ကပ်ဘေး၊ တာအိုဆန်းကြယ်နယ်မြေ
Vol. 109 Ch. 1132
အတန်ကြာအောင် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဟန်ယဲ့ဟာ အိပ်မက်က နိုးသွားပါတယ်။
ဟန်ယဲ့ ဒီလိုအိပ်မက်ကို မက်တာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ သူ ကျင့်ကြံအားထုတ်တိုင်း အခြေအနေတစ်ခုကို ဝင်ရောက်သွားရင် ဒီလိုမျိုး အိပ်မက်ဆိုးထဲ ရောက်သွားပါတယ်။ အရေးအကြီးဆုံးက ဒီအိပ်မက်ရဲ့ ကံတရားကို တွက်ချက်လို့မရတာပါ။
‘ငါ သတ်ဖြတ်တာ များလွန်းလို့ အကုသိုလ်ကံနဲ့ ရန်ငြိုးတွေကနေ ဒီအိပ်မက် ဖြစ်တည်လာတာလား’
ဟန်ယဲ့ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ သူ့ရဲ့ ရှန်တျန် မဟာဖန်တီးမှုက အန္တိမသတ်ဖြတ်ကြယ်ပါ။ သူဟာ သတ်ဖြတ်ခြင်းကိုပဲ အားကိုးပြီး ဒီနေ့ ဒီအခြေအနေအထိ ရောက်လာနိုင်ခဲ့တာပါ။ အဲဒါကြောင့် သူ့ကို မသတ်ခိုင်းတာက သူ့ညာလက်ကို ဖြတ်ထုတ်လိုက်တာနဲ့ အတူတူပါပဲ။
ကြောက်စရာ အကောင်းဆုံးက ဟန်ယဲ့ သတ်ဖြတ်တာ ရပ်လိုက်ရင် အချိန်ကြာလာတာနဲ့ သူ့ကျင့်ကြံမှုက ဖြည်းဖြည်းချင်း လျော့ကျသွားပါတယ်။ ဟန်ယဲ့ဟာ သူ အားနည်းသွားတဲ့အဖြစ်ကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။
“ငါ ဒီအိပ်မက်ကို အမြန်ဆုံး ဖြေရှင်းရမယ်၊ မဟုတ်ရင် ငါ နောက်ကျ ကျင့်ကြံအားထုတ်နိုင်မှာ မဟုတ်ဘူး၊ တစ်ချိန်လုံး သတ်ဖြတ်နေရလိမ့်မယ်” ဟန်ယဲ့ဟာ တစ်ကိုယ်တည်း ရေရွတ်ပြီးနောက် သူ့အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ဖို့ မတ်တတ်ရပ်လိုက်ပါတယ်။
ဟန်ယဲ့ဟာ ဘာက ပြဿနာတက်နေလဲဆိုတာကို ရှာမတွေ့တဲ့အတွက် ဆက်ပြီးတော့ သတ်ဖြတ်ပါတယ်။ တစ်နေ့ကျရင် ဟန်ယဲ့ဟာ သူ့အိပ်မက်ထဲက လူကို ရှာပြီး နောက်ကျ ပြဿနာ မတက်အောင် တစ်ခါတည်း ရှင်းပစ်မှာပါ။
ဗလာနယ်မြေရဲ့ တစ်နေရာမှာ ကမ္ဘာထောင်ချီဟာ ဧရာမနန်းတော်ကြီး တစ်ဆောင်ကို ကြယ်တွေလိုမျိုး ဝန်းရံထားပါတယ်။ ဒါက ဖန်တီးရှင်ဧကရာဇ် ရုံးတော်ပါ။
မဟာတာအို အနန္တကပ်ဘေး ပြီးဆုံးသွားတဲ့အခါ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ အဆင့်အတန်းက ထိုးတက်သွားပါတယ်။ အခုအချိန်မှာ ဖန်တီးရှင်ဧကရာဇ်ရုံးတော်က အဆုံးမဲ့ခေတ်ရဲ့ နာမည်ကျော် မြင့်မြတ်နယ်မြေတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပါပြီ။
ဧကရာဇ်ဟာ အဆုံးမဲ့ခေတ်ရဲ့ ဖွဲ့စည်းပုံကို ထိန်းချုပ်ဖို့ တာဝန် အပ်နှင်းခံရပါတယ်။
