အခန်း (၉၁၁)
Vol. 66 Ch. 911
ဖားပြုပ်စိမ်းကလန်သည် ခါးသီးအင်မော်တယ်နယ်မြေတွင် အဆင့်နိမ့်မျိုးနွယ်တစ်ခု ဖြစ်သည်။ သူတို့က သတ္တုရိုင်းများကို သယ်ပို့ရန်အတွက် တာဝန်ယူထားကြသည်။
သို့သော် သူတို့က လူသားကျွန်များထက် အဆင့်မြင့်ကြသည်။
တိုက်ဆိုင်စွာဖြင့် ဟန်မူယဲ့ကလည်း လူသားဖြစ်နေသည်။
ထို့ကြောင့် ဖားပြုပ်စိမ်းကလန်၏ မိစ္ဆာက ဟန်မူယဲ့ကို ဖိနှိပ်ချင်ခဲ့သည်။
ဟန်မူယဲ့၏အကြည့်ကို မြင်ရသောအခါတွင် ဖားပြုပ်စိမ်းကလန်၏ လူသန်ကြီးက အေးစက်စွာနှာမှုတ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်က ရှည်ထွက်လာပြီး ဟန်မူယဲ့၏ဦးခေါင်းကို ရိုက်ချသည်။
ထိုရိုက်ချက်သည် ဟန်မူယဲ့ကို အသားပြားဖြစ်သွားစေနိုင်သည်။
သို့သော် ဓားပျံဖြင့် ရောက်လာသော ဟန်မူယဲ့က ထိုရိုက်ချက်ကို ခုခံနိုင်လိမ့်မည်။
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ရွှေရောင်ဓားအလင်းက ဖျတ်ခနဲလှုပ်ရှားသွားသည်။
“ရွှပ် ....”
ဖားပြုပ်စိမ်းကလန်မှ လူသန်ကြီး၏ ရှည်ထွက်လာသောလက်က ပြတ်သွားသည်။ အစိမ်းပုပ်ရောင်သွေးများသည် မြေပြင်တွင် စွန်းပေသွားသည်။
ဓားသည် အလွန်လျင်မြန်ပြီး ပတ်ဝန်းကျင်တွင်ရှိသော လူများက ဓားအလင်းနှင့် ပန်းထွက်လာသောသွေးများကိုသာ မြင်လိုက်ရသည်။
“အား ....”
“လူသတ်သမား ....”
“ရပ်စမ်း ....”
လက်တစ်ဖက်ပြတ်သွားသော လူသန်ကြီးက မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး နာကျင်စွာအော်ဟစ်နေသည်။
သိပ်မဝေးသောနေရာမှ လူတချို့ရောက်လာပြီး လေထုထဲတွင် လွင့်မျောနေကြသည်။
ထိုလူများက အပြာရောင်ဝတ်စုံနှင့် အနက်ရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ချိုနှစ်ချောင်းရှိသည်။ သူတို့က လှံရှည်များကို ကိုင်ထားပြီး ရွှေရောင်ဘီးလုံးများကို အသုံးပြု၍ ပျံသန်းနေသည်။
သူတို့သည် အားကောင်းသောမိစ္ဆာတစ်ယောက်၏ လက်အောက်တွင်ရှိသော ကိုယ်ပိုင်စစ်တပ်ဖြစ်ပြီး ခွန်အားရှိကြသည်။
“ဝိညာဉ်လေးပါးမိစ္ဆာဘုရင်ရဲ့ မိုင်းလုပ်သားအဖွဲ့ကို ဘယ်သူက တိုက်ခိုက်ရဲတာလဲ”
အပြာရောင်ဝတ်စုံနှင့် ခေါင်းဆောင်က လှံရှည်ဖြင့် ဟန်မူယဲ့ကို ညွှန်ပြလိုက်သည်။ သူ၏ မိစ္ဆာအငွေ့အသက်က တိမ်တိုက်ပုံအင်းကွက်များဖြင့် လွှမ်းခြုံထားသော ဆိတ်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
အနက်ရောင်ချပ်ဝတ်နှင့် တခြားစစ်သည်များက ဟန်မူယဲ့ကို သတိထားပြီး စောင့်ကြည့်နေကြသည်။
