← Chapters

အချိန်သုံးနာရီ

Vol. 69 Ch. 959

အချိန်သုံးနာရီ

Vol. 69 Ch. 959

“သူလား...”

မာ့ကျန်းက ဝူယုကို ဝိညာဥ်အာရုံဖြင့် မေးလိုက်၏။ ဝူယုက အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ထို့နောက် သူက လဲကျနေသည့် မြေကြီး ရှန့်ထို နှစ်ယောက်ဘက်ကို ပြန်ကြည့်လိုက်သည်။ အထူးသဖြင့် ယန်ချောင်ယွီကိုပင်။

အတန်ကြာပြီးနောက် သူက ခေါင်းညိတ်လိုက်၏။

“ဖြစ်နိုင်တယ်...”

သူ၏ လေသံက ဂုဏ်ယူသည့် အငွေ့အသက် အချို့ဖြင့် ပြည့်နှက် နေသည်။ မာ့ကျန်း၏ မျက်နှာထက်၌ ထူးဆန်းသည့် အမူအရာများ ပေါ်လာကာ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်၏။

အဘယ်ကြောင့်နည်း။ တိုက်ပွဲ၌ ယန်ချောင်ယွီ နိုင်ခဲ့သော‌ကြောင့်ပင်။ မှန်သည်။ ယန်ချောင်ယွီမှာ ဖေးယဲ့လီယင်ကို အနိုင်ယူခြ့သည်။

သို့သော်လည်း... သူမက အပျက်အစီးများ ကြားတွင် သ‌ရေရလဒ်ကို ဆွဲခေါ် သွားခဲ့သည်။ မာ့ကျန်းနှင့် ဝူယုတို့ နှစ်ယောက်စလုံးမှာ မန်နာ၊ ဝိညာဥ်၊ အာကာသနှင့် လောကီ အမျိုးအစား လျှို့ဝှက် သင်္ကေတများကို နားလည် ထားသည်။ ထို့ကြောင့် သူတို့၏ အာရုံခံ စွမ်းရည်မှာ အလွန်ပင် ထက်မြက်သည်။ လေမုန်တိုင်းများ အကြား၌ ယန်ချောင်ယွီမှာ သတိလစ် မေ့မြောနေသည့် ဖေးယဲ့လီယင်၏ လည်ပင်းကို ဆုပ်ကိုင်ထားသည်ကို သူတို့ မြင်ခဲ့ရသည်။

ယန်ချောင်ယွီမှာ ဖေးယဲ့လီယင်၏ လိပ်ခွံ အကာအကွယ်ကို ထိုးဖောက် နိုင်ခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင်တော့ သူမ ပြိုင်ဘက်ကို သတ်ဖြတ်ခြင်း မပြုခဲ့ချေ။ ဖေးယဲ့လီယင်နှင့် အတူသာ သတိလစ် မေ့မြော သွားခဲ့သည်။

“သူက သူ့ကိုယ်သူ ကောင်းကောင်း ဖုံးကွယ်နိုင်ခဲ့တာပဲ...”

မာ့ကျန်းက ခေါင်းခါကာ မှတ်ချက် ချလိုက်၏။ ဝူယုက သဘောကျဟန်ဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ကြည့်ရတာ ကျုပ် သခင်လေးက ခင်ဗျားကို နောက်တစ်ကြိမ် ဖေးမလိုက်ပြန်ပြီ”

အကယ်၍ ယန်ချောင်ယွီသာ ဖေးယဲ့လီယင်ကို အနိုင်ယူ လိုက်ပါက မာ့ကျန်း၏ အစီအစဉ်ကြီး တစ်ခုလုံး အပိုင်းပိုင်း အစစ ဖြစ်သွားလိမ့်မည် ဖြစ်သည်။ ယန်ချောင်ယွီမှာ ဤနေရာကို ရောက်မလာခင် ဝေ့ဝူယင်၏ ကြယ်တာရာ ကပ်ဘေးကို သွားကြည့်ခဲ့သည်ဟု ဆိုသည်။ ကြည့်ရသည်က သူတို့ အကြား၌ သဘောတူညီချက် တစ်ခုခု ရရှိခဲ့သည့်ပုံပင်။

မာ့ကျန်းက ပြုံးလိုက်ရင်း သမီးဖြစ်သူကို လှည့်ကြည့်လိုက်၏။ သူ၏ အိုမင်းနေသည့် မျက်လုံးများက ဆန်းကြယ်သည့် အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။

“သူ ရောက်လာရင် အားလုံး အဆင်ပြေသွားလိမ့်မယ်လို့ အဖေ မပြောခဲ့ဘူးလား...”

