အခန်း (၉၁၃)
Vol. 66 Ch. 913
ဓားတစ်လက်လွယ်ထားသော ဟန်မူယဲ့က လူအများကြားတွင် ထင်ပေါ်မနေပေ။
သို့သော် လူသားကျင့်ကြံသူအများစုသည် စုတ်ပြတ်နေကြသည်။ ဟန်မူယဲ့က သပ်ရပ်နေပြီး တခြားလူများကို ဖိအားပေးနိုင်သည်။
“ဟေး၊ လူချောလေး။ ကျွန်မတို့ ဂန္ဓာပန်းစံအိမ်မှာ ခဏလောက်နေမလား။ မစိုးရိမ်ပါနဲ့။ ကျွန်မတို့က ဈေးသင့်ပါတယ်”
ပန်းရောင်သုံးထပ်စံအိမ်တွင် မပေါ်တပေါ်ဝတ်စားထားသော လူသားအမျိုးသမီး ကျင့်ကြံသူတစ်ယောက်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ဟန်မူယဲ့ကို လှမ်းခေါ်သည်။
“သူ့ပုံစံက ကြည့်ကောင်းသားပဲ။ မဟာမိစ္ဆာကြီးတစ်ကောင် အသွင်ပြောင်းထားတာလားမသိဘူး”
မျက်နှာချင်းဆိုင်အဆောက်အအုံတွင် စည်ပိုင်းတစ်လုံးကဲ့သို့ ကြီးမားသော အပြာရောင်သားမွေးနှင့် မိစ္ဆာတစ်ကောင်က လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က ထိုလူများကို ဂရုမစိုက်ပဲ ရှေ့ဆက်လျှောက်လာသည်။
သူက ရိုးရှင်းသော နှစ်ထပ်စံအိမ်တစ်ခု၏ရှေ့တွင် ရပ်တန့်လိုက်သည်။
“ဧည့်သည်၊ ဝိညာဉ်စွဲမက်ခြင်းစံအိမ်ရဲ့ ရေကြည်ငွေအလင်းဟင်းပွဲက အရမ်းနာမည်ကြီးပါတယ်။ ကျွန်တော်တို့မှာ ဝိညာဉ်သုံးပါးနဲ့ အင်မော်တယ်လေးပါးဟင်းပွဲလည်း ရှိပါတယ်”
အစိမ်းရောင်ခေါင်းစည်းပဝါကို ဝတ်ဆင်ထားသော မြင်းမျက်နှာနှင့် မိစ္ဆာက ယဉ်ကျေးစွာ ချဉ်းကပ်လာသည်။
စံအိမ်၏အပြင်ဘက်တွင် သင်းပျံ့သောရနံ့ကို ရနေသည်။
ဟန်မူယဲ့က နှစ်ပေါင်းများစွာကြာမြင့်သည်အထိ ဆာလောင်မှုကို မခံစားခဲ့ရပေ။
သို့သော် ယခုအချိန်တွင် ရနံ့ကို ရှူကြည့်လိုက်ပြီး စားချင်စိတ်ပေါ်လာသည်။
သူက ခေါင်းညိတ်လိုက်ပြီး မြင်းမျက်နှာမိစ္ဆာ၏နောက်မှ အထဲသို့လိုက်သွားသည်။ စံအိမ်ထဲတွင် အရပ်ရှည်သော မိစ္ဆာများက ခါးကုန်း၍ စားသောက်နေကြသည်။
လေထုထဲတွင် အသားအမျိုးမျိုး၏ ရနံ့ကို ရနိုင်သည်။
သူက စံအိမ်ထဲသို့ ဝင်သွားသော်လည်း တခြားလူများက သူ့ကို လှည့်မကြည့်ကြပေ။
“ဆရာ၊ အပေါ်ထပ်က ပိုပြီးတိတ်ဆိတ်ပါတယ်”
မြင်းမျက်နှာမိစ္ဆာက ဟန်မူယဲ့၏ပုံစံကို ကြည့်လိုက်ပြီး ဒုတိယထပ်သို့ ခေါ်သွားသည်။