လက်တစ်ဖက်ပြတ်သွားသော လူသန်ကြီးက နာကျင်မှုကြောင့် တုန်ခါနေသော်လည်း မောက်မာသောမျက်နှာထားဖြင့် တိတ်ဆိတ်စွာပြုံးသည်။ သူက ပြတ်သွားသောလက်ကို ဆွဲယူပြီး လက်မောင်းတွင် ပြန်တပ်ရန် လုပ်လိုက်သည်။
ပြတ်သွားသောလက်မောင်းတွင် အစိမ်းရောင်အရည်အိတ်များ ပေါ်ထွက်လာပြီး ဒဏ်ရာကို လွှမ်းခြုံသွားသည်။
သို့သော် ချက်ချင်းဆိုသလိုပင် လူသန်ကြီး၏မျက်နှာက ဖြူဖျော့သွားသည်။
ဖားပြုပ်စိမ်းကလန်၏ နတ်ဘုရားစွမ်းရည်ဖြစ်သော ခြေလက်များပြန်လည်မွေးဖွားခြင်းနည်းစနစ်သည် သက်ရောက်မှုပျောက်ဆုံးသွားသည်။
လက်ပြတ်တွင်ရှိသော အရည်အိတ်များသည် မည်သို့ပင်ဖြစ်စေ ပခုံးဆီသို့ ရောက်မလာခဲ့ပေ။
မှိန်ဖျော့သောဓားအလင်းသည် အရည်အိတ်များအားလုံးကို ဖြတ်တောက်နေခဲ့သည်။
သူ၏လက်မောင်းက အမှန်တကယ် ပြတ်တောက်သွားခဲ့သည်။
ခေါင်းဆောင်စစ်သည်က မျက်မှောင်ကြုတ်လိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။
ခါးသီးအင်မော်တယ်နယ်မြေသည် မိစ္ဆာနယ်မြေဖြစ်သော်လည်း လူသားကျွမ်းကျင်သူများ ရှိနေသည်။
“မင်းက ဘယ်သူလဲ”
စစ်သည်ခေါင်းဆောင်က တီးတိုးအော်ဟစ်လိုက်ပြီး လှံရှည်ကို လှုပ်ရှားသည်။ သူက ဝင်္ကပါဖန်တီးပြီး ဟန်မူယဲ့ကို ဖိနှိပ်ရန် ကြိုးစားသည်။
သူတို့၏ရှေ့တွင် မိုင်းလုပ်သားတစ်ယောက်ကို ထိခိုက်အောင် ပြုလုပ်ခြင်းသည် မိစ္ဆာဘုရင်ကို ရန်စခြင်းနှင့် ဆင်တူသည်။
ဟန်မူယဲ့က လှံရှည်ဝင်္ကပါကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။ ဓားအလင်းသည် သူ့လက်ထဲတွင် စုစည်းလာသည်။
ထိုအချိန်တွင် အဝေးတစ်နေရာမှ အော်သံတစ်သံ ပေါ်ထွက်လာသည်။
“တော်စမ်း”
ထိုအသံသည် ရွှေရောင်လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲပြီး ဘန်းခနဲ ပေါက်ကွဲသွားသည်။ စစ်သည်များက ပေတစ်ရာအထိ လွင့်စဉ်သွားကြသည်။
ခရမ်းရောင်ဝတ်စုံနှင့် ချင်ကျောက်ယွမ်က ဟန်မူယဲ့၏ဘေးသို့ ရောက်လာသည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး နှုတ်ဆက်သည်။
“မြို့သခင်”
ဟန်မူယဲ့က ကတိအတိုင်း ခါးသီးအင်မော်တယ်နယ်မြေသို့ ရောက်လာခဲ့သည်။ ထို့ကြောင့် သူက ဟန်မူယဲ့ကို သခင်တစ်ယောက်အဖြစ်သတ်မှတ်ပြီး ခစားရမည်။
အင်မော်တယ်သခင်၏ ရတနာများကို ရှာဖွေပေးခြင်းသည် တခြားကိစ္စတစ်ခု ဖြစ်သည်။
“အဲဒါက ဝိညာဉ်လေးပါးမိစ္ဆာဘုရင်ရဲ့ ကုန်အဖွဲ့ပဲ။ သူတို့က အလုပ်ကြမ်းတွေ လုပ်ကြတယ်”
