မိသားစုမှ တာအိုသို့
Vol. 109 Ch. 1138
“ဒီကောင်လေး မဆိုးဘူး”
“ဟမ်... ဟန်မိသားစုမှာ တကယ်ကြီး ဒီလိုမျိုး လူယုတ်မာ ရှိနေတာလား၊ မင်းကတော့ သေချင်နေပြီ”
“ဟင်း... ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်လဲ၊ တစ်ဘဝလုံး အထီးကျန်နေတဲ့ ကောင်လေးပဲ၊ မပူပါနဲ့၊ ငါ မင်းကို လာကယ်ပြီ”
“ဒီကောင်လေးလည်း မဆိုးဘူး၊ ဘယ်အချိန်မှာ သည်းခံရမလဲဆိုတာ သိတယ်”
ဟန်ယွင်ကျင်း တစ်ယောက်တည်း ရေရွတ်နေတာကို ကြည့်ပြီး ဟန်ကျွယ်ဟာ ပြုံးမိလိုက်ပါတယ်။
အတော်ကြာတဲ့အထိ ဟန်ယွင်ကျင်းဟာ မှန်ကြည့်တာကို မရပ်ပါဘူး။ ကြည့်ရတာ မျိုးဆက်သစ်တွေကို လိုက်ကြည့်တာက တော်တော်နဲ့ ပြီးမဲ့ပုံ မပေါ်ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ချောင်းအသာ ဟန့်လိုက်ပါတယ်။
“အဟွတ်.. အဟွတ်...”
ဟန်ယွင်ကျင်းဟာ လန့်ဖျပ်သွားပြီး နောက်လှည်ကြည့်လိုက်တဲ့အခါ သူ့အဖေ ဖြစ်နေတာကို တွေ့လိုက်ရတဲ့အတွက် မှင်တက်မိကာ ချက်ချင်း ဒူးထောက် ဦးချပါတယ်။
“အဖေကို ဂါရဝပြုပါတယ်”
ဟန်ယွင်ကျင်းဟာ တော်တော်လေးကိုမှ ရင်ထိတ်နေသလို နောင်တလည်း ရနေပါတယ်။ သူ့အဖေက သူ့ရဲ့ မကောင်းတဲ့ အခြေအနေကို မြင်သွားပြီ ဆိုပြီးတော့ပေါ့။ သူ့အဖေက သူ့ဆီကို လာခဲပါတယ်။ သူ့အဖေ လာတဲ့အချိန်က သူ မျိုးဆက်သစ်တွေကို လျှောက်ကြည့်တဲ့အချိန်နဲ့ တိုးသွားလိမ့်မယ်လို့ ဟန်ယွင်ကျင်း ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါဘူး။
ဟန်ယွင်ကျင်းဟာ ရှက်လွန်းတာကြောင့် တွင်းတူးပြီး ဝင်ပုန်းချင်သွားပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယွင်ကျင်းကို မစပါဘူး။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက သူနဲ့ ချူရှောင်ချီလောက် ရင်းနှီးတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ဟန်ယွင်ကျင်းရဲ့ လတ်တလော အခြေအနေတွေကို မေးမြန်းပါတယ်။
ဟန်ယွင်ကျင်းဟာ ပိုပိုပြီးတော့ စိတ်လှုပ်ရှားသွားပါတယ် ‘အဖေက ငါ့ဆီကို လာလည်တာလား’
ဟန်ယွင်ကျင်းဟာ သူ့အဖေက အစွမ်းအထက်ဆုံးပုဂ္ဂိုလ်မှန်း သိတာကြောင့် သူ့ဆီ အကြောင်းမရှိဘဲ လာမလည်ဘူးဆိုတာကိုလည်း သိပါတယ်။
