← Chapters

တတိယပွဲ

Vol. 69 Ch. 960

တတိယပွဲ

Vol. 69 Ch. 960

အားလုံး မျှော်လင့်စောင့်စား နေကြသည့် အချိန်ကား ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။ မ‌ရေမတွက်နိုင်သည့် လူများမှာ ဝိညာဥ် ပုံရိပ်ယောင် ကျောက်တိုင်များနား၌ ပြန်လည် စုစည်း လာကြကာ ဝိညာဥ်အာရုံများကို အလုအယက်ပင် အထဲကို ပို့လွှတ် လိုက်ကြ၏။

ဝှစ်...

ရှန်းကျီးကျိမှာ ခန့်ညားစွာပင် အများပြည်သူ၏ မြင်ကွင်း၌ ပြန်လည် ပေါ်လာခဲ့၏။

“နတ်မိမယ်နဲ့ သူရဲကောင်း အပေါင်းကို နှုတ်ခွန်း ဆက်သပါတယ်... ပထမဆုံး အနေနဲ့ ပွဲချိန် နှောင့်နှေး ခဲ့ရတဲ့ အတွက် တောင်းပန်ပါတယ်... အခု တစ်ဖန် ရင်ဆိုင်ကြမယ့် ချန်ပီယံတွေကတော့ ကျုပ် နန်းတော်သခင် ရှန်းကျီးကျိနဲ့ တတိယ ကိုင်းခွဲရဲ့ အုပ်ချုပ်ရေးမှူးဟောင်း မာ့ကျန်းတို့ပဲ ဖြစ်ပါတယ်”

ကြေညာသံက ရိုးရှင်းသည့်တိုင် လူတိုင်း၏ နှလုံးသားများမှာ ပိုမို ရိုင်းစိုင်းစွာ ခုန်ပေါက် လာခဲ့ကြ၏။ ဤသည်က မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အကြီးကျယ်ဆုံး စီးပွားရေး လုပ်ငန်းကြီး ဖြစ်သည့် ရွှေရောင် အသက်နန်းတော်၏ နန်းတော်သခင် နေရာကို အဆုံးအဖြတ်ပေးမည့် ပြိုင်ပွဲ ဖြစ်သည်။ မာ့ကျန်း ဖြစ်စေ၊ ရှန်းကျီးကျိ ဖြစ်စေ...အနိုင်ရရှိသူမှာ ထိုအင်အားစုကြီးကို ထိန်းချုပ်နိုင်ပေလိမ့်မည်။

ဝှစ်...

မာ့ကျန်းက တည်ငြိမ်စွာပင် အကာအကွယ် အပြင် လှမ်းထွက် လိုက်သည်။ နောက်ဆုံး ချန်ပီယံ အနေဖြင့် အရာအားလုံးက သူ့ ပခုံးထက်သို့ ပုံကျ လာခဲ့ပြီ ဖြစ်သည်။ နန်းတော်သခင် နေရာကို ဆုပ်ကိုင်နိုင်ရန် အနည်းဆုံး သူ သရေရလဒ်ကို ဖော်ဆောင်ရပေလိမ့်မည်။ မာ့ကျန်းက နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်၏။

“အဖေ လုပ်နိုင်မှာ သေချာတယ်...”

မာ့ဆုကျင်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် အားပေးလိုက်၏။ ဝူယုကတော့ တည်ငြိမ်စွာသာ ပြုံးရင်း ပြောလိုက်သည်။

“သခင်လေးရဲ့ သိက္ခာကို မချနဲ့...”

“ရှင့်နေရာကို ပြန်ယူခဲ့...”

စွန်းလီကလည်း ပြောသည်။ မာ့ကျန်း၏ ဘဝ တစ်လျှောက်လုံး ရွှေရောင် အသက်နန်းတော် အတွက် မည်မျှ စိတ်နှစ်ကာ ပေးဆပ်ခဲ့ကြောင်း သူမ သိပေသည်။ အကယ်၍ နန်းတော်သခင် နေရာကိုသာ အရယူနိုင်ပါက သူ့တွင် ဘာနောင်တမှ ရှိတော့မည် မဟုတ်ချေ။

ဟုန်ယန်လျဲ့လန်မှ စိုးရိမ်ပူပန်နေသည့်တိုင် သူမ၏ မျက်ဝန်းများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။ အနည်းဆုံး သရေရလဒ်ကို ယူဆောင်နိုင်ရုံမျှဖြင့် မာ့ကျန်းမှာ နန်းတော်သခင် နေရာကို အရယူနိုင်လိမ့်မည် ဖြစ်သည်။ လူအိုကြီး ပြင်ဆင်ထားသည့် အစီအစဉ်များက အနည်းဆုံး သရေရလဒ်ကို ယူဆောင်နိုင်ဖို့ သူမ မျှော်လင့်မိပေသည်။

“...”