“သူတို့က မြို့သခင်ကို ရန်စခဲ့တယ်ဆိုတော့ ကျွန်တော်က သူတို့ကို သတ်ပစ်လိုက်မယ်”
ချင်ကျောက်ယွမ်က ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ သူ့ခန္ဓာကိုယ်မှ ထွက်လာသော ခရမ်းရောင်လျှပ်စီးကြောင်းများသည် ဖားပြုပ်စိမ်းကလန်သားများကို တုန်ခါသွားစေသည်။
ချင်ကျောက်ယွမ်၏စွမ်းအားနှင့် သတ်ဖြတ်ခြင်းဆန္ဒသည် သူတို့ကို ပြာကျသွားစေနိုင်သည်။
ချင်ကျောက်ယွမ်၏ လွှမ်းမိုးနိုင်သော အငွေ့အသက်သည် ယခုအချိန်တွင် အပြည့်အဝ ပေါ်ထွက်လာခဲ့သည်။
ခါးသီးအင်မော်တယ်နယ်မြေတွင် စည်းကမ်းမရှိပေ။
သတ်ဖြတ်ခြင်းသည်သာ စည်းကမ်းဖြစ်သည်။
ခရမ်းရောင်လျှပ်စီး၊ မိုးကြိုးနှင့် လေပြင်းဓားပြများသည် ခါးသီးအင်မော်တယ်နယ်မြေကို လွှမ်းမိုးခဲ့ကြသည်။
“ဆရာချင်က ဘာမှလုပ်စရာမလိုပါဘူး”
ထိုအချိန်တွင် ဓားမော့တစ်ချောင်းကိုင်ထားသော အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက် ပျံသန်းလာသည်။ သူက ဖားပြုပ်စိမ်းကလန်သားများကို ကြည့်လိုက်ပြီး မတ်တပ်ရပ်လာသော စစ်သည်များကို ဓားမော့ဖြင့် ညွှန်ပြသည်။
“မင်းတို့က ကျူးလုံကုန်သွယ်ရေးအဖွဲ့ရဲ့ ဂုဏ်သရေရှိဧည့်သည်တော်ကို အနှောင့်အယှက်ပေးခဲ့တယ်။ ဝိညာဉ်လေးပါးမိစ္ဆာဘုရင်ဆီ ပြန်သွားလိုက်ကြပါ”
ထိုလူ၏ ဓားမော့က ရွှေအလင်းကို ထုတ်လွှတ်နေသည်။
“သူက ဘာလုပ်ရမလဲ သိမှာပါ”
ထိုလူ၏စကားကြောင့် အပြာရောင်ဝတ်စုံနှင့် စစ်သည်ခေါင်းဆောင်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက ခေါင်းညိတ်လိုက်ပြီး ဆက်မနေရဲတော့ပဲ ရွှေရောင်ဘီးလုံးကို အသုံးပြု၍ ပျံသန်းသွားသည်။
“ကျူးလုံကုန်သွယ်ရေးအဖွဲ့လား”
တန်းစီနေသော လူတစ်ယောက်က ပြောလိုက်သည်။
“ကျူးလုံကုန်သွယ်ရေးအဖွဲ့က ခါးသီးအင်မော်တယ်နယ်မြေကို လွှမ်းမိုးထားနိုင်တယ်။ ဝိညာဉ်လေးပါးမိစ္ဆာဘုရင်ကတောင် သူတို့ကို ရန်မစနိုင်ဘူး”
နားရွက်လေးခုနှင့် မျက်လုံးလေးလုံးရှိနေသော လည်ပင်းရှည်သည့် မိစ္ဆာတစ်ယောက်က ပြောလိုက်သည်။
“မင်းတို့မသိဘူးလား။ လွန်ခဲ့တဲ့နှစ်တစ်ရာမှာ ဝိညာဉ်လေးပါးမိစ္ဆာဘုရင်က ကျူးလုံကုန်သွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ကို ရန်စခဲ့တယ်။ သူက ကုန်သွယ်ရေးအဖွဲ့ကြောင့် သေဆုံးလုနီးပါး ဖြစ်သွားခဲ့တယ်”
လူတစ်ယောက်က တီးတိုးပြောသည်။
ဖားပြုပ်စိမ်းကလန်သားများက တစ်ကိုယ်လုံးတုန်ခါနေပြီး ခေါင်းမမော့ရဲကြပေ။
“သခင်ဓားအင်မော်တယ်၊ ဆရာချင်၊ သူတို့နဲ့ပတ်သတ်ပြီး စိတ်ရှုပ်ခံနေစရာမလိုပါဘူး။ ဝိညာဉ်လေးပါးမိစ္ဆာဘုရင်က ဖြေရှင်းချက်ပေးပါလိမ့်မယ်”
