← Chapters

မဟာပုရောဟိတ် (၂)

Vol. 69 Ch. 964

မဟာပုရောဟိတ် (၂)

Vol. 69 Ch. 964

အသက်လတ် မိန်းမကြီးက ခပ်မြန်မြန်ပင် အတွေးများကို နိဂုံးချုပ်လိုက်၏။ သူမ၏ အမူအရာက တမုဟုတ်ချင်း တည်ငြိမ်သွားသည်။ လောကသခင် တစ်ယောက်က ထိုကဲ့သို့ စွမ်းအင်များကို ပိုင်ဆိုင်ထားရန် လုံးဝ မဖြစ်နိုင်ချေ။ လူငယ်မှာ ထူးဆန်းသော ရတနာ တစ်ခုခုကို သုံးထားခြင်း ဖြစ်ရမည်။ အာရုဏ်ဦး ဧကရာဇ်၏ နောက်ခံက အလွန် လျှို့ဝှက် ဆန်းကြယ်သည် ဆိုသော ကောလဟလများမှာ မှန်နေပုံ ရသည်။

သူမက အသက်ကို ခပ်ပြင်းပြင်း ရှူကာ ဝေ့ဝူယင်ကို စိုက်ကြည့်လိုက်၏။

“ဝမ်မင်ယာရဲ့ လမ်းစဉ် တိုးတက်မှုကို နင်က ရပ်စေချင်တာလား...”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်သည်။ မိန်းမကြီးက ဆက်ပြောလိုက်၏။

“ရွှေ‌ရောင် အသက်နန်းတော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေတယ် ဆိုပေမဲ့ သူ တောင်းဆိုတာကြောင့် ထွက်ခွာခွင့် ငါပေးလိုက်တာ... နင်နဲ့ တွေ့ဆုံပြီး သူ့ ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့.... အခု သူ ဆန္ဒပြည့်သွားပြီ ဟုတ်တယ်မလား...”

မိန်းမကြီး ရည်ညွှန်းသည့် အရာက ငရဲကြီး ဆယ့်ရှစ်ထပ်၏ အသေးစိတ် အချက်အလက်များ ဖြစ်ကြောင်း ဝေ့ဝူယင် ချက်ချင်းပင် သဘောပေါက်လိုက်ပေသည်။ သူ တိတ်တဆိတ်ပင် လွန်းပျံယာဉ်ကို သေချာ စစ်ဆေး လိုက်၏။ ရွှေရောင်ဥထက်ရှိ လူငယ်က သူ ကြားခဲ့ရသည့် အသံပိုင်ရှင် ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ ဝေ့ဝူယင် အသက်လတ် မိန်းမကြီးဘက် ပြန်လှည့်လိုက်၏။

“ခင်ဗျားက ဘယ်သူလဲ...”

မိန်းမကြီးက ချက်ချင်း ပြန်မဖြေပဲ ပိုင်လင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ မီးဖီးနစ်မှာ ရွှေရောင် မီးတောက်များကို အဆက်အပြတ် ထုတ်ဖော်နေကာ အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့် ပြင်ဆင်ထား၏။သူမ ကိုယ့်အခြေအနေကို သူမ နားလည်ပေသည်။ ဝေ့ဝူယင်သာ ဝမ်မင်ယာကို ပြန်ခေါ်သွားရန် ဆုံးဖြတ်ခဲ့ပါက သူမတို့ တတ်နိုင်သည့် အရာ တစ်ခုမှ မရှိချေ။ သူမ၏ ကိုယ်ပွားက လျှို့ဝှက်ကြယ်တာရာ အဆင့်သာသာတွင်သာ ရှိသည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့်၏ ခွန်အားကို ပိုင်ဆိုင်ထားသည့် ဝေ့ဝူယင်၏ မီးဖီးနစ်နှင့် ယှဉ်ပါက များစွာ ကွာခြားလှသည်။

သို့သော်လည်း မိန်းမကြီးမှာ တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။ သူက ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများကို ပြန်ကြည့်ကာ အဖြေပေးလိုက်၏။

“ငါက ရွှေရောင် ဂိတ်တံခါး နန်းတော်ရဲ့ မဟာ ပုရောဟိတ်ပဲ...”

သူမက နာမည်ကို မပြောပဲ ဘွဲ့ထူးကိုသာ ပြော၏။ ထို့နောက် ဆက်ပြောလိုက်လေသည်။

“နောက်ပြီး ဝမ်မင်ယာရဲ့ ဆရာ...”

