ သူတို့ကို ဂရုစိုက်ပေးမယ့် ဂိုးလ်ရှိနေလို့လေ။
“ကောင်လေးတွေ၊ မဆိုးဘူးပဲ။ မင်းတို့ကို စမ်းကြည့်ပါရစေ။” ဂိုးလ်က ကျောင်းသားအုပ်ထဲကို ပြေးဝင်ပြီး သူ့လက်ကြီးနဲ့ လိုက်ရိုက်တယ်။ ကံမကောင်းတဲ့ ကျောင်းသူတစ်ယောက်နဲ့ ကျောင်းသားနှစ်ယောက်လောက်ကို တစ်ချက်တည်းနဲ့ အမှောက်သိပ်လိုက်ပြီးတဲ့နောက်တော့ နောက်ဆုံးကျန်တဲ့ ကောင်မလေးတစ်ယောက်နားကို ကပ်လာကာ ရိုက်ချလိုက်တယ်။
ထန်း...
ဒါပေမဲ့ ဂိုးလ်ရဲ့လက်က ထူထဲတဲ့ကြေးလက်ကာတစ်ချက်ကိုသာ ရိုက်မိသွားပြီး ချော်ထွက်သွားတယ်။ တစ်ဖက်မိန်းကလေးက သူ့ကိုပြန်တိုက်ဖို့အတွက် ခွန်ထက်နေတဲ့ ကြေးစတစ်ခုနဲ့ ထိုးနှက်ဖို့ကြိုးစားလိုက်တဲ့အတွက် ဂိုးလ်ပြန်ဆုတ်ရတယ်။
“ပြန်တိုက်နိုင်တာလား.... စိတ်ဝင်စားစရာပဲ။ မင်းနာမည်ဘယ်လိုခေါ်လဲ။”
ဂိုးလ်က မိန်းကလေးကို သေချာကြည့်လိုက်တယ်။ အဲဒီမိန်းကလေးက ရွှေရောင်ဆံပင်ရှိပြီး ဆံပင်ကို ယောက်ျားလေးတစ်ယောက်လို တိုတိုပါးပါးညှပ်ထားတယ်။ ဂျင်းဘောင်းဘီနဲ့တီရှပ်ကိုဝတ်ထားပြီး တကယ့်ယောက်ျားလေးတစ်ယောက်လိုထင်ရပါတယ်။ သူ့လက်တစ်ဖက်မှာတော့ ကြေးလက်ကာတစ်ခုရှိနေပြီး တစ်ဖက်ကတော့ လှံတိုလို့ထင်ရပေမဲ့ ပုံစံမသေသပ်တဲ့ ကြေးအချွန်ကိုကိုင်ထားတယ်။ ပြီးတော့ ပါးစပ်ကလည်း ကြေးဒင်္ဂါးတစ်ပြားကို ကိုက်ထားသေးတယ်။
“ငါက တာလီယာ ဂျုံးပဲ။ နင်တို့အတန်းကြီးတွေကို ငါရဲ့သတ္တုဖန်တီးနိုင်စွမ်းနဲ့ အနိုင်ယူပစ်မယ်။”
ဂိုးလ်က အဲဒီစကားကြောင့် ရယ်မောလိုက်ပါတယ်။ အဲဒီနောက် သူ့ကိုယ်သူ လက်မနဲ့ညွန်ပြလိုက်ပြီး ပြန်မိတ်ဆက်တယ်။
“ငါက ဂိုးလ်၊ ငါ့စွမ်းအားကတော့ မြင်တဲ့အတိုင်းပဲ။ ဟိုဖက်ကတစ်ယောက်ကတော့ ဘယ်လာ။ ခရစ်စတယ်တွေသုံးတယ်။ ငါတို့နှစ်ယောက်က အရင်နှစ်ရဲ့ထိပ်ဆုံးငါးယောက်ထဲမပါပေမဲ့ အားတော့မနည်းဘူးနော်။”
“ကြည့်ကြသေးတာပေါ့။” အဲဒီနောက်တော့ အသစ်လေးက စီနီယာနှစ်ယောက်ကို စတိုက်တယ်။ စည်းမျဥ်းတွေအရ အတန်းကြီးကျောင်းသားတွေကို အနိုင်ယူစရာမလိုဘဲ တောအုပ်အဆုံးထိပြေးနိုင်ရင် နိုင်ပြီဆိုပေမဲ့ ကောင်မလေးက သိပ်ကိုစိတ်အားထက်သန်နေပုံပဲ။
...
