မဟာစက်ဝန်း ရှန့်ထို ညီလာခံ
Vol. 69 Ch. 965
အချိန်ကျခဲ့ပြီ ဖြစ်သည်။ ဒြပ်စင်နယ်မြေ အတွင်း၌ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ဟင်းလင်းပြင် သင်္ဘောများစွာမှာ ထာဝရ နယ်မြေကို ဦးတည်ကာ ချီတက်ရန် အစပျိုးခဲ့ချေပြီ။ သူတို့က အရေအတွက်အားဖြင့် အလွန် များပြားလှကာ ခမ်းနားလွန်းလှ၏။ ထိုမြင်ကွင်းကို တွေ့မြင်သူတိုင်း ကျိန်းသေပင် တုန်လှုပ် ချောက်ချားကာ လန့်ဖျန့် သွားကြလိမ့်မည် ဖြစ်သည်။
မဟာ ရှန့်ထို ညီလာခံ ကျင်းပမည့် အချိန်မှာ နောက်နှစ်လ အတွင်း ကျရောက်လာတော့မည် ဖြစ်သည်။ ထိုဆွေးနွေးပွဲမှာ “ပါရမီရှင်” နှင့် “ရွေးချယ်ခံ” တည်းဟူသော စကားလုံးများ၏ အဓိပ္ပာယ်ကို ဆုံးဖြတ် ပေးလိမ့်မည် ဖြစ်လေရာ လူငယ်တိုင်း၊ ထိပ်သီး ပညာရှင်တိုင်း အတွက် အလွန်ပင် အရေးပါသည်။ ၎င်းက သူတို့၏ အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မည် အပြင် လာမည့် ဧကရာဇ် ရွေးချယ်ခံ ပြိုင်ပွဲ ဝင်ခွင့်ကိုလည်း အကျိုးသက်ရောက်လိမ့်မည် ဖြစ်သည်။
မဟာရှန့်ထို ညီလာခံ၌ ဆွေးနွေးပွဲများသာလျှင် မကပဲ အခြား ယှဉ်ပြိုင် အဖြစ်အပျက်များစွာပါ ကျိန်းသေ နေရာယူ လာပေလိမ့်မည်။ ထိုအထဲ၌ ထိပ်သီး အင်အားစုများ အကြား ကုန်သွယ်ရေးများ၊ ယှဉ်ပြိုင်မှုများ၊ စီးပွားရေး သဘောတူညီမှုများပါ ပါဝင်လိမ့်မည် ဖြစ်သည်။ အထူးသဖြင့် တန်ခိုးရှင် သူရဲကောင်းနှင့် တန်ခိုးရှင် နတ်မိမယ် သတ်မှတ်ချက်ဝင်များလည်း တက်ရောက်လိမ့်မည် ဆိုသော သတင်းက လူငယ်များ၏ အာရုံကို အထူး ဆွဲဆောင် နိုင်ခဲ့သည်။
ထို့အပြင်... ညီလာခံ၏ အကန့်အသတ်က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်ခုတည်း မဟုတ်ချေ။ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး ဖြစ်သည်။ ၎င်းက ထောင်စုနှစ် တစ်ခုတွင် တစ်ခါ ကြုံရခဲသည့် စုဝေးပွဲကြီး ဖြစ်ပေသည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နေရာ အနှံ့အပြား၌ မရေမတွက်နိုင်သည့် ဟင်းလင်းပြင် သင်္ဘောများမှာ စိတ်လှုပ်ရှားစွာဖြင့် ထာဝရ နယ်မြေကို ဦးတည် ခုတ်မောင်း နေကြပေသည်။ ချမ်းသာ ကြွယ်ဝသည့် အင်အားစုများ အတွက် ဟင်းလင်းပြင် ဂိတ်တံခါး ဟူသည့် ဒုတိယမြောက် ရွေးချယ်စရာ ရှိသည့်တိုင် အများစုကတော့ ဟင်းလင်းပြင် သင်္ဘောများဖြင့်သာ သွားလာဖို့ ဆုံးဖြတ် ခဲ့ကြသည်။
