ဟန်ထော်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်
Vol. 109 Ch. 1136
ချူရှောင်ချီဟာ မျက်လုံးကြီးပြူးပြီး ချောက်ကမ်းပါးပေါ် ထိုင်နေပါတယ်။ ချူရှောင်ချီဟာ အတော်ကြာတဲ့အထိ သတိပြန်ဝင်မလာပါဘူး။
‘ငါ ဘုံပျံတက်တာ တကယ်ကြီး ရပ်သွားတာလား’
ချူရှောင်ချီဟာ ထန်ဝမ်နဲ့တွေ့ဖို့ စိတ်ကူးတွေ ယဉ်နေခဲ့တာပါ။ သူ့ဘိုးဘိုးက သူ့ကို အခုလိုမျိုး အတင်းဆွဲထားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ချူရှောင်ချီဟာ ဒီဟာက လုံးဝ အဓိပ္ပာယ်မရှိဘူးလို့ ခံစားလိုက်ရပါတယ်။ သူ့ဘိုးဘိုးကလည်း အင်မော်တယ်ဖြစ်တဲ့အတွက် သေချာပေါက် အင်မော်တယ်ကမ္ဘာဆီ သွားနိုင်မှာပါ။
‘ဘိုးဘိုးက ဘာဖြစ်လို့ ငါ့ကို ပြန်ဆွဲခေါ်ရတာလဲ’
ဒါဟာ ချူရှောင်ချီ ပထမဆုံးအကြိမ် ဟန်ကျွယ်ကို မကျေမနပ် ဖြစ်တာပါ။ ချူရှောင်ချီဟာ သူ့ဘိုးဘိုး ဘာလိုချင်လဲဆိုတာ နားမလည်ပါဘူး။ ဒါပေမဲ့ ဒေါသထွက်နေတဲ့အတွက် ချူရှောင်ချီဟာ ဟန်ကျွယ်ကို သွားမရှာပါဘူး။
ဟန်ကျွယ်ကလည်း ချူရှောင်ချီ ဘာတွေ တွေးနေလဲဆိုတာကို သိပါတယ်။ ဒါပေမဲ့ မရှင်းပြပါဘူး။ ချူရှောင်ချီ သူ့ဆီလာတာ စောင့်ပါတယ်။
လေးငါးဆယ်ရက် ကြာတဲ့အခါမှာတော့ ချူရှောင်ချီဟာ ဟန်ကျွယ်ဆီ ရောက်လာပါတယ်။
ချူရှောင်ချီဟာ ဟန်ကျွယ်ရှေ့မှာ ဟွန်းခနဲ ထိုင်လိုက်ပြီး လက်ပိုက်ကာ မပျော်မရွှင် ဖြစ်နေပါတယ်။
ဟန်ကျွယ်ဟာ သူ့ကို ဂရုမစိုက်ပါဘူး။
ချူရှောင်ချီလည်း မနေသာတော့ဘဲ “ဘိုးဘိုး...”
ဟန်ကျွယ်က မျက်လုံးတောင် ဖွင့်မကြည့်တဲ့အတွက် ချူရှောင်ချီဟာ သွေးအန်လုနီး ဖြစ်သွားပါတယ်။ နောက်ဆုံး ချူရှောင်ချီဟာ မြေကြီးပေါ်လှဲပြီး ငိုယိုပါတော့တယ်။
ဟန်ထော်သာ ဒါကို မြင်ရင် သွေးအန် သေလောက်ပါတယ်။
ဟန်ကျွယ် “မင်း သူ့ကို တကယ် တွေ့ချင်တာလား”
ချူရှောင်ချီဟာ မော့ကြည့်လိုက်ပါတယ် “ကျွန်တော် သွားမတွေ့ရင် တခြားလူတွေနောက် ပါသွားလိမ့်မယ်၊ ကျွန်တော် သူ့ကို ပြန်ကယ်ဖို့ ယုံကြည်ချက်ရှိပေမဲ့ သူ တခြားယောက်ျားတွေနဲ့ အတူနေတာကို လက်မခံနိုင်ဘူး”
ဟန်ကျွယ်ဟာ မပြုံးဘဲ မနေနိုင်ပါဘူး “မစိုးရိမ်ပါနဲ့၊ ဝမ်အာက နောက်လူတစ်ယောက် မရှာပါဘူး”
“ဘာဖြစ်လို့လဲ”
“မင်းမှာ ဒီလောက်တောင် ယုံကြည်ချက်မရှိဘူးလား၊ ဝမ်အာကို မယုံတာလား”
“ဒါပေမဲ့...”
