ယန်ချောင်ယွီနှင့် ဖေးယဲ့လီယင်
Vol. 69 Ch. 955
မတူကွဲပြားသည့် နောက်ခံ အသိုင်းအဝိုင်းများနှင့် မိန်းကလေး နှစ်ယောက်မှာ စည်းစိမ် ကွင်းပြင်၌ မျက်နှာချင်း ဆိုင်ကာ ရပ်မိကြပြီ ဖြစ်သည်။ ဝိညာဥ်အလင်းတန်းများ၏ မီးမောင်း ထိုးပြမှုနှင့် အတူ လူအများ၏ စိတ်လှုပ်ရှားမှုများက အထွတ်အထိပ်ကို ရောက်ရှိ နေကြပြီ ဖြစ်လေသည်။
ဝိညာဥ် ကျောက်တိုင်များရှေ့မှ အော်ဟစ် အားပေးနေကြသည့် ပရိသတ်များ၏ အော်ဟစ်သံများမှာ အစီအရင်များမှ တစ်ဆင့် ထွင်းဖောက်ကာ စည်းစိမ် ကွင်းပြင်တွင် ပျံ့လွင့် နေခဲ့၏။ အထူးသဖြင့် နတ်မိမယ် ယန်ချောင်ယွီ၏ တစ်ခေတ်ကို ကောင်းကောင်းကြီး မှီလိုက်သည့် လူလတ်ပိုင်း အမျိုးသား ကျင့်ကြံသူများ၏ အားပေးသံများပင်။
“ယန်ချောင်ယွီကွ... ငါတို့ရဲ့ မင်းသမီးလေး...”
“လေပြည်ကောင်းကင် ဧကရီဆိုတာ ဘာလဲ ပြလိုက်စမ်း...”
အခြားတစ်ဖက်၌ ဖေးယဲ့လီယင်ကတော့ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမနှင့် ပြဿနာများကြောင့် အမုန်းတရားများနှင့်သာ ပိုမို ရင်ဆိုင် နေရ၏။
“သစ္စာဖောက်မ သေစမ်း... သူ့ခေါင်းကို ဖြတ်ပစ်လိုက်...”
“ခွေးမ... နင်က မြေကြီး ရှန့်ထို အဆင့်နဲ့ မတန်ဘူး... သူ့ရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်...”
ရှန်းကျီးကျိမှာ ရည်ရွယ်ချက် ရှိရှိပင် ထိုအသံများကို စည်းစိမ် ကွင်းပြင်ထံ ထုတ်လွှတ်ထားခြင်း ဖြစ်သည်။ ထိုအရာက စိတ်ဓာတ် စစ်ဆင်ရေး တစ်ခုပင် ဖြစ်ကာ တိုက်ပွဲ မဝင်ခင်တည်းက ဖေးယဲ့လီယင် စိတ်ထွေပြားသွားစေဖို့ ရည်ရွယ်ထားခြင်း ဖြစ်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... ဖေးယဲ့လီယင်ဘက်မှ အားပေးကာ စိန်ခေါ်ပွဲကို အနိုင်ယူလျှက် အပြစ်ကင်းစင်ကြောင်း သက်သေပြစေချင်သည့် လူအချို့လည်း ရှိနေသေးဆဲ ဖြစ်သည်။ ဖေးယဲ့လီယင်နှင့် ပတ်သက်နေသမျှ အရာအားလုံးက နားလည်မှု လွဲမှားခြင်း သက်သက်သာ ဖြစ်ကြောင်း ဇာတ်ညွှန်းကောင်းဖြင့် အဆုံးသတ် စေလိုသည်။
ယန်ချောင်ယွီက အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ ပြိုင်ဘက်အား အနိုင်ရရန် ထိုကဲ့သို့ ညစ်ပတ်သည့် နည်းလမ်းများ သုံးခြင်းကို သူမ မနှစ်သက်ချေ။ ကြယ်တာရာ နယ်မြေ၏ ထွဋ်ခေါင် မြေကြီးရှန့်ထိုများ အနေဖြင့် လူအများရှေ့၌ ယှဉ်ပြိုင် တိုက်ခိုက်ရာတွင် ဂုဏ်သရေကို ထည့်သွင်း စဉ်းစားသင့်ပေသည်။
