ကံကြမ္မာ
Vol. 69 Ch. 966
စံအိမ်ကြီး၏ အပြင်ဘက် လေ့ကျင့်ရေးကွင်းထဲ၌ လူငယ်လေး တစ်ယောက်မှာ အဖြူရောင် လှံတံကို ကိုင်ကာ လှံကျင့်စဉ်များကို လေ့ကျင့် နေခဲ့သည်။ လင်းမင်မှာ လှံနှင့် ပတ်သက်၍ ကျွမ်းကျင်မှုကို အပြီးပြည့်စုံဆုံး အဆင့်ထိ ရောက်အောင် အားထုတ် နေခြင်း ဖြစ်သည်။ မဟာစက်ဝန်း ရှန့်ထို ညီလာခံတွင် ရွေးချယ်ခံ ဟူသော နာမည်နှင့် ပတ်သက်၍ သတ်မှတ်ချက် အသစ်များ ထုတ်ပြန်မည် ဖြစ်သလို လူငယ်များ၏ တိုက်ပွဲများကိုလည်း ထည့်သွင်း ယှဉ်ပြိုင်စေလိမ့်မည် ဖြစ်သည်။
ထာဝရ အစည်းအရုံးမှာ တန်ခိုးရှင် သူရဲကောင်းနှင့် တန်ခိုးရှင် နတ်မိမယ် သတ်မှတ်ချက်ဝင်များကိုပင် ဖိတ်ခေါ်ထားကာ ထိုပြိုင်စံရှား အဖြစ်အပျက် အတွက် ဆုလာဘ်များလည်း ချီးမြှင့်လိမ့်မည် ဖြစ်သည်။ ထို့အပြင်... ၎င်းက ထိပ်သီး ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို သက်သေပြနိုင်မည့် အခွင့်အလမ်းကောင်း တစ်ခုလည်း ဖြစ်သည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း အနေဖြင့် သူ၏ တန်ဖိုးကို တွေ့မြင်ရပေလိမ့်မည်။
လင်းမင်၏ မျက်လုံးများက ပိုမို တောက်ပလာကာ လေ့ကျင့်မှုကို နှစ်ဆ မြှင့်တင်လိုက်တော့၏။
...
အကြွင်းမဲ့ စည်းစိမ် နယ်မြေ အတွင်းရှိ သွေးစွမ်းအင်များ ကြွယ်ဝသော လျှို့ဝှက် နယ်မြေ တစ်ခုတွင် ပုံရိပ် တစ်ခုမှာ ထီးထီး ရှိနေခဲ့၏။
သူက ခြေဗလာထိ ရောက်သည့် ငွေရောင် ဆံနွယ်ရှည်များကို ပိုင်ဆိုင်ထားကာ အင်္ကျီ ဟကွဲနှင့် ဖြစ်သည်။ သူ၏ မျက်လုံးများမှာ သွေးရောင် အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေ၏။ ဖြူဖပ်ဖြူရော် အသားအရည်နှင့် အတူ သူက ညကောင်းကင်တွင် ချိတ်ဆွဲထားသည့် သွေးလဝန်း တစ်စင်းလို လှပလှသည်။
ဝှစ်...
အခြား ပုံရိပ် တစ်ခုမှာ ထိုလောကနယ်မြေထဲကို ဆင်းသက်လာ၏။ ဝူယုက ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်သည်။ နေရာတကာ၌ သွေးစွမ်းအင်နှင့် စစ်ပွဲ စွမ်းအင်များမှာ ကိန်းအောင်း နေကာ အသက်ရှူသွင်းရုံဖြင့်ပင် စစ်သွေးစစ်မာန်များ တက်ကြွလာသလို ခံစားလိုက်ရသည်။
“မင်းက ဒီမှာကိုး...”
ဝူယု၏ မျက်ခုံးများက အနည်းငယ် အပေါ်သို့ မြင့်တက်သွားကာ လှည့်ကြည့်လိုက်၏။ ငွေရောင် ဆံနွယ်များနှင့် ပုံရိပ်မှာ သူနှင့် မီတာ အနည်းငယ်ခန့် အကွာတွင် ရပ်နေခဲသည်။ သူ၏ သွေးရောင် မျက်လုံးများက သူ့ကို စူးရဲစွာ စိုက်ကြည့်နေ၏။
ဝူယုမှာ မီတာ အနည်းငယ်ခန့် အကွာအဝေးအထိ ကျူးဟိုင် ချဉ်းကပ်လာသည်ကို လုံးဝ အာရုံ မခံမိခဲ့ချေ။ ထိုအရာက အနည်းငယ် ကြောက်စရာ ကောင်းလွန်းလှ၏။
“သခင်လေးက မင်းကို သူ့ရဲ့ လက်သည်းနဲ့ အစွယ်တွေလို့ ခေါ်တာ ထိုက်တန်ပါတယ်...”