လက်ရှိ ဖန်တီးရှင်ဧကရာဇ်ရုံးတော်က စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးကို စုပ်ယူထားပါတယ်။ ဒီအထဲမှာ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ လောင်တန်၊ လီတောက်ခုံးနဲ့ မဟာတာအို အနန္တကပ်ဘေးမှာ ဒဏ္ဍာရီတွေ ချန်ထားခဲ့တဲ့ တခြားရှေးဟောင်း နတ်ဘုရားတွေလည်း ပါဝင်ပါတယ်။
မဟာတာအိုပညာရှိ ရှုထောင့်ကနေ ကြည့်ရင် နှစ်သန်းတစ်ရာက ဘယ်လောက်မှ မကြာပါဘူး။ ဒါပေမဲ့ ကျန်တဲ့သက်ရှိတွေ အထူးသဖြင့် တာအိုပညာရှိအောက်မှာ နှစ်သန်းတစ်ရာက ခေတ်လေးငါးဆယ်ခေတ် ပြောင်းသွားဖို့ လုံလောက်ပါတယ်။
ခန်းမထဲမှာ ဟန်ယောင်နဲ့ ဟန်ပါရှန်ဟာ ဟန်လင်ကို မျက်နှာချင်းဆိုင်ပြီး ရပ်နေကြပါတယ်။ ခန်းမထဲမှာ သူတို့သုံးယောက်ပဲ ရှိပါတယ်။
ဟန်လင်ဟာ ကျောက်စိမ်းတွေ ချိတ်ဆွဲပြီး အနုစိတ်ခြယ်မှုန်းထားတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။ ဒီကျောက်စိမ်းတွေက ကမ္ဘာငယ်လေးတွေကို ရောင်ပြန်ဟပ်နေပါတယ်။ ဟန်လင်ရဲ့ ခေါင်းထက်က နတ်အလင်းရောင်ဟာ စူးရှတောက်ပပြီး ဟန်လင်ရဲ့ မျက်နှာ အစိတ်အပိုင်း အများစုကို ဖုံးအုပ်ထားတာကြောင့် ပါးစပ်ပဲ မြင်တွေ့နိုင်ပါတယ်။
ဟန်ယောင်က ဒေါသတကြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီး... ကျွန်တော်တို့တွေ ဟန်ယဲ့ကို ထိန်းချုပ်ရမယ်၊ သူ့ကို ဒီအတိုင်း ဆက်လွှတ်ထားရင် ကျွန်တော်တို့ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ ဂုဏ်သတင်းကို ကျဆင်းစေလိမ့်မယ်”
“ဟုတ်တယ်၊ သတ်ချင်ရင်လည်း ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ ရန်သူတွေကို သတ်ပေါ့၊ ကျွန်တော်တို့ ဖန်တီးရှင်ဧကရာဇ်ရုံးတော်က ရန်သူတွေ မရှိတာလည်း မဟုတ်ဘူး၊ ဒါပေမဲ့ သူက အပြစ်မရှိတဲ့လူတွေကိုပါ သတ်ဖြတ်တော့ သူ့ကို မကျေနပ်တဲ့ အင်အားစုတွေ ပိုပိုများလာတယ်” ဟန်ပါရှန်က ထပ်ပေါင်း ပြောကြားလိုက်ပါတယ်။ သူလည်း ဟန်ယဲ့ကို တော်တော်လေး မကျေမနပ် ဖြစ်နေပါတယ်။
မဟာတာအို အနန္တကပ်ဘေး ပြီးသွားတဲ့အခါ ဟန်ယဲ့က ဖန်တီးရှင်ဧကရာဇ် ရုံးတော်ထဲမှာ ရှိနေသေးပေမဲ့ လောကဦးပဋိပက္ခနဲ့ သူ့ဆက်ဆံရေးက ပိုပြီးတော့ နီးစပ်လာပါတယ်။ အဓိက အကြောင်းရင်းကတော့ လောကဦးပဋိပက္ခမှာ ဟန်ကျွယ် ရှိနေတာကြောင့်ပါ။
အဆုံးမဲ့ခေတ်မှာ လောကဦးပဋိပက္ခ သုံးခု ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေက တစ်ခုနဲ့ တစ်ခု အလှမ်းဝေကွားလွန်းတဲ့အတွက် ဆက်ဆံရေး သိပ်မရှိပါဘူး။ ဒီထဲမှာ ဟန်ဟွမ်က နာမည် အကြီးဆုံးပါ။