ဖေးယဲ့လီယင်မှာ ပြန်လည် သတိရ နေခဲ့ပြီ ဖြစ်သည်။ သူမက တည်ငြိမ်စွာပင် ရှိနေခဲ့၏။ မာ့ကျန်းနှင့် ပတ်သက်သည့် အမှန်တရားကို သူမ သိရှိပြီး ဖြစ်သည်။

“ရှင့်နေရာကို အရယူပါ...”

“...”

မာ့ကျန်းက အားလုံးကို ကြည့်ကာ ခိုင်မာစွာ ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ ထို့နောက် သူက ရင်ကို ကော့ကာ ရှန်းကျီးကျိဘက်သို့ ပြန်လည် အာရုံစိုက်လိုက်သည်။

ရှန်းကျီးကျိမှာ စီးပွားရေးသမား တစ်ယောက် ဖြစ်သော်လည်း ထိုအရာက သူ ကျင့်ကြံခြင်း ခရီးလမ်းကို စတင်ခဲ့သည့်ပုံတော့ မဟုတ်ပါချေ။ သူက ဝိညာဥ်အလင်း မီးမောင်းများ၏ အလယ်ဗဟို၌ ရှိနေကာ ရွှေရောင် အစင်းကြောင်းများ ပါသည့် အနက်ရောင် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထား၏။

ထူးဆန်းသော အော်ရာ တစ်ခုမှာ ထိုသံချပ်ကာ ဝတ်စုံမှ ထွက်ပေါ်နေကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပင် ဖိနှိပ်ထားသည်။ ၎င်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင်က ပန်းပဲ နတ်ဘုရား အင်ပါယာ ကိုယ်တိုင် သူ့အတွက် ထုဆစ်ပေးခဲ့သည့် သံချပ်ကာပင် ဖြစ်သည်။ ထိုသံချပ်ကာဖြင့် ဆိုပါက... သာမန် မြေကြီး ရှန့်ထို အဆင့် သုံးယောက် ပင်လျှင် သူ့ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်မိရန် ခက်ခဲလိမ့်မည် ဖြစ်သည်.

ဝှစ်...

ရှန်းကျီးကျိက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဓားတစ်စင်းကို ထုတ်ယူလိုက်၏။ အနက်ရောင် သံချပ်ကာ၊ ဓားတို့နှင့် အတူ ထိုအခိုက်၌ နန်းတော်သခင်၏ အသွင် သဏ္ဌာန်က အမှောင်ထု စစ်နတ်ဘုရား တစ်ပါး အလားပင် ထင်မှတ် မှားရပေသည်။

ရှန်းကျီးကျိမှာ စကားပြောရန် စိတ်မဝင်စားပါ‌ချေ။ မာ့ကျန်းဘက်မှ တစ်ပွဲနိုင် တစ်ပွဲ သရေကျထားလေရာ မည်သည့် ဝှက်ဖဲကိုမှ ထုတ်ဖော်ရန် အခွင့်အရေး မပေးလိုချေ။ သူက ထပ်မံ နှောင့်နှေးခြင်း မပြုတော့ပဲ ဓားကို ဆွဲကာ ခြေဖနှောင့်ကို ပေါက်လိုက်၏။ သူ၏ သံချပ်ကာ ဝတ်စုံက ရွှေရောင်၊ ငွေရောင်၊ မဟူရာရောင် တည်းဟူသော ရောင်စဉ် သုံးသွယ်ဖြင့် တောက်ပလာ၏။ ထို့နောက်... သူက အာကာသကို ခုန်ကူးကာ ကမ္ဘာကြီးကို ကျော်ဖြတ် လိုက်တော့သည်။

ဝှစ်...

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူက မိုင်တစ်သောင်းကျော် ဧရိယာကို ဖြတ်သန်းကာ မာ့ကျန်း အရှေ့သို့ ရောက်လာခဲ့၏။ သူ၏ လှုပ်ရှားမှုက ယန်ချောင်ယွီထက်ပင် ပိုမို လျှင်မြန်နေသေးသည်။

ဝှစ်...

