ယန်ချောင်ယီနှင့် ဖေးယဲ့လီယင် (၂)
Vol. 69 Ch. 956
စည်းစိမ် ကွင်းပြင် အတွင်းရှိ မိုင်ပေါင်း သောင်းကျော်သော လေထုဝန်းကျင် တစ်ခုလုံးမှာ အလွန်အမင်း ကြောက်စရာ ကောင်းနေ၏။ ဧရိယာတစ်ခုလုံးက မှုန်ရီဝေဝါးနေကာ လက်ရည်စမ်း တိုက်ပွဲ၏ အကျိုးဆက် အနေဖြင့် လေထု၊ အလင်းနှင့် အပူချိန်တို့မှာ ဝရုန်းသုန်းကား ဖြစ်နေသည်။ လျှို့ဝှက် ရည်ရွယ်ချက်များမှာ ထိုရှုဒေါင့် သုံးခုလုံးတွင် စိမ့်ဝင် ပေါင်းစပ် နေကြ၏။
အကယ်၍ လျှို့ဝှက် ဝိညာဥ် အဆင့်များသာ ထိုလေကို ရှူမိပါက အလွန်အမင်း ပူပြင်းမှုကို ခံစားရကာ လျှို့ဝှက် ဝိညာဥ်များ ပင်လျှင် စိတ်လှုပ်ရှားစွာ ဟိန်းဟောက် ကြလိမ့်မည် ဖြစ်သည်။
ဤသည်က ဝူယု၊ နန်စီယန်ကူးတို့၏ တစ်ဖက်သတ် တိုက်ပွဲနှင့် ခြားနားစွာပင် လက်ရည်တူ၊ ခွန်အားတူ တိုက်ပွဲ တစ်ခု ဖြစ်သည်။
“…”
တိတ်ဆိတ်မှုက တစ်လောကလုံးကို ကြီးစိုးနေဆဲ ဖြစ်သည်။ မရေမတွက်နိုင်သော လူများ၏ အသက်ရှူသံများက ပိုမို တိတ်ဆိတ် လာကြ၏။ ပြိုင်ပွဲဝင် နှစ်ယောက်မှာ ခြေတစ်လှမ်းမျှ လှုပ်ရှားခြင်း မပြုရသေးသည့်တိုင် စစ်ပွဲတစ်ခုကို အားလုံး ခံစားမိနေသည်.
“စတော့မယ်...”
ဝူယု၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပလာ၏။ သူက ဝိညာဥ်အာရုံကို အမြင့်ဆုံးထိ မောင်းနှင်လိုက်ကာ တိုက်ပွဲကို အပြည့်အဝ အာရုံစိုက်ဖို့ ပြင်လိုက်သည်။ တစ်ချိန်တည်း၌ အခြား မြေကြီး ရှန့်ထိုများမှာလည်း အလားတူပင် လိုက်လံ လုပ်ဆောင် လိုက်ကြ၏။
သူတို့၏ လုပ်ဆောင်မှုများက စတင်ရန် အချက်ပေး ခေါင်းလောင်းသံ တစ်ခုလိုပင် ဖြစ်၏။
ဘုန်း...
ပထမဆုံး စတင် လှုပ်ရှားလာသူက ဖေးယဲ့လီယင်ပင် ဖြစ်သည်။ သူမက လက်များကို မလိုက်ကာ လက်ချောင်းများကို အကန့်အသတ် ရောက်အောင် ဆန့်ထုတ်လိုက်၏။ ထိုလက်ချောင်းများက ရုပ်သေးရုပ် တစ်ခုကို ဆွဲနေသည့် အလား နတ္ထိဟင်းလင်းပြင်ထဲတွင် စတင် လှုပ်ရှားလာသည်။ နူးညံ့သည့် ရေအလင်းများမှာ သူ၏ လက်ချောင်းများ ထိပ်၌ ဖွဲ့စည်းလာ၏။
တစ်ချိန်တည်း၌... လေထုက ရေမျက်နှာပြင် တစ်ခု ဖြစ်လာသည့် အလား သူမ၏ ပတ်လည်တွင် ရေလှိုင်းများ စတင် ပေါ်ထွက်လာသည်။
ဗွက်... ဗွက်... ဗွက်...