မည်သို့ပင် ဆိုစေ... ဟင်းလင်းပြင် သင်္ဘောများမှာ ဂိုဏ်းတစ်ဂိုဏ်း၏ ကြွယ်ဝချမ်းသာမှု ပြရုဂ် ဖြစ်သလို အကုန်အကျ သက်သာ စေသည့် ရွေးချယ်မှုလည်း ဖြစ်သည်။ ထို့အပြင်... ဟင်းလင်းပြင်ကို ဖြတ်သန်း သွားလာစေခြင်းဖြင့် လူငယ်များကို ဒေသန္တရ ဗဟုသုတများ သင်ကြားပေးနိုင်ပေသည်။
အားလုံးသိထားကြသည့် အတိုင်း အမှောင်ဟင်းလင်းပြင်မှာ အလွန်ပင် အန္တရာယ် များလှသည့် နေရာတစ်ခု ဖြစ်သည်။ ထူးပြား ဆန်းကြယ်သည့် သဘာဝ ကပ်ဘေးများ အပြင် ဟင်းလင်းပြင် သားရဲကြီးများနှင့် လေလွင့် ဓားပြများ၏ အန္တရာယ်ကလည်း ရှိပေသေးသည်။
ကံကောင်းထောက်မစွာပင် ထိုရက်ပိုင်း အတွင်းတွင်တော့ မြေကြီး ရှန့်ထို အဆင့်များ၏ ကြီးကြပ် လိုက်ပါလာမှုနှင့် အတူ အမှောင် ဟင်းလင်းပြင် အတွင်းရှိ ဓားပြများနှင့် လျှို့ဝှက် ဆန်းကြယ်သော သက်ရှိများမှာ ငြိမ်သက် နေကြပေသည်။
ပျောက်ဆုံးမှု တစ်ချို့ ရှိနေဆဲ ဖြစ်သည့်တိုင် အများစုက ကြယ်တာရာ မိုးများနှင့် ရုတ်ချည်း ပေါ်လာတတ်သည့် သဘာဝ ကပ်ဘေးများကြောင့်သာ ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ခါတိုင်းနှင့် ယှဉ်ပါက ခရီးသွားများ ပျက်စီး ပျောက်ဆုံးမှုက အလွန်ပင် နည်းပါးကာ တစ်ရာခိုင်နှုန်းအောက်ပင် လျော့နည်းလိမ့်မည် ဖြစ်သည်။
အစစ်အမှန် ဒြပ်စင်ဂိုဏ်း...
အစစ်အမှန် ဒြပ်စင်ဂိုဏ်းတွင် ကျင့်ကြံသူပေါင်း သိန်းချီကို သယ်ဆောင်နိုင်သည့် မဟာ သင်္ဘောကြီး တစ်စင်း ရှိ၏။ ၎င်းကို တတိယ မူလဟု ခေါ်တွင်လေသည်။
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကတော့ အစစ်အမှန် ဒြပ်စင်ဂိုဏ်းတွင် ဒုတိယ မူလ၊ တတိယ မူလ၊ စတုတ္ထ မူလဟု ခေါ်တွင်သည့် ဟင်းလင်းပြင် သင်္ဘော လေးစင်း ရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း စီးပွားရေး အကြပ်အတည်း များကြောင့် ဒုတိယ မူလနှင့် စတုတ္ထ မူလတို့ကို အခြားအင်အားစုများထံတွင် ရောင်းချ ခဲ့ရသည်။