ထို့နောက် ရိုင်းစိုင်း ခက်ထန်စွာပင် ရှန်းကျီးကျိမှာ အလုံးစုံသော အားအင်များကို သုံးကာ ဓားသွားကို မာ့ကျန်း၏ လည်ပင်းပေါ်သို့ ခုတ်ချ လိုက်တော့၏။

သူ၏ တိုက်ခိုက်မှုက မည်မျှပင် အစွမ်းထက်သည့် သေမျိုးတစ်ပိုင်း အရှင် အဆင့်ကိုမဆို အမှုန့်ကြိတ်ပစ်ရန် လုံလောက်ပေသည်။

ဘုန်း...

ထိခတ်သံ တစ်ခု ထွက်ပေါ်လာ၏။

“ဘာလဲ...”

ရှန်းကျီးကျိ၏ အမူအရာက အကြီးအကျယ်ပင် ပြောင်းလဲ သွားသည်။ အဘယ်ကြောင့်နည်း။ မာ့ကျန်းမှာ ဘယ်ဘက် လက်ညိုး တစ်ချောင်းတည်းကို သုံးကာ သူ့ဓားသွားကို ဟန့်တားလိုက်ခြင်း ကြောင့်ပင်။ လူအိုကြီး၏ လက်ချောင်း ပတ်လည်၌ ငွေရောင် အလင်းစက်များမှာ မရေမတွက်နိုင်သည့် အာကာသ နံရံများလို ထွန်းလင်း နေရာယူနေ၏။

ဓားကို လက်ညိုးဖြင့် တားဆီးရန်း မာ့ကျန်းက ပြုံးလိုက်သည်။ ထို့နောက် သူက ညာဘက်လက်ကို မလိုက်၏။ မီးတောင် တစ်ခု ပေါက်ကွဲသလိုမျိုး သူ၏ သေမျိုးတစ်ပိုင်း အရှင် အဆင့် အော်ရာက ပေါက်ကွဲ သွားသည်။ ၎င်းတို့က အလွန် မြင့်မားသည့် အဆင့်တစ်ခုဆိသို့ ခုန်ထက်သွားကာ လျှို့ဝှက် ရည်ရွယ်ချက်၏ အငွေ့အသက်များဖြင့် ပြည့်နှက်လာသည်။

“ဘာလဲ...”

ရှန်းကျီးကျိမှာ ဆွံ့အသွား၏။ မြေကြီးရှန့်ထို အဆင့်လော။

သို့သော်လည်း မာ့ကျန်းက သူ့ကို စဉ်းစားရန် အချိန် မပေးပါချေ။ လက်ကို မြှောက်လိုက်သည်နှင့် တစ်ပြိုက်နက် သူ၏ လက်ဝါးဆီမှ လျှို့ဝှက် သင်္ကေတ ကိုးခု ထွက်ပေါ် လာ၏။ တစ်ခုချင်းစီက လျှို့ဝှက်တာအို၏ လမ်းစဉ် တစ်ခုစီကို ကိုယ်စားပြု နေပေသည်။

မန်နာ... ဝိညာဥ်... ရောင်စဉ်...

အာကာသ... လောကီ... သမုဒ္ဒရာ...

ဆက်သွယ်ခြင်း... ထာဝရ...

ပြောင်းလဲခြင်း...

မာ့ကျန်းက အလွန် လျှင်မြန်စွာပင် လက်ဝါးကို ရှန်းကျီးကျိ၏ ဝတ်စုံထံ ရိုက်ချလိုက်၏။ လက်ဝါး ကျဆင်း သွားသည်နှင့် တစ်ပြိုင်နက် သံချပ်မှာ ဓားထက်ထက်ဖြင့် အလှီးခံလိုက်ရသည့် စက္ကူ တစ်စကဲ့သို့ ထုတ်ချင်းပေါက် သွားခဲ့သည်။

ရှန်းကျီးကျိ၏ မျက်လုံးများက မထိန်းချုပ်နိုင်စွာ ပြူးကျယ် သွား၏။ သူ၏ အတွေးများက အလွန် လျှင်မြန်နေသော်လည်း ခန္ဓာကိုယ်ကတော့ နှိုင်းယှဉ် မရနိုင်အောင် နှေးကွေးလှသည်။ အချိန်နှင့် အာကာသတို့ အပါအဝင် တစ်လောကလုံးက ချုပ်နှောင် ခံထားရသလို သူ ခံစား နေရ၏။ သူ တစ်စုံတစ်ရာ မလှုပ်ရှားနိုင်ခင်မှာပင် မာ့ကျန်း၏ လက်ဝါးက သူ့ထျန်းတျန်နားသို့ ချဉ်းကပ် သွားခဲ့ပြီ ဖြစ်လေသည်။

“မလုပ်နဲ့...”