“မဟုတ်တာပဲ၊ အဲဒီတစ်ယောက်က ငါတို့ကို လေပေါ်ကနေပြီး ပစ်ခတ်နေတာလား။ မတရားဘူး၊ လုံးမဝမတရားဘူး။”
တောအုပ်ရဲ့သစ်ပင်ပင်စည်တွေနောက်မှာ ကွယ်ပြီးပုန်းနေတဲ့ ဝင်ခွင့်ဖြေသူများစွာက လေပေါ်မှာဆိုင်ကယ်တစ်စီးနဲ့ပျံသန်းနေတဲ့ နျူရေကိုကြည့်ပြီး ကျိန်ဆဲလိုက်ကြတယ်။ နျူရေကတော့ သူတို့ကို ဂရုမစိုက်ဘဲ လက်ထဲက ပစ္စတိုနှစ်လက်နဲ့ ဘယ်သူမှ ပုန်းနေရာကနေ ထွက်မလာနိုင်အောင်လို့ ပစ်ခတ်နေပါတယ်။
“ဟား... ဆရာမဘရီစာက ငါ့ကိုဒုံးကျည်တွေမသုံးခိုင်းထားတာ ဝမ်းနည်းစရာပဲ။ မဟုတ်ရင် ဒီအုပ်စုကို ခဏလေးနဲ့ ကိစ္စဖြတ်နိုင်မှာ။”
နျူရေက ဆိုင်ကယ်ပေါ်ကနေပြီး ညည်းညူရင်းပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ တောအုပ်ရဲ့တစ်ဖက်ကနေ အော်ဟစ်သံတွေ ထွက်ပေါ်လာတာကြောင့် နျူရေက လှမ်းမျှော်ကြည့်လိုက်တယ်။
“ဂရေဟမ်တို့ဘက်ကပဲ၊ တစ်ယောက်ယောက်နဲ့သူတို့တိုက်ခိုက်နေတာလား။” မကြာခင်မှာပဲ နျူရေက မီးတောက်ကြီးတစ်ခု မြင့်တက်လာတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ ရုတ်တရက် အနက်ရောင်ဝတ်ရုံခြုံထားတဲ့ လူတစ်ယောက် သူ့ဆိုင်ကယ်ပေါ်ကို ခုန်တက်လာတဲ့အတွက် လန့်သွားတယ်။
“တကယ့်တိုက်ပွဲမှာဆိုရင် နင်သေနေလောက်ပြီနော်၊ စီနီယာ။” အရိပ်က လက်ထဲမှာ ဓားမြှောင်နှစ်ချောင်းကိုင်ကိုင်ထားပြီး နျူရေရဲ့လည်ပင်းကို ထောက်ထားလိုက်တယ်။ နောက်တော့ ပြန်လျှော့ပေးလိုက်ပြီး နျူရေကို ဖြတ်ကျော်ကာ နောက်ထပ်စစ်ဆေးမှုတစ်နေရာဆီ ဆက်သွားပါတယ်။
...