အနက်ရောင်ဝတ်စုံနှင့်လူက တစ်ဖက်သို့လှည့်ပြီး ဟန်မူယဲ့နှင့် ချင်ကျောက်ယွမ်ကို ဦးညွတ်လိုက်သည်။
“ကျွန်တော့်နာမည်က တုချင်ပါ။ အခု ကုန်သည်အဖွဲ့ကို ဦးဆောင်ထားပါတယ်”
“ဒီခရီးမှာ ကျွန်တော့်တို့ရဲ့အသက်က ဓားအင်မော်တယ်အပေါ်မှာ မူတည်နေတယ်လို့ ခေါင်းဆောင်က ပြောလိုက်ပါတယ်”
တုချင်က လေးစားစွာပြောသည်။
ဟန်မူယဲ့နှင့် ချန်ကျူးလုံက စာချုပ်အင်းကွက်အပေါ်တွင် အခြေခံ၍ ယွင်လန်မြို့နှင့် ခါးသီးအင်မော်တယ်နယ်မြေမှ မိစ္ဆာများအတွက် သဘောတူညီချက်လုပ်ခဲ့ကြသည်။ သူတို့၏ ပူးပေါင်းမှုက မကျိုးပျက်နိုင်ပေ။
ချန်ကျူးလုံ၏ လက်အောက်ငယ်သားများက ဟန်မူယဲ့ကို လေးစားနေခြင်းသည် ပုံမှန်သာဖြစ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ဒီနေရာက ဘာလဲ။ ငါတို့က ဘယ်လို စီစဉ်ထားလဲ”
တုချင်က နောက်တွင်ပါလာသော လူတချို့ကို အချက်ပြလိုက်သည်။ ထိုလူများက ပတ်ဝန်းကျင်တွင်ရှိသော မိစ္ဆာများကို လူစုခွဲလိုက်ကြသည်။
“သခင်ဓားအင်မော်တယ်၊ ဒါက ခါးသီးအင်မော်တယ်နယ်မြေရဲ့ မြို့ကြီး ၃၂မြို့ထဲမှာပါဝင်တဲ့ ဝမ်ချုံမြို့ပါ”
“ခါးသီးအင်မော်တယ်နယ်မြေမှာ မြို့တွေ သိပ်မရှိပါဘူး။ မြို့အများစုကိုလည်း မိစ္ဆာမျိုးနွယ်တွေက ထိန်းချုပ်ထားကြပါတယ်”
“ဒီနေရာမှာ သန်မာတဲ့မိစ္ဆာတွေကို မိစ္ဆာဘုရင်အဖြစ် ကိုးကွယ်ကြပါတယ်”
တုချင်က တီးတိုးရှင်းပြသည်။
ကျူးလုံကုန်သွယ်ရေးအဖွဲ့၏ ကုန်သည်အဖွဲ့သည် ဝမ်ချုံမြို့တွင် ရက်အနည်းငယ်ခန့်နေပြီး နောက်တစ်နေရာသို့ ထွက်ခွာလိမ့်မည်။
ချင်ကျောက်ယွမ်က ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရန်၊ ကုန်သွယ်ရေးအဖွဲ့၏ခွန်အားကို အသုံးပြု၍ သတင်းအချက်အလက်များကို ပိုမိုစုဆောင်းနိုင်ရန် သူတို့နှင့်အတူ လိုက်လာခဲ့သည်။
ချန်ကျူးလုံက ဟန်မူယဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ကုန်သည်အဖွဲ့ကို မှာကြားထားခဲ့သည်။
အကယ်၍ လိုအပ်လာလျှင် သူတို့က စစ်တပ်တစ်ခုကိုပင် ရှင်းထုတ်ပေးလိမ့်မည်။
“တက်လှမ်းမိစ္ဆာဘုရင်ရှန်းထျန်းရဲ့ စစ်တပ်က ဒီနေရာနဲ့ သိပ်မဝေးတော့ဘူး။ အဲဒါကြောင့် ဝမ်ချုံမြို့က အလုပ်ရှုပ်နေတယ်”
“မိစ္ဆာဘုရင်ရှန်းထျန်းက ခါးသီးအင်မော်တယ်နယ်မြေရဲ့ ဒေသနှစ်ခုကို သိမ်းပိုက်ပြီးသွားပြီ။ တခြားမိစ္ဆာတွေက သူ့ကို ခုခံဖို့အတွက် ပူးပေါင်းရုံပဲ တတ်နိုင်တယ်”