ဝေ့ဝူယင်၏ ရောက်ရှိလာခဲ့မှုက မရေမတွက်နိုင်သည့် အပြောင်းအလဲများကိုပါ ယူဆောင် လာခဲ့သည်။ ထိုအထဲ၌ အကောင်းများ ပါသလို အဆိုးများလည်း ပါသည်။ သို့သော်လည်း အရေး အကြီးဆုံးက... နောက်ဆုံး၌ ဒုက္ခသုက္ခ အားလုံး ဖုန်မှုန့်များ ကဲ့သို့ လွင့်စဉ် သွားခဲ့ခြင်း ဖြစ်သည်။

ဟုန်ယန်လျဲ့လန်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။ ဖြစ်စဉ် တစ်ခုလုံး၌ အန္တရာယ် မည်မျှ များခဲ့သည်ကို သူမ သိပေသည်။ အကယ်၍ ဆံချည်တစ်မျှင်စာမျှ လွဲချော်ခဲ့လျှင်ပင် မာ့ကျန်း၏နှစ်ပေါင်း ထောင်ချီ အစီအစဉ်များက နန်းတော် သခင် အတွက် ဖြစ်သွားပေလိမ့်မည်။

အခြားတစ်ဖက်၌ မာ့ဆုကျင်းကတော့ တွေဝေနေဆဲ ဖြစ်၏။ စော‌စောပိုင်းက လေမုန်တိုင်း၏ အောက်တွင် သူမ၏ ခန္ဓာနှင့် ဝိညာဥ်တို့ကိုပင် ဝါးမြိုလုမတတ် ခံစားခဲ့ရသည်။ အကယ်၍ ဟုန်ယန်လျဲ့လန်၏ ကာကွယ် ပေးမှု ကြောင့်သာ မဟုတ်ပါက ခန္ဓာကိုယ် ထိခိုက်ခြင်း မရှိလျှင်ပင် သူမ စိတ်ဒဏ်ရာ ရသွားနိုင်ပေသည်။

မာ့ဆုကျင်း၏ မျက်လုံးများထဲ၌ ကျေးဇူးတင်သည့် အငွေ့အသက် အချို့ ပေါ်လာကာ မိခင် ဖြစ်သူကို ကြည့် လိုက်၏။

ဟန်ယန်လျဲ့လန်က ထိုအရာကို သတိပြုမိဟန် မရချေ။ သူမက အနည်းငယ် မျက်မှောင်ကြုတ်ကာ ဝူယုနှင့် မာ့ကျန်းတို့ကို ကြည့်လိုက်၏။

“ရှင်တို့ နှစ်ယောက် ပြောနေတာက ဘာတွေလဲ... နောက်ပြီး ရှန်းကျီးကျိကို အနိုင်ယူဖို့ရော ရှင်တို့မှာ အစီအစဉ် ရှိလား”

မာ့ကျန်းမှာ သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် ဖြစ်ကာ ရှန်းကျီးကျိကတော့ မြေကြီးရှန့်ထို တစ်ယောက် ဖြစ်သည်။ ထို့အပြင်... ရှန်းကျီးကျိမှာ ရွှေရောင် အသက်နန်းတော်၏ ကြွယ်ဝချမ်းသာမှု နောက်ခံကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ့ထံ၌ မည်သည့် လှည့်ကွက်နှင့် နည်းလမ်းများ ရှိမည်ကို မည်သူမှ မခန့်မှန်းနိုင်ချေ။ အမှန်အတိုင်း ဝန်ခံရပါက သူမ အနည်းငယ် စိုးရိမ်မိသည်။

“ငါ့မှာ ရှိပါတယ်...”

မာ့ကျန်းက ဝိညာဥ်အာရုံနှင့် ဆက်သွယ်ခြင်း မပြုပဲ တိုက်ရိုက်ပင် ဖြေလိုက်၏။ သူ့နှုတ်ခမ်းထက်၌ တောက်ပသည့် အပြုံးတစ်ခုက နေရာယူ နေဆဲ ဖြစ်သည်။

“ဘာအစီအစဉ်လဲ...”

ဟုန်ယန်လျဲ့လန်က ‌မေးလိုက်၏။ မာ့ကျန်းနှင့် မာ့ဆုကျင်းတို့က ပြုံးရင်း အကြည့်ချင်း ဖလှယ် လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲ၌ ထူးဆန်းစွာ လျှို့ဝှက်နေသည့် အငွေ့အသက်များ ရှိနေခဲ့၏။

“စောင့်ကြည့်ပါ... မကြာခင် တွေ့ရလိမ့်မယ်...”

မာ့ဆုကျင်းက ဖခင် ကိုယ်စား ဖြေလိုက်၏။

“...”

ဟုန်ယန်လျဲ့လန်မှာ ကူရာမဲ့သလို ခံစားလိုက်ရသည်။ စောင့်ကြည့်... ထိုအရာက ဘာအဓိပ္ပာယ်နည်း။ သူတို့က မည်ကဲ့သို့သော လှည့်ကွက်မျိုးကို ပြင်ဆင်ထားသနည်း။

ဝှစ်...