ဂရေဟမ်တို့ဘက်ခြမ်းမှာတော့ တောမီးကအကြီးအကျယ်လောင်နေပြီး မီးတောက်ရဲ့အလယ်မှာတော့ အရူးတစ်ယောက်လိုမျိုး ရယ်မောနေတဲ့ ဆံပင်အနီရောင်နဲ့လူငယ်လေးတစ်ယောက် ရပ်နေပါတယ်။ ဆံပင်အများစုကနီပေမဲ့ သူ့ဆံပင်ရှည်တွေရဲ့အရင်းမှာ အညိုရောင်ဆံသားတွေကိုတွေ့ရတဲ့အတွက် ဆေးဆိုးထားပုံပါပဲ။
တောအုပ်ရဲ့ခံစစ်အဖွဲ့ဖြစ်တဲ့ ဂရေဟမ်နဲ့နည်းပညာကျောင်းသားတွေကတော့ မီးစက်ကွင်းထဲမပါအောင် တပ်ဆုတ်နေကြရပါပြီ။
“ဟားဟားဟား... ငါလို အာကိုင်းဂါမီ နို အိုဂါမီ-ဆမကို လေးစားအားကျပြီး နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့သူအနေနဲ့ မင်းတို့လိုငချွတ်လေးတွေကို ရှုံးစရာမရှိဘူး။ ဒီသောက်တောအုပ်ကြီးတစ်ခုလုံးကို ပြာချပစ်မယ်။”
“ဒီကောင် တကယ်ရူးနေတာဟ။” ဂရေဟမ်ကတော့ သူ့နာရီကနေ အကာအရံတစ်ခုကိုထုတ်ပြီး မီးအပူရှိန် သူတို့ကိုမဟပ်အောင် ကာကွယ်လိုက်ရင်းကနေ ပြောလိုက်တယ်။
...
“ပျင်းစရာကြီးကွာ၊ ငါ့ကျမှ သူများတွေနဲ့မတူဘဲ ဒီအတိုင်းထိုင်စောင့်နေရတယ်လို့။”
အီဗန်ကတော့ သူ့အတွက်ကျောင်းကပေးထားတဲ့ သွေးအိတ်တစ်အိတ်ကို ဖောက်သောက်လိုက်ရင်းနဲ့ညည်းညူလိုက်တယ်။ သူ့နောက်မှာတော့ ပြိုင်ပွဲရဲ့ပန်းတိုင်မျဥ်းရှိနေပြီးတော့ အဲဒါကိုကျော်သွားရင်တော့ စာမေးပွဲအောင်တဲ့ ကျောင်းသားလောင်းတွေအတွက် ကြိုဆိုတဲ့နေရာရှိနေတယ်။ ဆရာတွေအပြင်အိမ်စေလိုဝတ်ပေးခံထားရတဲ့ စစ်ဆေးမှုမှာမပါတဲ့ ဒုတိယနှစ်ကျောင်းသူအချောလေးတွေပါ ရှိနေကြတာ။ သူတို့လက်ထဲမှာတော့ အားကစားသမားသုံး အားဖြည့်အချိုရည်ဗန်းလေးတွေကိုယ်စီနဲ့။
သေချာကြည့်ရင် လီဆာနဲ့လီနာတောင် အဲဒီထဲမှာ ပါနေသေးတယ်။ ကျောင်းအလှူရှင်ကြီး ဖလေရာလည်းကြိုဆိုရေးတဲတွေထဲက တစ်လုံးမှာ ထိုင်ခုံနဲ့ထိုင်နေပြီး ကျောင်းသူလေးတွေကို ကွပ်ကဲနေပါတယ်။ လီနာကတော့ ဖလေရာကို မကျေမနပ်ကြည့်လိုက်ရင်းကနေ
“လီနာကို ပေါက်ကရအဝတ်တွေ ဝတ်ခိုင်းထားတဲ့ မိန်းမကြီးကို သဘောမကျဘူး။ အမှတ် သုညပဲပေးမယ်။” ငါးသေမျက်လုံးတွေနဲ့ ပြောလိုက်ရော။
“ကျောင်းသားအီဗန်။ စိတ်ညစ်ပြီးပျင်းနေတဲ့ပုံစံကြီးနဲ့ ရပ်မနေစမ်းပါနဲ့။ အဲဲဒီအစား ပိုပြီးကြောက်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ သူတို့ကို ကြည့်နေပေးလို့မရဘူးလား။” ဖလေရာက ခုံမှာထိုင်နေရင်းကနေ အီဗန်ကို လှမ်းဆူတယ်။ အီဗန်ကတော့ မျက်နှာကြီးဆူပုပ်လို့ရယ်။