ရေမျက်နှာပြင် တစ်ခုပေါ်သို့ ရေစက်များ ကျဆင်းနေသည့် အသံများမှာ အဆုံးမဲ့စွာ ဖြစ်ပေါ်လာ၏။ ၎င်းက ထူးဆန်းစွာပင် သေမျိုးများ၏ စိတ်ကို တည်ငြိမ်မှု အာရုံ တစ်ခု ဖြစ်ပေါ်စေသည်။ သို့သော်လည်း အစစ်အမှန် ပညာရှင်ကြီးများကတော့ ထိုအသံများ၏ နောက်ကွယ်၌ ပုန်းကွယ်နေသည့် ကြောက်မက်ဖွယ် အန္တရာယ်ကို ခံစားမိ နေခဲ့၏။ ရင်ဘတ် အတွင်းရှိ သူတို့၏ နှလုံးသားများက တဒုန်းဒုန်း မြည်ဟီး လာခဲ့လေသည်.
ယန်ချောင်ယွီမှာလည်း တစ်စက္ကန့်ပင် နောက်အကျမခံပဲ ချက်ချင်း လှုပ်ရှားလာ၏။ ဖေးယဲ့လီယင်နှင့် ခြားနားစွာပင် သူမက နတ္ထိ ဟင်းလင်းပြင်ကို ကြမ်းတမ်း ခက်ထန်စွာ ဆုပ်ကိုင်လိုက်ခြင်း ဖြစ်သည်။ သူမ၏ လှုပ်ရှားမှုက အလွန်ပင် အင်အား ပြင်းထန်လေရာ အာကာသ အတွင်းကိုပင် ဖောက်ဝင် သွားခဲ့၏။
ဘုန်း...
ထို့နောက်... ယန်ချောင်ယွီက လက်ကို ပြန်လည် ဆွဲထုတ်လိုက်၏။ ထိုအခါ သူ့လက်ထဲတွင် ရှစ်လက်မ အရွယ် အစိမ်းရောင် ဖန်သား သဲနာရီ တစ်ခု ပါလာခဲ့သည်။ သို့သော်လည်း နာရီထဲ၌ သဲမပါချေ။ အောက်ခြေပိုင်းနှင့် အပေါ်ပိုင်း တစ်ဖက်တစ်ချက်တွင် အသေးစား လေဆင်နှာမောင်း နှစ်ခုသာ ပါလာခဲ့၏။
သဲနာရီ ထွက်ပေါ်လာသည်နှင့် တစ်ပြိုက်နက် လေများက ကြမ်းတမ်း ခက်ထန်စွာ တိုက်ခိုက်လာ၏။ ထူးကဲသော တည်ရှိမှု တစ်ခုဖြင့် နှိုးဆွလိုက်သည့် အလား လောကနယ်မြေ အတွင်းရှိ သာမန် လေများ ပင်လျှင် ယန်ချောင်ယွီ၏ ပတ်လည်တွင် စတင် လှည့်ပတ် လာခဲ့သည်။ ၎င်းတို့က သာမန်မျက်စိဖြင့် မြင်နိုင်အောင်ပင် အစိမ်းရောင် အလင်း တစ်ခုဖြင့် တောက်ပနေခဲ့၏။
“အဆုံးမဲ့လေ သဲနာရီ...”
ယင်ကျိရန်ရှီက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ ၎င်းက... လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ကတည်းက စ၍ ယန်ချောင်ယွီ မြင့်တက်လာခဲ့သည့် ကာလတစ်လျှောက်လုံး အတူယှဉ်တွဲကာ နာမည်ကြီးခဲ့သည့် ပြိုင်စံရှား လက်နက်တစ်ခု ဖြစ်ခဲ့သည်။ ၎င်းက ယန်ချောင်ယွီ၏ အကြီးကျယ်ဆုံး ရတနာလည်း ဖြစ်ပေသည်။
ယန်ချောင်ယွီ၏ အဆုံးမဲ့လေ သဲနာရီကို ကြည့်ရင်း ဖေးယဲ့လီယင်၏ မျက်လုံးများက ပိုမို လေးနက် သွားခဲ့၏။ ပြိုင်ဘက်က ပိုင်ဆိုင်သမျှ အရာအားလုံးကို ထုတ်သုံးနေပြီ ဖြစ်ကြောင်း သူမ သိရှိလိုက်ပြီ ဖြစ်သည်။ ဖေးယဲ့လီယင် တုန့်ဆိုင်းခြင်း မရှိချေ။ အသက်ကို ခပ်ပြင်းပြင်း ရှူကာ လက်ဟန် ချိပ်စည်း အချို့ကို ဖန်တီး လိုက်လေ၏။
ပေါက်... ပေါက်...
