← Chapters

မဟာ ပုရောဟိတ်

Vol. 69 Ch. 963

မဟာ ပုရောဟိတ်

Vol. 69 Ch. 963

ဝေ့ဝူယင်နှင့် ဟန်ယုဟိုင်တို့ နှစ်ယောက်သားမှာ အာရုဏ်ဦး မူလနန်းတော်တွင် တစ်နာရီခန့် ကြာအောင် ရှိနေခဲ့၏။ ထို့နောက် ဟန်ယုဟိုင်မှာ နန်းတော် တံခါးဝမှ ခြေလျင် ပြန်ထွက်သွားခဲ့သည်။ သူက အတွေးများ အတွင်း နစ်မြောနေဟန်ဖြင့် အနည်းငယ် မျက်မှောင်ကြုတ် နေခဲ့၏။ နန်းတော် အခြေတည်ထားသည့် အုတ်မြစ် အလွန်သို့ အရောက်မှသာ သူ၏ မျက်ခုံးများက ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ မကြာခင် သူ၏ အမူရာက မြေကြီး ရှန့်ထို တစ်ယောက်၏ စွမ်းအင် ပြည့်ဝမှုဖြင့် ပြန်လည် ပြည့်နှက် သွားခဲ့၏။

တစ်ခဏကြာပြီးနောက်၌ ဝေ့ဝူယင်သည်လည်း အာရုဏ်ဦး မူလနန်းတော်ထဲမှ ထွက်ခွာ လာခဲ့သည်။ သို့သော်လည်း... ဝမ်မင်ယာကိုတော့ သူ မည်သည့်နေရာမှာမှ ရှာမတွေ့တော့ချေ။ လက်ရှိ ဝေ့ဝူယင်၏ ဝိညာဥ်အာရုံမှာ မူလဂြိုဟ် တစ်ခုလုံးကို အားထုတ်မှု အနည်းငယ်ဖြင့် ဖြန့်ကျက်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ဝမ်မင်ယာကိုတော့ မတွေ့ရတော့ပါချေ။ မိန်းကလေး အော်ရာက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမ ထွက်ခွာသွားခဲ့ချေပြီ။

နှလုံးသားထဲမှ အနည်းငယ် နာကျင်သလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ သူ မျက်လုံးများကို မှိတ်လိုက်ကာ မိန်းကလေး၏ လက်စွပ်မှ ဟင်းလင်းပြင် အမှတ်အသားကို အာရုံခံလိုက်သည်။

“သူက အဝေးကြီးကို ရောက်နေပြီ...”

မိန်းကလေးမှာ အချိန်နှင့် အမျှ ပိုမို၍ ဝေးကွာသွားနေခဲ့ကာ ဒြပ်စင်နယ်မြေ အပြင်ဘက်ကိုပင် ရောက်သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ဖွဲ့စည်းရန် ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် အသံလှိုင်း တစ်ခုမှာ သူ့ဝိညာဥ်ဆီ တိုက်ရိုက်ပင် တိုးဝင်လာခဲ့သည်။

“သူ့တာဝန်ချိန်က ကုန်သွားပြီ... ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ ဆက်ပြီး လေ့ကျင့်လိမ့်မယ်”

အသံက ယောက်ျားသံ ဖြစ်ကြောင်း ဝေ့ဝူယင် ခံစားလိုက်ရ၏။ ဝေ့ဝူယင်၏ မျက်လုံးများက ပြန်ပွင့်လာကာ ငွေရောင် အလင်းတန်းများဖြင့် ပြည့်နှက် သွားသည်။ သူက မတုန့်မဆိုင်းပင် ဝမ်မင်ယာ၏ တည်နေရာကို မှတ်လိုက်၏။ ပြီးသည်နှင့် ညာဘက်လက်ဖြင့် ဟင်းလင်းပြင်ကို ထိလိုက်တော့သည်။

ခရက်...

မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် အမြင့် မီတာ သုံးဆယ်ခန့် ရှိသည့် အနက်ရောင် စက်ဝန်း တစ်ခုမှာ ဝေ့ဝူယင် အရှေ့၌ ရုတ်ချည်း ပေါ်ထွက် လာခဲ့၏။ လောကသခင် အဆင့်ကို ရောက်ရှိပြီး နောက်တွင် ဝေ့ဝူယင်၏ ပေါ်တယ် ဖန်တီးခြင်း ကျင့်စဉ်မှာလည်း မခန့်မှန်းနိုင်လောက်သည့် အဆင့် တစ်ခု အထိ တိုးတက် လာခဲ့ပြီ ဖြစ်သည်။ ဟင်းလင်းပြင် အမျိုးအစား လောကနယ်မြေကို ပိုင်ဆိုင်ခြင်းနှင့် အတူ အာကာသ အပေါ် သူ့နားလည်မှုများမှာလည်း များစွာ တိုးတက် လာခဲ့ပေသည်။

ဂီး...

အော်ဟစ်သံ တစ်ခုနှင့် အတူ ရွှေရောင်နှင့် အဖြူရောင် ရောနှောထားသည့် ပုံရိပ် တစ်ခုမှာ ပေါ်တယ်ထဲမှ ထွက် ပေါ်လာခဲ့သည်။ ပိုင်လင်၏ မျက်လုံးများက ရွှေရောင် မီးတောက်များဖြင့် ပြင်းထန်စွာ လောင်ကြွမ်း နေ၏။

ဝေ့ဝူယင်က များစွာ ရှင်းပြခြင်း မပြုချေ။ ပိုင်လင်၏ ကျောထက်တွင်သာ တိုက်ရိုက် နေရာယူ လိုက်၏။ ထို့နောက် သူက နောက်ထပ် လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ဆောင်ကာ ဟင်းလင်းပြင် ပေါ်တယ် နောက်ထပ် တစ်ခုကို ဖော်ဆောင် လိုက်သည်။ ထို့နောက် သူတို့ နှစ်ယောက်မှာ ဟင်းလင်းပြင် ပေါ်တယ် အတွင်း တိုးဝင် သွားခဲ့တော့၏။

...

အလွန့်အလွန် ဝေးကွာလှသည့် နေရာတစ်ခု၌...

ဟူး... ဟူး...

အာကာသ စွမ်းအင်များ ဝန်းရံနေသည့် ရွှေရောင် အလင်းတစ်ခုမှာ ဥက္ကာပျံ တစ်ခုလိုမျိုး အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ရွေ့လျား နေခဲ့၏။ ဒြပ်စင်နယ်မြေ၏ အတားအဆီး ဝင်္ကပါပင်လျှင် ၎င်း၏ ထွက်ခွာသွားမှုကို တားဆီးနိုင်ခြင်း မရှိပါချေ။ ထိုဥက္ကာပျံ အတွင်းတွင်တော့ မျက်လုံးများ မှိတ်ထားသည့် ဝမ်မင်ယာ လိုက်ပါလာခဲ့၏။

ရွှေရောင်အလင်း၏ အထက်တွင်တော့ အသက်လတ် မိန်းမကြီး တစ်ဦးမှာ တင်ပျဉ်ချိတ်ကာ ထိုင်နေခဲ့သည်။ သူမ၏ မျက်လုံးများက လုံးဝ အဖြူရောင် ဖြစ်ကာ သူငယ်အိမ်များပင် ပါရှိခြင်း မရှိချေ။ ထိုကဲ့သို့ ထူးဆန်းသည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည့်တိုင် မိန်းမကြီးမှာ ရင့်ကျက် တည်ငြိမ်သည့် အလှကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပေသည်။

မိန်းမကြီး၏ နံဘေးတွင်တော့ မီးခိုးဖျော့ရောင် ဆံပင်များနှင့် လူငယ် တစ်ယောက် ရှိနေခဲ့သည်။ သူက အရပ်ငါးပေသုံးခန့် ရှိကာ ရွှေရောင် အလင်းထဲရှိ ဝမ်မင်ယာကို စိတ်ဝင်တစား ငုံ့ကြည့် နေခဲ့၏။ သူတို့ လိုက်ပါလာသည့် ဥက္ကာပျံက သာမန် အလင်း တစ်ခု မဟုတ်ပါချေ။ ပြိုင်စံရှား သဏ္ဌာန်နှင့် ကောင်းကင်လမ်းစဉ် ဟုခေါ်သော လွန်းပျံယာဉ် တစ်ခု ဖြစ်သည်။