“ဝမ်မင်ယာရဲ့ ဆရာ...”

ဝေ့ဝူယင်၏ မျက်လုံးများက ထူးဆန်းသော အလင်းများဖြင့် တောက်ပသွား၏။ အရုဏ်ဦး ကြယ်တာရာ နယ်မြေ ပျက်သုဉ်းသွားခဲ့ပြီးနောက် မကြာခင်မှာပင် ရွှေရောင် ဂိတ်တံခါး နန်းတော်က သူမကို ရှာတွေ့ကာ ခေါ်ဆောင် သွားခဲ့ကြောင်း ဝမ်မင်ယာက ပြောပြခဲ့ဖူးသည်။ ထိုနေရာ၌ သူမ ဆရာ တစ်ယောက် ရရှိခဲ့ကာ ထိုအမျိုးသမီးကပင် သူမကို ကောင်းကင် လမ်းစဉ်နှင့် ပတ်သက်သည့် ကျင့်စဉ်များ သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

မဟာပုရောဟိတ်...

ဝေ့ဝူယင် မိန်းမကြီးကို သေချာ ကြည့်လိုက်၏။ လျှို့ဝှက် အာဏာရှင် အဆင့် ကိုယ်ပွား တစ်ခုကိုပင် ဖန်တီးနိုင်ခြင်းအား ထောက်ချင့်ရပါက ထိုအမျိုးသမီး၏ ခွန်အားက မခေလောက်ချေ။ ထို့အပြင် ကိုယ်ပွား၏ သက်တမ်းက သုံးရက်ထက် မပိုသေးချေ။ အကြမ်းဖျဉ်းအားဖြင့် သူ လောကသခင် အဆင့် တက်လှမ်းပြီးသည့် နောက်မှသာ ထိုကိုယ်ပွားကို ဖန်တီးထားခြင်း ဖြစ်သည်။

မိန်းမကြီးက သတိလစ် နေပုံရသည့် ဝမ်မင်ယာကို ငုံ့ကြည့်လိုက်၏။

“မင်း အတွေးတွေကို ငါ နားလည်ပါတယ်... နောက်ပြီး သူ့ရဲ့ ခံစားချက်ကိုလည်း ငါ နားလည်တယ်... တကယ်လို့ ငါသာ သူ့ကို ရွေးချယ်ခွင့်ပေးမယ် ဆိုရင် သူ ငြင်းမှာ သေချာတယ်... သူက မင်းနဲ့ပဲ အတူ နေချင်တာ... သူ့ရဲ့ မူလယင်ကို မင်းဆီ ပေးချင်တာ... ဒါပေမဲ့ သူ ရွှေရောင် ဂိတ်တံခါး နန်းတော်ကို သူ ပြန်ရမယ်”

ဝေ့ဝူယင် ငြိမ်သက် နေ၏။ အနည်းငယ် တစ်ကိုယ်ကောင်း ဆန်ရပါက ဝမ်မင်ယာကို သူ့နံဘေးတွင်သာ ထားချင်သည်။ သူမ ထွက်သွားမည်ကို သူ မလိုလားချေ။ အနမ်းအကြောင်း သူတို့ နှစ်ယောက် မပြောရသေးချေ။ မဟာ ပုရောဟိတ်မှာ ရှင်းလင်းစွာ မပြောခဲ့သည့်တိုင် ဝမ်မင်ယာ၏ ကျင့်ကြံခြင်း လမ်းစဉ်တွင် အန္တရာယ် တစ်စုံတစ်ရာ ရှိနေတာမျိုး အာရုံခံမိတာ ဖြစ်နိုင်သည်။

“မင်းတွေးတာ အမှန်ပဲ... သူ့ရဲ့ ကျင့်ကြံခြင်း လမ်းစဉ်က အန္တရာယ် ရှိနေပြီ...”

