← Chapters

အခန်း (၉၁၂)

Vol. 66 Ch. 912

အခန်း (၉၁၂)

Vol. 66 Ch. 912

“ဟားဟား၊ ဒါက ကျူးလုံကုန်သွယ်ရေးအဖွဲ့ရဲ့ ဧည့်သည်တော်လား”

ဟန်မူယဲ့ထွက်လာသောအခါတွင် လူသန်ကြီး လက်ကိုဆန့်ထုတ်ပြီး ရှေ့တက်လာသည်။

“မင်းက ကျူးလုံကုန်သွယ်ရေးအဖွဲ့ရဲ့ ဧည့်သည်တော်ဆိုရင် ငါ နွီစစ်လင်ရဲ့ ဧည့်သည်တော်လည်း ဟုတ်တယ်”

လူသန်ကြီးက ဟန်မူယဲ့ကို ပွေ့ဖက်ချင်သော်လည်း ဟန်မူယဲ့ဆီမှ ထွက်ပေါ်လာသော ဓားအလင်းကြောင့် ဆယ်ပေအကွာတွင် ရပ်တန့်လိုက်ရသည်။ သူက ရှက်သွားသည်။

“သခင်ဓားအင်မော်တယ်၊ ဒါက ဝိညာဉ်လေးပါးမိစ္ဆာဘုရင်ပါ”

တုချင်က ရှေ့တက်လာပြီး ဟန်မူယဲ့ကိုဦးညွတ်၍ ပြောသည်။

မိစ္ဆာဘုရင်များသည် အနည်းဆုံး လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေပြီး နယ်မြေတစ်ခုကို လွှမ်းမိုးနိုင်ကြသည်။

နွီစစ်လင်က လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေ‌သော်လည်း အလွန်အာရုံစိုက်ထားသည်။ သူက ကျူးလုံကုန်သွယ်ရေးအဖွဲ့ကို မကြောက်လျှင် ဟန်ဆောင်ကောင်းခြင်း ဖြစ်နိုင်သည်။

သို့သော် ကျင့်ကြံသူအများစုသည် သေခြင်းရှင်ခြင်းအခြေအနေတွင် မဟုတ်လျှင် မိစ္ဆာဘုရင်တစ်ပါးနှင့် မပတ်သက်ကြပေ။

“ဟားဟား၊ မိစ္ဆာဘုရင်ဆိုတာက ဘာလဲ။ ညီအစ်ကိုတုက ငါ့ကို ရှက်အောင်လုပ်နေတာပဲ”

တုချင်က ဟန်မူယဲ့ကို လေးစားစွာပြောလိုက်သောကြောင့် နွီစစ်လင်က မျက်လုံးလှန်လိုက်ပြီး ပြုံးသည်။

သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ဆက်ပြောသည်။

“ဒါပေမဲ့ ငါက အဲဒီကောင်တွေကို သတ်လိုက်ရင်တောင် ဧည့်သည်တော်က ဂရုစိုက်မှာမဟုတ်ပါဘူး”

သူက စကားပြောလိုက်ပြီး သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူသည်။

“ဧည့်သည်တော်က ဓားကျင့်ကြံသူတစ်ဦးလို့ ညီအစ်ကိုတုက ပြောခဲ့တယ်။ ငါ့မှာလည်း ဓားတစ်လက်ရှိနေတယ်”

“ငါက တုံးအပြီး ဓားမသုံးတတ်ဘူး။ ဒီဓားကို တောင်းပန်တဲ့အနေနဲ့ လက်ဆောင်ပေးလိုက်မယ်”

သစ်သားသေတ္တာသည် သိပ်မကြီးပဲ သုံးပေခန့်သာ ရှည်လျားသည်။

အစိမ်းရင့်ရောင်အင်းကွက်များသည် ထူးခြားသည်။

နွီစစ်လင်က သစ်သားသေတ္တာကို ကိုင်ထားပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

တုချင်၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက နွီစစ်လင်၏ အပြုအမူကို မြင်ပုံမရပေ။