မဟာ စက်ဝန်း ကြယ်ကွင်းပြင်၌ ကောင်းကင် လမ်းစဉ် လွန်းပျံယာဉ်၏ ကျော်ကြားမှုမှာ ခြောက်မြှောင့်ကြယ်ထက် အနည်းငယ်သာ လျော့နည်းလိမ့်မည် ဖြစ်သည်။

မိနစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် လူငယ်က စတင်ကာ စကားပြောလိုက်၏။

“ဂျူနီယာဝမ်ရဲ့ အသက်အင်အားက ပိုပြီးတော့ ပြည့်လျှံလာတယ်... ဒါပေမဲ့ ကျင့်ကြံခြင်း အခြေခံကတော့ မတိုးတက်သေးဘူး”

သူ၏ လေသံက နားမလည်နိုင်ခြင်းများနှင့် ပြည့်နှက် နေသည်။ ကောင်းကင် ပုရောဟိတ်များ အနေဖြင့် တစ်ခါတစ်ရံ သူတို့၏ လုပ်ဆောင်မှုများက ကောင်းကင်တာအို၏ ရည်ရွယ်ချက်များကို နှောက်ယှက်မိတတ်လေရာ အသက်အင်အား ပေးဆပ်ရခြင်းမျိုး မကြာခဏ ဆိုသလို ကြုံတွေ့ရလေ့ ရှိသည်။ ထို့ကြောင့်ပင် ကောင်းကင်ပုရောဟိတ်များမှာ သာမန် ကျင့်ကြံသူများထက် အသက်အင်အား ပိုမို တိုတောင်းလေ့ ရှိသည်။

အကယ်၍ ဝမ်မင်ယာသာ လောကသခင် အဆင့်ကို ချိုးဖျက်နိုင်ခဲ့ပါက သူမ၏ အသက်အင်အား တိုးတက်မှုကို သူ လက်ခံနိုင်ပေသည်။ ယခု သူမ၏ တိုးတက်မှုက အကြောင်းရင်းမဲ့သလို သူ ခံစားရ၏။

“တာဝန်ချိန်က သူ့ကို အကျိုးအမြတ် ဖြစ်စေခဲ့တဲ့ပုံ ရတယ်...”

အသက်လတ် မိန်းမကြီးက တည်ငြိမ်စွာ ပြောလိုက်၏။

“လူတိုင်းရဲ့ လမ်းစဉ်က ခြားနားတယ်... ရွေးချယ်မှုတိုင်းမှာ ရရှိမှု ဆိုတာ ရှိသလို ပေးဆပ်မှုလည်း ရှိတတ်ကြတယ်”

“ပေးဆပ်မှု... ဟုတ်လား...”

လူငယ်မှာ ထိုစကားလုံးကြောင့် အနည်းငယ် အံ့အားသင့် သွားခဲ့၏။ မိန်းမကြီးက လူငယ်၏ စကားကို ချက်ချင်း မဖြေချေ။ အသက်ကို ပြင်းပြင်းရှိုက်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။ လက်ရှိ သူတို့ ရောက်ရှိနေသည့် နေရာက ထာဝရနယ်မြေ၏ အလယ်လောက်တွင် ဖြစ်သည်။

“ဟမ်...”

ရုတ်တရက် မိန်းမကြီး၏ အဖြူရောင် မျက်လုံးများမှာ ရွှေရောင် အလင်းတန်းများဖြင့် ပြည့်လျှံ သွားခဲ့၏။ သူမ၏ အမူအရာက ချက်ချင်း ပြောင်းလဲ သွားသည်။

ဂီး...