သူတို့ ရင်ဆိုင်ခဲ့ရသည့် ဘဏ္ဍာရေး အကြပ်အတည်းက အလွန်ပင် ကြီးမားလွန်းခဲ့သည်။ လွန်ခဲ့သည့် နှစ်များ အတွင်း အကြွေးများကြောင့် ဂြိုဟ်များနှင့် လောကနယ်မြေများကိုပင် ချပေးခဲ့ရသည်။ ထိုအထဲ၌ ရှေးဟောင်း ဒြပ်စင် ရွေးချယ်ခံ ပြိုင်ပွဲ ကျင်းပရာ မိစ္ဆာ စစ်ပွဲ လောကနယ်မြေလည်း အပါအဝင်ပင် ဖြစ်သည်။
တတိယ မူလမှာ အတော်လေး အဆင့်မြင့်မားလှ၏။ ၎င်းက အမြန်နှုန်က သာမန် လျှို့ဝှက် ဝိညာဉ် အဆင့်များကိုပင် ယှဉ်နိုင်ပေသည်။ သင်္ဘော၌ ဟင်းလင်းပြင် ရွှေ့ပြောင်းသည့် စွမ်းရည်များ မပါသည့်တိုင် ကျင့်ကြံသူများကို ထိန်းသိမ်းထားနိုင်သည့် တည်ငြိမ်သော လောကနယ်မြေ တစ်ခု ပါဝင်ပေသည်။
ထိုလောကနယ်မြေမှာ ပထမ မူလဂြိုဟ်၏ ပတ်ဝန်းကျင် အခြေအနေနှင့် အလွန်ပင် ဆင်တူကာ သစ်တောများ၊ ရေကန်ကန်များ၊ မီးတောင်များ၊ ကန္တာရများ၊ တောင်တန်းများပင် ပါဝင်သည်။ ထိုအတွင်း၌ မြို့ကြီး၊ ရွာကြီးများပင် ပါဝင်သည်။ သို့သော်လည်း လောကနယ်မြေ အတွင်းရှိ နေကတော့ အလယ်အလတ်တန်းစား ကြယ်တာရာ အမတေများကိုသာ ထုတ်လွှတ်ပေးနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ ၎င်းမှာ လောကနယ်မြေ အများစုထက် ပိုမို ကောင်းမွန်နေဆဲ ဖြစ်ပေသည်။
သင်္ဘောထက်ရှိ မြို့ကြီးများ အနက် တစ်ခု၌ အလွန် ကြီးမားသော စံအိမ်ကြီး တစ်ခုရှိ၏။ ၎င်း၏ အဝင်ဝ၌ “လင်း” ဆိုသော စကားလုံးကြီးကို ချိတ်ဆွဲထားသည်။ ထိုစံအိမ်ကြီး အတွင်းတွင်တော့ မရေမတွက်နိုင်သော ပုံရိပ်များမှာ လင်းတံဆိပ်ပါ ဝတ်ရုံများကို ဝတ်ဆင်၍ လှုပ်ရှား သွားလာနေကြ၏။
အကယ်၍ ထိုပုံရိပ်များကို ကြည့်ပါက သူတို့၏ မျက်နှာများက ပျော်ရွှင်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ နှစ်ပေါင်းများစွာ ဂုတ်သွေးစုပ် လာသည့် ပြင်ပကလန်များ ကျရှုံးခန်းနှင့် ကြုံတွေ့သွားရသောကြောင့်ပင်။
ဝူယု နန်စီယန်ကူးအား သတ်ဖြတ်လိုက်သည့် မြင်ကွင်းကို သူတို့ ယခုတိုင် ပြန်လည် မြင်ယောင် နေမိကြဆဲ ဖြစ်သည်။ ထို့အပြင်... ကုန်းလော့ ကွပ်မြက်ခံလိုက်ရသည့် သတင်းကိုလည်း သူတို့ အစောကတည်းကပင် ကြားခဲ့ပြီး ဖြစ်သည်။ ယခုနောက်ပိုင်း ကြားရသလောက် ဆိုလျှင် ကုန်းလော့အား ကွပ်မြက်လိုက်သူကလည်း ဝူယုဟု သိရသည်။ ထိုသတင်းသာ အမှန်ဆိုပါက ဝူယုမှာ သူတို့၏ ကယ်တင်ရှင် ဖြစ်သည်။
