ဝမ်မင်ယာထံမှ သတင်း
Vol. 69 Ch. 962
ဝမ်မင်ယာ ဝေ့ဝူယင်၏ ချောမော ခန့်ညားသော မျက်နှာကို ငေးနေမိ၏။ အနန္တ ဧကရာဇ်ဂိုဏ်းတွင် ဝေ့ဝူယင်နှင့် ပြန်လည် ဆုံတွေ့ခဲ့သည့် နေ့ကို သူမ ယနေ့တိုင် မှတ်မိနေဆဲ ဖြစ်ပေသည်။ ထိုနေ့မှ စ၍ သူမ၏ ဘဝ တစ်ခုလုံးက ပြောင်းလဲ သွားခဲ့ကာ ကောင်းကင် ပုရောဟိတ်တို့၏ လမ်းစဉ်ကို စတင် လျှောက်လှမ်း ခဲ့ရသည်။ ထိုအရာက သူမ ပါရမီ အပါဆုံး လမ်းစဉ်ကို ဖြစ်ကြောင်း ရှာတွေ့ခဲ့သည်။
ထို့နောက် ဝေ့ဝူယင် နောက်ကို လိုက်ရင်း မရေမတွက်နိုင်သည့် အကျိုးအမြတ်များကို သူမ ရရှိခဲ့သည်။ ကျင့်ကြံခြင်း လမ်းစဉ်တွင် စိတ်ကူးပင် မယဉ်ခဲ့ဖူးသည့် အဆင့်တစ်ခုကို ရောက်ရှိခဲ့သည်။ ရွှေရောင် ဂိတ်တံခါး နန်းတော်ကိုပင် သူမ ဝင်ရောက် နိုင်ခဲ့သည်။ အကယ်၍ ဝေ့ဝူယင်နှင့်သာ တွေ့ဆုံခြင်း မရှိခဲ့ပါက သူမ၏ ဘဝက မည်ကဲ့သို့ ဖြစ်နေမည်ကို စိတ်ကူးပင် မယဉ်ရဲပါချေ။
“ဝမ်မင်ယာ... မင်းရထားတဲ့ အချက်အလက်တွေက ဘယ်လောက် ယုံရလဲ...”
ရုတ်တရက် ဝေ့ဝူယင်ထံမှ ထွက်ပေါ်လာသည့် အသံကြောင့် ဝမ်မင်ယာမှာ အတွေးအာရုံမှ လန့်နိုးသွား၏။ ရီဝေဝေ အငွေ့အသက်များက ပျောက်ကွယ်သွားကာ လေးနက်သည့် အရိပ်အယောင်များက မိန်းကလေး၏ မျက်လုံးများထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
“အနည်းဆုံး ခုနစ်ဆယ်ကနေ ရှစ်ဆယ် ရာခိုင်နှုန်းလောက် စိတ်ချရတယ်... ဒီသတင်းတွေ ရထားတဲ့ ရင်းမြစ်က တစ်ခုတည်း မဟုတ်ဘူး... လေးငါးဆယ်ခုလောက် ရှိတယ်... ယွီစွန်းလီက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှာ ရှိနေတယ် ဆိုတာတော့ သေချာတယ်...”