လေးငါးဆယ်နာရီ စကားပြောပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုစတင်ဟောကြားပါတယ်။
ဖန်တီးရှင်သခင်ရဲ့ တာအိုအသံက မဟာတာအိုပညာရှိဖြစ်တဲ့ ဟန်ယွင်ကျင်းကို တာအိုသိမြင်နားလည်တဲ့ အခြေအနေထဲရောက်အောင် တစ်ခါတည်း ဆွဲခေါ်သွားပါတယ်။
အချိန်တစ်ခု ကြာတဲ့အခါမှာတော့ ဟန်ယွင်ကျင်း မျက်လုံးပွင့်လာပါတယ်။ ဒီအခါမှာတော့ လောကကြီးတစ်ခုလုံး ပြောင်းလဲသွားတယ်လို့ ဟန်ယွင်ကျင်း ခံစားလိုက်ရပါတယ်။
ဟန်ယွင်ကျင်းဟာ သူ့အဖေထွက်သွားပြီလို့ ထင်လိုက်ပေမဲ့ သူ့အဖေက တစ်နေရာမှာ သူ့မှန်နဲ့ ကစားနေတာကို တွေ့လိုက်ရပါတယ်။
ဟန်ယွင်ကျင်းဟာ ဟန်ကျွယ်ဆီ ခပ်သုတ်သုတ် လျှောက်သွားပြီး ဦးညွှတ်လိုက်ပါတယ်။ အဲဒီနောက် ခေါင်းကုတ်ပြီး ပြောလိုက်ပါတယ် “ဒါက ကျွန်တော် ဟန်မိသားစုရဲ့ သွေးစည်းကို အုတ်မြစ်လုပ်ပြီး ဖန်တီးထားတဲ့ ဓမ္မရတနာပါ၊ ဘာမှ အသုံးမဝင်ဘူး၊ ဟန်မိသားစုရဲ့ မျိုးဆက်တွေကို ကြည့်လို့ ရရုံပဲ၊ တောင်းပန်ပါတယ် အဖေ”
ဟန်ကျွယ်ရဲ့ အစွမ်းအစနဲ့ ဒီလိုဓမ္မရတနာမျိုး လုံးဝ မလိုအပ်ပါဘူး။ အနန္တကမ္ဘာမှာ ပြန့်ကြဲနေတဲ့ မျိုးဆက်တွေကို တစ်ချက်ကြည့်ရုံနဲ့ အကုန်မြင်နိုင်ပါတယ်။
ဟန်ယွင်ကျင်းက ဟန်ကျွယ်ရှေ့မှာ ဂနာမငြိမ်ဖြစ်ပြီး အရာရာကို ဝန်လေးနေပေမဲ့ ကောင်းကင်တာအိုထဲမှာတော့ သူက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ တစ်ပါးပါ။ မျိုးဆက်ဟောင်း တာအိုပညာရှိတွေနဲ့ ရင်ပေါင်တန်းရပ်နိုင်တဲ့ တာအိုပညာရှိတစ်ပါးပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မဆိုးဘူး၊ ပြောရရင် ဟန်မိသားစု စည်ကားလာတာက မင်းကို ကျေးဇူးတင်ရမယ်၊ မင်းက ကျန်တဲ့ ညီအစ်ကို မောင်နှမတွေလို အရည်အချင်းမရှိပေမဲ့ မင်းကြိုးစားအားထုတ်မှုကို ငါ မြင်ပါတယ်၊ ဝမ်းလည်း ဝမ်းသာမိတယ်၊ မင်းက ငါ့ကလေးတွေထဲမှာ ငါအကျေနပ်ဆုံးနဲ့ အမျှော်လင့်ဆုံး တစ်ယောက်ပဲ”
ဟန်ကျွယ်ရဲ့ စကားတွေကြောင့် ဟန်ယွင်ကျင်းဟာ တော်တော်လေးကိုမှ စိတ်လှုပ်ရှားသွားပြီး မျက်ရည်တောင် ကျလာပါတယ်။ ဟန်ယွင်ကျင်းဟာ သရုပ်ဆောင်နေတာ မဟုတ်ပါဘူး။ တကယ် စိတ်လှုပ်ရှားနေတာပါ။