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ပြုံးသည်။

“ကောင်းပြီ။ ဝိညာဉ်လေးပါးမိစ္ဆာဘုရင်ကိုယ်တိုင် လာပို့တဲ့လက်ဆောင်ဆိုတော့ လက်ခံလိုက်ပါ့မယ်”

သူက လက်မြှောက်၍ သစ်သားသေတ္တာကို ယူပြီး ဖွင့်ကြည့်လိုက်သည်။ အထဲတွင် နှစ်ပေကျော်ရှည်လျားသော ရှေးကျသည့်ဓားတစ်လက်ကို မြင်ရသည်။

ဓားသည် အင်မော်တယ်အလင်းကို ထုတ်လွှတ်မနေသော်လည်း အင်မော်တယ်အင်းကွက်တချို့ကို ပိုင်ဆိုင်ထားသည်။

ဓားက ထိပ်တန်းအဆင့်မှော်ရတနာ သို့မဟုတ် ဝိညာဉ်ရတနာတစ်ဝက်အဆင့် ဖြစ်သည်။

ထိုဓားမျိုးသည် တောရိုင်းမြေ၏ မြို့ကြီးများတွင် သာမန်သာဖြစ်သော်လည်း ခါးသီးအင်မော်တယ်နယ်မြေတွင် အတော်လေးတန်ဖိုးရှိသည်။

ဖားပြုပ်စိမ်းကလန်သားတစ်သောင်း၏ အသက်သည် ထိုဓားနှင့် မယှဉ်နိုင်ပေ။

နွီစစ်လင်က ကျူးလုံကုန်သွယ်ရေးအဖွဲ့နှင့် ပြေလည်သွားသောအကြောင်းအရင်းကို ဟန်မူယဲ့က နားလည်ခဲ့သည်။

သူက စွန့်လွှတ်နိုင်သည်။

နွီစစ်လင်က ဟန်မူယဲ့၏ခြံဝိုင်းထဲတွင် အချိန်ကြာမြင့်စွာမနေပဲ အားလပ်ချိန်ရှိလျှင် သူ့နယ်မြေသို့အလည်လာရန် ဖိတ်ခေါ်၍ ပြန်သွားခဲ့သည်။

“ကျွန်တော်တို့ကုန်သည်အဖွဲ့က လက်နက်တွေသယ်လာတာကို သူသိနေတယ်လေ။ သူကလည်း နည်းနည်းလိုချင်နေတယ်”

တုချင်က ထွက်သွားသောနွီစစ်လင်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

ယခုအချိန်တွင် မိစ္ဆာဘုရင်ရှန်းထျန်း၏စစ်တပ်က ခြိမ်းခြောက်နေသောကြောင့် ကိုယ်ပိုင်ခွန်အားနှင့် လက်အောက်ငယ်သားများ၏ခွန်အားကို တိုးမြှင့်ထားရမည်။

အကယ်၍ ရှုံးနိမ့်သွားလျှင်လည်း လက်ထဲတွင် ဝှက်ဖဲတချို့ ကျန်နေလိမ့်မည်။

တုချင်၏ စီးပွားရေးကိစ္စကို ဟန်မူယဲ့က စိုးရိမ်နေရန် မလိုအပ်ပေ။ ထိုအရာသည် ကျူးလုံကုန်သွယ်ရေးအဖွဲ့နှင့် သက်ဆိုင်သည်။

နွီစစ်လင်ပေးခဲ့သော ‌ရှေးခေတ်ဓားက အနည်းငယ်တန်ဖိုးရှိသောကြောင့် ဟန်မူယဲ့က သိမ်းထားလိုက်သည်။

သူက တခြားကိစ္စများ လုပ်စရာရှိသောကြောင့် ကျင့်ကြံရာမှ ထွက်လာခဲ့သည်။

သူက မြို့၏အထက်ပိုင်းမှ ပေငါးသောင်းခန့်အထိ လမ်းလျှောက်လာပြီး ဆေးလုံးရောင်းချ‌သော ဆိုင်တစ်ဆိုင်ဆီသို့ သွားလိုက်သည်။