အာရုဏ်ဦး စစ်သည်က ထိုအရာများကို အဘယ်ကြောင့် လုပ်ပေးခဲ့သနည်း။ အကြောင်းပြချက်က ရှင်းလင်းပေသည်။ လင်းမျိုးနွယ်၏ မင်းသမီးလေး လင်းရှန်းရှဲ့မှာ ဝေ့ဝူယင်၏ ဇနီးလောင်း ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ထိုအရာက ကောလဟလများ ဖြစ်ကြောင်း ရှင်းပြမှုများ ရှိသည့်တိုင် အများစုကတော့ ထိုကဲ့သို့ပင် တွေးနေကြဆဲ ဖြစ်သည်။ ဝေ့ဝူယင်နှင့် လင်းရှန်းရှဲ့တို့မှာ ထိုကောလဟလနှင့် ပတ်သက်၍ တစ်ခါမှ တရားဝင် ငြင်းချက် မထုတ်ပြန်ခဲ့ချေ။ ထို့အပြင် သူတို့၏ ယုံကြည်ချက်ကို ပိုမို ခိုင်မာစေခဲ့သည့် နောက်ထပ် အကြောင်းရင်း တစ်ခုလည်း ရှိပေသေးသည်။
ကိစ္စများကို ရိုးရိုးရှင်းရှင်း တွေးကြည့်ကြပါစို့...။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်က အစစ်အမှန် ဒြပ်စင်ဂိုဏ်းနှင့် လင်းမျိုးနွယ်ကို အဘယ်ကြောင့် ကူညီရသနည်း။ ဝူယုက အဘယ်ကြောင့် နန်စီယန်ကူးကို သတ်ပစ်ရသနည်း။ အဘယ်ကြောင့် ကုန်းလော့ကို သစ္စာဖောက် နာမည်တပ်ကာ ကွပ်မြက်ရသနည်း။
အကြောင်းပြချက်ကတော့ ကျိန်းသေရှိပေလိမ့်မည်။ ပထမတွင် ထိုမေးခွန်းများနှင့် ပတ်သက်၍ သူတို့ထံ၌ အဖြေ နှစ်ခု ရှိခဲ့သည်။ ပထမ တစ်ခုက ဝေ့ဝူယင်နှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းတို့ အကြားမှ ”ရွေးချယ်ခံ” ဆိုသော ချိတ်ဆက်မှု ဖြစ်သည်။ နောက်တစ်ခုက လင်းရှန်းရှဲ့နှင့် ဝေ့ဝူယင်တို့ အကြားမှ ကောလဟလများ ဖြစ်သည်။
သို့သော်လည်း... ယခုတွင်တော့ ပထမ အဖြေက ကျိုးပဲ့သွားခဲ့ပြီ ဖြစ်သည်။ ကွဲပျက်ဒြပ်စင် အဖွဲ့ခေါင်းဆောင် ကျန်းကျီရီက ဝေ့ဝူယင်မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို ကိုယ်စား မပြုကြောင်း၊ သူတို့၏ ရွေးချယ်ခံ မဟုတ်ကြောင်း ကြေညာခဲ့သည်။ သို့ဖြစ်လေရာ... ခိုင်လုံသည့် အကြောင်းပြချက်က ဒုတိယမြောက် တစ်ခုသာ ကျန်ရှိပေတော့သည်။
ဝေ့ဝူယင်နှင့် လင်းရှန်းရှဲ့...