မျက်ရည်ကဲ့သို့,,, မိုးရေပေါက်များက ရုတ်ချည်းပင် အေးခဲသွားကာ ရေအလင်းများမှာ ဖေးယဲ့လီယင်၏ နဖူးတွင် ထွန်းလင်း လာခဲ့သည်။ ထို့နောက်... သူမ၏ မျက်လုံးများမှာ အပြာရောင် အလင်းများ အဖြစ် ပြောင်းလဲ သွားခဲ့၏။
“ပင်လယ် မျက်ရည်...”
ရှန်းကျီးကျီ၏ လေသံက နူးညံ့သည့်တိုင် အမည်ဖော်ခြင်းငှာ မစွမ်းနိုင်သည့် ဖိအားများ ပါဝင်နေ၏။ မြေကြီး ရှန့်ထို နှစ်ယောက်စလုံးမှာ ကိုယ်ပိုင် ဒဏ္ဍာရီများကို တည်ဆောက်ခဲ့သည့် လက်နက်များအား ထုတ်သုံး နေခဲ့ကြပြီ ဖြစ်လေသည်။
ယန်ချောင်ယွီက သဲနာရီကို လေထဲသို့ ပစ်လိုက်၏။ ထို့နောက် ခြေထောက်အောက်ရှိ ဟင်းလင်းပြင်ကို အရှိန်အဟုန် ပြင်းစွာဖြင့် ဆောင့်နင်းကာ ဖေးယဲ့လီယင်ဆီ ဦးတည် လိုက်၏။ သေမျိုး မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူမက မိုင်သောင်းပေါင်းများစွာကို ဖြတ်သန်း သွားသည်။
ဖေးယဲ့လီယင်၏ လက်များက လျှင်မြန်စွာ လှုပ်ရှား သွားကာ အရပ် မျက်နှာတိုင်းကို လက်ချောင်းများဖြင့် တို့ထိ လိုက်သည်။ ဖြူစင်ကာ အညစ်အကြေး ကင်းသည့် ရေစက် တစ်စက်မှာ သူမ၏ မျက်ရည်ပင်လယ်မှ ထွက်ပေါ် လာ၏။ ၎င်းက အလွန်အမင်း သိပ်သည်း၊ သန့်စင်ကာ လတ်ဆတ်ပေသည်။ သို့တိုင်အောင် ရေတစ်ပေါက် ဖြစ်နေသေးဆဲ ဖြစ်သည်။
ထို့နောက် နောက်ထပ် ရေတစ်ပေါက်...
နှစ်ပေါက်... လေးပေါက်...
ရှစ်ပေါက်...
ထိုမှတစ်ဆင့် သောင်းပေါင်းများစွာသော ရေပေါက်များ အဖြစ် ပြန့်ကား သွားကာ တစ်မခန့်စီ ခြားနားလျှက် နေရာတိုင်းကို သိမ်းပိုက်လိုက်၏။ ထိုဖြစ်စဉ်ကို ဖော်ပြရသည်မှာ ကြာမြင့်သည့် အမှန်တကယ်တွင် တစ်စက္ကန့်၏ အပုံ တစ်ရာပုံ တစ်ပုံခန့် အတွင်း ဖြစ်ပွားသွားခဲ့ခြင်း ဖြစ်သည်။
ထိုရေပေါက် အားလုံးမှာ အဆုံးမဲ့ ရေစွမ်းအင်များကို ထိန်းသိမ်း ထား၏။ ၎င်းတို့က ဖေးယဲ့လီယင်ကို ဧကရီ တစ်ပါး အလား အဖက်ဖက်မှ ဝန်းရံ၍ တစ်လောကလုံးကို စစ်ကြေညာနေဟန် ရ၏။
သို့သော်လည်း ယန်ချောင်ယွီက ထိုအရာအားလုံးကို လျစ်လျူကာ ဆက်လက် တိုးဝင်လာဆဲ ဖြစ်သည်။ သူမက အလွန် လျှင်မြန်ကာ ဖေးယဲ့လီယင် အပေါ်ကို ဒေါသတကြီး မုန်တိုင်း တစ်ခုလိုမျိုး ဆင်းသက်လာ၏။ ဖေးယဲ့လီယင်ကလည်း တည်ငြိမ်စွာပင် တုန့်ပြန်သည်။ သူမက လက်ကို မြှောက်ကာ ရှေ့ကို တည်ငြိမ်စွာပင် ဆန့်ထုတ် လိုက်၏။
သောင်းပေါင်းများစွာသော ရေစက်ကလေးများက လှုပ်ခါ သွားကာ ရေစွမ်းအင်များကို မိုင်ပေါင်း သောင်းချီတိုင်အောင် ထုတ်လွှတ် လိုက်သည်။ အဆုံးမဲ့လှိုင်းများက ပေါက်ကွဲလာကာ ယန်ချောင်ယွီထံ ဦးတည်၍ တိုးဝင် သွား၏။
ပင်လယ် ချုပ်နှောင်ခြင်း...