“ကျွန်တော့်ကို တခြားသူတွေလိုမျိုး အသစ်လေးတွေကို တိုက်ခိုက်ခိုင်းတာ ပိုမကောင်းဘူးလား။ အခုကျတော့ ဒီအတိုင်းအရှိန်အဝါနဲ့ဖြဲခြောက်နေရတယ်လို့။ ပျင်းစရာကြီး။”
“ဒါပေမဲ့ နင်က ကျောင်းရဲ့တိုက်ပွဲချန်ပီယံလေ။ ဒီတစ်နိုင်ငံလုံးမှာ နင့်ထက်သန်မာတဲ့ဟီးရိုးက အများကြီးမရှိတော့ဘူး။ နင်ကိုယ်တိုင်ထွက်တိုက်ရင် ဝင်ခွင့်စာမေးပွဲ အောင်တဲ့လူရှိပါဦးမလား။ ဒီအတိုင်း ကျောင်းရဲ့လာဘ်ခေါ်ကောင်လေး လုပ်နေစမ်းပါ။”
တကယ်လည်း အီဗန်ရဲ့ဘက်စုံ A+ ဆိုတဲ့အဆင့်က သိပ်ကိုသန်မာကြောင်း ဖော်ပြနေတယ်။ တော်ရုံ A အဆင့်ဆိုရင်တောင် မြို့တစ်မြို့ရဲ့ဟီးရိုးအစည်းအရုံးခေါင်းဆောင်ဖြစ်ဖို့ လုံလောက်နေပြီ။ သူက လူကန်လိုမျိုး အထူးအေးဂျင့်ဟီးရိုးတွေရဲ့အဆင့်မှာပါ။
“ထားပါတော့လေ၊ ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ ကျွန်တော့်ကို မဖြတ်နိုင်သေးတော့ ငိုက်တောင်လာပြီ။” အီဗန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ တောအုပ်ထဲကနေ ကံကောင်းပြီး ထွက်လာနိုင်တဲ့ ကျောင်းသားအများစုက သူနဲ့ခပ်လှမ်းလှမ်း မြေပြင်ပေါ်မှာ လဲကျနေကြတယ်။ ဒါပေါ့၊ ဒီအတိုင်း လဲကျနေတာမဟုတ်ဘဲနဲ့ အီဗန်ရဲ့အရှိန်အဝါကြောင့်ပါ။ သူ့ရဲ့သွေးစုပ်ဖုတ်ကောင်စွမ်းအားက ကြီးမားလွန်းတာကြောင့် သူ့အရှိန်အဝါနဲ့တင် စိတ်ဓာတ်မခိုင်မာသူတွေကို ရှေ့မဆက်နိုင်အောင် တားမြစ်နိုင်စွမ်းရှိတယ်။
“ဟော၊ ပြောရင်းဆိုရင်းနဲ့ တစ်ယောက်လာပါပြီ။” ဖလေရာက လက်ပိုက်ပြီးတော့ တောအုပ်အစပ်ကို ကြည့်လိုက်တယ်။ တစ်ကိုယ်လုံး အနက်ရောင်ဝတ်ထားပြီး အနက်ရောင်ဝတ်ရုံကိုခြုံထားတဲ့ အရပ်ပုပုပိန်ပိန်သွယ်သွယ် ကောင်လေးတစ်ယောက်က တောစပ်ကနေ ထွက်လာပါတယ်။ လက်ထဲမှာတော့ ဓားမြှောင်နှစ်လက်ကိုကိုင်ထားပြီး လည်ပင်းမှာတော့ အနီရောင်လည်စည်းပုဝါရှိနေတယ်။ မျက်လုံးတွေက အရောင်မတူဘဲ တစ်ဖက်က ခရမ်းရောင်၊ တစ်ဖက်က အပြာရောင်ဖြစ်လို့နေပါတယ်။
အဲဒီကျောင်းသားသစ်က ဂိတ်ဝမှာထိုင်နေတဲ့ အီဗန်ကို ကြည့်လိုက်တယ်။
“နယူးယောက်ဟီးရိုးကျောင်းရဲ့တိုက်ပွဲချန်ပီယံက နောက်ဆုံးအတားအဆီးလား။” နောက်တော့ သူက ဓားနှစ်လက်ကို အသင့်ပြင်လိုက်ပြီး အရိပ်တွေနဲ့တစ်သားတည်းဖြစ်သွားကာ အီဗန်ရှေ့မှာ စက္ကန့်ဝက်အတွင်းပြန်ပေါ်လာတယ်။ အီဗန်ကလည်း သူ့ဓားကို ဓားအိမ်ထဲက ဆွဲထုတ်လိုက်ပြီး ထိုင်ရာကနေမထ ပြန်ခုခံတယ်။
ထန်း...