ဝူယုက ပြောလိုက်ရင်း သိုလှောင် လက်စွပ် တစ်ကွင်းကို ထုတ်ယူလိုက်၏။ ၎င်း၏ မျက်နှာပြင်ထက်၌ ဝေ့ဝူယင်၏ သင်္ကေတ ရှိနေ၏။
“သူက မှာလိုက်တယ်.... မင်း အတွက် အခွင့်အရေး တစ်ခုပဲ ရှိတယ်... ကိုယ့်ကိုယ်ကို ပြန်ရွေးတဲ့”
ကျူးဟိုင်က ဘာမှ မပြောချေ။ ယုံကြည်ချက် ရှိသည့် အပြုံးတစ်ခုကိုသာ ဆင်မြန်းကာ လက်စွပ်ကို လက်ခံ ယူလိုက်လေ၏။
....
အချိန်များမှာ ဖြည်းညင်းစွာပင် ဖြတ်ကျော် နေ၏။ ရက်ပိုင်းမှပင် လပိုင်းအထိ အချိန်ကိုပင် ရောက်ရှိ လာခဲ့သည်။ ထာဝရ အစည်းအရုံး တစ်ခုလုံးမှာ မရေမတွက်နိုင်သည့် အင်အားစုများနှင့် ပြည့်နှက် နေ၏။ မဟာ စက်ဝန်း ရှန့်ထို ညီလာခံ ကျင်းပမည့် ထာဝရကောင်းကင် ဂြိုဟ်ပေါ်သို့ မရောက်ရှိကြသေးသည့်တိုင် ထာဝရ နယ်မြေ အတွင်းရှိ အိမ်နီးချင်း ဂြိုဟ်များကတော့ မရေမတွက်နိုင်သော ဧည့်သည်များနှင့် စီကား နေသည်။ ဟင်းလင်းပြင် သင်္ဘောများစွာမှာ ထိုဂြိုဟ်များ၏ လေထု အတွင်းတွင် ပြည့်နှက် နေ၏။
သို့တိုင်အောင် များစွာသော ကျင့်ကြံသူများမှာ တဖွဲဖွဲ ရောက်ရှိလာနေဆဲ ဖြစ်သည်။ ထာဝရ အစည်းအရုံးမှာ အားလုံးကို တံခါးဖွင့်ကာ ကြိုဆို၏။ ထို့အပြင်... သူတို့မှာ အဂ္ဂိရတ် ထုတ်ကုန်များစွာမှာကို ဆိုင်များ ခင်းကျင်းကာ ကုန်သွယ်မှုများ ပြုလုပ်နိုင်အောင် လုပ်ဆောင်ပေးထားသည်။ ဤသည် အဂ္ဂိရတ် ပညာရှင်များ အတွက် ရှားပါးသည့် အခွင့်အရေး တစ်ခု ဖြစ်ပေသည်။
အချို့သော အချိန်သခင်များမှာ သူတို့ ဘဝ တစ်လျှောက်လုံးတွင် အဆင့်ရှစ် အထွတ်အထိပ် အဂ္ဂိရတ် ထုတ်ကုန်များကို တစ်ခါမှ မသန့်စင်ဖူးကြချေ။ သို့သော်လည်း ယခုတွင်တော့ ပိုက်ဆံ အနည်းငယ် ပိုသုံးရန် ဆန္ဒရှိသည်နှင့် စိတ်တိုင်းကျ ဝယ်ယူနိုင်ပြီ ဖြစ်သည်။
တွေ့ဆုံပွဲ၏ အကောင်းဆုံးသော အခွင့်အရေးကား အဂ္ဂိရတ် ပညာရှင်များ အပြည့်အဝ လိုချင် တပ်မက်ကြသည့် ရှားပါးသော ဆေးမြစ်များ၊ ရတနာများ၊ အမတေများကိုပါ ရောင်းချခြင်း ဖြစ်သည်။ သေမျိုးများ မဆိုထားနှင့် လျှို့ဝှက် အာဏာရှင် အဆင့်များပင် ဖမ်းဆီးရန် ခက်ခဲလွန်းလှသည့် ကြယ်တာရာမိုးများကိုပင် ရောင်းဝယ် ဖလှယ်မှုများ တွေ့ရှိရသည်။
ထို့အပြင် အနယ်နယ် အရပ်ရပ်မှ လူများ လာရောက် စုံစည်းကြလေရာ မိတ်ဆွေ အသစ်များ ဖွဲ့နိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။ အချို့ဆိုလျှင် ပွဲတော် အတွင်း၌ ဘဝ လက်တွဲဖော်နှင့် ဆရာများကိုပင် ရရှိရန် မျှော်လင့် နေကြသည်။
ထာဝရနယ်မေတွင် ထိုကဲ့သို့ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှု၊ ဆက်သွယ်မှုတို့ နေရာယူနေစဉ်တွင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းတွင်တော့ မိန်းကလေး တစ်ယောက်မှာ သူမ၏ လွတ်လပ်မှု၊ လုံခြုံမှုတို့ အတွက် အခွင့်အရေးကို လျစ်လျူ ထားရလေသည်။
....
