အချိန်မှီ
Vol. 69 Ch. 953
“ဆိုတော့ကာ သူ ဒဏ်ရာ ရထားတယ်ပေါ့...”
ဝူယု အလောင်းကို ငုံ့ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ပျစ်ခဲနေသည့် သုံးရောင်ခြယ်သွေးများမှာ နန်စီယန်ကူး၏ ပါးစပ်မှ စီးကျနေ၏။ ထိုအချက်က သူ့တွင် အတွင်း ဒဏ်ရာ တစ်ခု ရှိနှင့်ပြီးသား ဖြစ်ကြောင်း ဖော်ပြနေသည်။
ဝူယု သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ကြည့်ရသည်က ဝေ့ဝူယင်၏ ခန့်မှန်းချက်မှာ မှန်ကန်နေပုံ ရ၏။ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ လက်မှ ထွက်ပြေး လွတ်မြောက်သွားသည့် တတိယမြောက် ကျင့်ကြံသူသည် ခန္ဓာကိုယ်နှင့် လျှို့ဝှက် ဝိညာဥ် နှစ်ခု စလုံးတွင် အပြင်းအထန် ဒဏ်ရာရထားကြောင်း အစောကြီးတည်းက သူ သိရှိပြီး ဖြစ်သည်။ ပထမ၌ နန်စီယန်ကူးမှာ ထိုဒဏ်ရာများကို တစ်နည်းနည်းဖြင့် ဖုံးကွယ် ထားနိုင်ခဲ့သည့်ပုံ ပေါ်သည်။
သို့သော်လည်း သူ တတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို ထုတ်ဖော်လိုက်သည့် အခိုက်အတန့်တွင်တော့ နန်စီယန်ကူးမှာ ဘယ်လိုမှ ဆက်မဟန်နိုင်တော့ပုံ ရ၏။ အင်ပါယာ ကောင်းကင် အော်ရာနှင့် အင်ပါယာ ဖိအားတို့ အောက်တွင် သူ၏ ဒဏ်ရာများမှာ ထင်ထင်ရှားရှားပင် ပြန်လည် ပေါ်လွင်လာခဲ့သည်။ ထိုအရာကပင် ကံကြမ္မာ တစ်ခုလုံးကို စီရင်ခဲ့ခြင်း ဖြစ်၏။
ဝူယု နန်စီယန်ကူး၏ လက်ထဲရှိ ဓားကို ကြည့်လိုက်၏။ ထိုဓားမှ ထွက်ပေါ်နေသည့် အန္တရာယ် အငွေ့အသက်များကို ရှင်းလင်းစွာပင် ခံစားနိုင်ပေသည်။ ဝူယု လက်လှမ်းရန် ဟန်ပြင်လိုက်စဉ်မှာပင် ဓားမှာ ဟင်းလင်းပြင် စွမ်းအင်များနှင့် အတူ စတင် တုန်ခါ လာခဲ့၏
ဓားမှာ ပိုင်ရှင်ထံကို ပြန်တော့မည် ဖြစ်ကြောင်း ဝူယု သဘောပေါက် လိုက်၏။ သို့သော်လည်း ပါးစပ်နား ရောက်နေသည့် ထမင်းလုတ်ကို သူ မည်ကဲ့သို့ ဆုံးရှုံးခံမည်နည်း။ သူ လက်သီးကို ဆုပ်ကာ ဓားဆီသို့ ဦးတည်၍ ထိုးနှက် လိုက်၏။ ဟင်းလင်းပြင် စွမ်းအင်များက ဓားကို ဝန်းရံသွားကာ လွတ်လမ်း အားလုံးကို ပိတ်ဆို့ လိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာပင် လက်ဝါးကို ဆန့်ထုတ်လိုက်၏။
ဝှစ်...
ဓားက သူ့လက်ထဲသို့ ရောက်ရှိလာသည်။ သို့သော်လည်း ၎င်းမှာ တဆတ်ဆတ် တုန်ခါနေကာ ခုခံရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။ ဝူယု မျက်မှောင်ကြုတ် လိုက်၏။ ဓားအတွင်းရှိ ဝင်္ကပါ တစ်ခုမှာ နိုးထနေကာ သူ့ထံမှ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးပမ်းနေခြင်း ဖြစ်လေသည်။ မသိပါက... ၎င်းက သက်ရှိဓားတစ်စင်းလိုပင် ဖြစ်လေ၏။
“ဟမ့်...”