“ကိုယ်ပျောက်ကြီးက လာတဲ့ အစီရင်ခံစာတွေက တစ်ခုနဲ့ တစ်ခု အတော်လေး ကွဲပြားနေတယ်... ဒါပေမဲ့ အဲဒီထဲက အချို့က ဒြပ်စင်နယ်မြေ ကွန်ယက်က ရလာတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီမှု ရှိတယ်... လက်ရှိ ကျွန်မတို့ ဖြန့်ထားတဲ့ သတင်းကွန်ယက်က သိပ်မကြီးလှသေးဘူး... ထိပ်သီး ကျင့်ကြံသူတွေနဲ့ ချိတ်ဆက်နိုင်တာ အတော့်ကို နည်းတယ်”
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ သူက ချမ်းသာ ကြွယ်ဝသည့်တိုင် သတင်း အချက်အလက် စုဆောင်းနိုင်မှု အပိုင်းတွင်တော့ အတော်လေး အားနည်းလှသည်။ မဟာ စက်ဝန်းကြယ်ကွင်းကို ရောက်ရှိပြီး နောက်တွင် သူ စုဆောင်း နိုင်ခဲ့သည့် သတင်းကွန်ယက် ဟူ၍ နှစ်ခုသာ ရှိသည်။ ပထမ တစ်ခုက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှ ကိုယ်ပျောက်ကြီး ဖြစ်ကာ ဒုတိယ တစ်ခုကတော့ မကြာသေးခင်ကမှ ဒြပ်စင်နယ်မြေ ပြင်ပ အင်အားစုများတွင် ဝမ်မင်ယာ တည်ထောင်ခဲ့သည့် ကွန်ယက် ဖြစ်သည်။
ဝမ်မင်ယာက ဆက်ပြောလိုက်၏။
“ယွီစွန်းလီကို ပစ်မှတ်ထားခံနေရတဲ့ လက္ခဏာတွေ အတော်လေး တွေ့ရတယ်... နောက်ပြီး သူ့ရဲ့ ပြိုင်စံရှား ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် တစ်ချို့ အုပ်စုတွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေတယ်... ကျွန်မဆီကို မကြာသေးခင်ကမှ လောကသခင် တစ်ယောက် ဆက်သွယ်လာတယ်... သူက ဒြပ်စင်နယ်မြေ အနောက်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ လျှို့ဝှက် အာဏာရှင် တစ်ယောက်ရဲ့ တိုက်ရိုက် မျိုးဆက်... အတိုချုပ် ပြောရရင် အဲဒီ လျှို့ဝှက် အာဏာရှင်က အစစ်အမှန် မွေးဖွားခြင်းရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်ဖို့ အရမ်းကို ရာနှုန်းများတယ်... အဲဒါကြောင့် ကျွန်မ သူ့ကို အစတည်းက မက်လုံးပေး သိမ်းသွင်းထားတာ”
“သူပေးတဲ့ သတင်း အရဆိုရင် အဲဒီ လျှို့ဝှက် အာဏာရှင် အဆင့်နဲ့ သူတို့လူတွေက တိုက်ခိုက်ဖို့ ကြိုတင် ပြင်ဆင်နေတယ်တဲ့... နောက်ပြီး သူတို့က မဟာရှန့်ထို ညီလာခံ အစား ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြကို ခရီးနှင်ဖို့ လုပ်နေတယ်တဲ့... ယွီစွန်းလီ တိုက်ခိုက်ဖို့ ဦးတည်နေတာ ဖြစ်နိုင်ချေ ရှိတယ်”
“ကျွန်မတို့ အဲဒီ လောကသခင်ကို သိမ်းသွင်းထားနိုင်တာ ကံကောင်းတယ်... ကိုယ်ပျောက်ကြီးက လာတဲ့ သတင်းအချက်အလက်တွေက မလုံလောက်ဘူး... ကောင်းကင် လမ်းစဉ်နဲ့တောင် ယွီစွန်းလီနဲ့ ပတ်သက်တာ တစ်ခုမှ ကြည့်လို့ မရဘူး... အရမ်း အစွမ်းထက်တဲ့ အတားအဆီး အစီအရင် တစ်ခုနဲ့ သူ့ကို ကာကွယ်ထားတဲ့ပုံ ရတယ်... အစီအရင် ပိုင်ရှင်က သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်လို့ ထင်တယ်... မြေကြီး ရှန့်ထို တစ်ယောက်တောင် ဖြစ်နိုင်တယ်”
ဝေ့ဝူယင် တိတ်တဆိတ်ပင် နားထောင်နေ၏။ ယွီစွန်းလီ ဆိုသည့် မိန်းကလေးကို သူ့နည်းသူ့ဟန်ဖြင့် စုံစမ်း ခဲ့ပြီး ဖြစ်သည်။ သူမက ကြယ်ကိုးပွင့် ရှန့်ထို ခန်းမတွင် အသန်မာဆုံး သေမျိုးတစ်ပိုင်းအရှင် အဆင့်၏ သမီး ဖြစ်သည်။ မိခင်မှာ သမီးဖြစ်သူကို ကာကွယ်ပေးမည် ဖြစ်ကြောင်း သံသယ ရှိစရာမလိုပါချေ။
“အစစ်အမှန် မွေးဖွားခြင်း...”
ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။ ထိုအဖွဲ့အစည်းမှာ ယွီစွန်းလီကို ပြန်လည် ရှာဖွေမှာ ဖြစ်ကြောင်း သူ မျှော်လင့်ထားပြီး ဖြစ်သည်။ သူတို့က အကျဉ်းသား တစ်ယောက် ဘဝတွင်ပင် ယွီစွန်းလီကို အထူး ဧည့်ခံမှုများ ပေးအပ်ခဲ့ကာ ပန်းကလေးကို အစွန်းအထင်းပင် မခံခဲ့ချေ။ အစစ်အမှန် မွေးဖွားခြင်း အတွက် သူမက အလွန် အရေးကြီးသည်မှာ ထင်ရှားပေသည်။ ထိုအရာက သူမ၏ ထူးခြားသည့် ခန္ဓာကိုယ်ကြောင့် ဖြစ်နိုင်သလို အခြား အကြောင်းရင်း တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပေသည်။
ထို့အပြင်... အစစ်အမှန် မွေးဖွားခြင်း၏ အဖမ်းခံခဲ့ရစဉ်က ယွီစွန်းလီမှာ ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက်သာ ဖြစ်သည်။ သူမက အကျဉ်းသား အနေဖြင့် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သူတို့က သူမ၏ ကျင့်ကြံခြင်း အခြေခံ အတွက် ရင်းမြစ်များစွာ အသုံးပြုကာ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သံသယ ရှိစရာ မလိုချေ။
“...”
ဝေ့ဝူယင်က မေးစေ့ကို လက်ဖြင့် ကိုင်ရင်း စဉ်းစားလိုက်၏။ ယွီစွန်းလီမှာ သူ စိတ်ဝင်စားနေသည့် မိန်းကလေး ဖြစ်သည်။ သို့သော်လည်း... သူ သူမကို လိုက်ခဲ့ခြင်းက ရိုးရိုးသားသားပါဟု ဆိုလျှင် လိမ်ရာကျလိမ့်မည် ဖြစ်သည်။ အရိုးသားဆုံး ဝန်ခံရပါက... သူမက သူ့အတွက် ငါးစာတစ်ခု ဖြစ်သည်။ အစစ်အမှန် မွေးဖွားခြင်း ဆိုသည့် ငါးကြီး လာဟပ်မည့် ငါးစာပင်။ လက်ရှိတွင်ပင် သူမက အံ့အားသင့်ဖွယ် သက်ရောက်မှုများကို ပြနေခဲ့ပြီ ဖြစ်သည်။
အစစ်အမှန် မွေးဖွားခြင်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် သူ၏ ရည်ရွယ်ချက်များကို အနှောက်အယှက် ပေးနိုင်သည့် အကြီးမားဆုံး အဖွဲ့အစည်း တစ်ခုဟု သူ ခံစားရသည်။ သူတို့၏ ကွန်ယက်က အလွန်ပင် ကြီးမားကာ ကြယ်ကွင်းပြင် အနှံ့အပြားတွင် အမြစ်တွယ်နေမည် ဖြစ်ကြောင်း သံသယ ရှိစရာ မလိုပါချေ။ သူတို့ကို ဖျက်ဆီးရန်က အလွန်ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။
သို့သော်လည်း... သူ့ထံတွင် အခြားလူများ မယှဉ်နိုင်သည့် တစ်စုံတစ်ရာ ရှိနေပေသည်။ ၎င်းက အဂ္ဂိရတ် တာအိုပင်။ မျက်လုံးများ ပြန်လည် ကောင်းမွန်လာပြီး နောက်တွင် သူ၏ အဂ္ဂိရတ် စွမ်းရည်များမှာ ယခင်ကထက်ပင် ပိုမို တိုးတက်လာခဲ့သည်။ အထူးသဖြင့် အချိန်နှင့် ဖော်စပ်မှုနှုန်းပင်။
သူ၏ ဖော်စပ်မှုနှုန်းက ကြယ်ကွင်းပြင် တစ်ခုလုံးရှိ သေမျိုး အဂ္ဂိရတ် အာဏာရှင်များထဲတွင် အမြင့်ဆုံး ဖြစ်ကြောင်း ဝေ့ဝူယင် ပြောရဲသည်။ သူ့အနေဖြင့် ထိုစွမ်းရည်ကို အဆက်အသွယ်များ၊ သတင်း အချက်အလက်များ စုဆောင်းရာတွင် မြင့်မားစွာ အသုံးချနိုင်ပေသည်။ အနန္တ ဧကရာဇ်ဂိုဏ်းမှာတုန်းကလည်း ဂိုဏ်းတစ်ခုလုံးကို အိပ်ကပ်ထဲ ထည့်ထားနိုင်ခဲ့ခြင်းမှာ ထိုအဂ္ဂိရတ် စွမ်းရည်ကြောင့်ပင် ဖြစ်သည်။
“မင်း လုပ်တာ တော်တယ်...”