သတ္တုချင်းထိခတ်သံနဲ့အတူ ဝတ်ရုံနက်ကျောင်းသားက နောက်ကိုပြန်ဆုတ်သွားရတယ်။ ဒါပေမဲ့ အီဗန်ကအားထိန်းခုခံခဲ့တာမလို့ ဒဏ်ရာတော့ရမသွားဘူး။
“အသစ်လေး၊ မင်းငါ့ကို တိုက်ခိုက်စရာမလိုဘူး။ ဒီအတိုင်း ဖြတ်လျှောက်သွားနိုင်ရင်ရပြီ။”
“ဒီလိုလား၊ နားလည်ပြီ။” ဒီတော့မှ ဝတ်ရုံနက်က ဓားတွေကိုပြန်သိမ်းပြီး အီဗန်ကိုဖြတ်လျှောက်ကာ ပန်းဝင်သွားတယ်။ လီဆာကတော့ အအေးပုလင်းတစ်လုံးကိုကိုင်ကာ သွားနှုတ်ဆက်တယ်။
“နယူးယောက်ဟီးရိုးကျောင်းကို ဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ငါက လီဆာပါ။ နင်ကရော....”
ကောင်လေးက လီဆာကို တစ်ချက်မော့ကြည့်ပေမဲ့ ခံစားချက်မပါသလိုလေသံနဲ့ ပြန်ဖြေတယ်။ “ငါ့နာမည်က ယုတို ဆာဂါဟာရ။”
“နင့်ကြည့်ရတာ အဝေးကြီးက လာခဲ့တဲ့ပုံပဲ။ ဂျပန်ကလား။”
“ဆိုပါတော့။”
သူတို့နှစ်ယောက် စကားပြောနေတုန်း အီဗန်ကတောထဲကို ကြည့်လိုက်တယ်။ သန်မာတဲ့အရာတစ်ခုက သူ့ဆီကိုလာနေမှန်း သတိထားမိတယ်။
ဘုန်း....
တောစပ်က မီးတောက်တွေနဲ့အတူ ပေါက်ကွဲသွားပြီး သစ်ကိုင်းအစအနတွေနဲ့ နေရာအနှံကိုပြန့်ကျဲကုန်တယ်။
“ငါဖီးနစ်က ပန်းတိုင်ကိုမြင်နေရပြီ။ အာကိုင်းဂါမီ နို အိုဂါမီ-ဆမလိုဖြစ်ဖို့ ခြေတစ်လှမ်းနီးကပ်လာပြီကွ။”
အီဗန်ကတော့ သူ့ရှေ့က ဆံပင်ဆေးဆိုးထားပြီး သူ့ကိုယ်သူ အာကိုင်းဂါမီလိုပြုမူ Cosplayနေတဲ့ကောင်ကိုကြည့်ရင်း နားရင်းအုပ်ချင်သွားတယ်။ “ဒီကောင်က အာကိုင်းဂါမီကို ဂုဏ်ပုဒ်အပြည့်တပ်ခေါ်နေတာပဲ။ ရူးနေတာလား...”