ဝူယု နှာခေါင်းရှုံ့ကာ လျှို့ဝှက် စွမ်းအင်များကို ဓားအတွင်း ပို့လွှတ်လိုက်၏။ ထို့နောက် ခုခံရန် ကြိုးပမ်းနေသည့် ဝင်္ကပါကို ဖျက်ဆီး ပစ်လိုက်သည်။
ခရက်...
ခရက်...
ဘုန်း...
ရုတ်ချည်းပင် ဓားက ဖုန်မှုန့်များ အဖြစ် ပြောင်းလဲ သွား၏။ ဝူယု၏ မျက်လုံးများက အံ့အားသင့်သည့် အငွေ့အသက်များနှင့် ပြောင်းလဲ သွားခဲ့၏။ သူ ချက်ချင်းပင် ညာဘက်လက်ကို ဆန့်ထုတ်ကာ ဗလာဟင်းလင်းပြင်ကို ဆုပ်လိုက်သည်။ ပြန်လည် ဆွဲထုတ်လိုက်သော အခိုက်၌ ကြောက်မက်ဖွယ် အော်ရာများ ထွန်းလင်းနေသည့် ပစ္စည်းတစ်ခု ပါလာခဲ့၏။ ဝူယုမှာ လောကတစ်ခုကို ဆုပ်ကိုင်ထားရသလို ခံစား လိုက်ရသည်။
သူ ရှန်းကျီးကျိကို လှည့်ကြည့်လိုက်၏။ ထိုနန်းတော်သခင်၏ မျက်လုံးများထဲ၌ ထူးဆန်းကာ အံ့အားသင့်နေသည့် အငွေ့အသက်အချို့ကို သူ မြင်နိုင်ပေသည်။ နန်စီယန်ကူးမှာ သူ၏ ဝှက်ဖဲ အချို့ကို အတွင်းပိုင်း လောကထဲတွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။ ထိုအချက်ကို ရှန်းကျီးကျိပင်လျှင် သတိမူမိပုံ မရချေ။
ဓားကတော့ ဝင်္ကပါကို ဖျက်ဆီးသည်နှင့် အကုန်လုံး ပျက်စီးသွားအောင် ဖန်တီး ထားခဲ့ခြင်း ဖြစ်သည်။ ထိုအရာက သူ့အမှားပင် ဖြစ်သည်။ သို့သော်လည်း လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့် လက်နက် တစ်ခုတွင် ထိုကဲ့သို့ ဝင်္ကပါမျိုး ပါဝင်နေလိမ့်မည်ဟု သူ မည်ကဲ့သို့ ထင်မှတ်မိမည်နည်း။ အကယ်၍ ကြိုတင်သာ ခန့်မှန်းနိုင်ခဲ့ပါက ခုခံခြင်း ဝင်္ကပါကို ဖျက်ဆီးဖို့ ကြိုးစားမည့် အစား ဖိနှိပ်ဖို့သာ ကြိုးစားခဲ့လိမ့်မည် ဖြစ်သည်။
ဝူယု တစ်ယောက် သူ ဆုံးရှုံးသွားသည့် အရာများနှင့် ရရှိခဲ့သည့် အရာများကို တွက်ချက် နေစဉ်တွင် ပြင်ပ လောကတစ်ခုလုံးကတော့ တိုက်ပွဲကြောင့် ကြက်သေသေနေခဲ့ကြလေ၏။
“သူက မြေကြီး ရှန့်ထို တစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်လိုက်တာလား... ဘုရားရေ...”
ထိုကဲ့သို့ အံ့အားသင့်မှုများ...၊
“နန်စီယန်ကူးက တကယ် သေသွားတာလား...”
ထိုကဲ့သို့ မယုံကြည်နိုင်မှုများ...၊
“အာရုဏ်ဦး မဟာ စစ်သည်တော်က အဲဒီလောက်တောင် သန်မာတာလား...”
ထိုကဲ့သို့ သံသယများ၊ မေးခွန်းများမှာ အဆုံးမဲ့စွာ ပျံ့လွင့်နေ၏။
“ကောင်းလိုက်တာဟေ့... ထိုက်တန်တယ်... သေစမ်း ခွေးကောင်...”