“ငါတို့မှာ သွေးစုစည်းဆေးလုံးတွေ မရှိတော့ဘူး။ ဒါပေမဲ့ အရိုးကြံ့ခိုင်ဆေးတော့ ရှိသေးတယ်”

မှုန်မှိုင်းနေသော ဆေးဆိုင်ထဲမှ အိုမင်းနေသောအသံ ပေါ်ထွက်လာသည်။

ဟန်မူယဲ့က ဆံပင်ချထားသော လူအိုကြီးကို ကြည့်လိုက်သည်။

ဟန်မူယဲ့၏ ကိုယ်ပေါ်တွင်ရှိသော တက်ကြွနေသည့်ဓားဆန္ဒကြောင့် လူအိုကြီးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ဓားကျင့်ကြံသူ ....”

လူအိုကြီးက ခေါင်းခါလိုက်ပြီး ရေရွတ်သည်။

“ခါးသီးအင်မော်တယ်နယ်မြေမှာရှိတဲ့ ကျန်းထျန်းခန်းဆောင်ရဲ့ ကျိုးရှန့်က ဒီလိုပုံစံမျိုးဖြစ်နေတာပဲ”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

သူ့စကားကြောင့် လူအိုကြီးက ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။

ဓားအလင်းက ဟန်မူယဲ့နှင့် သုံးပေအကွာသို့ ရောက်သွားပြီး ချက်ချင်းနောက်ဆုတ်လာသည်။

“ငါ့နောက်ခံအကြောင်းကို ဘယ်သူက ပြောလိုက်တာလဲ”

လူအိုကြီးက ပျင်းရိနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“ဓားဂိုဏ်းရဲ့မျိုးဆက်သစ်တွေက လူအိုကြီးတွေကို အရိုအသေမဲ့နေကြပြီလား”

လူအိုကြီးများကို အရိုအသေမဲ့သည်။

ကျင့်ကြံခြင်းလောကတွင် ထိုထုံးစံမျိုး မရှိပေ။

ထို့အပြင် များသောအားဖြင့် အသက်ကြီးနေသော ကျင့်ကြံသူများက ပိုမိုသန်မာသော ခွန်အားကို ပိုင်ဆိုင်ထားကြသည်။

လူအိုကြီးများကို မည်သူက မလေးစားပဲ နေမည်နည်း။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး လက်မြှောက်၍ တံဆိပ်ပြားကို ထုတ်ပြသည်။

ထိုတံဆိပ်ပြားသည် လက်ချောင်းတစ်ဝက်စာခန့် ရှည်လျားပြီး ဓားတစ်လက်နှင့်တူသည်။ ထို့အပြင် အင်မော်တယ်အင်းကွက်များလည်း လှုပ်ရှားနေသည်။

ဓားအလင်းလေးခု ပေါ်ထွက်လာသည်။

ထိုတံဆိပ်ပြားကို မြင်လိုက်ရသောအခါ ကျိုးရှန့်က အနည်းငယ်လှုပ်ရှားသွားပြီး ခါးမတ်လိုက်သည်။ သူ့မျက်လုံးများက ရွှေရောင်သန်းလာသည်။

“ခန်းဆောင်လေးခုရဲ့ လက်ရွေးစင်၊ မထူးဆန်းတော့ပါဘူး”

သူ့ခန္ဓာကိုယ်တွင် ဓားအလင်းများစုစည်းလာပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ငါတို့ဓားဂိုဏ်းမှာ မင်းလိုပါရမီရှင်မျိုး ဘယ်တုန်းကပေါ်လာတာလဲ”

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းတွင် ခန်းဆောင်လေးခု၏ အဖွဲ့ဝင်များသည် အစစ်အမှန်လက်ရွေးစင်များ ဖြစ်ကြသည်။

အထူးသဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်အတွက် ဖြစ်သည်။ လူတစ်သန်းတွင် တစ်ယောက်သာရှိသော ထိပ်တန်းအဆင့် ပါရမီရှင်များကသာ ထိုခန်းဆောင်သို့ ဝင်ရောက်နိုင်ကြသည်။

“မင်းက ခါးသီးအင်မော်တယ်နယ်မြေမှာ ဘာလာလုပ်တာလဲ”