မဟာတာအို အနန္တကပ်ဘေးမှာ သူ့ စွမ်းဆောင်မှုက ဖန်တီးရှင်ဧကရာဇ်ရုံးတော် ဧကရာဇ်ထက် ပိုများပါတယ်။
ဟန်လင် “သူက သူ့ကပ်ဘေးထဲ ကျသွားပြီ၊ မစိုးရိမ်ပါနဲ့၊ စောင့်သာကြည့်နေ”
ဟန်ယောင်က တအံ့တဩ မေးလိုက်ပါတယ် “အဲဒါ ဘာကပ်ဘေးလဲ”
“သေခြင်းရှင်ခြင်းကပ်ဘေး”
ဟန်ယောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ပါရှန်လည်း အတူတူပါပဲ။
သူတို့တွေဟာ ဟန်ယဲ့ကို သိပ်မကြည်ပေမဲ့ ဟန်မိသားစုဝင် ဖြစ်တဲ့အတွက် ဟန်ယဲ့ သေမှာကို မမြင်ချင်ကြပါဘူး။
“မင်းတို့တွေ ဒီကိစ္စကို ဂရုစိုက်စရာ မလိုဘူး၊ ငါ မင်းတို့ကို ပြောစရာတစ်ခု ရှိတယ်”
ဟန်လင်ဟာ ဟန်ယောင်နဲ့ ဟန်ပါရှန်ရဲ့ ဂနာမငြိမ် ဖြစ်နေတဲ့ ခံစားချက်တွေကို ဂရုမစိုက်ဘဲ ဆက်ပြောပါတယ်။
“ဝူရှင်းရှစ်ကျဲ့က တာအိုဆန်းကြယ်နယ်မြေကို ဖွင့်လှစ်လိုက်တယ်၊ အင်အားစုအသီးသီးက သေမျိုးကမ္ဘာတစ်ခုဆီ ပို့လို့ရတယ်၊ အင်အားစုတိုင်း သေမျိုးကမ္ဘာတစ်ခုပဲ ပို့လို့ရမှာ၊ ဒီသေမျိုးကမ္ဘာရဲ့ ကျင့်ကြံမှုအဆင့်က နတ်မင်းအဆင့်ကို ကျော်လွန်လို့ မရဘူး”
“ဒါရဲ့ ရည်ရွယ်ချက်က အဆုံးမဲ့ခေတ်ကို စုစည်းဖို့ အင်အားစုအသီးအသီးနဲ့ ဆက်ဆံရေး တည်ဆောက်ချင်တာပဲ၊ ဒီကမ္ဘာရွေးချယ်တာက ဟန်ယောင် လုပ်ရမယ်၊ ဟန်ပါရှန်... တာအိုဆန်းကြယ်နယ်မြေဆီ သွားပြီး သတင်းအချက်အလက် ကြိုတင်စုဆောင်းချည်၊ အကြောင်းရှိရင် ဟန်ယောင်ကို ချက်ချင်းဆက်သွယ်”
ဟန်ယောင်နဲ့ ဟန်ပါရှန်ဟာ ဟန်လင်ရဲ့ ညွှန်ကြားချက်ကို လက်ခံပြီး ခန်းမထဲက ထွက်ခွာသွားပါတယ်။
.....
တောက်ပနေတဲ့ နေမင်းကြီးအောက်မှာ ဧရာမစံအိမ်တော်ဟာ မြူခိုးတွေနဲ့ ပြည့်နေပါတယ်။
ဝင်းခြံတစ်ခုထဲမှာ ချူရှောင်ချီဟာ မန္တန်တစ်ခုကို လေ့ကျင့်နေပါတယ်။ ချူရှောင်ချီဟာ အသွင်ပြောင်းလဲတဲ့ ပညာရပ်ကို လေ့ကျင့်နေတာ ဖြစ်ပါတယ်။
ထန်ဝမ်ကတော့ ရွှေရောင်သိမ်းငှက်ကြီး တစ်ကောင်ကို အစာကျွေးနေပါတယ်။ ဒီရွှေရောင်သိမ်းငှက်က ချူရှောင်ညောင် ဖြစ်ပါတယ်။ ချူရှောင်ညောင်ဟာ လွတ်လွတ်လပ်လပ် လျှောက်ပျံသန်းနေခဲ့ပြီး မကြာသေးခင်ကမှ ချူရှောင်ချီတို့ကို ပြန်တွေ့သွားခဲ့ပါတယ်။
ချူရှောင်ညောင်ကို ကြည့်ပြီး ချူရှောင်ချီဟာ တော်တော်လေး ပျော်ရွှင်သွားပါတယ်။ ချူရှောင်ချီဟာ ဒီသိမ်းငှက်ကို မေ့သွားတာ ကြာပါပြီ။ အခုလိုမျိုး ချူရှောင်ညောင်က သူ့ကို လာရှာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ချူရှောင်ချီ မသိတာက ချူရှောင်ညောင်ဟာ သူ့ကို လိုက်ရှာတာ မဟုတ်ပါဘူး။ ဟန်ကျွယ်ကို လိုက်ရှာတာပါ။