ဒါပေမဲ့ ဖီးနစ်ဆိုတဲ့ကောင်က တောစပ်ကနေထွက်ပြီး အီဗန်ရဲ့အရှိန်အဝါစက်ကွင်းထဲ ရောက်တာနဲ့ ဒူးထောက်ကျသွားတဲ့အတွက် အီဗန်က မျက်ခုံးပင့်လိုက်မိတယ်။
“ဟမ်... ဒီကောင်စိတ်ခွန်အားနည်းတာလား။”
“ငါဒီနေရာမှာ ရှုံးသွားလို့မဖြစ်ဘူးကွ။ ကိုင်းတို-ဆမ က ဘယ်တိုက်ပွဲမှာမှမရှုံးဖူးဘူး။”
ဖီးနစ်ဆိုတဲ့ကောင်က ဖိအားအောက်မှာ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်နေပေမဲ့ ရှေ့ကိုမရအရတက်ဖို့လုပ်တယ်။ ဒါပေမဲ့ ဒူးထောက်နေရရုံနဲ့တင်မရတော့ဘဲ လေးဖက်ထောက်ပါသွားနေရပြီ။ ပန်းတိုင်နားနီးလာတော့ တစ်ခါတည်း တွားသွားနေရတဲ့အဆင့်ဖြစ်သွားတယ်။
“ဟောဒီက ငါဖီးနစ်က ဒီပွဲမှာ နိုင်ရမယ်ကွ။” ဒါပေမဲ့ သူဘယ်လိုပြောပြော နှေးကွေးလှတဲ့မြန်နှုန်းနဲ့ပဲသွားနေတာပါ။ မကြာခင်မှာပဲ ဒဏ်ရာတွေအပြည့်နဲ့ တွန်ဘွိုင်းဆန်ဆန် မိန်းကလေးတစ်ယောက်က တောစပ်ကနေထွက်လာပြီး သူ့ကိုကျော်တက်သွားတယ်။
“မဟုတ်တာ... မဟုတ်တာ... မဟုတ်တာ... ငါဒီကို အရင်ရောက်တာလေ။” ဖီးနစ်ကောင်ကတော့ အဲဒီမြင်ကွင်းကိုကြည့်ရင်း ငိုနေပါပြီ။ အီဗန်က သက်ပြင်းရှည်ကြီးချလိုက်တယ်။ ဖြစ်နိုင်ရင် မြန်မြန်ထသွားချင်ပြီဆိုပေမဲ့ လူခြောက်ယောက်ပြည့်တာ စောင့်ရဦးမယ်။
နာရီဝက်လောက်ကြာတော့ နောက်ထပ် သုံးယောက်ပန်းထပ်ဝင်သွားပြီ။ ဖီးနစ်ကောင်ပဲ မပြီးသေးတာ။ ဒါပေမဲ့ အီဗန်တစ်ယောက် သည်းခံနိုင်စိတ်ကုန်ဆုံးတော့မယ့်အချိန်မှာပဲ ဖီးနစ်က သူ့ကိုယ်သူ ပန်းတိုင်မျဥ်းထဲရောက်အောင် ကိုယ်ကိုလှည့်ဝင်လိုက်နိုင်တယ်။
“ဟူးရေး၊ ပန်းဝင်သွားပြီကွ။”
“.....” အီဗန်ကတော့ သက်ပြင်းချလိုက်ပြီး သူ့စွမ်းအားတွေကို ပြန်သိမ်းလိုက်တယ်။ နောက်တော့ ထိုင်နေရာကနေ ထလိုက်ပါတယ်။
“စီနီယာကျောင်းသားဖြစ်ရတာ နည်းနည်းလေးမှ ပျော်စရာမကောင်းဘူး။” သူက မှတ်ချက်ချလိုက်တယ်။
...