ကျိုးရှန့်က စကားပြောလိုက်ပြီး မတ်တပ်ရပ်၍ ခါးဆန့်သည်။ သူက ရေရွတ်လိုက်သည်။

“ငါက မင်းတို့ရောက်လာမှာ အကြောက်ဆုံးပဲ။ မင်းတို့ရောက်လာရင် ကောင်းတာမဖြစ်နိုင်ဘူး”

သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ဆိုင်တံခါးကို ပိတ်သည်။ ထို့နောက် ပတ်ဝန်းကျင်က စိမ်းလန်းသောခြံဝိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သူက ခြံဝိုင်းထဲတွင်ရှိသော ကျောက်သားစားပွဲတွင် ထိုင်လိုက်သည်။ ကျိုးရှန့်က သေရည်အိုးတစ်ခုကို ထုတ်ယူပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် ဟန်မူယဲ့ကို ကြည့်သည်။

“ကျွန်တော်က အင်မော်တယ်သခင်တစ်ပါးရဲ့ အမွေအနှစ်ကို သတင်းရထားတယ်။ ဂိုဏ်းရဲ့အကူအညီကို လိုအပ်လိမ့်မယ်”

ဟန်မူယဲ့၏စကားကြောင့် ကျိုးရှန့်က သေရည်သီးသွားပြီး ချောင်းဆိုးလိုက်ရသည်။

“အင်မော်တယ်သခင်တဲ့လား။ အဟွတ် အဟွတ် ....။ ဒီနေ့ခေတ်မျိုးဆက်သစ်တပည့်တွေက ဒီလောက်တောင် ရည်မှန်းချက်ကြီးနေကြပြီလား”

ကျိုးရှန့်က သေရည်ဆက်သောက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်ထိန်းသိမ်းနေပုံပေါ်သည်။

“ဆက်ပြောပါ။ မင်းမှာ ခေါင်းကိုက်စရာတွေ ရှိသေးလား”

ကျိုးရှန့်က သေရည်အိုးကို ချလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မိုးကြိုးဓားပြတွေကို ကယ်ပေးမယ်လို့ ချင်ကျောက်ယွမ်ကို ကတိပေးထားတယ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

“မိုးကြိုးဓားပြတွေလား”

ကျိုးရှန့်က ခါးမတ်လိုက်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်သည်။

“မင်းက မိစ္ဆာဘုရင်ရှန်းထျန်းကို ဆန့်ကျင်ချင်တာလား”

ဟန်မူယဲ့က စကားမပြောပေ။ သူ့ပခုံးနောက်တွင် ပုန်းအောင်းနေသော ရွှေမီးတောက်က ခေါင်းထုတ်ပြလိုက်သည်။

“မိစ္ဆာ၊ ဖီးနစ် ....”

ကျိုးရှန့်၏လက်များက တုန်ခါသွားကြသည်။ သူက စိတ်ငြိမ်အောင်ထားရန်အတွက် သေရည်အိုးကို အလိုလျောက်ဖွင့်ပြီး မော့သောက်လိုက်သည်။

ဟန်မူယဲ့က ခေါင်းခါသည်။ သူက အပြာရောင်ဓားတစ်လက်ကို ထုတ်ယူသည်။

“မိုးရေကြည်ဓားလား”

ကျိုးရှန့်က မတ်တပ်ရပ်လိုက်ပြီး မျက်မှောင်ကြုတ်သည်။

“အကြီးအကဲရှုမင်ကျန်းက ကျဆုံးသွားပါပြီ။ ကျွန်တော်က ဒီဓားကို ယူပြီး သတင်းလာပို့တာပါ”

ဟန်မူယဲ့က ကျယ်လောင်စွာပြောလိုက်ပြီး ဓားကို လွှတ်ချသည်။

ကျိုးရှန့်က နောင်တရသွားပုံပေါ်ပြီး ခေါင်းညိတ်လျက် ပြောသည်။

“ဂိုဏ်းတူအစ်ကိုရှုရဲ့ သွေးအမှတ်အသား ပျောက်ဆုံးသွားတဲ့အချိန်မှာ ငါတို့က ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ထားပြီးသားပါ”