ဝူယုမှာ အကာအကွယ် အပြင်ဘက်သို့ ထွက်သွားကာ သတိလစ် မေ့မြောနေသည့် မြေကြီး ရှန့်ထို နှစ်ယောက် ဘေးနား၌ ပြန်ပေါ်လာခဲ့သည်။ သူက ဖေးယဲ့လီယင်ကို ဂရုတစိုက် ပွေ့ချီလိုက်ကာ ပခုံးပေါ် တင်လိုက်သည်။ ထို့နောက် သတိလစ် မေ့မြောနေသည့် ယန်ချောင်ယွီကို ကြည့်လိုက်၏။

ဝူယုက တစ်ခဏမျှ စဉ်းစားပြီးနောက် ဝိညာဥ် ဆက်သွယ်မှု တစ်ချို့ ပြုလုပ်လိုက်သည်။ ပြီးသည်နှင့် လက်ညိုးကို တောက်ကာ သူမကို ရှန်းကျီးကျိ၏ အကာအကွယ် အလွှာ အတွင်း ပို့လွှတ်လိုက်၏။

မာ့ဆုကျင်းမှာ အဝေးမှ နေ၍ ယန်ချောင်ယွီ၏ မျက်နှာကို မြင်နေခဲ့ရ၏။ ဘာကြောင့်မှန်း မသိ... ထိုကောင်းကင် ဧကရီ၏ နှုတ်ခမ်းများက အနည်းငယ် ပြုံးယောင်သမ်းနေသလို သူမ ခံစားလိုက်ရလေသည်.

...

“သရေကျသွားတာလား...”

ယန်ချောင်ယွီမှာ ရှန်းကျီးကျိ၏ နှိုးဆော်မှုနှင့် အတူ သတိလစ် နေရာမှ ပြန်လည် သတိရ လာခဲ့၏။ ရှန်ကျီးကျိက သုန်မှုန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ခင်ဗျားတို့ နှစ်ယောက်စလုံး သတိလစ် သွားကြတာ... ကောင်းကင် ဧကရီ... ခင်ဗျားရဲ့ လုပ်ရပ်တွေက အတော်လေး အန္တရာယ် များတယ်”

ယန်ချောင်ယွီက သက်ပြင်းတစ်ချက် ချလိုက်၏။

“ကျွန်မရဲ့ အားနည်းချက်ပါပဲ... တောင်းပန်ပါတယ်... ဖေးယဲ့လီယင်ရဲ့ မျက်ရည်ပင်လယ်က အရမ်း အားကောင်းလွန်း နေတဲ့ အတွက် သူ့ခံစစ်ကို ချိုးဖျက်ကို လုပ်လို့ ရတာ အကုန် လုပ်လိုက်ရတာပါ... တကယ်လို့ မလုပ်ဘူး ဆိုရင်...”

“ကျုပ် သိပါတယ်... ကောင်းကင် ဧကရီ အစွမ်းကုန် လုပ်ခဲ့တယ် ဆိုတာ... ဘာပဲ ဖြစ်ဖြစ် သရေက ရှုံးတာထက် စာရင် တော်ပါသေးတယ်... နောက်ပြီး ခင်ဗျား အသက်ရှင် နေသေးတာပဲ... ရလဒ်ကို ကျုပ် ကျေနပ်ပါတယ်”

ရှန်းကျီးကျိက ကြားဖြတ်ကာ ပြောလိုက်၏။ မည်သို့ပင် ဆိုစေ... ယန်ချောင်ယွီမှာ အစွမ်းထက် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။ သူမက သူ့အနာဂတ် အစီအစဉ်များတွင် အရေးကြီးနေဆဲ ဖြစ်သည်။ အကယ်၍ သရေပွဲ အတွက် သူမ အပေါ် အပြစ်တင်ပါက မိုက်မဲရာ ကျလိမ့်မည် ဖြစ်သည်။ ထို့အပြင်... ဖေးယဲ့လီယင် ပိုင်ဆိုင် ထားသည့် အကာအကွယ် အစီအရင်များက မည်မျှ အစွမ်းထက်ကြောင်း သူသိပေသည်။

ထိုမိန်းမက သာမန် မြေကြီးရှန့်ထို တစ်‌ယောက် မဟုတ်ချေ။ ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထို ဖြစ်သည်။

ယန်ချောင်ယွီက နောက်တစ်ကြိမ် သက်ပြင်းချလိုက်၏။

“ရှင် မှန်ပါတယ်... ပထမ တိုက်ပွဲမှာ ဓားဘုရင် ရန်ကူးက အသက် ဆုံးရှုံးခဲ့ရတယ်... အဲဒီလို ဖြစ်မှာ ကျွန်မ ကြောက်နေခဲ့တာ... ဘာပဲ ဖြစဖြစ် တိုက်ပွဲမှာ မရှုံးခဲ့ဘူး ဆိုတော့ ကျွန်မတို့ သဘောတူထားတဲ့ ကတိကဝတ်က...”