အမှန်အတိုင်း ဝန်ခံရပါက... ရွှေရောင် အသက်နန်းတော်၏ အတွင်းရေး ကိစ္စများ၌ သူမ လုံးဝ ဝင်မပါချင်ပေ။ ရှန်းကျီးကျိနှင့်သာ မက သူမနှင့် မာ့ကျန်း အကြားတွင်လည်း ကောင်းမွန်သည့် ဆက်ဆံရေးများ ရှိပေသည်။ မဖြစ်မနေ အကြောင်းရင်းများကြောင့်သာ မဟုတ်ပါက ပါဝင်ရန်ပင် ယန်ချောင်ယွီ ငြင်းဆိုမိလိမ့်မည် ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ... နန်စီယန်ကူး၏ သေဆုံးခြင်းက မြေကြီးရှန့်ထိုများ၏ တိုက်ပွဲတွင် ဘာမဆို ဖြစ်သွားနိုင်ကြောင်း သင်ခန်းစာ တစ်ခု ဖြစ်သည်။ စမိသည့် ကိစ္စကို ပေါ့ပေါ့တန်တန် လုပ်၍ မရချေ။ ရှိသမျှ အစွမ်းအစ အကုန် ထုတ်သုံးကာ ရှင်သန်နိုင်ဖို့ ကြိုးပမ်း ရလိမ့်မည် ဖြစ်သည်။
ဖေးယဲ့လီယင်မှာလည်း ယန်ချောင်ယွီကဲ့သို့ပင် တွေးနေခဲ့ခြင်း ဖြစ်သည်။ မြေကြီး ရှန့်ထိုများ၏ တိုက်ပွဲ၌ အနိုင်အရှုံးက ရလဒ် အတွက်သာ မက ဂုဏ်သိက္ခာ အတွက်ပါ အလွန် အရေးကြီးသည်။ နောက်ပိုင်း ခေတ်များတွင် ဝူယု၏ ဒဏ္ဍာရီများ အကြောင်း ပြောကြတိုင်း နန်စီယန်ကူး၏ နာမည်က ညှိုးငယ်စွာဖြင့် ပါဝင် လာတော့မည် ဖြစ်သည်။ ထိုကဲ့သို့ ကံကြမ္မာဆိုးမျိုးကို မည်သူက လိုလားမည်နည်း။
ဖေးယင့်လီယင်၏ အပြာရောင် မျက်ဝန်းများမှာ မိုင်ပေါင်း တစ်သိန်းကျော် အကွာအဝေးမှ ယန်ချောင်ယွီကို စိုက်ကြည့် နေခဲ့၏။ ထိုကောင်းကင် ဧကရာဇ်မှာ အလွန်ပင် လှပကာ ခန္ဓာကိုယ်နှင့် ကပ်နေသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော်လည်း ဖေးယဲ့လီယင်ကတော့ ထိုမိန်းမလှလေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ လေထု အတွင်း စိမ့်ဝင်နေသည့် အလွန် အစွမ်းထက်သော အော်ရာကိုသာ ခံစားရသည်။ ၎င်းက အလွန်ပင် ပြင်းထန်လှကာ သာမန် မြေကြီး ရှန့်ထိုများနှင့် ခြားနားကြောင်း ဖော်ပြနေသည်။
အခြားတစ်ဖက်၌ ယန်ချောင်ယွီမှာလည်း ဖေးယဲ့လီယင်ကို ပြန်လည် စိုက်ကြည့် နေ၏။ ထိုဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထိုဟောင်းမှာ အလွန်အမင်း လှပခြင်း မရှိလှချေ။ သို့သော်လည်း... သူမ၏ အော်ရာက အလွန်ပင် တည်ငြိမ်ကာ ကျင့်ကြံသူ တစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် ဆုံးဖြတ်ချက် ပြတ်သားခြင်းမျိုးကို ဖော်ပြနေသည်။ မည်သည့် ပြင်ပ သက်ရောက်မှုမှ သူမ၏ အတွေးနှင့် စိတ်တည်ငြိမ်မှုတို့ကို နှောက်ယှက်နိုင်ပုံ မရချေ။