ဆူညံသည့် ဝိညာဥ်လှိုင်းခတ်သံ တစ်ခုနှင့် အတူ နှစ်ဆယ့်နှစ်မီတာ အရွယ်အစား ရှိသည့် သတ္တဝါကြီး တစ်ကောင်မှာ သူတို့ရှေ့တွင် ရုတ်ချည်း ပေါ်လာခဲ့သည်။ ၎င်းက အတောင်ပံများကို ပြင်းထန်စွာ ခတ်ရင်း သူတို့ထံ ရှေ့တည့်တည့်မှ တိုးဝင် လာခဲ့၏။

လူငယ်၏ မျက်နှာထက်၌ ထိတ်လန့် တုန်လှုပ်သည့် အငွေ့အသက်များ ပေါ်လာခဲ့သည်။ သူတို့၏ လွန်းပျံယာဉ်မှာ သာမန် လွန်းပျံယာဉ် တစ်ခု မဟုတ်ချေ။ ကြယ်တာရာ နယ်မြေများကိုပင် သတိမမူမိပဲ ဖြတ်သန်းနိုင်သည့် ပို့ဆောင်ရေးယာဉ် အမျိုးအစား ဖြစ်သည်။ မြေကြီးရှန့်ထိုများပင်လျှင် အာကာသ အမျိုးအစား လျှို့ဝှက် သင်္ကေတကို ပိုင်ဆိုင် မထားပါက သူတို့ကို ရှာတွေ့လိမ့်မည် မဟုတ်ချေ။

မိန်းမကြီးက မျက်မှောင်ကြုတ် လိုက်၏။ လောကဖိအား အငွေ့အသက်များက ကောင်းကင် လမ်းစဉ် လွန်းပျံယာဉ်ပေါ် ဖုံးလွှမ်းသွားကာ တဒင်္ဂ အတွင်း ရုတ်ချည်း ရပ်တန့်သွားသည်။ လူငယ်မှာ ဟန်ချက် မထိန်းနိုင် ဖြစ်သွားလေရာ လွန်းပျံယာဉ်ပေါ်မှ လွင့်စဉ်ကျသွားမတတ်ပင် ဖြစ်သွားခဲ့၏။ အကယ်၍ အသက်လတ် မိန်းမကြီး၏ တားဆီးမှုကြောင့်သာ မဟုတ်ပါက... အမှောင် ဟင်းလင်းပြင် အတွင်းကိုပင် ပြုတ်ကျသွားလောက်ပြီ ဖြစ်သည်။

ဟူး... ဟူး...

ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ ရွှေရောင် အလင်းများ ခြုံလွှမ်းနေသည့် ဥသဏ္ဌာန် ကောင်းကင်လမ်းစဉ် ယာဉ်နားသို့ ရောက်ရှိလာခဲ့သည်။ ထိုယာဉ် အတွင်း၌ ဝမ်မင်ယာမှာ မျက်လုံးများ မှိတ်ကာ ထိုင်နေခဲ့၏။ သူမက ထိုအထဲ၌ တိတ်တဆိတ် လွင့်မြောနေကာ မည်သည့် တုန့်ပြန်မှုကိုမှ ပြုလုပ်ခြင်း မရှိချေ။ ရွှေရောင်ဥ၏ အထက်တွင်တော့ ပုံရိပ် နှစ်ခုမှာ သူ့ကို လေ့လာနေခဲ့သည်။

ထိုအခိုက်၌ ဝေ့ဝူယင်မှာ ခရာတို၏ သဏ္ဌာန်မဲ့ လောကနယ်မြေကို ဖြန့်ကျက် ထား၏။ အကန့်အသတ်အားဖြင့် ၃၃၃၀၀၀ မီတာ အထိ ရှိသော်လည်း ထိုအခိုက်၌ သူက နှစ်ကီလိုမီတာ မျှကိုသာ ဖြန့်ကျက်ထားသည်။ သို့တိုင်အောင် ထိုအရာက ကောင်းကင်လမ်းစဉ် လွန်းပျံယာဉ်နျင့် သူ့ကိုယ်သူ ကောင်းကောင်းကြီး လွှမ်းခြုံရန် လုံလောက်ပေသည်။