ကျောင်းအုပ်ရုံးခန်းမှာတော့ မက်ဒါနာက အစီအရင်ခံစာတွေကို ဖတ်ကြည့်နေပါတယ်။ အေမီလည်း သူနဲ့အတူရှိနေတယ်။ ဒါပေမဲ့ မက်ဒါနာရဲ့အလုပ်တွေက ပိုများလာတယ်ဆိုရမလား။ ကျောင်းက အစီအရင်ခံစာတွေအပြင် သူ့စားပွဲပေါ်မှာ စစ်ပွဲက အစီအရင်ခံစာတွေလည်း အများကြီးပုံထပ်နေသေးတယ်။
“ဟူး.... စိတ်ပင်ပန်းလာပြီ။” မက်ဒါနာက ဖတ်လက်စ ဖိုင်တစ်ခုကို ပစ်ချလိုက်ပြီး ဆံပင်တွေကို ထိုးဖွလိုက်တယ်။ အေမီကတော့ အလိုက်တသင့်ပဲ မက်ဒါနာကို ပြုံးပြလိုက်ပြီး ရေခွက်ထဲကို သံပုရာရည်တချို့ ငှဲ့ပေးလိုက်ပါတယ်။
“အလုပ်ကြိုးစားခဲ့ပါတယ် မမလေးရှင့်။”
“ဒါနဲ့ အေမီရေ၊ ဒီနေ့က ကျောင်းဝင်ခွင့်စာမေးပွဲ ကျင်းပတဲ့နေ့မဟုတ်လား။ စိတ်ဝင်စားစရာကျောင်းသားလေးဘာလေး မတွေ့မိဘူးလား။”
မက်ဒါနာက သံပုရာရည်ခွက်ကို လက်ထဲကိုင်ထားရင်းကနေ မေးလိုက်တယ်။ မက်ဒါနာက အလုပ်တွေရှုပ်နေပေမဲ့ သူ့ကိုယ်သူကျောင်းအုပ်ဆိုတာတော့ မေ့မထားသေးပါဘူး။
အေမီကတော့ ခေါင်းညိတ်လိုက်တယ်။ “ဟုတ်ကဲ့၊ ခုနှစ်ဝင်လာတဲ့ ကျောင်းသားအများစုက တော်ကြပေမဲ့ စိတ်ဝင်စားစရာဆိုလို့ ကျောင်းသားသုံးယောက်ပဲရှိပါတယ်။”
အေမီက မျက်လုံးက ပရိုဂျက်တာကို ဖွင့်လိုက်ပြီး မက်ဒါနာကို စရှင်းပြဖို့လုပ်ပါတယ်။ ပထမဆုံးပေါ်လာတာက မိန်းကလေးတစ်ယောက်ရဲ့ပုံပါ။
“ဒီဆံပင်တိုနဲ့မိန်းကလေးကို တာလီယာ ဂျုံးလို့ခေါ်ပါတယ်ရှင့်။ နောက်ခံကြီးကြီးမားမားမရှိပေမဲ့ တိုက်ခိုက်ရတာကို ဝါသနာပါပုံပါပဲ။ သူ့ရဲ့သတ္တုတွေကိုကိုက်ပြီး လက်နက်တွေဖန်တီးနိုင်တဲ့စွမ်းအား Metal Createက C- အဆင့်စွမ်းအားဆိုပေမဲ့ သူ့ရဲ့တိုက်ရည်ခိုက်ရည်က စီနီယာကျောင်းသားတွေနဲ့ယှဥ်နိုင်ပါတယ်။
ဝင်ခွင့်စာမေးပွဲတုန်းက ဘယ်လာနဲ့ဂိုးလ်ကို ခက်ခက်ခဲခဲ ဖောက်ထွက်လာနိုင်ခဲ့ပြီး ပန်းဝင်ခဲ့ပါတယ်။ စီနီယာနှစ်ယောက်ကို တိုက်ရိုက်အနိုင်ယူဖို့မဖြစ်နိုင်သေးပေမဲ့ လေ့ကျင့်ပေးပြီးရင် B+ အဆင့်ကိုခနလေးနဲ့ရောက်သွားမယ်လို့ မျှော်လင့်ရပါတယ်။”
အဲဒီနောက်တော့ အေမီပြသနေတဲ့ ပုံရိပ်တွေက ပြောင်းသွားတယ်။ ဒီတစ်ခါတော့ လိုင်စင်ဓာတ်ပုံထဲမှာတောင် သောက်ချိုးမပြေဘဲ ဗီလိန်လိုပြုံးပြပြီး ပို့စ်ပေးနေတဲ့ ဆံနီကောင်ပါ။