ပြိုင်ပွဲဝင် နှစ်ယောက်မှာ အကြည့်ချင်းဆုံကာ တိတ်ဆိတ်နေကြ၏။ အကယ်၍ အကြည့်ချင်း ဆုံခြင်းကသာ မီးပွားများ အဖြစ် ပြောင်းလဲနိုင်လျှင် တစ်လောကလုံး မီးတဟုန်းဟုန်း တောက်သွားလိမ့်မည် ဖြစ်လေသည်။
စောင့်ကြည့် နေကြသူများမှာ အကြောင်းပြချက် မရှိ အသက်ရှူ မှားသွားကြ၏။ သူတို့၏ နှလုံးသားများက ပိုမို ပြင်းထန်စွာ တုန်ရီ လာသည်။ သူတို့ အလိုအလျောက်ပင် လက်သီးများကို ဆုပ်လိုက်မိကာ လက်ဝါးများမှာ ချွေးများဖြင့် စိုရွှဲ လာခဲ့၏။
စည်းစိမ် ကွင်းပြင် အတွင်း၌ လေထုမှာ ငြိမ်သက် နေသည့်တိုင် အလွန် ပြင်းထန်သည့် ဖိအား တစ်ခုက နေရာတိုင်းကို စိမ့်ဝင် ပျံ့နှ့့နေသည်။ လေးဖက်လေးတန်ရှိ အာကာသ နံရံများမှာ တံလျပ် လှိုင်းများ ပြေးနေသည့် အလား တဖျပ်ဖျပ် လွင့်ခါနေ၏။ ကျန်ရှိနေဆဲ ဖြစ်သည့် နန်စီယန်ကူး၏ ဓားစွမ်းအင်များ ပင်လျှင် တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
ဘုန်း...
ရုတ်ချည်းပင် ပေါက်ကွဲမှု နှစ်ခု ဖြစ်ပေါ်လာ၏။ ထိုပေါက်ကွဲမှု နှစ်ခုက အလွန်ပင် ချိန်သားကိုက်လှကာ လူတိုင်း ကြားနိုင်၊ ခံစားနိုင်ပေ၏။ မြေကြီး ရှန့်ထို နျစ်ယောက်မှာ သူတို့၏ လျှို့ဝှက် အော်ရာများကို အကန့်အသတ်ထိ ရောက်အောင် လွှတ်ထုတ် လိုက်ကြသည်။ ယန်ချောင်ယွီ၏ ခန္ဓာကိုယ်က အစိမ်းဖျော့ရောင် အလင်း တစ်ခုဖြင့် လင်းလက် လာစဉ်တွင် ဖေးယဲ့လီယင်၏ ခန္ဓာကိုယ်ကတော့ အပြာရောင် အလင်းဖြင့် တောက်ပလာ၏။
သူတို့က အခြေခံ အကျဆုံး ခုခံရေး စွမ်းအင် တစ်မျိုး ဖြစ်သည့် လျှို့ဝှက် အကာအကွယ်များကို ဖန်တီး လိုက်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း မြေကြီး ရှန့်ထို အဆင့်တွင်တော့ နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက် အပြင် ရောင်စဉ်နှင့် ဝိညာဉ် သင်္ကေတများအား အပြည့်အဝ နားလည်မှ ထိုစွမ်းအားကို အကန့်အသတ် ရောက်အောင် ဖော်ထုတ် နိုင်လိမ့်မည် ဖြစ်သည်။
ဟူး... ဟူး...
လျှို့ဝှက် သင်္ကေ သောင်းပေါင်းများစွာမှာ မိန်းကလေး နှစ်ယောက်၏ ခန္ဓာကိုယ် ပတ်လည်တွင် ဝန်းရံကာ လောကကို လွှမ်းမိုး ဝါးမြိုရန် ကြိုးပမ်း ကြတော့၏။ ၎င်းတို့က စစ်မြေပြင်မှ တစ်သည်တော်များ အလား တစ်ဖက်နှင့် တစ်ဖက် ကြမ်းတမ်းစွာပင် ပွတ်တိုက် တိုက်ခိုက် နေကြသည်။
ဘုန်း... ဘုန်း...