ဝေ့ဝူယင်မှာ ကောင်းကင်လမ်းစဉ် လွန်းပျံယာဉ်နှင့် မီတာ တစ်ရာမျှ ခြားကာ ရပ်လိုက်၏။ လွန်းပျံယာဉ်ကို အတင်းအကြပ် ဖိအားပေးကာ ရပ်စေခဲ့သည့် လောကအင်အားကို ဝိညာဥ် အာရုံဖြင့် ဆန်းစစ်ရင်း မိန်းမကြီးက မျက်မှောင်ကြုတ် လိုက်သည်။ ပုံမှန်အားဖြင့် သူမက ထိတ်လန့်လွယ်သူ မဟုတ်သော်လည်း ယခုတစ်ကြိမ်တွင်တော့ အနည်းငယ် အံ့အားသင့် နေမိ၏။

ကောင်းစဉ်လမ်းစဉ် လွန်းပျံယာဉ်မှာ လျှို့ဝှက် အဆင့် ဟင်းလင်းပြင် သင်္ဘောတစ်စင်း ဖြစ်ကာ လျှို့ဝှက် ကျောက်တုံး၊ လျှို့ဝှက် အဆင့် အာကာသ ရင်းမြစ်များဖြင့် မောင်းနှင်ရသည်။ သို့တိုင်အောင် အတင်းအကြပ် တိုးဝင်လာသည့် လောကအင်အားမှာ ၎င်းကို တိခနဲ ရပ်စေခဲ့သည်။ ကောင်းကင်လမ်းစဉ် လွန်းပျံယာဉ်၏ စွမ်းအင် စီးဆင်းမှု၊ လျှို့ဝှက်၊ အာကာသနှင့် အရှိန်တို့ကို ထိုကဲ့သို့ ရုတ်ချည်း ဖိနှိပ်ရန်မှာ အလွန်ပင် မလွယ်ကူသည့် ကိစ္စ ဖြစ်သည်။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက အေးစက်စက် အငွေ့အသက်များဖြင့် ပျံ့နှက်နေကာ ရွှေရောင်ဥထက်ရှိ ကျင့်ကြံသူ နှစ်ယောက်ကို စိုက်ကြည့်လိုက်၏။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက အကန့်အသတ် ရောက်အောင် အစွမ်းကုန် တောက်ပနေသည်။ တဒင်္ဂ အတွင်းမှာပင် အသက်လတ် မိန်းမကြီးမှာ ထိုနေရာတွင် မရှိကြောင်း သူ သဘောပေါက်လိုက်၏။ လက်ရှိ သူမ၏ သဏ္ဌာန်က ဝိညာဥ်ကိုယ်ပွား တစ်ခုသာ ဖြစ်သည်။ နောက်ထပ် တစ်ယောက် ဖြစ်သည့် ကြယ်တာရာ သခင်ကတော့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေခြင်း ဖြစ်ပေသည်။

“သူ့ကို ခေါ်သွားဖို့ အတွက် ကျုပ်ဆီက ခင်ဗျားတို့ ခွင့်ပြုချက် မတောင်းရသေးဘူး”

ဝေ့ဝူယင် စတင် စကားပြောလိုက်သည်နှင့် ပိုင်လင်၏ မျက်လုံးများက နိဗာန အလင်းများဖြင့် ဟုန်းခနဲ လောင်ကြွမ်း လာ၏။

လူငယ်မှာ ဝေ့ဝူယင်ကို ကြည့်ကာ အနည်းငယ် အံ့သြနေခဲ့၏။ ယောက်ျား တစ်ယောက်က မည်ကဲ့သို့ ထိုမျှ ချောမောနိုင်သနည်း။ ရုပ်ရည်နှင့် ပတ်သက်၍ သူ အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိခဲ့သည့်တိုင် ဤတစ်ကြိမ်တွင်တော့ အနည်းငယ် သိမ်ငယ်သွားသလို ခံစားလိုက်ရသည်။

သို့သော်လည်း လူငယ် ခပ်မြန်မြန်ပင် အတွေးထဲမှ ရုန်းထွက် လိုက်၏။

“မင်းကိုယ်မင်း ဘာထင်နေလဲ...”