သူက ကျယ်လောင်စွာ အော်ဟစ်ဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း မည်သည့် အသံမှ ပါးစပ်က ထွက်မလာခဲ့ချေ။ စိတ်နှင့် ခန္ဓာ နှစ်ခုက လုံးဝ သီးခြား ခွဲထွက်နေသလို သူ ခံစားရ၏။

ခရက်...

ရုတ်တရက် ခန္ဓာကိုယ် အတွင်းပိုင်းရှိ တစ်စုံတစ်ရာ ကွဲအက်သွားသည့် အသံကို သူ ကြားလိုက်ရ၏။ နှလုံးသား တစ်ခုလုံးက စုန်းစုန်း နစ်မြုပ်သွားသလို သူ ခံစားလိုက်ရသည်။ အရာရာက ပြီးဆုံးသွားချေပြီ ဖြစ်လေသည်။

ရှန်းကျီးကျိ နောက်ကို လွင့်စဉ် သွားခြင်းမရှိပါချေ။ ထို့အစား... ဓားနှင့် အတူ မာ့ကျန်း၏ ဘေးနားကိုသာ ပျော့ခွေစွာ လဲပြိုကျ သွားခဲ့၏။

သံမဏိ ခေါင်းစွပ်အောက်မှ သူ့ မျက်လုံးများကတော့ ထိုအခိုက်အတန့်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်တိုင်းကို မှတ်မိချင်သည့် အလား မာ့ကျန်း၏ မျက်နှာကိုသာ စိုက်ကြည့် နေခဲ့လေ၏။

လမ်းစဉ်ကိုးခု မြေကြီး ရှ့န်ထို...

ဘုန်း...

ရှန်းကျီးကျိမှာ ကြမ်းပြင်ပေါ် ဒူးထောက် ပြုတ်ကျသွားခဲ့သည်။ သူ၏မျက်လုံးများက မာ့ကျန်းကို မျက်တောင် မခပ် စိုက်ကြည့်နေဆဲ ဖြစ်ပေသည်။

“ငါ့ သံချပ်ကာ... မင်း... ဘယ်အချိန်တုန်းက...”

သူက အဆုံးစွန်သော ခွန်အားကို အသုံးပြုကာ မာ့ကျန်းကို မေးခွန်းထုတ်ဖို့ ကြိုးပမ်း လိုက်၏။ သို့သော်လည်း...သူ၏ အသံက တုန်ရီနေကာ သဲကွဲခြင်း မရှိလှချေ။

“အားလုံး ပြီးသွားပြီ...”

မာ့ကျန်းက တည်ငြိမ်စွာပင် ကြေညာလိုက်၏။ ထိုအရာက ရှန်းကျီးကျိ အတွက် မဟုတ်ချေ။ ပရိသတ်များ အတွက် မဟုတ်ချေ။ မဟာမိတ်များ အတွက်လည်း မဟုတ်ချေ။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတိတ်၏ မှုန်ရီသော ရပ်ဝန်းဆီမှ သူ့ကိုယ်တိုင် အတွက်သာ ဖြစ်သည်။ ထိုစဉ် အခါက သွေးဆူတက်ကြွနေခဲ့သည့် လူငယ်လေး တစ်ယောက် အနေဖြင့် တစ်နေ့တစ်ချိန်တွင် အကြွင်းမဲ့ စည်းစိမ် နန်းတော်သခင် နေရာကို အရယူမည်ဟု သူ ကိုယ်သူ ကျိန်ဆိုခဲ့သည်။

အဘယ်ကြောင့်နည်း။ ၎င်းက သူကိုယ်တိုင် တည်ထောင်ခဲ့သည့် နန်းတော် ဖြစ်နေခဲ့သောကြောင့်ပင်။

***

All Chapters