အပေါ်ထပ်တွင် လူသိပ်မရှိပေ။ သစ်သားစားပွဲငယ်များကို နေရာခွဲထားပြီး လူသုံးယောက်၊ လေးယောက်ခန့်သာ ထိုင်နေကြသည်။
ဟန်မူယဲ့က သစ်သားစားပွဲတစ်ခုတွင် ထိုင်ချလိုက်ပြီး ပြောသည်။
“မင်းတို့ရဲ့ နာမည်ကြီးဟင်းပွဲတွေ အားလုံးယူလာခဲ့”
မြင်းမျက်နှာမိစ္ဆာက ပျော်ရွှင်စွာဦးညွတ်လိုက်ပြီး ထွက်သွားသည်။
ဟန်မူယဲ့က ဒုတိယထပ်တွင်ရှိသော တခြားလူများကို ကြည့်လိုက်သည်။ လူသားကျင့်ကြံသူနှစ်ယောက်က သူ့ကို အသာအယာ ခေါင်းညိတ်ပြသည်။
တစ်ဖက်တွင် နွားရိုင်းမျိုးနွယ်ဝင်တစ်ယောက်နှင့် မိစ္ဆာအငွေ့အသက်ကို ထုတ်လွှတ်နေသော လူသားနှစ်ယောက် ထိုင်နေကြသည်။
ဟန်မူယဲ့က ပြတင်းပေါက်မှတစ်ဆင့် ကြည့်လိုက်သည်။ လမ်းပေါ်တွင် မိစ္ဆာမျိုးနွယ်ဝင်များက ဆူညံ့စွာ လှုပ်ရှားနေကြသည်။
ထိုသို့ မတူညီသော မြင်ကွင်းမျိုးသည် အမှန်တကယ် စိတ်ဝင်စားဖွယ်ကောင်းသည်။
ခဏအကြာတွင် စားပွဲထိုးများက အမျိုးမျိုးသော ဟင်းပွဲများကို သယ်လာကြသည်။
ကြည်လင်နေသော စွပ်ပြုတ်ထဲတွင် ငွေရောင်ငါးတစ်ကောင်က သွက်လက်စွာ ကူးခပ်နေသည်။ တူဖြင့် ထိလိုက်သောအခါ ငါးပုံရိပ်က ပျောက်ကွယ်ပြီး မွှေးရနံ့အဖြစ် ပြောင်းလဲသွားသည်။
ထိုအရာသည် ရေကြည်ငွေအလင်းဟင်းပွဲ ဖြစ်သည်။
တခြားဟင်းပွဲများကလည်း ထူးခြားပြီး အရောင်အသွေး၊ အနံ့အရသာ ပြည့်စုံသည်။
ဟန်မူယဲ့က ပုံမှန်ထက် ပိုစားလိုက်ပြီး တူကို ချသည်။
ယခုအချိန်တွင် ဒုတိယထပ်၏ ဧည့်သည်များက ပြောင်းလဲသွားသည်။
“ဧည့်သည်၊ စားကောင်းရဲ့လား”
ဘေးတွင်စောင့်နေသော မြင်းမျက်နှာနှင့်မိစ္ဆာက အပြုံးတစ်ခုနှင့်အတူ ချဉ်းကပ်လာသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်. သူက လက်မြှောက်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး စားပွဲပေါ်တွင် တင်ထားလိုက်သည်။
“ဒီဟင်းပွဲတွေက ငါ့မွေးရပ်မြေမှာရှိတဲ့ ဟင်းပွဲတွေနဲ့ တူနေတယ်။ မင်းက စာဖိုမှူးကို သွားရှာပေးနိုင်မလား။ ငါက သူ့ကို မေးခွန်းတချို့ မေးချင်တယ်”
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံး ....