လင်းမျိုးနွယ်ဝင် တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်၏။ လင်းမျိုးနွယ်ဝင်များတွင် နန်စီယန်ကူးကို မမုန်းတဲ့သူ အဘယ်မှာ ရှိပါမည်နည်း။ ထိုလူအိုကြီးမှာ လင်းမျိုးနွယ် တစ်ခုလုံး၏ ဂုဏ်သရေကို မြောင်းထဲ ပစ်ချလိုက်သူ ဖြစ်သည်.
“လင်းရှန်းရှဲ့က ဝေ့ဝူယင်ရဲ့ ဇနီးလောင်းလို့ ကျုပ် ကြားဖူးတယ်...”
“ဟုတ်လိမ့်မယ်... ဝူယုက အဲဒါကြောင့် နန်စီယန်ကူးကို သတ်ပစ်တာပေါ့... ဝေ့ဝူယင် အမိန့်တောင် ဖြစ်နိုင်တယ်... ဟဟ... ပျော်စရာကောင်းလိုက်တာ... သူ သေဖို့ကို မျှော်လင့်ထားခဲ့မျာ မဟုတ်ဘူး...”
“လင်းရှန်းရှဲ့က အရမ်းကို လှတယ်လို့ ကျုပ် ကြားဖူးတယ်... ရွှေရောင် ဂိတ်တံခါး နန်းတော်ရဲ့ စတုတ္ထမင်းသားတောင် သူ့ကို ကမ်းလှမ်းဖူးတယ် တဲ့... ငါ့ဆီမှာသာ ဝူယုလို နောက်လိုက်မျိုး ရှိနေရင် ဘယ်လောက် ကောင်းလိုက်မလဲ... နန်စီယန်ကူးကို မသေမချင်း လိုက်ရှာ သတ်ခိုင်းမှာ... ပြီးတာနဲ့ လင်းရှန်းရှဲ့လေးက ငါ့ရင်ခွင်ထဲ ရောက်လာမှာ... ဟီး... ဟီး...”
“လင်းရှန်းရှဲ့ကပဲ နင့် ရင်ခွင်ထဲ ရောက်ရဦးမယ်... ဟမ့်... နင့်လို လက်နက် နှစ်လက်မနဲ့ ကောင်မျိုးကို ငါက လက်ခံရင်တောင် ကံကောင်း”
“…”
တိုက်ပွဲက စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ပြီးဆုံး သွားခဲ့ခြင်း ဖြစ်သည်။ နန်စီယန်ကူးမှာ တိုက်ပွဲ စတင် ကတည်းက တက်တက်ကြွကြွ လှုပ်ရှားခဲ့ကာ အစီအစဉ်များကို ချနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင် သူက ဘယ်လိုမှ မတွန်းလှန်နိုင်သည့် အင်အား တစ်ခုနှင့် တိုက်ခိုက်ခဲ့ရဟန် ရကာ လှံတစ်ချက် အတွင်းမှာပင် သေဆုံး သွားခဲ့ရသည်။ ထိုအရာက တစ်ဖက်သတ် ဆန်လွန်းလှ၏။
ဒြပ်စင် နယ်မြေ အတွင်းရှိ အာရုဏ်ဦး မူလ ဂြိုဟ်ထက်၌...
အာရုဏ်ဦး မူလဂြိုစ်ကို ပြန်လည် ဖန်တီးပြီးခဲ့သည်မှာ တစ်နာရီမျှသာ ကျန်ရှိပေသေးသည်။ သို့သော်လည်း များစွာသော လူများမှာ ဝိညာဥ်ပုံရိပ်ယောင် ကျောက်တိုင်ကြီး တစ်ခု ရှေ့တွင် ရပ်ကာ လေးထောင့် သဏ္ဌာန် ဖန်သားပြင်ကြီးကို ကြည့်နေခဲ့ကြ၏။
ထိုလူအုပ်ကြီးထဲ၌ ဘေးချင်းယှဉ်ရပ်နေသည့် ပုံရိပ် သုံးခုလည်း ရှိနေခဲ့လေသည်။ ထိုပုံရိပ် သုံးခုထဲမှ တစ်ခုမှာ အနည်းငယ် တုန်ရီနေခဲ့ကာ လက်သီးကို ခပ်တင်းတင်း ဆုပ်ထားခဲ့၏။ သူမက အခြားသူ မဟုတ်... အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ မင်းသမီးလေး လင်းရှန်းရှဲ့ပင် ဖြစ်လေသည်။ အခြား နှစ်ယောက်ကတော့ မျက်လုံးများ ပြူးကျယ်နေသည့် လင်းမင်နှင့် အလွန်အမင်း ထိတ်လန့်နေဟန် ရသည့် လင်းရှန်းရှန်းတို့ပင် ဖြစ်လေသည်။
“သူ... သေသွားပြီလား...”