ဝေ့ဝူယင်၏ အတွေးကို ဖတ်နိုင်သည့် အလား မဟာ ပုရောဟိတ်က အခိုင်အမာပင် ပြောလိုက်၏။ ဝေ့ဝူယင် ချက်ချင်း တုန့်ပြန်ခြင်း မပြုချေ။ သို့သော်လည်း... ဝမ်မင်ယာကို သူ့နံဘေးတွင် ဆက်ထားရန် မဖြစ်နိုင်တော့ကြောင်း သူ သိလိုက်သည်။ ရွှေရောင် ဂိတ်တံခါး နန်းတော်မှာ ထိပ်တန်း ကောင်းကင် ပုရောဟိတ်များကို ပြုစုပျိုးထောင် ပေးနေသည့် နေရာ ဖြစ်သည်။

သူ့အနေဖြင့် ဝမ်မင်ယာကို အဆုံးမဲ့ ရင်းမြစ်များ ထောက်ပံ့ပေးနိုင်သည်။ သို့သော်လည်း သင့်တော်သည့် ကျင့်ကြံခြင်း ပတ်ဝန်းကျင် တစ်ခုနှင့် အကောင်းဆုံး လမ်းညွှန်မှုများ ပေးနိုင်လိမ့်မည် မဟုတ်ပါချေ။ ဝမ်မင်ယာ အတွက် မဆိုထားနှင့်... ကိုယ်ပိုင် ကျင့်ကြံခြင်း လမ်းစဉ် အတွက်ပင် ကျင့်စဉ်၊ အစီအရင်၊ နည်းလမ်းများကို သူ အသည်းအသန် ရှာဖွေရဦးမည် ဖြစ်သည်။ ဝမ်မင်ယာ အတွက် ရွှေရောင် ဂိတ်တံခါး နန်းတော် ရေကန်အသင့် ကြာအသင့် နေရာတစ်ခု ဖြစ်သည်။

အဆုံးသတ်၌ ဝေ့ဝူယင် ပိုင်လင်၏ သားမွေးများကို ညင်သာစွာ ပွတ်သက်လိုက်၏။ တစ်ခဏ အတွင်းမှာပင် သူမ၏ နိဗာန မီးတောက်များက မှေးမှိန်လာကာ ပြန်လည် ပျောက်ကွယ် သွားသည်။ ပိုင်လင်မှာ လွန်ခဲ့သည့် စက္ကန့်ပိုင်းကလိုမျိုး ခြိမ်းခြောက်မှု တစ်ခု မဟုတ်တော့ချေ။

ဝေ့ဝူယင် လက်စွပ် တစ်ကွင်းကို ထုတ်ယူကာ ဝိညာဉ်အင်အားဖြင့် ဆက်သွယ်၍ အမျိုးမျိုးသော သတင်းစကားများ ချန်ထားလိုက်၏။ ထို့နောက် အဂ္ဂိရတ် ထုတ်ကုန်များ၊ ရင်းမြစ်များ အပြင် ကောင်းကင် ပုရောဟိတ်များနှင့် သင့်တော်သည့် ကံကြမ္မာ မျက်ရည်ကဲ့သို့ ထူးဆန်းသော ရတနာများကိုပါ ထည့်သွင်း လိုက်သည်။ ဒြပ်စင်နယ်မြေ ပြင်ပမျိုးနွယ်များကို ဝူယု ဓားပြတိုက်ခဲ့ပြီး နောက်တွင် သူ၏ ပိုင်ဆိုင်မှုများက ယခင်ကထက် အဆပေါင်းများစွာ မြင့်မား နေခဲ့ပြီ ဖြစ်သည်။

ဝမ်မင်ယာ၏ အော်ရာ တစ်ခုတည်းဖြင့် ဖွင့်လို့ရအောင် ချိပ်ပိတ်ပြီးနောက် ဝေ့ဝူယင် လက်စွပ်ကို မဟာ ပုရောဟိတ်ထံ လှမ်းပေးလိုက်၏။

“ကျုပ် သူ့ကို မတားတော့ဘူး... ဒါပေမဲ့”

ဝေ့ဝူယင်၏ မျက်လုံးများက အေးစက်စက် အငွေ့အသက်များဖြင့် ပြည့်နှက် သွားခဲ့သည်။

“ရွှေရောင် ဂိတ်တံခါး နန်းတော်က သူသွားချင်တဲ့ နေရာကို အတင်းအကြပ် တားဆီးခဲ့မယ် ဆိုရင်... အကျဉ်းသား တစ်ယောက်လို ဆက်ဆံခဲ့မယ် ဆိုရင်... မလိုအပ်ပဲ နာကျင်အောင် လုပ်ခဲ့မယ် ဆိုရင်... ကျုပ် ကတိပေးတယ်... ခင်ဗျားတို့ ရွှေရောင် ဂိတ်တံခါး နန်းတော် ဒီလောကကြီးကနေ ပျောက်ကွယ် သွားစေရမယ်”