ဤဟင်းပွဲများသည် အလွန်ကောင်းမွန်ပြီး တခြားနေရာတွင် ဝိညာဉ်ကျောက်တုံးဆယ်တုံးခန့် ကုန်ကျလိမ့်မည်။
သို့သော် ခါးသီးအင်မော်တယ်နယ်မြေတွင် ဝိညာဉ်ကျောက်တုံး ငါးတုံးသာ ကျသင့်သည်။
ဟန်မူယဲ့၏ ရက်ရောမှုကြောင့် မြင်းမျက်နှာနှင့်မိစ္ဆာက တုန်ခါသွားပြီး ဝိညာဉ်ကျောက်တုံးကို လျင်မြန်စွာ ယူလိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြီး ပြောသည်။
“ကျွန်တော်က အခုပဲ စားဖိုမှူးကို ခေါ်လိုက်ပါ့မယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။ ခဏအကြာတွင် သူက ခါးစည်းဝတ်ထားသော အနက်ရောင်ဝတ်စုံနှင့် ကြမ်းတမ်းသောမျက်နှာထားကို ပိုင်ဆိုင်ထားသည့် နွားသိုးစိမ်းကလန်မှ လူသန်ကြီးတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုလူသန်ကြီးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြုံး၍ ဟန်မူယဲ့ဆီသို့ လျှောက်လာသည်။
“ဆရာ၊ ကောင်းကောင်းစားခဲ့ရဲ့လား”
“ဆရာက ဟူလွင်ပိုင်အာလွင်ပြင်ကနေ ရောက်လာတာလား”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ချောင်းများဖြင့် စားပွဲခုံကို ခေါက်နေသည်။ သူက ညင်သာစွာပြောသည်။
“အဲဒါက ကောင်းကင်နဲ့ အနီးဆုံးနေရာပဲ။ အပြာရောင်ကောင်းကင်နဲ့ အဖြူရောင်တိမ်တိုက်တွေကို မမေ့နိုင်ဘူး”
နွားသိုးစိမ်းမိစ္ဆာက ဟန်မူယဲ့၏လက်ချောင်းများကို ကြည့်လိုက်ပြီး လေးနက်သွားသည်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့မျိုးနွယ် မမေ့နိုင်တာက ကျွန်တော်တို့ရဲ့ မွေးရပ်မြေ မြက်ခင်းပြင်ပါပဲ”
ထို့နောက် သူက ပြုံးလိုက်ပြီး ပြောသည်။
“ကျွန်တော်တို့က မွေးရပ်မြေတူနေတယ်။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော်နဲ့ ဆက်သွယ်ဖို့ တစ်ခုခုချန်ထားခဲ့လိုက်လေ။ ဆိုင်သိမ်းရင် ဟင်းပွဲတချို့ယူလာပြီး အတူတူသောက်ကြတာပေါ့”
ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ပေးသည်။ ထို့နောက် အောက်ထပ်သို့ ဆင်းသွားသည်။
သူက အောက်ထပ်သို့ ရောက်သွားသောအခါတွင် မြင်းမျက်နှာနှင့်မိစ္ဆာက နွားသိုးစိမ်းကလန်မှ လူသန်ကြီး၏ဘေးသို့ ရောက်လာပြီး စပ်စပ်စုစု မေးသည်။
“ညီအစ်ကိုတကျွမ်းမှာ ဒီလိုမျိုး ရက်ရောတဲ့ မိတ်ဆွေတစ်ယောက် ရှိနေတာလား”
သူ့စကားကို ကြားရသောအခါတွင် လူသန်ကြီးက ပြုံးလိုက်ပြီး ကျောက်စိမ်းပေလွှာကို ချေမွပစ်သည်။
“ဘာကိုမိတ်ဆွေလဲ။ ငါက ခါးသီးအင်မော်တယ်နယ်မြေမှာ နှစ်ပေါင်းသုံးထောင်ကြာအောင် ရှိနေခဲ့တယ်။ မြက်ခင်းပြင်ရဲ့ပုံစံကိုတောင် မေ့နေပြီ။ သူနဲ့ နည်းနည်းလောက် စကားပြောပေးရုံပဲ”
“ငါ့ကို ဝိညာဉ်ကျောက်တုံးတွေ ခွဲပေးဖို့ မမေ့နဲ့”
လူသန်ကြီးက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ထွက်သွားသည်။