တုချင်၏မျက်နှာထားက လေးနက်နေသည်။
မိစ္ဆာဘုရင်ရှန်းထျန်း၏ သတ်ဖြတ်ခြင်းဆန္ဒက အလွန်အားကောင်းသည်။ အကယ်၍ သူက ခါးသီးအင်မော်တယ်နယ်မြေကို လွှမ်းမိုးနိုင်ခဲ့လျှင် တခြားမျိုးနွယ်များ သတ်ဖြတ်ခံရလိမ့်မည်။
ခါးသီးအင်မော်တယ်နယ်မြေ၏ နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သော လွတ်လပ်ခြင်းကလည်း ပျက်စီးသွားလိမ့်မည်။
ကျူးလုံကုန်သွယ်ရေးအဖွဲ့က မိစ္ဆာဘုရင်ရှန်းထျန်းကို ပွင့်လင်းစွာ မဆန့်ကျင်ခဲ့သော်လည်း တခြားမိစ္ဆာဘုရင်များကို အထောက်အပံ့များ ပေးအပ်ခဲ့သည်။
“မိစ္ဆာဘုရင်ရှန်းထျန်းက တိုက်ခိုက်နိုင်စွမ်းကို နှစ်ဆတိုးပေးနိုင်တဲ့ ရတနာတစ်ခု ရထားတယ်လို့ ပြောကြတယ်။ ဖီးနစ်သွေးမိစ္ဆာဘုရင်ဟွေထျန်းက သူ့ကြောင့် ဒဏ်ရာရသွားပြီး ပြန်လည်မွေးဖွားခြင်းစွမ်းရည်ကို အသုံးပြုခဲ့ရတယ်”
သူတို့၏ မိုးကြိုးဓားပြအဖွဲ့သည် မိစ္ဆာဘုရင်ရှန်းထျန်း၏ လက်အောက်တွင်ရှိသော ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ထို့အပြင် သစ္စာဖောက်များလည်း ရှိနေခဲ့သည်။ အဆုံးတွင် သူတို့က အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး နေရာအနှံ့သို့ ထွက်ပြေးသွားကြသည်။
ခရမ်းရောင်လျှပ်စီးဓားပြများမှလွဲ၍ မိုးကြိုးဓားပြနှင့် လေပြင်းဓားပြများသည် မိစ္ဆာဘုရင်ရှန်းထျန်း၏လက်အောက်တွင် ရှုံးနိမ့်သွားကြသည်။ သူတို့က ခါးသီးအင်မော်တယ်နယ်မြေကို မလွှမ်းမိုးနိုင်ကြတော့ပေ။
“မြို့ထဲကို အရင်သွားကြတာပေါ့။ ပြီးမှ ဆက်ပြောကြမယ်”
ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ပြောသည်။
သူက ခါးသီးအင်မော်တယ်နယ်မြေသို့ ရောက်လာသောကြောင့် အင်မော်တယ်သခင်၏ အမွေအနှစ်ကို ရှာဖွေပြီးမှ ထွက်သွားလိမ့်မည်။
သူက ခါးသီးအင်မော်တယ်နယ်မြေ၏ အရှုပ်အထွေးများကို တတ်နိုင်သမျှ ရှောင်ရှားချင်သည်။
“ကျူးလုံကုန်သွယ်ရေးအဖွဲ့က မှော်ရတနာတစ်ဝက်အဆင့် လက်နက်ရှစ်သိန်းကို အစုံလိုက် ယူလာခဲ့တယ်။ တခြားအင်အားစုတွေက လိုချင်တက်မက်နေကြမှာပဲ”
တုချင်က ဂုဏ်ယူစွာပြောသည်။
ထိုအရာသည် သူတို့၏ ယုံကြည်ချက် ဖြစ်သည်။
သူတို့က လက်နက်အင်အား ပြည့်စုံသောကြောင့် မိစ္ဆာဘုရင်တစ်ပါးကိုပင် တိုက်ခိုက်ရဲသည်။
ခါးသီးအင်မော်တယ်နယ်မြေ၏ အင်အားစုတိုင်းသည် သူတို့၏ လက်နက်များကို လိုအပ်နေကြသည်။
တုချင်က ဟန်မူယဲ့ကို မြို့ထဲသို့ ခေါ်သွားသောအခါတွင် တားဆီးသူ မရှိခဲ့ပေ။