ချူရှောင်ညောင်ဟာ အသိဉာဏ် ရှိလာပါပြီ။ တစ်ခါတုန်းက ဟန်ကျွယ်ဟာ ချူရှောင်ညောင်ကို ပညာသင်ကြားပေးခဲ့ဖူးပါတယ်။ တစ်ကြိမ်ပဲဆိုပေမဲ့ အဲဒီသင်ကြားမှုက ချူရှောင်ညောင်အတွက် တော်တော်လေး အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။
ဒီနှစ်တွေမှာ ချူရှောင်ညောင်ဟာ လျှောက်သွားနေခဲ့ပြီး နတ်ဆိုးဘုရင်လုပ်ဖို့က အားနည်းလွန်းနေမှန်း သိသွားတာကြောင့် ချူရှောင်ချီရဲ့ ရောင်ဝါနောက်ကို လိုက်ပြီး ကျင့်ကြံအားထုတ်ခဲ့ပါတယ်။
ဒီအချိန်မှာ တိမ်တွေထဲကနေ လူတစ်ယောက် ပျံထွက်လာပါတယ်။ ဒီလူဟာ ဆံပင်တွေ ဖွာလန်ကြဲနေပြီး အသက် ၅၀ ၆၀ အရွယ် ရှိပါတယ်။ ဒီလူဟာ အနက်ရောင် ဝတ်ကောင်းစားလှတွေကို ဝတ်ဆင်ထားပြီး အားကောင်းတဲ့ ရောင်ဝါ ရှိပါတယ်။ ဒီလူရဲ့ အကြည့်ဟာ ချူရှောင်ချီဆီ ရောက်သွားပါတယ်။
“ကောင်လေး... နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ပြီ၊ မင်းက ဒီနယ်မြေကြမ်းမှာ လာပုန်းနေတာပဲ”
ချူရှောင်ချီနဲ့ ထန်ဝမ်ဟာ အပေါ်မော့ကြည့်ပြီး မျက်နှာအကြီးအကျယ် ပျက်သွားပါတယ် “ဂိုဏ်းချုပ်”
ထန်ဝမ်ရဲ့ မျက်နှာဟာ ချက်ချင်း သွေးဆုတ်သွားပါတယ်။
ချူရှောင်ချီကတော့ သတိအပြည့် ဖြစ်သွားပြီး အော်ပြောလိုက်ပါတယ် “အဘိုးကြီး ချန်ရွှီ... ဒီနေရာမှာ ဘဝင်လာမမြင့်နဲ့၊ ငါ့ဘိုးဘိုး ဒီမှာရှိတယ်၊ မင်း ငါ့ကို တိုက်ရဲရင် ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”
ချန်ရွှီဟာ ဟန်ကျွယ်ရဲ့ ရောင်ဝါကို အာရုံမခံမိတာကြောင့် ချူရှောင်ချီက လေလုံးထွားနေတာလို့ တွေးပြီး အထင်အမြင်သေးစွာ ပြုံးလိုက်ပါတယ် “မင်းရဲ့ဘိုးဘိုးက ဒီနေရာမှာ လေ့လွင့်နေတဲ့ သရဲလား”
“ဟွန်း... ငါ့ဘိုးဘိုးက အင်မော်တယ်၊ မင်းရဲ့ တရားမဝင်သားက မကောင်းမှုမျိုးစုံလုပ်ပြီး ဂိုဏ်းတပည့်တွေ အများကြီးကို ဒုက္ခပေးခဲ့တယ်၊ မင်းကဂိုဏ်းချုပ်အနေနဲ့ မတားတဲ့အပြင် အားပေးကူညီတော့ မင်းပါ သေသင့်တယ်၊ ဒီနေ့ ငါ အင်မော်တယ်ကို တရားမျှတမှု ရှာခိုင်းမယ်”
“စောက်ပိုတွေ”
ချန်ရွှီဟာ ရုတ်ခြည်း ဒေါသအိုး ပေါက်ကွဲသွားပါတယ်။ သူ့မှာ တရားမဝင်သား အများကြီး ရှိပေမဲ့ ချူရှောင်ချီ သတ်လိုက်တဲ့ တစ်ယောက်က အရည်အချင်း အရှိဆုံးပါ။ ချန်ရွှီဟာ ဒီတရားမဝင်သားကို ဂိုဏ်းကြီးတစ်ဂိုဏ်းဆီ ပို့ပြီး အဆင့်ထိုးဖောက်နိုင်တဲ့ ဆေးလုံးတွေနဲ့ လဲလှယ်ဖို့ စိတ်ကူးထားခဲ့တာပါ။