သူရဲကောင်းများမှာ မိန်းမလှများနှင့်သာ ထိုက်တန်ပေသည်။ ထို့အပြင် ဝေ့ဝူယင်နှင့် လင်းရှန်းရှဲ့တို့၏ ကောလဟလများက သူတို့ လင်းမျိုးနွယ် အပေါ် များစွာသော အကျိုးသက်ရောက်မှုများဖြစ်ပေါ် စေခဲ့သည်။ ယခင်က အပြစ်တင်မှု၊ ဝေဖန်မှု၊ နှိမ့်ချမှုများစွာကို ခါးစီး ခံခဲ့ရသော်လည်း ယခုဆိုလျှင် အစစ်အမှန် ဒြပ်စင်ဂိုဏ်း တစ်ခုလုံးမှာ သူတို့ကို အစစ်အမှန် ခေါင်းဆောင်များ သဖွယ် ဆက်ခံ နေကြပြီ ဖြစ်သည်.
စံအိမ်ကြီး အတွင်းရှိ အန်းကြီး တစ်ခုတည်းတွင်တော့ လင်းရှန်းရှန်းမှာ မျက်မှောင်ကြုတ်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့၏။ ထိုနေရာ၌ သူမ အပြင် လင်းရှန်းရှဲ့နှင့် ပိုင်ယုရှီတို့လည်း ရှိနေခဲ့ပေသည်။ ပိုင်ယုရှီမှာ လင်းရှန်းရှဲ့၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်သည်။ မကြာသေးခင်ကမှ ပြဿနာများနှင့် ရင်ဆိုင်ထားခဲ့ရသည့်တိုင် သူတို့ နှစ်ယောက်၏ ဆက်ဆံရေးက ဆက်လက် တည်မြဲ နေဆဲ ဖြစ်သည်။
လင်းရှန်းရှန်းမှာ တစ်ခုခုကို စိုးရိမ် ပူပန်နေသည့် ပုံစံဖြင့် ရပ်ကာ စဉ်းစားလိုက် လမ်းလျှောက်လိုက် လုပ်နေခဲ့၏။ ထိုကဲ့သို့ မိနစ် အနည်းငယ် ကြာမြင့်ပြီးနောက် လင်းရှန်းရှဲ့က သက်ပြင်းတစ်ချက် ချကာ စကားပြောလိုက်လေ၏။
“အမေ... အဲဒီလောက်ကြီး လျှောက်တွေးနေစရာ မလိုပါဘူး... သူက သမီးတို့နဲ့ လိုက်မပါဘူး ဆိုရင်တောင် အဲဒီကို မသွားဘူးလို့ တစ်ထစ်ချ ပြောလို့ မရဘူးလေ...”
သူမက မိခင်ဖြစ်သူ၏ စိုးရိမ် ပူပန်မှုများကို ဖြေလျှော့ပေးရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။ လောကသခင် အဆင့်ကို တက်လှမ်းပြီးသည့် အချိန်မှ စ၍ သူတို့ ဝေ့ဝူယင်ကို တစ်ခါမှ မတွေ့ရတော့ချေ။
“သူ လိုက်တာ မလိုက်တာက အရေးပါလို့လား...”
ပိုင်ယုရှီက မေးလိုက်၏။ သူမ ဝေ့ဝူယင်ကို သိပ်သဘော မတွေ့ချေ။ ထိုလူငယ်မှာ လင်းမင်၏ ပြိုင်ဘက် ဖြစ်သည်။ သူ မလိုက်တော့ရော ဘာအရေးနည်း။ ထို့အပြင်... သူမ ကြုံတွေ့ခဲ့ရသည့် ပြဿနာ အားလုံးကလည်း ဝေ့ဝူယင်ကြောင့်သာ ဖြစ်သည်။
အကယ်၍ ဟန်ယုဟိုင်သာ မြေးဖြစ်သူ၏ အတွေးများကို သိပါက... ကျိန်းသေ ထရိုက်မိလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်ကတော့ အော်ကြီးဟစ်ကျယ်သာ ရယ်မောမိပေလိမ့်မည်။ ပိုင်ယုရှီ ဆိုသည့် ကလေးမမှာ လင်းမင် အပေါ် အလွန်ပင် ချစ်မြတ်နိုးနေခြင်း ဖြစ်သည်။ မျက်ကန်း တစ္ဆေမကြောက်သလို အချစ်ဆိုသည့် ဇောအဟုန်၌ မိန်းကလေးမှာ ရုန်းထွက် မရအောင် နစ်မြော နေခဲ့ပြီ ဖြစ်သည်။
လင်းရှန်းရှန်း၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းသွား၏။ သူမက ပိုင်ယုရှီကို လေးနက်သည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
“အရေးပါတာပေါ့... ရှန့်ထို ညီလာခံက သူဖန်တီးထားတဲ့ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကြောင့် အစပျိုးပြီး ဖြစ်လာခဲ့တာ... နောက်ပြီး သူက မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်...”