သူက ဓားကိုကြည့်လိုက်ပြီး ညင်သာစွာသက်ပြင်းချသည်။

“ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ အချိန်ဖြုန်းနေတာထက် အပြင်ဘက်မှာသေသွားတာ အကောင်းဆုံးပဲ”

သူက ဟန်မူယဲ့ကို လေးနက်စွာကြည့်သည်။

“စိတ်မပူပါနဲ့။ ဓားဂိုဏ်းရဲ့တပည့်တစ်ယောက်က ခါးသီးအင်မော်တယ်နယ်မြေကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် သောင်းကျန်းမယ်ဆိုရင်လည်း ဓားဂိုဏ်းက ကာကွယ်ပေးမှာပါ”

“နောက်ကျ ဓားဂိုဏ်းက အကူအညီလိုလာရင် ဂိုဏ်းရဲ့ ခင်မင်ရင်းနှီးမှုကို မှတ်ထားရုံပါပဲ”

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် ဓားတာအိုကျင့်ကြံသူများ၏ မဟာမိတ်တစ်ခုဖြစ်သည်။ ဂိုဏ်းသားများသည် ဆရာတပည့်ဆက်ဆံရေး သိပ်မရှိပဲ တစ်ယောက်နှင့်တစ်ယောက် ထောက်ပံ့ပေးကြသည်။ ထို့အပြင် ဂိုဏ်း၏ခွန်အားကို အသုံးပြု၍ အရင်းအမြစ်များပိုရအောင် ကြိုးစားကြသည်။

သူတို့က ဂိုဏ်း၏ခွန်အားကို အသုံးပြုခဲ့သောကြောင့် အနာဂတ်တွင် ပြန်လည်ပေးဆပ်ရမည်။

ဂိုဏ်းထဲတွင် လက်ရွေးစင်တပည့်များသည် ဂိုဏ်း၏ခွန်အားကို ပိုမိုအသုံးပြုနိုင်ကြသည်။

အဘယ်ကြောင့်ဆိုသော် ရင်းနှီးမြှုပ်နှံမှု ပိုများလေ အကျိုးအမြတ် ပိုရလေ ဖြစ်သည်။

လက်ရွေးစင်တပည့်များ၏ ဂုဏ်သတင်းနှင့် ခွန်အားသည် ဂိုဏ်းကို အကျိုးဖြစ်စေလိမ့်မည်။

“ကောင်းပြီ”

ဟန်မူယဲ့က မိုးရေကြည်ဓားနှင့် တံဆိပ်ပြားကိုသိမ်းလိုက်ပြီး ကျိုးရှန့်ကို ‌ခေါင်းညိတ်ပြသည်။ သူက ကျိုးရှန့်၏လက်ထဲတွင်ရှိသော သေရည်အိုးကို ကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။

ဟန်မူယဲ့ ထွက်သွားသောအခါတွင် ကျိုးရှန့်၏ ဖြောင့်မတ်နေသောကိုယ်ဟန်က ပြေလျော့သွားသည်။

သူက နှုတ်ခမ်းသပ်လိုက်ပြီး လက်ထဲတွင်ရှိသော သေရည်အိုးကို ကြည့်သည်။

“သေရည်က ကောင်းပါတယ်။ ဒါပေမဲ့ နည်းနည်းပျော့တယ် ....”

“ယွင်လန်မြို့ရဲ့ သေရည်တစ်ဝက်ကို ဒီဘူးသီးခြောက်ထဲမှာ ထည့်လာတာပါ”

အစိမ်းရောင်ဝတ်စုံနှင့် ကျန်းထျန်းခန်းဆောင်သခင် လီယွင်ကန်း ပေါ်ထွက်လာသည်။

“အဲဒီကောင်လေးက ဉာဏ်ကောင်းတယ်။ သူက သေရည်ကိုကြည့်ပြီး ငါရောက်နေတဲ့အကြောင်း သိသွားလောက်တယ်”