မြင်းမျက်နှာနှင့်မိစ္ဆာက ခေါင်းခါလိုက်ပြီး တီးတိုးရေရွတ်နေသည်။ ထို့နောက် အပြုံးတစ်ခုနှင့်အတူ အောက်ဆင်းသွားပြီး ဧည့်သည်များကို ဆွဲဆောင်နေသည်။
ဟန်မူယဲ့က မြို့အောက်ပိုင်းတွင် ဆက်မနေတော့ပဲ မြို့အထက်ပိုင်းသို့ လျင်မြန်စွာပြန်လာခဲ့သည်။
ရွှေအလင်းလွှာတစ်ခု ပေါ်ထွက်လာသည်။ သူက နွီစစ်လင်ပေးခဲ့သော သစ်သားသေတ္တာကို ထုတ်ယူသည်။
“ဒါက စိတ်ဝင်စားစရာပဲ”
ဟန်မူယဲ့က သေတ္တာပေါ်တွင် လက်တင်ထားပြီး ညင်သာစွာရယ်သည်။
သူ့နောက်တွင်ရှိသော ရွှေမီးတောက်က သစ်သားသေတ္တာပေါ်သို့ ရောက်လာပြီး အသံပေးနေသည်။
“ဒါက ကောင်းကင်သစ်ပင်လိုမျိုး နာမည်ကြီးတဲ့ အထွတ်အထိပ်အဆင့် သစ်သားရတနာ ကမ္ဘာဦးသဖန်းပင်လား”
ဟန်မူယဲ့က သစ်သားသေတ္တာကို ဖိထားပြီး အစိမ်းရောင်အင်မော်တယ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
နွီစစ်လင်က သစ်သားသေတ္တာကို ထုတ်ယူလိုက်သောအခါ သူ့ပခုံးပေါ်တွင် ပုန်းနေသော ရွှေမီးတောက်က သူ့ကို ပြောခဲ့သည်။
ဖီးနစ်ကလန်အတွက် ကမ္ဘာဦးသဖန်းပင်သည် အလွန်အရေးကြီးသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အနောက်နယ်စပ်ဘက်ကုန်းမြေတွင်ရှိသော တိမ်မြုံကမ်းပါးတွင် ကမ္ဘာဦးသဖန်းပင်ရှိသည်ဟု ပြောကြသည်။
ကမ္ဘာဦးသဖန်းပင်သည် နှစ်တစ်သောင်းကြာမြင့်သည့်အထိ မီးတောက်များကို ထုတ်ပေးနိုင်သည်။
ထိုမီးတောက်များသည် ဖီးနစ်ငှက်၏ ပြန်လည်မွေးဖွားခြင်းကို အားဖြည့်ပေးနိုင်သည့်အပြင် မီးတောက်စွမ်းအားကိုလည်း လှုံ့ဆော်ပေးသည်။
သို့သော် သူ့ရှေ့တွင်ရှိသော သစ်သားစသည် မလုံလောက်ပေ။
ရွှေမီးတောက်ကို ပေးလိုက်လျှင် ပိုကောင်းသည်။
ဟန်မူယဲ့က သေတ္တာကို ဖွင့်လိုက်ပြီး ဓားကို ကြည့်သည်။
သူက ဓားရိုးကို ကိုင်လိုက်သည်။
ဓားက အနည်းငယ်လေးလံပြီး ဓားရိုးက ကြမ်းတမ်း၍ ရှေးဆန်သည်။
“ခလွမ်”
သူက ဓားကို ဆွဲထုတ်လိုက်သောအခါ လေးနက်သော အင်မော်တယ်အင်းကွက်များကို မြင်ရသည်။
ဟန်မူယဲ့က အင်မော်တယ်အင်းကွက်များကို သေချာကြည့်နေသည်။
သူက လက်မြှောက်ပြီး အမွေအနှစ်ရွှေရောင်စာရွက်များကို ထုတ်ယူသည်။
ထို့နောက် စာရွက်ကို လက်ညှိုးညွှန်လိုက်ပြီး အင်မော်တယ်အလင်းတချို့ကို ဆွဲယူသည်။ ရွှေရောင်အင်မော်တယ်အင်းကွက်များ ပေါ်လာကြသည်။
“ဒါတွေက အင်မော်တယ်အင်းကွက် မဟုတ်ဘူး။ နတ်ဘုရားကမ္ဘာရဲ့ နတ်ဘုရားအင်းကွက်တွေပဲ”
ဟန်မူယဲ့က မျှော်လင့်နေပြီး ဓားရိုးကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။ သူက အင်မော်တယ်စွမ်းအင်နှင့် ဓားဆန္ဒကို ထည့်သွင်းလိုက်သည်။
“ဒီဓားက ဘယ်ကနေရောက်လာတာလဲ ကြည့်ရအောင်”
ဓားဆန္ဒက လှုပ်ရှားနေပြီး သူ့စိတ်ထဲတွင် မြင်ကွင်းများပေါ်လာသည်။
“ဝီ”
ညင်သာသောအသံကို ကြားရသည်။
မြင်ကွင်းက ရပ်တန့်သွားသည်။
“ဆရာတူညီလေး ....”