ယန်ချောင်ယွီ၏ မျက်လုံးများက ကျဉ်းမြောင်း သွားကာ လျှို့ဝှက် အကာအကွယ်ကို ဖြန့်ကျက်၍ တိုးဝင်လာသည့် စွမ်းအင်လှိုင်းများကို တားဆီးလိုက်၏။ တစ်ချိန်တည်း၌ သူမ၏ လေပွေလှိုင်းများက ဖေးယဲ့လီယင်ထံ ရောက်ရှိရန် မိုင်တစ်ထောင်မျှသာ ကွာဝေး ပေတော့သည်။ သို့သော်လည်း သူမ ရှေ့ကို တိုးဖို့ ကြိုးစားလေလေ... ရေပေါက်များထံမှ ထုတ်လွှတ်သည့် စွမ်းအားက ပိုမို ပြင်းထန်လေလေ ဖြစ်သည်။
ယန်ချောင်ယွီမှာ ခန္ဓာကိုယ် တစ်ခုလုံးက ပိုမို လေးပင်လာသလို ခံစားလိုက်ရ၏။ ခန္ဓာကိုယ် အလေးချိန် ပြောင်းလဲ သွားခြင်းကြောင်း မဟုတ်ပါချေ။ တစ်လောကလုံးမှာ ရှိသည့် ရေစွမ်းအင်များထံမှ ကြောက်မက်ဖွယ် ကောင်းသည့် ဖိအားများကြောင့်ပင် ဖြစ်လေ၏။ အကယ်၍ သူမ နေရာတွင် သာမန် လျှို့ဝှက်ဝိညာဥ် အဆင့် ကျင့်ကြံသူ တစ်ယောက် ဆိုပါက... တစ်စက္ကန့်မျှ အချိန်အတွင်းမှာပင် ပေါက်ကွဲကာ သေဆုံး သွားရလိမ့်မည် ဖြစ်လေသည်။
သို့သော်လည်း... ယန်ချောင်ယွီမှာ ရပ်ဆိုင်းခြင်း မရှိချေ။ သူမ၏ ခြေထောက်များက အဟန့်အတား မရှိ ဆက်လက် ရွေ့လျားနေကာ ရှေ့ကို ဆက်လက် တိုးနေဆဲ ဖြစ်လေ၏။ သူမ၏ ခန္ဓာကိုယ်က သာမန် မြေကြီး ရှန့်ထို အဆင့်များ၏ စံချိန်စံနှုန်းများထက် ပိုမို မြင့်မားတာ သေချာလှပေသည်။ သူမကို ကြည့်ကာ ဖေးယဲ့လီယင် ပင်လျှင် အနည်းငယ် အံ့အားသင့် သွားခဲ့၏။
ဝှစ်... ဝှစ်...