“နောက်တစ်ကြိမ် ထပ်မဖြစ်ချင်တော့ဘူး...”
ယွီစွန်းလီ စိုးရိမ် ပူပန်စွာဖြင့် လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိ၏။ သူမ၏ ပန်းရောင် မျက်လုံးများက ကောင်းကင်ရှိ အော်ရာများကို ကြောက်လန့်စွာ ငေးကြည့် နေခဲံသည်။
ဖခင် ဖြစ်သူ စွန်းယွင်ဟိုင်မှာ ချိုးဖျက်လိုက်သည့် ဝိညာဥ်ကျောက်ပြားကို ကြည့်ကာ အံ့အားသင့် သွား၏။ ထိုအရာက အဘယ်နည်း။
ဘုန်း... ဘုန်း...
ရုတ်တရက် အလွန် ပြင်းထန်သည့် ပေါက်ကွဲမှုလှိုင်းများကို စွန်းယွင်ဟိုင် ခံစားလိုက်ရသည်။ သူ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ မိန်းမဖြစ်သူ၏ အော်ရာက တဟုန်ထိုး တိုးတက်သွားသည်ကို မြင်တွေ့လိုက်ရ၏။
“သူက မြေကြီး ရှန့်ထို ဖြစ်သွားပြီလား....”
ဘုန်း... ဘုန်း...
အား...
ယွီလီရှင်းမှာ ပထမဆုံး ချဉ်းကပ်လာသည့် သေမျိုး တစ်ပိုင်း အရှင် အဆင့်ကို စက္ကန့် အနည်းငယ် အတွင်းမှာပင် ရှင်းပစ်လိုက်၏။
သို့သော်လည်း နောက်ထပ် သေမျိုးတစ်ပိုင်း အရှင် ဆယ့်ခြောက်ယောက်မှာ တမုဟုတ်ချင်း ချဉ်းကပ်လာ၏။ သူတို့ အားလုံးမှာ လျှို့ဝှက်တစ်ပိုင်း အဆင့်များကို ဖော်ထုတ်ထားကြပေသည်။ ထို့အပြင်... တိုက်ခိုက်ခြင်း မပြုသေးသည့် မြေကြီးရှန့်ထို ငါးယောက်လည်း ရှိနေပေသေးသည်။
ယွီစွန်းလီမှာ အန္တရာယ် အငွေ့အသက်များက ကြီးမား လာနေကြောင်း ခံစားနေမိ၏။
“ဘာလို့ ဘယ်သူမှ လာမကူတာလဲ...”
သူမ ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ ဤနေရာ၌ ဝိညာဥ်ရှန့်ထို နယ်မြေ ဖြစ်သည်။ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ၏ ဗဟို ဖြစ်သည်။ အနည်းဆုံး မြေကြီးရှန့်ထို ကိုးယောက် အိမ်ပြု နေထိုင်ရာ နေရာ ဖြစ်သည်။ သူတို့ အဆင့် ကျင့်ကြံသူများ အတွက် ဤနေရာသို့ ရောက်လာရန် စက္ကန့် အနည်းငယ် မျှသာ လိုအပ်ပေသည်။
မိန်းကလေးက ရဲရင့်စွာပင် မိခင် ဖြစ်သူကို ကူညီရန် ပြင်လိုက်၏။ သို့သော်လည်း လောက ဖျက်ဆီးခြင်း အင်အားက သူမ ခန္ဓာကိုယ်ပေါ် ပိကျလာသည်။ မိန်းကလေးမှာ ကြမ်းပြင်ပေါ် ဖင်ထိုင်လျက် ပြုတ်ကျသွား၏။
ဖျက်ဆီးခြင်း အင်အားက စွန်းယွင်ဟိုင် အပေါ်တွင်တော့ သက်ရောက်ခြင်း မရှိပါချေ။ သူ့ကို တမင်သက်သက် အဖက်မတန်ဟု သတ်မှတ်၍လော... အခြား အကြောင်းရင်းတစ်ခုခု ရှိသလောကိုတော့ စွန်းယွင်ဟိုင်နှင့် မြေကြီး ရှန့်ထိုများသာ သိပေလိမ့်မည်။
ယွီစွန်းလီ ကောင်းကင်ရှိ မြေကြီး ရှန့်ထို ငါးယောက်ကို မော့ကြည့် လိုက်မိ၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် မြေကြီး ရှန့်ထို အရေအတွက်မှာ နှစ်ရာ မကျော်ပါချေ။ သို့တိုင်အောင်... ယနေ့တွင်တော့ ငါးယောက် တိတိမှာ တစ်ပြိုင်နက်တည်း လှုပ်ရှား နေခဲ့ပြီ ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်က သူမကို ပြန်လည် ခေါ်သွားရန် ဖြစ်သည်။
ဘုန်း... ဘုန်း... ဘုန်း...