ပေါက်ကွဲမှုများ၏ နေရာအနှံ့ပင် ဖြစ်ပေါ်လာကာ စည်းစိမ် ကွင်းပြင် တစ်ခုလုံးမှာ ကစဉ့်ကလျား အခြေအနေသို့ ကျရောက် သွား၏။ စည်းစိမ် ကွင်းပြင်၏ အာကာသ နံရံများမှာ ပိုမို ပြင်းထန်စွာ လှုပ်ခတ် လာကြ၏၊
ယန်ချောင်ယွီနှင့် ဖေးယဲ့လီယင်တို့ နှစ်ယောက် စလုံးမှာ သူတို့၏ လျှို့ဝှက် အဆင့် ကျင့်ကြံခြင်း အခြေခံများကို အပြည့်အဝပင် ဖော်ထုတ် နေကြပြီ ဖြစ်လေသည်။ သူတို့က ဘာကိုမှ ထိန်ချန်ထားခြင်း မရှိကြတော့ချေ။
မရေမတွက်နိုင်သည့် လျှို့ဝှက် အာဏာရှင် အဆင့်များမှာ မြေကြီး ရှန့်ထို အဆင့်များ ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း အခြေခံများကို ကြည့်ကာ ထိတ်လန့် တုန်လှုပ် သွားကြ၏။
ဖေးယဲ့လီယင်မှာ လမ်းစဉ်ငါးခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်ကာ မန်နာ၊ ဝိညာဥ်၊ ရောင်စဉ်၊ ဆက်သွယ်ခြင်းနှင့် ထာဝရ လမ်းစဉ်များကို နားလည်ထား၏။ ထိုလမ်းစဉ် တစ်ခုချင်းစီကလည်း အလွန်ပင် သိပ်သည်း ထူထပ်လှကာ အချိန်ကာလ ရှည်ကြာစွာအခြေခံ ခိုင်မာအောင် ကျင့်ကြံထားကြောင်း သိသာ လှပေသည်။
ယန်ချောင်ယွီမှာလည်း နောက်ကျ ကျန်ရစ်ခြင်း မရှိပါချေ။ သူမကလည်း မန်နာ၊ ဝိညာဥ်၊ ရောင်စဉ်၊ သမုဒ္ဒရာနှင့် ထာဝရ တည်းဟူသောာ လမ်းစဉ် ငါးရပ်ကို ပိုင်ဆိုင်ထား၏။
လမ်းစဉ် ငါးခု...
ဝူယုလို ပုဂ္ဂိုလ်ကြီးနှင့် နှိုင်းယှဉ်ပါက ၎င်းက နိမ့်ကျကောင်း နိမ့်ကျနိုင်သည့်တိုင် မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင်တော့ ထိပ်တန်း အဆင့် ဖြစ်နေသေးဆဲ ဖြစ်သည်။ ထာဝရ သူရဲကောင်းများလို နာမည်ကျော် မြေကြီးရှန့်ထိုများ ပင်လျှင် လမ်းစဉ် သုံးခုသာ ပိုင်ဆိုင်ထားခြင်းအား ထောက်ချင့်ရပါက သူတို့၏ အဆင့်အတန်းကို ခန့်မှန်းနိုင်ပေသည်။
ဘုန်း... ဘုန်း...
ပေါက်ကွဲသံများက ပိုမို ကျယ်လောင်၍ လာ၏။ ယန်ချောင်ယွီ၏ လျှို့ဝှက် အော်ရာများက လျှို့ဝှက် သင်္ကေတ သောင်းပေါင်းများစွာ ပါဝင်သော မုန်တိုင်းများ အဖြစ် ပြောင်းလဲကာ မဟာသမုဒ္ဒရာ တစ်ခုလို အရှိန်မျိုးဖြင့် ဖေးယဲ့လီယင် အပေါ် ဖိနှိပ်ရန် ကြိုးပမ်းနေသည်။
တစ်ချိန်တည်း၌ ဖေးယဲ့လီယင်ကလည်း တူညီသည့် ခွန်အားမျိုးကို ထုတ်ဖော်ကာ ယန်ချောင်ယွီ အပေါ် လွှမ်းမိုးဖို့ ပြန်လည် ကြိုးပမ်းနေ၏။
မြေကြီး ရှန့်ထို နှစ်ယောက်မှာ ခြေတစ်လှမ်းမျှ မလှုပ်ရှားရသေးချေ။ သို့သော်လည်း သူတို့၏ လျှို့ဝှက် အော်ရာများ ထုတ်လွှတ်မှု အောက်တွင် စည်းစိမ်ကွင်းပြင် တစ်ခုလုံးကတော့ ပြိုကျ မတတ် တုန်ရီ ယိမ်းထိုး နေခဲ့ပြီ ဖြစ်သည်။ မသိပါက သေမျိုးလောကအတွင်း၌ အင်အားကြီး ငလျင် တစ်ခု အဆက်မပြတ် တုန်လှုပ်နေသည့် အလားပင်။
“အာကာသ နံရံတွေ ပျက်စီး သွားတော့မှာလား...”