မဟာပုရောဟိတ်မှာ ထိုစကားများ အပေါ် အံ့အားသင့်ဟန် မရချေ။ သူမက ခေါင်းတစ်ချက် ညိတ်ကာ လက်စွပ်ကို ဆုပ်ကိုင်လိုက်၏။ သူမ နံဘေးရှိ လူငယ်ကတော့ တိတ်တခိုး နှာခေါင်းရှုံ့လိုက်သည်။ ထိုမျှ လေကြီးသည့် လူမျိုး သူ အသက်နှင့် တစ်ကိုယ် မကြုံဖူးချေ။

ကံမကောင်းစွာပင်... သူ၏ အဆင့်အတန်းက ဤနေရာ၌ စကားပြောဖို့ မလုံလောက်ပါချေ။ ပိုင်လင် တစ်ကောင်တည်းကပင် သူ့အသက်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ ဤနေရာ၌ ကြာကြာဆက်နေပါက ရောက်ရှိလာမည့် အခြား အကျိုးဆက်များလည်း ရှိပေသေးသည်။ သို့ဖြစ်လေရာ သူ ခံစားချက်များကို သိမ်းဆည်းထားရန်သာ တတ်နိုင်၏။

ဝေ့ဝူယင်က ဝမ်မင်ယာကို နောက်ဆုံး အနေဖြင့် တစ်ချက် ကြည့်လိုက်သည်။ ထိုမိန်းကလေးမှာ သူ့အသက်ကို သုံးကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့ဖူးသည်။ သူမနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းက သူ့ဘဝ တစ်လျှောက် အကောင်းဆုံး ဆုံးဖြတ်ချက်များထဲမှ တစ်ခု ဖြစ်ပေသည်။

ဝေ့ဝူယင် လောကနယ်မြေကို ပြန်လည် ရုတ်သိမ်းလိုက်၏။ ကောင်းကင်လမ်းစဉ် လွန်းပျံယာဉ်မှာ ထိုနေရာ၌ ဆက်လက် အချိန်ဖြုန်းနေခြင်း မရှိတော့ချေ။ ၎င်းက အလျှင်မြန်ဆုံးသော အမြန်နှုန်နှင့် ပျံသန်းကာ ပျောက်ကွယ် သွားခဲ့၏။ ဝေ့ဝူယင်မှာ ထိုနေရာ၌ ဆယ်မိနစ်မျှ အထိ ဆက်လက် ရပ်ကာ အဝေးကို ငေးမော နေခဲ့မိသည်။ ထို့နောက် သူက သက်ပြင်းတစ်ချက် ချကာ ပေါ်တယ် တစ်ခုကို ဖန်တီးလိုက်၏။ မကြာခင်မှာပင် ပိုင်လင်နှင့် နှစ်ယောက်သား ပျောက်ကွယ် သွားခဲ့တော့သည်။

မိနစ် အနည်းငယ် ကြာမြင့်ပြီးနောက်...

ဝှစ်... ဝှစ်...

လျှို့ဝှက် အာဏာရှင် အဆင့် အချို့မှာ ထိုနေရာသို့ ရောက်ရှိလာကာ ပတ်ဝန်းကျင်ကို စစ်ဆေး လိုက်ကြ၏။ ထို့နောက် သူတို့က အလျှင်အမြန်ပင် ထာဝရ အစည်းအရုံး အကြီးအကဲများကို အစီရင်ခံရန် ထွက်ခွာ သွားခဲ့ကြတော့သည်။

တစ်နာရီခန့် ကြာမြင့်ပြီးနောက်.. ထိုနေရာတွင် ပေါ်တယ် တစ်ခု ဖွဲ့စည်းလာကာ မိန်းကလေး တစ်ယောက် ထွက်လာခဲ့သည်။ သူမက ဝေ့ဝူယင်တို့ ထွက်ခွာသွားသည့် နေရာကို အကြိမ် အနည်းငယ်ခန့် စစ်ဆေး လိုက်၏။

“ဟင်းလင်းပြင် ပေါ်တယ်...”

သူမ၏ မျက်လုံးများက စူးရှသွားကာ ဒြပ်စင်နယ်မြေ ရှိရာ အရပ်ကို လှမ်းကြည့်လိုက်၏။ ထို့နောက်... ရုတ်ချည်း ဆိုသလိုပင် သူမမှာ ထိုနေရာတွင် မရှိခဲ့သည့် အလား ပျောက်ကွယ် သွားခဲ့တော့သည်။

***

All Chapters