ပေါက်ကွဲသံများကို နားစွင့်ရင်း ယွီစွန်းလီ၏ စိတ်က လွန်ခဲ့သည့် နှစ်ပေါင်း ငါးရာကျော်သို့ ပြန်လည် ရောက်ရှိသွား၏။ ထိုစဉ် အခါက သူမက နာမည်ကျော် အလှတရား တစ်ခု ဖြစ်ကာ လူတိုင်း၏ လေးစားမှု၊ ချစ်ခင်မှုများကို ရရှိနေသည့် အချိန်ကာလ ဖြစ်သည်။
သို့သော်လည်း... ခရီးစဉ် တစ်ခုတွင် မမျှော်လင့်ပဲ အတင်းအကြပ် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ အခန်းတစ်ခုထဲတွင် ပိတ်လှောင်ခံခဲ့ရကာ အတင်းအကြပ် ကျင့်ကြံခဲ့ရသည်။ ယန်စွမ်းအင်များကို အတင်းအကြပ် ထုတ်ယူ ခဲ့ရသည်။ မိခင်ဖြစ်သူနှင့် ပြန်လည် တွေ့ဆုံခွင့် ရရန် သူမ၏ မျှော်လင့်ချက်များမှာ မျှော်လေတိုင်း ဝေးခဲ့ရသည်။ သို့သော်လည်း... အလင်းရောင် တစ်ခု ပေါ်လာကာ သူမကို ကယ်တင်ခဲ့သည်။
သူက မိခင်ဖြစ်သူ မဟုတ်သလို ဖခင်လည်း မဟုတ်ချေ။ သူမနောက်မှ တကောက်ကောက် လိုက်ခဲ့သည့် ပါရမီရှင်များလည်း မဟုတ်ချေ။ သူမ ဖမ်းဆီးခံခဲ့ရချိန်တွင် မွေးဖွားပင် မလာသေးသည့် သေမျိုး တစ်ယောက် ဖြစ်သည်။ သူမက သူ လာရောက်သည့် အကြောင်းရင်း မဟုတ်သည့်တိုင်အောင် ကယ်တင်ပေး ခံခဲ့ရသည်။ သူမ ကံကောင်းခဲ့ပေသည်။
သို့သော်လည်း... ယခုတွင်တော့ ကပ်ဘေးက နောက်တစ်ကြိမ် သူမ တံခါးဝကို ရောက်နေခဲ့ပြီ ဖြစ်သည်။ မိခင် ဖြစ်သူ အဆင်ပြေပါ့မလား။ သူမကရော ထိုအခန်းထဲတွင် နောက်တစ်ကြိမ် ပြန်ပိတ်လှောင် ခံရတော့မည်လော။ မိန်းကလေး၏ ပါးပြင်မှာ မျက်ရည်များဖြင့် ရွှဲရွှဲစို လာခဲ့၏။
စွန်းယွင်ဟိုင်မှာ ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းတစ်ချ် ချလိုက်၏။
‘တကယ်ဆို နင် ပြန်မလာသင့်ဘူး....’
သူ၏ အတွေးက အားလုံး မျှော်လင့်ထားသည့် ဖခင် တစ်ယောက်၏ မေတ္တာနှင့် ခြားနားလှပေသည်။ ကောင်းကင်ရှိ ယွီလီရှင်း၏ မြေကြီး ရှန့်ထို အဆင့် အော်ရာကို မော့ကြည့်ရင်း သူ့မျက်လုံးများက အနည်းငယ် မှေးစင်း သွားသည်။ သူမက သူ့ထက် နောက်ထပ် ခြေတစ်လှမ်း သာသွားပြန်ပြီ ဖြစ်သည်။
ရွှစ်...