ခြေတစ်လှမ်းလျှင် မိုင်ဒါဇင် ဂဏန်းခန့်ကို ဖြတ်ကျော်ကာ ယန်ချောင်ယွီမှာ ပိုမို၍ နီးကပ် လာနေခဲ့ပြီ ဖြစ်လေသည်။
ဖေးယဲ့လီယင်က မျက်မှောင်ကြုတ် လိုက်၏။ ယန်ချောင်ယွီ နာမည်စကြီးခဲ့သည့် နှစ်များတုန်းက တိုက်ခိုက်သည့် ပုံစံ၊ ဗျူဟာနှင့် နည်းလမ်းများကို သူမ သိထားပေသည်။ အနီးကပ် တိုက်ခိုက်ခြင်းက သူမ၏ အကြီးမားဆုံးသော အားသာချက် ဖြစ်ပေသည်။ ကြည့်ရသည်က ထိုကောင်းကင် ဧကရာဇ်မှာ များစွာ ပြောင်းလဲ သွားခြင်း မရှိပါချေ။
ဖေးယဲ့လီယင် အဆုံးမဲ့လေ သဲနာရီကို လှမ်းကြည့်လိုက်၏။ ၎င်းက အဝေး တစ်နေရာတွင် လွင့်မြောနေဆဲ ဖြစ်ပေသည်။
ဖေးယဲ့လီယင်မှာ ပေါ့လျော့ခြင်း မရှိပါချေ။ သူမ၏ လက်ချောင်းများက ကခုန် သွားကာ လက်ချောင်းထိပ်တွင် ရေစက်များ ပိုမို ထွက်ပေါ်လာ။ ထိုရေစက်များက အလင်းစမ်းချောင်းများ သဖွယ် စတင် ဖွဲ့စည်းလာကာ ဝိညာဉ် စွမ်းအင်နှင့် လျှို့ဝှက် စွမ်းအင် ရောနှောသည့် အင်အား တစ်ရပ်ကို ဖန်တီးလိုက်သည်။
အကယ်၍ ဝေ့ဝူယင်သာ ထိုမြင်ကွင်းကို မြင်ပါက အံသြသွားမိလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ထိုအရာက မူလနဂါးများလို ချိတ်ဆက် ဝင်္ကပါ တစ်ခု ဖြစ်နေသောကြောင့်ပင်။ ထိုကဲ့သို့ နည်းစနစ်မျိုးမှာ စွမ်းအင် ကုန်ခမ်းမှု အဆမတန် များပြားလေရာ အသုံးပြုသူ အလွန်ပင် ရှားပါးလှပေသည်။
ဖေးယဲ့လီယင် ထုတ်ဖော်လိုက်သည့် ချိတ်ဆက် ဝင်္ကပါကို ကြည့်ရင်း ယန်ချောင်ယွီမှာ အလွန် ပြင်းထန်သည့် အကြပ်အတည်းကို ခံစားလိုက်ရ၏။ အကယ်၍ ထိုဝင်္ကပါသာ ပြီးပြည့်စုံ သွားပါက သူမ လှုပ်ရှားရန်ပင် အခွင့်အရေး ရတော့မည် မဟုတ်ချေ။
ယန်ချောင်ယွီ ဘယ်ဘက်လက်ကို ကောင်းကင်ဆီ ဦးတည်၍ မြှောက် လိုက်၏။ အဆုံးမဲ့လေ သဲနာရီက အစိမ်းရောင် နေကြယ် တစ်စင်း အလား ပြင်းထန်သော ရောင်စဉ်များကို စတင် ထုတ်လွှတ်လာသည်။ ယန်ချောင်ယွီ လက်ကို အောက်ကို ပြန်စိုက်ချလိုက်၏။
ဘုန်း...
အဆုံးမဲ့လေ သဲနာရီက စည်းစိမ် ကွင်းပြင်၏ အောက်တည့်တည့်ကို ဦးတည်ကာ ဥက္ကာခဲ တစ်ခုလို ကျဆင်း သွား၏။ ၎င်းက ရပ်တန့်မည့် လက္ခဏာ မရှိပဲ ပြင်းထန်စွာပင် ကြမ်းပြင်ကို ဝင်တိုက် တော့မည့်ပုံ ရသည်။
ဖေးယဲ့လီယင်၏ မျက်လုံးများက ပြူးကျယ် သွားကာ လျှို့ဝှက်အကာအကွယ်ကို ထပ်မံ၍ တိုးမြှင့် လိုက်သည်။ အခြားတစ်ဖက်၌ ပင်လယ် ချုပ်နှောင်ခြင်း ဝင်္ကပါ အပေါ် သူမ၏ အာရုံစိုက်မှုက အနည်းငယ် လျော့ကျသွားသည်။
သို့သော်လည်း အဆုံးမဲ့လေ သဲနာရီက သူမထံ ဦးတည်မည့်ပုံ မရပဲ အောက်တည့်တည့်ကိုသာ ဆက်လက် ကျဆင်းနေလေရာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။
ဘုန်း...
အဆုံးမဲ့လေ သဲနာရီက ကြမ်းပြင်နှင့် ဝင်တိုက်သွားကာ အလွန်ပြင်းထန်သည့် ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ် လာ၏။
ဖေးယဲ့လီယင်သာ မက၊ မာ့ကျန်း၊ စွန်းလီ၊ ရှန်းကျီးကျိတို့ အပါအဝင် မြေကြီး ရှန့်ထို အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ သူတို့ ထိုအရာကို မျှော်လင့်မထားခဲ့ချေ။
ဘုန်း...
ထိုအခိုက်တွင်ပင် အလွန်ပြင်းထန်သည့် လေများမှာ ပေါက်ကွဲသွားသည့် နေရာမှ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် တိုက်ခတ် လာခဲ့တော့သည်။
***