“ရှောင်ချီ... ဒီလောကမှာ နောင်တကို ကုသနိုင်တဲ့ ဆေးမရှိဘူး၊ ဆုံးရှုံးသွားတာနဲ့ အကျိုးဆက်ကို တောင့်ခံနိုင်ရမယ်၊ ကြိုးစားကျင့်ကြံ... အခုနေ မင်း အင်မော်တယ်ကမ္ဘာကို သွားရင်လည်း အောက်ဆုံးပဲ ဖြစ်နေမှာ၊ စိတ်ပြောင်းသွားတဲ့ ဝမ်အာကို မင်း ဘယ်လိုလုပ်ပြီး ဆွဲဆောင်နိုင်မှာလဲ”
“ကျွန်တော်...”
“မင်း သူကို မဆွဲဆောင်နိုင်မှတော့ သူ့ကို ယုံကြည်လိုက်တာ မကောင်းဘူးလား၊ ဝမ်အာက စိတ်ပြောင်းသွားမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်၊ မင်းလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးလာအောင် လုပ်ဖို့ပဲ၊ မင်း အရာအားလုံးကို ပြောင်းလဲနိုင်တဲ့အထိ စွမ်းအားကြီးလာဖို့ လိုတယ်”
ချူရှောင်ချီဟာ အတွေးနက်သွားပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ့ဘဝမှာ မိန်းမတွေအတွက် ဘယ်တုန်းကမှ မစွန့်စားခဲ့ဖူးဘူး၊ ကျင့်ကြံခြင်းလမ်းစဉ်က ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ရမှာ၊ မင်းမှာ လုံလောက်တဲ့ စွမ်းအားရှိမှ မင်းဂရုစိုက်တဲ့ အရာအားလုံးကို ကာကွယ်ပေးနိုင်လိမ့်မယ်”
ချူရှောင်ချီဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ် “ကျွန်တော် နားလည်ပါပြီ... ဘိုးဘိုး ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် အမြင်ကျဉ်းသွားတယ်၊ ဒါဆို ကျွန်တော် ဘယ်တော့မှ ဘုံပျံတက်သင့်တယ်လို့ ဘိုးဘိုးထင်လဲ”
“နည်းနည်း ထပ်စောင့်ရအောင်၊ မကြာခင်လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ဒီထက်လည်း ကြာနိုင်တယ်”
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပါတယ်။ ချူရှောင်ချီဟာ တစ်ခဏ တွေးတောပြီးနောက် မတ်တတ်ရပ်ကာ ကျင့်ကြံအားထုတ်ဖို့ ထွက်ခွာသွားပါတယ်။
ချူရှောင်ချီဟာ ပိုပြီးတော့ ဇွဲရှိလာပါတယ်။ ကျင့်ကြံမှု တိုးတက်ဖို့အတွက် နေ့တိုင်း တရားထိုင်လာပါတယ်။ ချူရှောင်ချီရဲ့ ဘဝက အရှည်ကြီးလို့ ထင်ရပါတယ်။ ဒါပေမဲ့ အဆုံးမဲ့ခေတ်မှာတော့ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားပါတယ်။
ဗလာနယ်မြေ။
ကောင်းကင်ရုံးတော်ဟာ ကမ္ဘာဒါဇင်ကျော်ရဲ့ အထက်မှာ တည်ရှိနေပါတယ်။ ကောင်းကင်ရုံးတော်ဟာ နတ်အလင်းရောင်တွေ ဖြာထွက်ပြီး လောကအကုန်လုံးကို လင်းထိန် တောက်ပစေပါတယ်။
ကောင်းကင်ရုံးတော်၊ ဧကရာဇ်ဥယျာဉ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ဟန်ထော်ဟာ အရက်သောက်ရင်း စကားပြောနေကြပါတယ်။
“အရှင်မင်းကြီးက ပိုပိုပြီးတော့ အားလာတယ်” ဟန်ထော်ဟာ ပြုံးလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်လည်း ပြုံးလိုက်ပါတယ် “မင်းရောပဲ၊ အရင်တုန်းက မင်း ငါ့ဆီကို လာလည်ခဲတယ်”