“ငါက ဖူယွီအင်မော်တယ်ကမ္ဘာကိုသွားရင် မင်းနဲ့တွေ့ရလိမ့်မယ်လို့ ဆရာက ပြောခဲ့တယ်”
အစိမ်းရောင်ဝတ်စုံနှင့် အင်မော်တယ်အလင်းကို ထုတ်လွှတ်နေသော သက်လတ်ပိုင်းအရွယ် တာအိုတန်ခိုးရှင်တစ်ယောက်က သူ့ကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။
ဟန်မူယဲ့က ထိုလူကို သိနေသည်။
လွန်ခဲ့သော နှစ်ငါးသန်းတွင် အင်မော်တယ်ဘုရင်၏ သင်ပြမှုတွင် ထိုလူလည်း ပါဝင်ခဲ့သည်။
အင်မော်တယ်သခင် စန်ယွင် ဖြစ်သည်။
ဟန်မူယဲ့က ရွှေအင်မော်တယ်ရယ်မင်၏ ဓားထဲတွင် ထိုလူ၏ပုံရိပ်ကို မြင်ခဲ့ရသည်။
ယခုအချိန်တွင် ထပ်မြင်လိုက်ရပြီး လွန်ခဲ့သော အင်မော်တယ်ဘုရင်၏ သင်ပြမှုကို အတူတူခံယူဖူးကြောင်း မှတ်မိသွားသည်။
ထိုအချိန်တွင် အင်မော်တယ်သခင်စန်ယွင်က အင်မော်တယ်သခင်အဆင့်သို့ မရောက်သေးပေ။
သူက ရွှေအင်မော်တယ်အဆင့်တွင်သာ ရှိသည်။
အင်မော်တယ်ဘုရင်၏ အမွေအနှစ်က ထူးခြားပုံရသည်။ သူက အင်မော်တယ်သခင်အဖြစ် အဆင့်တက်သွားခဲ့သည်။
သို့သော် အင်မော်တယ်ဘုရင်၏ အရှုပ်အထွေးများကြောင့် သေဆုံးသွားရသည်။ ထိုအရာသည် ကံကြမ္မာပင်ဖြစ်သည်။
သူတို့နှစ်ယောက်က အင်မော်တယ်ဘုရင်၏လက်အောက်တွင် အတူတူသင်ကြားဖူးသောကြောင့် ဆရာတူညီအစ်ကိုအဖြစ် သတ်မှတ်နိုင်သည်။
ဟန်မူယဲ့၏ပုံရိပ်က စုစည်းလာသည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“ဟန်မူယဲ့က ဆရာတူအစ်ကိုစန်ယွင်ကို နှုတ်ဆက်ပါတယ်”
အင်မော်တယ်သခင်စန်ယွင်က ဟန်မူယဲ့၏ပုံရိပ်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“ပါ့ရှားက မင်းကို”
ယခင်က ဟန်မူယဲ့သည် ပါ့ရှားခန္ဓာကိုယ်ဖြင့် အင်မော်တယ်ဘုရင်၏ သင်ပြမှုကို နားထောင်ခဲ့သည်။
နောက်ပိုင်းတွင် အင်မော်တယ်ဘုရင်၏ တိုက်ရိုက်တပည့်များနှင့် တခြားလူများအားလုံးက ပါ့ရှားကို လိုက်ရှာနေကြသည်။
သို့သော် ဟန်မူယဲ့က အစစ်အမှန်လူသားတစ်ယောက် ဖြစ်သည်။
အင်မော်တယ်သခင်စန်ယွင်က အင်မော်တယ်ဘုရင်၏လက်အောက်တွင် ထူးချွန်သောလူတစ်ဦး ဖြစ်ခဲ့သည်။ သို့သော် အဆုံးတွင် ဖူယွီအင်မော်တယ်ကမ္ဘာ၌ သေဆုံးသွားပြီး အကြွင်းအကျန်ဝိညာဉ်ကိုသာ ချန်ရစ်ခဲ့သည်။
သူက မည်သည့်အရာကိုမှ ဖုံးကွယ်မထားပဲ နတ်ဘုရားကမ္ဘာ၏အကြောင်းကို ပြောပြခဲ့သည်။
နတ်ဘုရားကမ္ဘာသည် အင်မော်တယ်ကမ္ဘာထက် အဆင့်မြင့်ပြီး ကျွမ်းကျင်သူများနှင့် ပြည့်နှက်နေသည်။ အင်မော်တယ်သခင်များကပင် နတ်ဘုရားကမ္ဘာကို လွယ်ကူစွာ မလွှမ်းမိုးနိုင်ကြပေ။