ရုတ်တရက် ထူးဆန်းသော အသံ တစ်ခု ပေါ်လာခဲ့၏။ ၎င်းက ကျယ်လောင်ခြင်း မရှိသလို ပျော့ပျောင်း ညင်သာခြင်းလည်း မရှိချေ။ အလွန်အမင်း နီးကပ်ပုံ ပေါ်သလို တစ်ချိန်တည်း၌ အလွန် ဝေးကွာနေသည့် ပုံလည်း ရ၏။
ထို့နောက်... ကစားလိုသည့် အငွေ့အသက်များ ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
“အိုးဟိုး... ဘာတုံး... ငါ အလည်လာတာ လူတွေ အများကြီး ရောက်နေတာလား...”
ယွီစွန်းလီ၏ မျက်လုံးများက အရောင်ပြောင်းသွားကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထိုအသံကို သူမ မှတ်မိပေသည်။ ကျိုးပဲ့သွားသည့် သူမ၏ မျှော်လင့်ချက်များမှာ တမုဟုတ်ချင်းပင် ပြန်လည် နိုးထလာခဲ့၏။
“လူစုံတက်စုံပဲ... မြေကြီး ရှန့်ထိုတွေရော... သေမျိုးတစ်ပိုင်း အရှင် အဆင့်တွေရောပဲ...”
အသံက ကြောက်ရွံ့ ထိတ်လန့်သည့် အရိပ်အယောင် တစ်စက်မှ မပါပဲ ရွှင်မြူးခြင်းများနှင့်သာ ပြည့်နှက် နေ၏။
“ငါလည်း ငါ့အဖွဲ့ငါ ခေါ်လာမိတာ ကံကောင်းတာပဲ...”
ဝှစ်... ဝှစ်... ဝှစ်...
ရုတ်တရက် မြေကြီးရှန့်ထို အဆင့် သုံးယောက်မှာ လေထုထဲတွင် ပေါ်လာခဲ့၏။ သို့သော်လည်း... ထိုအရာက အဆုံးသတ် မဟုတ်သေးချေ။
ဝှစ်... ဝှစ်... ဝှစ်...
နောက်ထပ် မြေကြီး ရှန့်ထို အဆင့် အော်ရာ သုံးခုမှာ လျှို့ဝှက် အလင်းများနှင့် အတူ ထွက်ပေါ်လာပြန်၏။
“သခင်လေး...”
တလေးတစား နှုတ်ဆက်သံနှင့် အတူ နေက်ထပ် အော်ရာ တစ်ခု ထွက်ပေါ်လာပြန်သည်။ ယွီစွန်းလီ၏ လှပသည့် ပန်းရောင် မျက်ဝန်းများက အကန့်အသတ် ရောက်သည် အထိ တောက်ပ သွားခဲ့၏။
“ခုခံတဲ့ လူတွေ သတ်ပစ်... အညံ့ခံတဲ့ လူတွေကိတော့ ချိပ်ပိတ်ပြီး ဖမ်းထား...”
ဝေ့ဝူယင်က အေးစက်စက်ပင် အမိန့်ပေးလိုက်၏။
ဂီး...
အော်ဟစ်သံနှင့် အတူ နေကြယ်တစ်စင်း အလား တောက်ပသည့် ရွှေသွေးရောင် မီးတောက် သတ္တဝါကြီး ထွက်ပေါ်လာခဲ့၏။ ထို့နောက် နောက်ထပ် နောက်ထပ် ပုံရိပ်များ...
“မြေကြီးရှ့န်ထို ခုနစ်ယောက်... သေမျိုးတစ်ပိုင်း ရှန့်ထို အဆင့် ခုနစ်ယောက်...”
ယွီစွန်းလီ၏ မျှော်လင့်ချက်များက ပိုမို၍ တောက်ပလာခဲ့ပြီ ဖြစ်သည်။ အခြားတစ်ဖက်၌ စွန်းယွင်ဟိုင်၏ အမူအရာကတော့ ဖြူရော် သွားခဲ့၏။ ထိုအခိုက်တွက်ပင်... ဟင်းလင်းပြင် တစ်ခုလုံးက ရပ်တန့်သွားသလို သူ ခံစားလိုက်ရသည်။
အာကာသ တစ်ခုလုံးကား ချိပ်ပိတ် ခံလိုက်ရပြီ ဖြစ်လေသည်။
***