ဟန်ထော်ဟာ ခေါင်းခါလိုက်ပါတယ် “အဲဒီတုန်းက ကျွန်တော်ရဲ့ စွဲလမ်းမှုက နက်ရှိုင်းလွန်းတော့ တော်တော်များများကို လျစ်လျူရှုမိခဲ့တယ်၊ အခု ကျွန်တော်မှာ ဝန်ထုပ်ဝန်ပိုး မရှိတော့ဘူးဆိုတော့ အစွမ်းအထက်ဆုံးဖြစ်ဖို့က အဲဒီလောက် အရေးမကြီးဘူးလို့ ခံစားလာရတယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စသလိုလို နောက်သလိုလို ပြုံးလိုက်ပါတယ်။
“အဲဒီလည်း ဟုတ်တာပဲ၊ ဘာပဲဖြစ်ဖြစ် မင်းအဖေကို မီအောင် လိုက်နိုင်မှာမှ မဟုတ်တာ”
ဟန်ထော်ဟာ မျက်လုံးပင့်တက်သွားပါတယ် ‘အဖေကို ဘယ်သူ လိုက်မီမှာလဲ’
မိစ္ဆာ ကောင်းကင်ဧကရာဇ် “ဒါနဲ့ မင်းလာတာ အတော်ပဲ၊ မင်း ချန်ကျွယ်ကို သိလား”
“သိတယ်လေ၊ သူလည်း ဟန်မိသားစုရဲ့ မျိုးဆက်ပဲ၊ သူက လတ်တလောမှာ အလားအလာအရှိဆုံးပဲ”
“ငါ သူ့ကို စည်းရုံးသိမ်းသွင်းချင်တယ်၊ မင်း ငါ့အတွက် ပြောပေးလို့ရမလား”
“ဒီကလေးက အဓိက အင်အားစုကြီးတွေထဲ မဝင်ချင်ဘူး၊ လင်အာပဲ သူ့ကို ကာကွယ်ပေးနေတာ၊ အရှင်မင်းကြီး သူ့ကို ပေါ်တင် ဖိတ်ခေါ်ကြည့်ပါလား”
“ငါ သူ့ကို ဖိတ်ခေါ်ပြီးပြီ၊ ဒီကောင်လေးက အင်မော်တယ်တွေကို အထင်မကြီးဘူး”
ပြောရရင် မိစ္ဆာ ကောင်းကင်ဧကရာဇ်လည်း ဒီကိစ္စကို ဘာမှ မတတ်နိုင်ပါဘူး။ ချန်ကျွယ်က အဲဒီတည်ရှိမှုလိုပါပဲ။ ဒါပေမဲ့ သူက အဲဒီတည်ရှိမှုနဲ့ ရုပ်ရည်၊ စရိုက်လောက်ပဲ တူတာပါ။
ဟန်ထော်ဟာ ပခုံးတွန့်လိုက်ပါတယ် “အဲဒါဆို ကျွန်တော်လည်း မတတ်နိုင်ဘူး၊ ဘိုးဘေးတစ်ပါးအနေနဲ့ မျိုးဆက်တွေကို အတင်းဖိအားပေးလို့ မကောင်းဘူးမလား”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းတစ်ချက်ချပြီး ချက်ချင်းကို အထီးကျန်ဆန်သွားပါတယ်။
ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ် သရုပ်ဆောင်တာကို စိတ်ထဲ မထည့်ပါဘူး။
ဟန်ထော်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စကားလမ်းကြောင်း ပြောင်းပြီး စကား ဆက်ပြောကြပါတယ်။
“မင်း သေမျိုးကမ္ဘာဆီ ဆင်းသက်တာ ဘာကိစ္စရှိလို့လဲ” မိစ္ဆာ ကောင်းကင်ဧကရာဇ်က ရုတ်တရက် မေးလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မဟာတာအိုပညာရှိချုပ်ပါ။ သူဟာ ဟန်ကျွယ်ရဲ့ တည်ရှိမှုကို အာရုံမခံနိုင်ပေမဲ့ ဟန်ထော်ရဲ့ လှုပ်ရှားမှုကိုတော့ ဖမ်းယူနိုင်ပါတယ်။ ဒါပေမဲ့ ဟန်ထော် ဘာသွားလုပ်လဲဆိုတာကို မတွက်ချက်နိုင်ပါဘူး။
ဟန်ထော်က အကြောင်းအရင်း မရှိဘဲနဲ့ သေမျိုးကမ္ဘာကို ဆင်းသက်မှာ မဟုတ်ပါဘူး။
ဟန်ထော်ဟာ ပြုံးလိုက်ပါတယ် “အရှင်မင်းကြီး... ဒီကိစ္စကို ကျွန်တော် ဖြေလို့ မရဘူး၊ ဒီကိစ္စက တော်တော်လေး အရေးကြီးတယ်၊ အရှင်မင်းကြီး... ဒီအဆုံးမဲ့ခေတ်က ငြိမ်းချမ်းတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ရေအောက်စီးကြောင်းတွေ ရှိနေသေးတယ်၊ ကောင်းကင်ရုံးတော်က ကြားနေအင်အားစုဆိုတော့ မတော်တဆ ဘက်ရွေး မမှားမိပါစေနဲ့”