ဝေ့ဝူယင် ဝမ်မင်ယာကို ချီးကျူးလိုက်၏။ ကိစ္စများ အပေါ် ကိုင်တွယ် ဖြေရှင်းနိုင်သည့် ထိုမိန်းကလေး၏ စွမ်းရည်က စုမေ့နှင့် တန်းတူ ထက်မြက်လှသည်။ ထို့အပြင် သူမက ကောင်းကင် ပုရောဟိတ် တစ်ယောက်လည်း ဖြစ်သည်။ အနာဂတ်တွင် ဝမ်မင်ယာကို အစွမ်းကုန် ပြုစု ပျိုးထောင်ပေးရန် ဝေ့ဝူယင် ဆုံးဖြတ် ထား၏။
“...”
ဝမ်မင်ယာက ပြုံးကာ ခေါင်းကို ငုံ့လိုက်၏။ သူမ ခံစားချက်များကို ဖုံးကွယ်ထားသော်လည်း နှလုံးသားကတော့ ပူပြင်းသည့် ခံစားချက် တစ်ခုဖြင့် တောက်လောင်နေသည်။ ရုတ်တရက် သူမက ခေါင်းကို ပြန်မော့ကာ ဝေ့ဝူယင် မျက်လုံးများကို ကြည့်လိုက်၏။
ဖျပ်...
သူမက ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်သည်။ သူတို့ နှစ်ယောက် အကြားရှိ အကွာအဝေးက အလွန်ပင် နီးကပ် သွား၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများက သူမ၏ မျက်နှာကို စိုက်ကြည့်နေကြောင်း ဝမ်မင်ယာ သတိထားမိလိုက်သည်။ သူမ သူမ၏ စိတ်ကို ဖောက်ထွင်း၍ မြင်နိုင်နေသလို ဝမ်မင်ယာ ခံစားလိုက်ရ၏။
ဖျပ်...
သူတို့ နှစ်ယောက်မှာ ပိုမို နီးကပ်သွားကာ ရင်ဘတ်များမှာ ထိလုနီးပါး ဖြစ်သွားခဲ့သည်။ အကယ်၍ အရပ်ခြင်း ကွာခြားမှုကြောင့်သာ မဟုတ်ပါက...
ဝေ့ဝူယင်မှာ ဝမ်မင်ယာ၏ နှလုံးသားက တဒိတ်ဒိတ် ခုန်နေကြောင်း သူ သတိထားမိလိုက်၏။ သူ မိန်းကလေး၏ နူးညံ့သော နှုတ်ခမ်းပါးလေးများကို ကြည့်လိုက်မိသည်။ အကယ်၍ အခြား လက်အောက်ငယ်သား တစ်ယောက် ဆိုပါက သူ စည်းများ ထားမိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဝမ်မင်ယာကတော့ ခြားနားပေသည်။ သူမ လိုချင်သည့် အရာကို သူ ကိုယ်တိုင်လည်း လိုချင်သည်။
“ငါ...”
ဝမ်မင်ယာက ခြေဖျားထောက်ကာ ဝေ့ဝူယင်၏ ရင်ဘတ်ပေါ် လက်တင်လိုက်၏။ သူမ၏ လှပသော မျက်ဝန်းများက သူ့ကို စိုက်ကြည့် နေသည်။
ဝှစ်...