သူမက နောက်ထပ် စကားလုံးများကို ရှန်းကျီးကျိ ပြောဖို့ ချန်ထားလိုက်၏။ ရွှေရောင် အသက်နန်းတော် သခင်မှာ မည်ကဲ့သို့ အ ပါလိမ့်မည်နည်း။ သူက ကုန်သည် တစ်ယောက်၏ အပြုံးကို ဆင်မြန်းလိုက်ရင်း...

“ဒါပေါ့ဗျာ... ဒါပေါ့... ခင်ဗျား ကျုပ်တို့ကို ပေးစရာ ရှိတဲ့ အကြွေးတွေ အားလုံး ကြေပါပြီ”

နောက်ထပ် စကားအနည်းငယ် ထပ်မံ ပြောဆိုပြီးနောက် ယန်ချောင်ယွီမှာ စည်းစိမ် ကွင်းပြင်မှ ထွက်ခွာ သွားတော့ပ၏။ သူမက နောက်ထပ် တိုက်ပွဲကိုပင် စိတ်ဝင်စားဟန် မရပါချေ။

မိန်းကလေး ပျောက်ကွယ်သွားပြီးနောက် ယင်ကျိရန်ရှီက ရှန်းကျီးကို ကြည့်လိုက်၏။

“နန်းတော်သခင်... ယန်ချောင်ယွီက ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တယ် ထင်လား...”

တိုက်ပွဲ မစခင် ယန်ချောင်ယွီမှာ “သ‌ရေရလျှင် အကြွေးအားလုံး ချေပေးမည်လား” ဟု မေးခဲ့သေးသည်ကို သူ မှတ်မိနေဆဲ ဖြစ်သည်။ ထို့နောက် တိုက်တိုက်ဆိုင်ဆိုင်ပင် သရေရလဒ် ထွက်ပေါ်လာခဲ့သည်။ ထိုအရာက တိုက်ဆိုင်မှု သက်သက်မှု သူတော့ မထင်ချေ။

“သေချာတာပေါ့...”

ရှန်းကျီးကျိ၏ မျက်လုံးများက ရုတ်ချည်း အေးစက် သွား၏။ ယန်ချောင်ယွီမှာ နှစ်ဖက်စလုံးကို ကစား သွားခြင်း ဖြစ်သည်။ သူမက မာ့ကျန်းကိုရော သူ့ကိုပါ ဆန့်ကျင်လိုဟန် မရချေ။ ဘယ်လိုပဲ ဖြစ်ဖြစ်... တိုက်ပွဲ၌ ယန်ချောင်ယွီမှာ သူမ၏ တန်ဖိုးကို ပြသသွားခဲ့ပေသည်။

နောက်ထပ် တိုက်ပွဲကို ချက်ချင်း စတင်လိမ့်ဦးမည် မဟုတ်ချေ။ ရှန်းကျီးကျိက အချိန် အတိုင်းအတာ တစ်ခု အထိ ပြိုင်ပွဲကို ရပ်ဆိုင်းပေးဖို့ ခွင့်တောင်းခဲ့သည်။ ဖေးယဲ့လီယင်နှင့် ယန်ချောင်ယွီတို့ တိုက်ပွဲ အပြီးတွင် စည်းစိမ်ကွင်းပြင် အတွင်းရှိ ဝင်္ကပါများစွာမှာ ပျက်စီး သွားခဲ့သည်။ ၎င်းတို့ကို ပြန်လည် ပြင်ဆင်ဖို့ အချိန် တစ်ခု လိုအပ်ပေသည်။

မာ့ကျန်းက ထိုအကြံပြုချက်ကို ကန့်သတ်ခြင်း မရှိပါချေ။ နှစ်ဦးနှစ်ဖက် သဘောတူညီချက် အရ နားချိန်ကို သုံးနာရီ အဖြစ် သတ်မှတ်ခဲ့သည်။ ရှန်းကျီးကျိက ထိုအချိန်ကို အခွင့်ကောင်းယူကာ သူ့စွမ်းရည်ကို အကောင်းဆုံး ဖြစ်အောင် ဖြည့်တင်းသည်။ ပြင်ဆင်သည်။ စက္ကန့် တစ်စက္ကန့်ကိုပင် အလေအလွင့် မရှိစေခဲ့ချေ။

ဤသို့နှင့် မကြာခင်မှာပင် သတ်မှတ်ချိန် သုံးနာရီ ပြည့်သွားခဲ့ပြီ ဖြစ်လေသည်။

***

All Chapters