လီယွင်ကန်းက ခေါင်းခါလိုက်ပြီး သေရည်အိုးကို ထုတ်ယူသည်။

“ငါက ဂရုမစိုက်မိဘူး ဖြစ်သွားတယ်”

ကျိုးရှန့်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ယွင်လန်ဓားအင်မော်တယ်။ အဲဒီကလေးရဲ့ ဓားဆန္ဒက အ‌တော်လေးအားကောင်းတယ်”

“သူက တကယ်ပဲ မင်းပြောသလိုမျိုး သန်မာတာလား။ မင်းက သူနဲ့ တိုက်ခိုက်ဖို့ လက်ယားနေတယ်ဆို”

ကျိုးရှန့်က ဟန်မူယဲ့ကို စမ်းသပ်ကြည့်ခဲ့သည်။ ဟန်မူယဲ့က အလွန်အားကောင်းပုံမပေါ်ပေ။

“တိုက်ခိုက်ဖို့လက်ယားနေတာလား”

လီယွင်ကန်း၏မျက်လုံးများက တောက်ပနေသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းမှာ တိုက်ခိုက်ကြည့်ဖို့အတွက် လိုက်ဖမ်းရအောင် ဆွဲဆောင်နိုင်တဲ့လူတွေ သိပ်မရှိခဲ့ဘူး”

သူ့စကားကြောင့် ကျိုးရှန့်က ပြုံးလိုက်သည်။ ထို့နောက် ခါးမတ်ပြီး ဘေးတွင်ရှိသော ခြောက်သွေ့နေသည့်သစ်ပင်မှ သစ်ကိုင်းတစ်ခုကို ချိုးလိုက်သည်။

“သူက စိတ်ဝင်စားဖို့ကောင်းတယ်။ ခါးသီးအင်မော်တယ်နယ်မြေမှာ သေမသွားဖို့ပဲ မျှော်လင့်တယ်”

“တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီကောင် ရှန်းထျန်းကလည်း ပြဿနာရှာနေတယ်”

သူက ထိုသို့ပြောလိုက်ပြီး လီယွင်ကန်းကို လှည့်ကြည့်သည်။

“မင်းက အဲဒီကလေးအတွက် ရောက်လာတာလား။ ဒါမှမဟုတ် ရှန်းထျန်းအတွက် ရောက်လာတာလား”

လီယွင်ကန်းက ရယ်လိုက်ပြီး ပြန်မဖြေပေ။ သူက သေရည်အိုးကို ကောက်ယူလိုက်ပြီး လှည့်ထွက်သွားသည်။

ကျိုးရှန့်က သူ့ကို ကြည့်လိုက်သည်။ သူ့လက်ထဲတွင်ရှိသော သစ်ကိုင်းခြောက်က အစိမ်းပုပ်ရောင်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ သူက ဓားကို ကျောပေါ်တွင် တင်လိုက်သည်။

သူက ရှပ်ပွနေသော ဆံပင်များကို သိမ်းလိုက်ပြီး ခြံဝိုင်းထဲမှ ထွက်သွားသည်။

“လမ်းလျှောက်ထွက်လိုက်အုံးမယ်။ အကူအညီသွားရှာဖို့ လိုနေတယ် ....”

....

ဟန်မူယဲ့က ကျိုးရှန့်၏ဆိုင်ထဲမှ ထွက်လာပြီး ကုန်သည်အဖွဲ့ဆီသို့ ပြန်မသွားခဲ့ပေ။ သူက မြို့၏ အောက်ပိုင်းသို့ ဆက်သွားခဲ့သည်။

ဝမ်ချုံမြို့၏အထက်ပိုင်းသည် သပ်ရပ်မှုရှိပြီး ကျွမ်းကျင်သူများ နေထိုင်ကြသည်။ အောက်ပိုင်းသည် ဖရိုဖရဲဖြစ်နေပြီး အဆင့်နိမ့်မိစ္ဆာများ နေထိုင်သည်။

ဝမ်ချုံမြို့သည် ခါးသီးအင်မော်တယ်နယ်မြေ၏ မြို့ကြီးတစ်မြို့ ဖြစ်‌သောကြောင့် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်များကို မြင်နိုင်သည်။

All Chapters