“ဒီတစ်ယောက်ကတော့ ဖီးလစ် ရော့ဝဲလ်ပါ။ သူ့ကိုယ်သူတော့ ဖီးနစ်လို့ခေါ်ပေမဲ့ နာမည်အစစ်က ဖီးလစ်ပါ။ B- အဆင့်ပေါက်ကွဲမီးစွမ်းအားကို ပိုင်ဆိုင်ထားပြီး အာကိုင်းဂါမီကို စံပြဟီးရိုးအဖြစ်မြင်တဲ့သူပါ။ ဂရေဟမ်နဲ့စီနီယာလေးယောက်ကို တစ်ပြိုင်နက်တည်း အနိုင်ယူခဲ့ပြီး အမြဲတမ်းလိုလို သူ့စွမ်းအားတွေကို ကန့်သတ်ချက်ထက် ကျော်လွန်ပြီးသုံးတဲ့သူပါ။ အလားအလာတော်တော်မြင့်ပေမဲ့ အရှုံးကိုသေလုမတတ်ကြောက်ပြီး အကျိုးဆက်အနေနဲ့ စိတ်ခွန်အားနည်းပါတယ်။”
နောက်တော့ အေမီက နောက်ဆုံးကျန်တဲ့တစ်ယောက်ရဲ့ပုံကို စပြတယ်။ ဆံပင်အနက်၊ မျက်လုံးခရမ်းတစ်ဖက်အပြာတစ်ဖက်နဲ့ ခံစားချက်မရှိအေးစက်နေတဲ့ အကြည့်တွေရဲ့ပိုင်ရှင်ပါ။
“သူကတော့ ယုတို ဆာဂါဟရ။ ကျောင်းသားတစ်ယောက်ကို ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့လို့ ဂျပန်ကျိုတိုဟီးရိုးကျောင်းကနေ အထုတ်ခံခဲ့ရတာ။ သူ့ကိုလက်ခံမှာ ကျွန်မတို့ကျောင်းပဲရှိပုံပေါ်လို့ လာခဲ့တဲ့ပုံပဲ။ D+ အရိပ်ကူးပြောင်းစွမ်းအားပဲရှိပေမဲ့ သူ့ရဲ့တိုက်ရည်ခိုက်ရည်က အတော်လေးမြင့်ပါတယ်။”
မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ “ဒီနှစ်အတွက်လည်း ပါရမီပါတဲ့ကျောင်းသားတွေ ရောက်လာသားပဲ။ ငါ့အမြင်သာမမှားရင် အဲဒီဖီးနစ်ဆိုတဲ့ကောင်က အီဗန်လက်သစ်ဖြစ်လာနိုင်တယ်။ အရူးသွပ်ဆုံးသူတွေပဲ စွမ်းအားအကြီးဆုံးဖြစ်ကြတာ။ ဒါပေမဲ့ ဒီကိစ္စကို ဒီမှာထားပြီး ရှေ့တန်းစစ်မြေပြင်ကအကြောင်းပြောရအောင်။ ဂိုင်ယာဆီကနေ သတင်းတစ်ခုခုရလား။”
မက်ဒါနာက မေးလိုက်တော့ အေမီက ခေါင်းညိတ်ပြတယ်။ “ရှေ့တန်းစစ်မြေပြင်က ခါတိုင်းလိုပဲ ငြိမ်နေပြီးတော့ ဟိုဖက်ဒီဖက်ပစ်တာခတ်တာရှိပေမဲ့ တိုက်ပွဲကြီးကြီးမားမားဖြစ်မယ့်လက္ခဏာတော့ မရှိပါဘူး။ ပိုးဟပ်ကလည်း နန်းတော်ထဲမှာပဲ ငြိမ်နေပါသေးတယ်။”
“ငါ့အတွေ့အကြုံအရ ဒီအချိန်အထိ ပုံမှန်လိုဖြစ်နေတာ လုံးဝမရိုးရှင်းဘူးလို့ထင်တယ်။ အေမီ၊ နင့်ကို ဒီထက်ပိုပြီး အသေးစိတ်ကျကျစုံစမ်းဖို့ တာဝန်ပေးလို့ရမလား။” မက်ဒါနာက အပြောင်းအလဲမရှိတာကြာပြီဖြစ်တဲ့ စစ်မြေပြင်ကို သံသယဝင်လာပြီး အေမီကို တာဝန်ပေးလိုက်တယ်။ အေမီကလည်း ခေါင်းညိတ်လိုက်ပြီး
“ဟုတ်ကဲ့၊ မမလေးအလိုကျ ဖြစ်ရပါစေမယ်။” လို့ပြောကာ အခန်းထဲကနေ ထွက်ခွာသွားတော့တယ်။