လင်းရှန်းရှန်းက သူမ မျက်လုံးများကို မယုံကြည်နိုင်ဟန်ဖြင့် တီးတိုး ရေရွတ်လိုက်၏။ ကုန်းလော့မှာလည်း သစ္စာဖောက် တစ်ယောက်ဟု သတ်မှတ်ခံရကာ ကွပ်မြက်ခံခဲ့ရသည်။ ယခုတစ်ဖန် သူမ၏ အိပ်မက်များထဲမှ နတ်ဆိုး ဖြစ်သည့် နန်စီယန်ကူးမှာလည်း ဆိုးရွားသည့် သေခြင်းတရားနှင့် သေဆုံး ခဲ့ရပြန်ပြီ ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်လာစေရန် သူမ အမြဲတမ်း ဆန္ဒ ရှိခဲ့ခြင်း ဖြစ်သည်။ မြေကြီး ရှန့်ထို နှစ်ယောက်စလုံး ဆုံးရှုံး သွားခဲ့ပြီ ဖြစ်လေရာ ပြင်ပကလန်များမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်တော့မည် မဟုတ်ချေ။ လက်ရှိ သူတို့ကို ကန့်သတ်နိုင်တာ ဆို၍ လျှို့ဝှက်ကျိန်စာသာ ရှိပေတော့သည်။
သို့သော်လည်း... သူမ စိတ်ထဲ၌ နားမလည်နိုင်သည့် မေးခွန်းတစ်ခု ရှိနေပေသေးသည်။ ဝူယုက နန်စီယန်ကူးကို အဘယ်ကြောင့် အညှာအတာ မရှိပဲ သတ်ပစ်လိုက်သနည်း။ ကုန်းလော့ကရော မည်ကဲ့သို့ သေဆုံးသွားသနည်း။ သူ့ကိုလည်း ဝူယုကပင် သတ်ပစ်လိုက်ခြင်းလော။ ထိုအကြောင်းအရာ နှစ်ခုက တိုက်ဆိုင်လွန်းနေသလို သူမ ခံစားရ၏။
ထိုကဲ့သို့ တွေးနေသည်က လင်းရှန်းရှန်း တစ်ယောက်တည်း မဟုတ်ပါချေ။ လင်းရှန်းရှဲ့မှာလည်း တူညီစွာပင် တွေးနေခဲ့ခြင်း ဖြစ်သည်။ ဝူယုက သူ့သဘောနှင့်သူ လုပ်ဆောင်မှာ မဟုတ်တာတော့ သေချာပေသည်။ ထိုအရာက ဝေ့ဝူယင်၏ အမိန့် ဖြစ်နိုင်သည်။ ဤသို့ဆိုလျှင် ဝေ့ဝူယင်က မည်သူ့အတွက် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ သနည်း။
ရင်တလှပ်လှပ် တုန်လာလေရာ လင်းရှန်းရှဲ့မှာ မျက်လုံးများကို မှိတ်လိုက်မိ၏။ သူမ လင်းမင် အပေါ် မျှော်လင့် အားထားခဲ့ရသည့် ရည်ရွယ်ချက် အားလုံးကို ဝေ့ဝူယင်က တစ်ခဏ အတွင်းမှာပင် အောင်မြင်အောင် ယူဆောင် လာခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ပြန်ပေးဆွဲခဲ့သည့် နေ့တုန်းက စကားတစ်ချို့ကို လင်းရှန်းရှဲ့ ပြန်လည် အမှတ်ရ လိုက်မိ၏။
“မင်းက အတော်လေး လှတယ်လို့ ထင်တယ်... ကျုပ် အကြိုက်ပဲ... ဒါပေမဲ့ ဇနီးမယား အနေနဲ့တော့ လက်ထပ် မယူနိုင်ဘူး... တကယ်လို့ ခင်ဗျားသာ ကျုပ်ရဲ့ ကိုယ်လုပ်တော် လုပ်ဖို့ သဘောတူမယ် ဆိုရင် ခုချက်ချင်း မင်္ဂလာပွဲ ကျင်းပပြီး တစ်လောကလုံးကို ကြေညာမယ်”
အဘယ်ကြောင့် ထိုစကားကို ပြန်လည် ကြားယောင်မိကြောင်း လင်းရှန်းရှဲ့ စဉ်းစား၍ မရပါချေ။ အကယ်၍ ဝေ့ဝူယင်က နောက်တစ်ကြိမ် ထိုကဲ့သို့ ကမ်းလှမ်းလျှင် သူမ လက်ခံသင့်သလော။ လင်းရှန်းရှဲ့ ဘေးနားရှိ လင်းမင်ကို ကြည့်လိုက်မိ၏။ သူမ၏ အတွေးများက အလွန်ပင် ရှုပ်ထွေး သွားခဲ့ပေသည်.