ကောင်းကင်ရုံးတော်ရဲ့ အုတ်မြစ်က အားနည်းနေပါသေးတယ်။ ဟန်ထော်ရဲ့ အမြင်မှာ ကောင်းကင်ရုံးတော်ရဲ့ အင်အားက စမ်းသပ်မှုကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။
တကယ်တော့ ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ခြောက်လိုက်တာပါ။ သူ့အဖေ ချူရှောင်ချီကို ပျိုးထောင်နေတာက တခြားလူတွေနဲ့ မတူပါဘူး။ အဲဒါကြောင့် ဟန်ထော်ဟာ သူ့အဖေကို အနှောင့်အယှက် မဖြစ်စေချင်ပါဘူး။
ဟန်ထော်ဟာ ဟန်ကျွယ်ကို ထိုးဖောက်မမြင်နိုင်ပေမဲ့ ချူရှောင်ချီကို ပျိုးထောင်တာက ဒီထက်နက်ရှိုင်းတဲ့ အဓိပ္ပာယ်တစ်ခုခု ရှိနေလိမ့်မယ်လို့တော့ ခန့်မှန်းမိပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အတွေးနက်သွားပါတယ်။
လေးငါးဆယ်နာရီ အကြာမှာတော့ ဟန်ထော် ထွက်ခွာသွားပါတယ်။ ဟန်ထော် ထွက်သွားတာနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော် သွားခဲ့တဲ့ သေမျိုးကမ္ဘာကို ကြည့်လိုက်ပါတယ်။
တာအိုဆန်းကြယ်နယ်မြေ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာဟာ လေးနက် တည်ကြည်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အရက်ခွက်ကို ညာလက်နဲ့ လှည့်ရင်း တစ်စုံတစ်ခုကို တွေးလိုက်ပါတယ်။
အချိန်တွေ ပြောင်းလဲသလို လူတွေကလည်း ပြောင်းလဲသွားပါတယ်။ တာအိုဖန်တီးရှင်စွမ်းအားက ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုတာ မဟာတာအို အနန္တကပ်ဘေးမှာ လူတွေ သိလိုက်ရပါတယ်။ အဲဒါကြောင့်ပဲ မဟာတာအို အနန္တကပ်ဘေးမှာ ရှင်သန်ကျန်ရစ်ခဲ့တဲ့ တည်ရှိမှုတွေဟာ တာအိုဖန်တီးရှင် ဖြစ်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာကြပါတယ်။
တာအိုဖန်တီးရှင် ဖြစ်လာမှပဲ တကယ်ကို မသေနိုင်ဘဲ ထာဝရတည်ရှိနိုင်မှာပါ။ အဲဒီတော့မှ ပုံရိပ်ယောင်နဲ့ လက်တွေ့ကို သတ်မှတ်နိုင်မှာပါ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်လည်း တာအိုဖန်တီးရှင် ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ ကောင်းကင်ရုံးတော် တစ်ခုတည်းနဲ့ မရပါဘူး။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
သေမျိုးကမ္ဘာမှာ နှစ်တစ်ထောင် ကြာသွားပါတယ်။ မင်းဆက်တွေ ပြောင်းလဲသွားပေမဲ့ တောတောင်တွေထဲမှာ နေထိုင်တဲ့ ကျင့်ကြံသူတွေကတော့ အပြင်က ပြောင်းလဲမှုတွေကို မသိပါဘူး။ ဒီထဲမှာ ချူရှောင်ချီလည်း ပါပါတယ်။
နှစ်တစ်ထောင်ကြာပြီးနောက် ချူရှောင်ချီရဲ့ ကျင့်ကြံမှုဟာ မဟာညီညွတ်မှု ကောင်းကင် အင်မော်တယ်အဆင့်ကို ရောက်ရှိလာပါတယ်။ ဒီအလျင်က ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ တော်တော်နှေးပါတယ်။