ယင်ကျိရန်ရှီ ကယ်တင်ခံထးရသည့် လျှို့ဝှက်ဝိညာဥ် အဆင့် ကျင့်ကြံသူက ကြောက်ရွံ့ တုန်ရီစွာ မေးလိုက်၏။ တစ်ခါ ခဲမှန်ဖူးသည့် စာသူငယ်လို သူမမှာ မြေကြီး ရှန့်ထို အဆင့်များ၏ တိုက်ပွဲ အကျိုးဆက်များကို အလွန်ပင် ထိတ်လန့် နေခဲ့ပြီ ဖြစ်သည်။
“မပျက်စီးပါဘူး...”
ယင်ကျိရန်ရှီက တည်ငြိမ်စွာ ပြောလိုက်၏။ သို့သော်လည်း... အချိန်မရွေး နောက်ဆုတ်ရန် အဆင်သင့် ပြင်ထားသည့် သူ၏ ခြေထောက်များက ထိုစကားကို သစ္စာဖောက်နေပေသည်။ သူက မိန်းမကြီး ကဲ့သို့ပင် စိတ်မလုံခြုံမှုကို ခံစားနေရကြောင်း ရှင်းလင်းပေသည်။
အခြားတစ်ဖက်၌ ယင်ကျိယန်ရှီကတော့ တည်ငြိမ်စွာပင် တိုက်ပွဲကို ကြည့်နေသေးဆဲ ဖြစ်သည်။ ဖေးယဲ့လီယင်နှင့် ယန်ချောင်ယွီတို့ နှစ်ယောက် စလုံးမှာ ကြယ်တာရာ နယ်မြေ၏ ထိပ်တန်း မြေကြီး ရှန့်ထိုများ အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုရန် ထိုက်တန်သူများ ဖြစ်ကြသည်။ သူတို့ နှစ်ယောက်စလုံးက အလွန်အမင်း ကြောက်စရာ ကောင်းလှပေသည်။
ဝှစ်... ဝှစ်...
ရုတ်တရက် တိုင်ပင်ထားသည့် အလားပင် ပြန့်ကျဲနေသည့်လျှို့ဝှက် အော်ရာများမှာ ပြန်လည် စုစည်းသွားကာ မြေကြီး ရှန့်ထို နှစ်ယောက်၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက် သွားကြ၏။ တဟုန်းဟုန်း တုန်ရီကာ ပေါက်ကွဲ မတတ် ဖြစ်နေသည့် စည်းစိမ် ကွင်းပြင် တစ်ခုလုံးက ပြန်လည် ငြိမ်ကျသွားသည်။
မိန်းကလေး နှစ်ယောက်၏ မျက်လုံးများက နောက်တစ်ကြိမ် အကြည့်ချင်း ဆုံသွားကြ၏။
“စမ်းသပ်တဲ့ အဆင့်က ပြီးသင့်ပြီ...”
ဝူယုက ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။ သို့သော်လည်း စိတ်လှုပ်ရှားသည့် အငွေ့အသက်များမှာ သူ့ အသံ အတွင်း စိမ့်ဝင် နေ၏။ ထိုမိန်းမ နှစ်ယောက်၏ တိုက်ပွဲက တော်ရုံတန်ရုံ မဖြစ်မှာ ကျိန်းသေ နေချေပြီ ဖြစ်လေသည်။ ၎င်းက အလွန်ပင် ကြမ်းတမ်း ခက်ထန်ပေလိမ့်မည်။
***