ထိုအခိုက်တွင်ပင် ပုံရိပ် တစ်ခုမှာ သူတို့ အနားတွင် ဆင်းသက် လာခဲ့၏။ ဝမ်မင်ယာ၏ မျက်နှာက ရှက်ရွံ့မှုများဖြင့် ရဲခနဲ ဖြစ်သွားသည်။ ဝေ့ဝူယင် သူမကို ကြည့်ရင်း အတော်လေး ချစ်စရာ ကောင်းသည်ဟု တွေးလိုက်မိ၏။
ရောက်ရှိလာသည့် ပုဂ္ဂိုလ်က ဟန်ယုဟိုင် ဖြစ်သည်။ ဟန်ယုဟိုင်မှာ ဝေ့ဝူယင်တို့၏ အနေအထားကို ကြည့်ကာ အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွား၏။ ဝေ့ဝူယင်က သူ့ကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း... သူ့ မျက်လုံးများထဲ၌ စိတ်ဆိုးသည့် အရိပ်အယောင်များ မရှိပါချေ။
“မဟာစက်ဝန်း ရှန့်ထို ညီလာခံက ကပ်နေပြီ... ကျုပ်တို့ နောက်တစ်နာရီ အတွင်း ထွက်တော့မလို့... အဲဒါ လာပြောတာပါ”
ဟန်ယုဟိုင်က ခပ်မြန်မြန်ပင် ရှင်းပြလိုက်၏။ မဟာစက်ဝန်း ရှန့်ထို ညီလာခံမှာ နောက်တစ်လကျော် နှစ်လ အတွင်း စတင်တော့မည် ဖြစ်သည်။ သွားရမည့် ခရီးက အလွန်ပင် ကွာဝေးလှသလို လိုက်ပါမည့်သူလည်း များပြားလှသည်။ ထို့ကြောင့်ပင် ဟင်းလင်းပြင် ဂိတ်တံခါးက သင့်တော်သည့် ရွေးချယ်မှု မဟုတ်ချေ။ ဟင်းလင်းပြင် ဂိတ်တံခါးများက အလွန်ပင် ကုန်ကျစရိတ်များကာ အကုန်လုံးကိုသာ သယ်ဆောင် သွားရပါက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ဘဏ္ဍာရေးဖြင့် မွဲပြာကျ သွားပေလိမ့်မည်။
ထို့အပြင်... သူတို့ထံတွင် အင်ပါယာ မျိုးနွယ် ကဲ့သို့ မြန်နှုန်းဖြင့် ကောင်းကင် ဖျက်ဆီးသူများ မရှိချေ။ ထို့ကြောင့်ပင် တစ်လကျော် နှစ်လကြိုကာ ထွက်ခြင်းက အကောင်းဆုံး ရွေးချယ်မှ ဖြစ်ပေသည်။
“သွားလေ...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ ခဏမျှ တွေးတောလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ခဏ... ကျုပ် ခင်ဗျားနဲ့ ပြောစရာ ရှိသေးတယ်...”
ဟန်ယုဟိုင်မှာ အနည်းငယ် အံ့အားသင့် သွားမိသော်လည်း သူက ခေါင်းညိတ် လိုက်သည်။ အမှန်အတိုင်း ဝန်ခံရပါက... သူ ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း ဖြစ်ချင်သည်။ ဝူယု ရရှိထားသမျှ အခွင့်အရေးများကို သူလည်း ရချင်သည်။ ဝေ့ဝူယင်မှာ သူ လော့ကရှန့်ထို အဆင်ကို တက်လှမ်းနိုင်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်က သူ့ကို စကားပြောမည်ဟု ပြောသည့် အပေါ် ပျော်ရွှင် မိပေသည်။
ဝမ်မင်ယာမှာ ရှက်အမ်းအမ်း အခြေအနေမှ နိုးထလာကာ ထိုနေရာမှ ရှောင်ပေးရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်က သူ့ကို လက်မောင်းကြီးများဖြင့် ပွေ့ဖက် လိုက်သည်။ သူက သူမ၏ ခါးကလေးကို ကိုင်ကာ ဆွဲကပ်လိုက်ရင်း နှုတ်ခမ်းကို နမ်းလိုက်၏။ အတန်ကြာပြီး နောက်မှ သူက မိန်းကလေးကို လွှတ်ပေးလိုက်သည်။
“တို့တွေ နောက်ကျ စကားထပ်ပြောကြမယ်နော်...”
သူက နူးညံ့စွာ ပြောလိုက်၏။ မိန်းကလေးက ခေါင်းညိတ်လိုက်သည်။
“အင်း...”
“ကောင်းပြီလေ...”
ဝေ့ဝူယင်က ဝမ်မင်ယာကို လွှတ်ပေးလိုက်ပြီးနောက် ဟန်ယုဟိုင်ဘက်သို့ ပြန်လှည့်လိုက်သည်။ ထို့နောက် သူက မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ပျောက်ကွယ်သွား၏။ ဟန်ယုဟိုင်က ဝမ်မင်ယာကို တစ်ချက် ကြည့်လိုက်သည်။ ပြီးသည်နှင့် သူသည်လည်း ပျောက်ကွယ်သွားခဲ့၏။
ဝမ်မင်ယာမှာ အတွေးအတွင်း နစ်မြောနေ၏။ သူမ မသိစိတ်ဖြင့် နှုတ်ခမ်းကလေးကို ပြန်ထိလိုက်မိသည်။ ထိုအရာက သူတို့ နှစ်ယောက် အတွက် ပထမဆုံး အနမ်း မဟုတ်သည့်တိုင်အောင် ပထမဆုံး အဓိပ္ပာယ် ရှိခဲ့သည့် အနမ်းဖြစ်ပေသည်။
***