မြို့သည် မြင်းစီးစစ်သည်များကို စေလွှတ်ပြီး ကျူးလုံကုန်သွယ်ရေးအဖွဲ့၏ ကုန်လှည်းများကို ကာကွယ်ပေးခဲ့သည်။
မြို့တံတိုင်း၏ နွယ်ပင်များသည် အသိစိတ်ရှိနေပုံပေါ်သည်။
ထိုနွယ်ပင်များက ဝင်္ကပါဖွဲ့စည်းလိုက်လျှင် အလွန်ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။ ဟန်မူယဲ့က ထိုအချက်ကို သတိထားမိခဲ့သည်။
သူတို့က လမ်းတစ်လျှောက်တွင် ထူးဆန်းသောဆိုင်းဘုတ်များနှင့် ဈေးဆိုင်များကို မြင်ခဲ့ရသည်။
ထိုဆိုင်များက လူသားများ၏ ဈေးဆိုင်များကဲ့သို့ ကုန်ပစ္စည်းများကို ပြသမထားပေ။ ဆိုင်းဘုတ်များပေါ်တွင် ဝိညာဉ်အမှတ်အသားများသာ ရှိနေသည်။
အကယ်၍ တစ်ခုခုလိုအပ်လျှင် ဆိုင်ထဲသို့ဝင်သွားပြီး ဝိညာဉ်အမှတ်အသားမှတစ်ဆင့် ဆိုင်ရှင်နှင့် ဆက်သွယ်ရမည်။
ထိုဆိုင်များတွင် ဆေးလုံး၊ လက်နက်နှင့် ဝိညာဉ်သတ္တုအမျိုးမျိုးကို ရရှိနိုင်သည်။ သို့သော် ယွင်ထန့်တောရိုင်းမြေ၏ မြို့ကြီးများကဲ့သို့ ပစ္စည်းမစုံပေ။ ဂိုဏ်းကြီးများ၏ ဈေးဆိုင်များနှင့် ယှဉ်နိုင်ရန် အလွန်ဝေးကွာနေသေးသည်။
ခါးသီးအင်မော်တယ်နယ်မြေဟူသော အမည်နာမသည် အရင်းအမြစ်ကြွယ်ဝသော်လည်း အသုံးမပြုနိုင်သောကြောင့် ဖြစ်ပေါ်လာခဲ့သည်။
အရင်းအမြစ်အများစုသည် မိစ္ဆာများအတွက် အသုံးမဝင်ပေ။
လောကတွင် လူသားမျိုးနွယ်သည် ဉာဏ်အကောင်းဆုံးဖြစ်ပြီး ပစ္စည်းများကို သင့်တော်စွာ အသုံးချနိုင်သည်။
လူသားများက နေရာတစ်ခုကို တိုးတက်လာအောင် ဆောင်ရွက်နိုင်ကြသည်။
မြို့၏အထက်ပိုင်းတွင် ကုန်သည်အဖွဲ့ကို ခြံဝိုင်းကျယ်တစ်ခု၌ အနားယူနိုင်အောင် စီစဉ်ပေးထားသည်။
ဟန်မူယဲ့နှင့် ချင်ကျောက်ယွမ်တို့က တိတ်ဆိတ်သော အခန်းများကို ရရှိခဲ့ကြသည်။
ဟန်မူယဲ့က မပင်ပန်းသော်လည်း ဓားတာအိုကို သုံးသပ်ရန်အတွက် ကျင့်ကြံနေခဲ့သည်။
သူက ရှုမင်ကျန်း၏ ဓားတာအိုအမွေအနှစ်ကို ဆက်ခံပြီးပြီး သွေးစစ်ပွဲဂိုဏ်း၏ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ခဲ့သောကြောင့် အကျိုးအမြတ်ရခဲ့သည်။
ထို့အပြင် မိုးရေကြည်ဓား၏ မှတ်ဉာဏ်များကို သုံးသပ်ရဦးမည်။
တခြားအင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံခြင်းအယူအဆများကြောင့် သူက ကျင့်ကြံခြင်းနည်းစနစ်တွင် ပိုမိုတိုးတက်လာခဲ့သည်။
သူက ကျင့်ကြံရာမှ ပြန်ထွက်လာသောအခါ တုချင်က အပြင်ဘက်တွင် စောင့်နေခဲ့သည်။
တုချင်၏နောက်တွင် အရပ်ဆယ်ပေမြင့်ပြီး ဦးချိုလေးချောင်းရှိသော အနက်ရောင်ချပ်ဝတ်နှင့် လူသန်ကြီးတစ်ယောက် ရှိနေခဲ့သည်။