ဘယ်လိုပြ ဖြစ်ဖြစ်... ပြင်ပကလန်များ ကျရှုံးခန်းကို ရောက်ခဲ့ပြီ ဖြစ်လေရာ သူမ စိတ်အတွင်းရှိ ဖိအားများစွာကတော့ ပြေပျောက် သွားခဲ့ပြီ ဖြစ်သည်။ မသိပါက... စိတ်အပေါ် ပိကျနေသည့် တောင်ကြီး တစ်လုံး ပျောက်ကွယ် သွားသလိုပင်။
အခြားတစ်ဖက်၌ လင်းမင်မှာ ဖန်သားပြင် အတွင်းရှိ ပုံရိပ်ယောင်ကိုသာ ငေးကြည့် နေခဲ့မိ၏။ ဝူယုမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်သော်လည်း တစ်နေ့၌ ထိုကဲ့သို့ ခွန်အားမျိုးကို ဆုပ်ကိုင်နိုင်ရမည်ဟု သူ ယုံကြည်သည်။ လက်ရှိ အချိန်၌ လုပ်သင့်သမျှက ခြေတစ်လှမ်းချင်း မှန်မှန် လှမ်းဖို့ ဖြစ်သည်။ ကျင့်ကြံခြင်း အပေါ် အားစိုက်ထုတ်လိုသည့် သူ့ဆန္ဒများမှာ ပိုမို ပြင်းထန်စွာ လောင်ကြွမ်း လာခဲ့လေ၏။
...
စည်းစိမ်ကွင်းပြင်တွင်တော့...
ရှန်းကျီးကျိ၏ အမူအရာက သုန်မှုန်နေ၏။ လောကကျောက်တုံးက ဝူယုလက်ထဲ ပါသွားပြီ ဖြစ်သလို ဓားမှာလည်း ဖျက်ဆီး ခံလိုက်ရပြီ ဖြစ်သည်။ ဘယ်လောက် ဒေါသထွက်စရာ ကောင်လိုက်သနည်း။ ထိုနန်စီယန်ကူးမှာ ဘယ်လောက် အသုံးမကျလိုက်သနည်း။
ဘယ်လိုပဲ ဖြစ်ဖြစ်... အစီအစဉ်ကိုတော့ ရှေ့ဆက်ရလိမ့်မည် ဖြစ်သည်။ သူ ခြေတစ်လှမ်းတိုးကာ အစီအစဉ်ကို ကြေညာဖို့ ဆုံးဖြတ်လိုက်၏။
ဝှစ်...
ထိုအခိုက်တွင်ပင် အာကာသလှိုင်း တစ်ခုမှာ အပေါ်တည့်တည့်မှ ပျံ့လွင့်လာခဲ့၏။ ရှန်းကျီးကျိ၏ အမူအရာက ပြောင်းလဲ သွားကာ အပေါ်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် အပြုံးတစ်ခုမှာ သူ့နှုတ်ခမ်းထက်၌ ဖြစ်ပေါ် လာခဲ့၏။
ဝှစ်... ဝှစ်...
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် လှပသော မိန်းကလေး တစ်ယောက်မှာ ရှန်းကျီးကျိ၏ အရှေ့သို့ ရောက်ရှိ လာခဲ့၏။
“ကျွန်မ နောက်မကျသေးဘူး ဟုတ်တယ်မလား...”
***