ဒါပေမဲ့ သာမန်အင်မော်တယ်ကမ္ဘာတစ်ခုမှာတော့ ဒီကျင့်ကြံမှုအလျင်က မြန်တယ်လို့ ပြောလို့ရပါတယ်။ ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ချူရှောင်ချီကို ဆင့်ခေါ်လိုက်ပါတယ်။
ချူရှောင်ချီဟာ ဟန်ကျွယ်ရှေ့မှာ တင်ပျဉ်ခွေ ထိုင်ပါတယ်။ ချူရှောင်ချီဟာ အရင်လိုမျိုး ကလေးကွက်တွေ မသုံးတော့ပါဘူး။
“ဘာကိစ္စရှိလို့လဲ ဘိုးဘိုး”
ချူရှောင်ချီဟာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချူရှောင်ချီရဲ့ ရင့်ကျက်ချောမောတဲ့ မျက်နှာကို ကြည့်ပြီး အောင်မြင်မှု အရသာကို ခံစားလိုက်ရပါတယ်။ ချူရှောင်ချီကို သူကိုယ်တိုင် ပျိုးထောင်ခဲ့တာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်း ဘုံပျံတက်လို့ ရပြီ”
ချူရှောင်ချီဟာ မျက်လုံးပြူးသွားပြီး အသက်ရှူ မြန်သွားပါတယ် “ဘိုးဘိုး ကျွန်တော်နဲ့ လိုက်မှာလား”
“မလိုက်ဘူး၊ မင်းဘာသာသွား... အခုအချိန်ကစပြီး မင်းလမ်း မင်းလျှောက်သင့်ပြီ” ဟန်ကျွယ်ဟာ ခေါင်းအသာခါလိုက်ပါတယ်။
ချူရှောင်ချီဟာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြောလိုက်ပါတယ် “အဲဒါဆို ကျွန်တော်လည်း မသွားတော့ဘူး၊ ကျွန်တော် ဘိုးဘိုးဘေးမှာပဲ နေမယ်”
“ဘာဖြစ်လို့လဲ... မင်း မင်းရဲ့ဝမ်အာကို သတိမရတော့ဘူးလား”
“လူတိုင်းမှာ ဘဝကိုယ်စီ ရှိတာပဲ၊ သူ ကျွန်တော့်ကို ဂရုစိုက်သေးတယ်ဆိုရင် ကျွန်တော်ဆီ မကြာခင် ရောက်လာလိမ့်မယ်၊ ကျွန်တော် သူ့ကို ဘာအကြွေးမှ တင်မထားဘူး၊ ဒါပေမဲ့ ကျွန်တော် ဘိုးဘိုးအပေါ်ကို အရာအားလုံးအတွက် အကြွေးတင်နေတယ်” ချူရှောင်ချီဟာ လေးလေးနက်နက် ပြောလိုက်ပါတယ်။ ဟန်ကျွယ်ကိုလည်း ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
ချူရှောင်ချီဟာ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် သူ ချောက်ကမ်းပါးအောက်မှာ သေသွားခဲ့ပြီဆိုတာကို သိပါတယ်။ ထန်ဝမ်နဲ့လည်း တွေ့ဆုံမှာ မဟုတ်သလို ကျင့်ကြံခြင်းလမ်းပေါ်ကိုလည်း ရောက်လာမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်နဲ့ နှစ်အကြာကြီး နေထိုင်ခဲ့ပေမဲ့ ချူရှောင်ချီဟာ ဟန်ကျွယ်ကို တစ်ခါမှ ကျေးဇူးမဆပ်ခဲ့ရပါဘူး။ ချူရှောင်ချီဟာ ဟန်ကျွယ်က ဒီတောင်ကြားမှာ တစ်ဦးတည်းနေပြီး အထီးကျန်မှုကို ခံစားနေချိန်မှာ သူက ဘုံပျံတက်ပြီး မရေရာ မသေချာတဲ့ အချစ်ကို ရှာဖွေမယ်လို့ တွေးမိတဲ့အခါ တော်တော်လေး မသက်မသာ ဖြစ်သွားပါတယ်။
သူတို့နှစ်ယောက် တွေ့ဆုံချိန်ကစလို့ အခုအချိန်အထိ အတိတ်က မှတ်ဉာဏ်တွေ အကုန်လုံး ချူရှောင်ချီ မြင်ကွင်းထဲမှာ ပေါ်လာပါတယ်။ အစကနေ အဆုံးအထိ သူ့ကို အဖော်ပြုပေးခဲ့တဲ့လူက သူ့ရဲ့ဘိုးဘိုးပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။