အင်မော်တယ်ဘုရင်များကသာ အစစ်အမှန်ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ဟန်မူယဲ့က ထိုအကြောင်းကို သိပြီးသားဖြစ်သော်လည်း အင်မော်တယ်သခင်တစ်ပါးဆီမှ ထပ်ကြားလိုက်ရသောအခါတွင် လောက၏ ကျယ်ပြန့်မှုကို ခံစားရသည်။
“ဆရာ့ရဲ့ နည်းစနစ်တွေက နတ်ဘုရားလောကရဲ့ ပုဂ္ဂိုလ်ကြီးတွေကို ထိတ်လန့်သွားစေခဲ့တယ်”
အင်မော်တယ်သခင်စန်ယွင်က တောက်ပနေသော မျက်လုံးများဖြင့် တီးတိုးပြောသည်။
ကောင်းကင်စက်ဝန်းဝင်္ကပါသည် နတ်ဘုရားမျိုးနွယ်၏ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နိုင်သည်။
ဟန်မူယဲ့က အင်မော်တယ်ဘုရင်၏ ကျင့်ကြံခြင်းနည်းစနစ်ကို လေ့လာပြီး တချို့အရာများကို သိခဲ့ရသည်။
ထိုနည်းစနစ်များက ခွန်အားစုစည်းပြီး အားကြီးသူကို အနိုင်ယူသည်။
အင်မော်တယ်ဘုရင်၏ စွမ်းအားနှင့်ပတ်သတ်သော နားလည်မှုသည် အထွတ်အထိပ်သို့ ရောက်နေသည်။ မဟာဝင်္ကပါတစ်ခုသည် လူတစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်းကို အဆပေါင်းသောင်းချီ၍ တိုးမြှင့်ပေးနိုင်သည်။
ထိုနည်းစနစ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
မောက်မာသော နတ်ဘုရားများသည် တခြားကျွမ်းကျင်သူများကို မကြောက်ကြပေ။ သို့သော် သူတို့၏ အမိန့်အာဏာကို စိန်ခေါ်လာမည့် အားနည်းသူများကိုတော့ မလိုချင်ကြပေ။
နတ်ဘုရားလောကသည် အင်မော်တယ်ဘုရင်ကို ချုပ်နှောင်ထားသည်။ သူတို့က အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ရှင်းထုတ်ချင်သော်လည်း မတတ်နိုင်ခဲ့ပေ။
အင်မော်တယ်ဘုရင်က ဟန်မူယဲ့၏ အကြံအတိုင်း ရတနာအမျိုးမျိုးကို ပေးအပ်ခဲ့သည်။
အမွေအနှစ် နည်းစနစ်များကို စွန့်ပစ်နိုင်သော်လည်း ရတနာများကိုတော့ မစွန့်ပစ်နိုင်ကြပေ။
အင်မော်တယ်ဘုရင်၏ ရတနာကို ပိုင်ဆိုင်ထားပြီး အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို မကျင့်ကြံဟု ပြောလျှင် မည်သူက ယုံမည်နည်း။
ထိုအရာသည် အလွန်ပင် ဖြေရှင်းရန်ခက်သည်။
နတ်ဘုရားကမ္ဘာနှင့် အမျိုးမျိုးသော အင်မော်တယ်ကမ္ဘာများတွင် အင်မော်တယ်ဘုရင်၏ အမွေအနှစ်သည် ကန့်သတ်ခံနေရသည်။
“ငါက စိတ်မရှည်ဖြစ်နေပြီး ဆရာရဲ့ အကြံပေးစကားကို နားမထောင်ခဲ့ဘူး”
အင်မော်တယ်သခင်စန်ယွင်က နောင်တရနေပုံပေါ်သည်။
သူက နတ်ဘုရားလောကတွင် လှုပ်ရှားခဲ့သောကြောင့် ရန်သူများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ နောက်ဆုံးတွင် ဒဏ်ရာများနှင့် ဖူယွီအင်မော်တယ်ကမ္ဘာသို့ ရောက်လာပြီး ခါးသီးအင်မော်တယ်နယ်မြေတွင် ပုန်းအောင်းနေခဲ့သည်။