“အဲဒီအချက်ကို တရားဝင် အတည်ပြုထားတာမှ မဟုတ်တာ...”
ပိုင်ယုရှီက မကျေမနပ်ဖြင့် နှုတ်ခမ်းကလေး စူရင်း ကြားဖြတ်ကာ ပြောလိုက်သည်။ လင်းရှန်းရှန်း သူမကို စိုက်ကြည့်လိုက်၏။ ထိုမိန်းကလေးက သက်သက် လာနှောင့်ယှက်နေသလော။
အကယ်၍ ဟန်ယုဟိုင်၏ မြေးသာ မဟုတ်ပါက သူ သူမကို ဆွဲကာ ရိုက်မိနေလောက်ပြီ ဖြစ်သည်။ ကြားရသလောက် ဆိုလျှင် ထိုမိန်းကလေးမှာ မိစ္ဆာစစ်ပွဲ လောကနယ်မြေတွင် ဝေ့ဝူယင် ရွေးချယ်ခံ မဖြစ်အောင် ဟန့်တားခဲ့သူ ဖြစ်သည်။ သူမသာ မနှောင့်ယှက်ပါက... ဝေ့ဝူယင်မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းဝင် တစ်ယောက်ပင် ဖြစ်နေလောက်သည်။
လင်းရှန်းရှန်း၏ အကြည့် စူးစူးကြောင့် ပိုင်ယုရှီမှာ အနည်းငယ် နောက်တွန့်သွားသည်။
“အတည်ပြုပြ... မပြုပြု... သူ့ပါရမီကို ထာဝရ ကြယ်တာရာ နယ်မြေသားတွေ အားလုံး သိကြတယ်... အခု မဖြစ်သေးရင်တောင် ကျိန်းသေ ဖြစ်လာမှာပဲ... ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင် ရှိနေတာက အရေးကြီးတယ်...”
လင်းရှန်းရှန်းမှာ ဆက်လက် ရှင်းပြရန် မကြိုးစားတော့ချေ။ ထို့အပြင်... သူမ ဝေ့ဝူယင်ကို တွေ့ချင်ရသည့် အကြောင်းရင်းမှန်ကိုလည်း ရှင်းပြ၍ မရပါချေ။
လင်းရှန်းရှဲ့က သက်ပြင်းတစ်ချက် ချလိုက်၏။
“အမေတွေးနေတာကို သမီးသိပါတယ်... မစိုးရိမ်ပါနဲ့... သူ ညီလာခံကို လာလိမ့်မယ်လို့ သမီး ထင်တယ်...”
“အဲဒီလို ထင်လား...”
လင်းရှန်းရှန်းက မေးလိုက်သည်။ လင်းရှန်းရှဲ့က ယုံကြည်ချက် အပြည့်ဖြင့် ခေါင်းညိတ်လိုက်၏။
“အင်း... သူ ကျိန်းသေ လာမှာပါ”
သို့သော်လည်း... လင်းရှန်းရှန်း၏ စိုးရိမ် ပူပန်မှုများက လျော့ကျသွားခြင်း မရှိခဲ့ပါချေ။
***