ဒါပေမဲ့ ကံဆိုးချင်တော့ သူ့အစီအစဉ်တွေ အကုန်လုံးကို ချူရှောင်ချီက ဖျက်ဆီးပစ်လိုက်ပါတယ်။
ချန်ရွှီဟာ ညာလက်ကို ဝှေ့ယမ်းလိုက်ပါတယ်။ ဒီအခါ ချူရှောင်ချီရှေ့ကို လူတစ်ယောက် ကျလာပါတယ်။ ဒီလူက ရုပ်ချောတဲ့ ယောက်ျားတစ်ယောက် အလောင်းပါ။
ချူရှောင်ချီဟာ မျက်ခုံးလှုပ်သွားပြီး တစ်ခုခု မှားနေပြီဆိုတာကို သိလိုက်ပါတယ် ‘ဒီခွေးကောင်က ငါ့ကိုသတ်ဖို့တင် မဟုတ်ဘူးဘဲ’
“ဒီနေ့ မင်း ငါ့သားအတွက် သေရမယ်၊ မင်းသေသွားရင် ငါ့သား ပြန်ရှင်လာလိမ့်မယ်” ချန်ရွှီဟာ အေးစက်စွာပြောပြီး ပေတံဖြူတစ်ချောင်းကို ထုတ်ယူကာ အောက်ရိုက်ချလိုက်ပါတယ်။
ရုတ်ခြည်းဆိုသလို ကြောက်မက်ဖွယ် ဖိအားတစ်ခု ဆင်းသက်လာတာကြောင့် ချူရှောင်ချီနဲ့ ထန်ဝမ်ဟာ သွေးအန်ပြီး မြေကြီးပေါ် ဒူးထောက်ကျသွားပါတယ်။ ဝင်းခြံလည်း ပြိုကျပြီး မြူခိုးတွေဟာ အရပ်လေးမျက်နှာကို ပျံ့နှံ့သွားပါတယ်။
ချန်ရွှီဟာ မန္တန်သုံးဖို့ ပြင်လိုက်ပေမဲ့ လူတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရတာကြောင့် မျက်ခုံးလှုပ်သွားပါတယ်။
မြူခိုးတွေ လွင့်ပါး ပျောက်ကွယ်သွားတဲ့အခါ ချန်ရွှီဟာ အနားက တာအိုဘုံကျောင်း ခေါင်မိုးမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ သူ ဒီလူကို လုံးဝ အာရုံမခံမိပါဘူး။ တစ်ဖက်လူကို မြင်ရပေမဲ့ သူ့နတ်အာရုံက တစ်ဖက်လူကို လုံးဝ ဖမ်းမမိပါဘူး။ ဒီလူက တကယ်မရှိဘဲ သူပဲ ထင်ယောင်ထင်မှား ဖြစ်နေသလိုမျိုးပါပဲ။
‘တကယ်ပဲ အင်မော်တယ် ရှိနေတာလား’ ချန်ရွှီဟာ သူတွေးလိုက်တဲ့ အတွေးကိုတောင် သူမယုံနိုင်ပါဘူး။
ချန်ရွှီ စကားပြောဖို့ ပြင်လိုက်စဉ်မှာပဲ ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး ချန်ရွှီကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပါတယ်။
ချန်ရွှီဟာ ဟန်ကျွယ်ရဲ့ မျက်လုံးတွေကို သေချာ မမြင်နိုင်ခင်မှာပဲ ခန္ဓာကိုယ်တစ်ခုလုံး ကျောက်သားဖြစ်ကာ ဝင်းခြံထဲ ပြုတ်ကျပြီး တစ်စစီ ကွဲကြေသွားပါတယ်။
ချူရှောင်ချီ ကြက်သေသေသွားသလို ထန်ဝမ်လည်း သူ့မျက်လုံးကို သူမယုံနိုင်အောင် ဖြစ်သွားပါတယ် ‘ဘာဖြစ်သွားတာလဲ...’
ချူရှောင်ညောင်ဟာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ရဲ့ အသံ ထွက်ပေါ်လာပါတယ် “မင်း ဘယ်တော့မှ ကိုယ့်ပြဿနာ ကိုယ်ရှင်းနိုင်မှာလဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။