သူ၏ လေသံက မာကြောနေ၏။ သူတို့က ရွှေရောင် ဂိတ်တံခါး နန်းတော်မှ ဖြစ်ကာ ငွေရောင် မျက်လုံးနှင့် လူငယ်မှာ သူတို့ကို အတင်းအကြပ် တားဆီးခဲ့သည်။ ထို့အပြင်... ရင့်ရင့်သီးသီးလည်း ဆက်ဆံခဲ့သေး၏။ ထိုအပြုအမူက အလွန် ဒေါသ ထွက်စရာ ကောင်းပေသည်။

သူ လောကနယ်မြေကို ဖြန့်ကျက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် အသက်လတ် မိန်းမကြီးက သူ့ကို တားဆီး လိုက်၏။ ဝိညာဥ်ကိုယ်ပွား တစ်ခု ဖြစ်သည့်တိုင် သူမ ပိုင်ဆိုင်ထားသည့် စွမ်းအားက သေမျိုး အကန့်အသတ်ကို ကျော်လွန်နေဆဲ ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... ကိုယ်ပွားက အစစ်အမှန်လောက် အစွမ်းမထက်တာတော့ အမှန်တကယ်ပင် ဖြစ်သည်။ မဟုတ်ပါက ဝေ့ဝူယင်မှာ သူမ ထိန်းချုပ်နေသည့် လွန်းပျံယာဉ်ကို မည်ကဲ့သို့ တားဆီးနိုင်မည်နည်း။

မိန်းမကြီး၏ အတွေးများက လေးနက် နေ၏။ လက်ရှိ၌ သူတို့မှာ ထာဝရနယ်မြေမှာ အလယ်လောက်၌ ရောက်ရှိနေခြင်း ဖြစ်သည်။ ထို့အပြင် သူမ၏ အစစ်အမှန် ခန္ဓာကိုယ်မှာ အခြားတစ်နေရာ၌ ဖြစ်သည်။ ဤနေရာတွင် ကြာကြာဆက်နေခြင်းက ကောင်းသော သက်ရောက်မှု မရှိနိုင်ပါချေ။ သူမ ခပ်မြန်မြန်ပင် ကောင်းကင်လမ်းစဉ် လွန်းပျံယာဉ်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းလိုက်၏။

ဂျစ်... ဂျစ်...

အမှောင် ဟင်းလင်းပြင်ထဲ၌ ထူးဆန်းသည့် အသံများ ထွက်ပေါ်လာ၏။ သို့သော်လည်း ကောင်းကင်လမ်းစဉ် လွန်းပျံယာဉ်ကတော့ တုတ်တုတ်မျှ မလှုပ်ပါချေ။ ဝေ့ဝူယင်၏ လောကနယ်မြေ အတွင်း၌ အပြည့်အဝ ထိန်းချုပ် ခံထားရဆဲ ဖြစ်သည်။ ကိုယ်ပွား၏ ခွန်အားက မလုံလောက်ကြောင်း သူမ ချက်ချင်းပင် သတိပြုမိသွား၏။

မိန်းမကြီး၏ အဖြူရောင် မျက်ဆံများထဲတွင် ထိတ်လန့်၏ အငွေ့အသက်များ ပေါ်လာခဲ့၏။ ဝေ့ဝူယင်၏ လောကနယ်မြေထဲတွင် အဘယ်ကြောင့် ထိုမျှ ကြောက်မက်ဖွယ် ကောင်းလွန်းသည့် အာကာသ စွမ်းအင်များ ပါဝင်နေသနည်း။ ၎င်းက လွန်းပျံယာဉ်၏ မန်နာ ထိန်းချုပ်နိုင်စွမ်း အပါအဝင် လျှို့ဝှက် စွမ်းအင် စီးဆင်းမှုကိုပင် ဟန့်တားနိုင်သည့်ပုံ ပေါ်သည်။ ထိုကဲ့သို့ စွမ်းအင်မျိုးက လောကသခင် တစ်ယောက် ပိုင်ဆိုင်နိုင်သည့် အရာ မဟုတ်ပါချေ။

***

All Chapters