သူ ငယ်ငယ်လေးကတည်းက သူ့အဖေဟာ ဒီလိုမျိုး တစ်ခါမှ မချီးကျူးဖူးခဲ့ပါဘူး။ ဒီလိုချီးကျူးခံရဖို့ကိုလည်း ဟန်ယွင်ကျင်းဟာ အမြဲတမ်း မျှော်လင့်စောင့်စားနေခဲ့တာပါ။
အခုအချိန်မှာ ဟန်ယွင်ကျင်းဟာ ဘာမှ မလိုပါဘူး။ အခုအချိန်မှာ သူ အလိုအပ်ဆုံးက သူ့အဖေရဲ့ အသိအမှတ်ပြုမှုမှာပါ။ အစွမ်းအထက်ဆုံးရဲ့ အသိအမှတ်ပြုမှုဆိုရင်လည်း မမှားပါဘူး။
ဟန်ယွင်ကျင်းဟာ စိတ်ခံစားချက်ကို အတတ်နိုင်ဆုံး ကြိုးစားပြီး ထိန်းချုပ်ပါတယ်။ သူ့ရဲ့ နှစ်သန်းရာချီ ကြိုးစားအားထုတ်မှုတွေက အလကား မဖြစ်ဘူးလို့လည်း ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယွင်ကျင်းကို ပဋိပက္ခ အကောင်းစား ရတနာတစ်ပါး လက်ဆောင်ပေးပြီး ထွက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဟန်ယွင်ကျင်းကို ဘာလုပ်ဖို့မှ မညွှန်ကြားခဲ့ပါဘူး။ ဟန်ယွင်ကျင်းရဲ့ စွမ်းဆောင်မှုက တော်တော်လေးကို ပြည့်ဝနေပါပြီ။ ထပ်ပြီး သင်ကြားပေးဖို့ မလိုပါဘူး။
ဟန်ကျွယ် ထွက်သွားတဲ့အခါ ဟန်ယွင်ကျင်းရဲ့ တာအိုဘုံကျောင်းဟာ ပြန်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။ ဟန်ယွင်ကျင်းဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ယွင်ကျင်းရဲ့ မျက်လုံးတွေဟာ ပြတ်သားလာပါတယ်။
ဟန်ယွင်ကျင်းဟာ သူ့အဖေ ဘာကိုဆိုလိုလဲဆိုတာ နားလည်ပါတယ်။ သူ့အဖေက သူ့ကို ဟန်မိသားစု ဖွံ့ဖြိုးတိုးတက်အောင် ဆက်ပြီးတော့ ကြိုးစားစေချင်တာပါ။ သူ့ကို ချီးကျူးတာကလည်း ဟန်မိသားစုကို သူ့လက်ထဲ အပ်လိုက်တာနဲ့ အတူတူပါပဲ။
‘ဒါက ငါ တာအိုရယူဖို့ နည်းလမ်း ဖြစ်နိုင်တယ်၊ တခြားလူတွေက ကမ္ဘာကိုသုံးပြီး တာအိုရယူကြတယ်၊ ငါကတော့ မိသားစုကိုသုံးပြီး တာအိုရယူမယ်’
.....
တာအိုဆန်းကြယ်နယ်မြေကို သေမျိုးကမ္ဘာထောင်ချီ ဝန်းရံထားပါတယ်။ ဒီသေမျိုးကမ္ဘာတွေဟာ အချင်းချင်း ထပ်နေကြပါတယ်။ သူတို့ရဲ့အထက်မှာတော့ အင်မော်တယ်ကမ္ဘာ ရှိပါတယ်။ အင်မော်တယ်ကမ္ဘာထဲတော့ ကျင့်ကြံသူအကုန်လုံးက ကောင်းကင်ဘုံဝင်အဆင့်ရဲ့ အထက်မှာချည်းပါပဲ။
အောက်က သေမျိုးကမ္ဘာတွေကတော့ သက်ရှိအားလုံး ဒုက္ခခံစားရာပါ။
အနန္တကမ္ဘာရဲ့ အလယ်မှာ ကျောက်စိုင်ကျောက်ခဲ အမြောက်အမြား စုစည်းပြီး နယ်မြေတစ်ခု ဖြစ်တည်ကာ ဆက်တိုက် ကျယ်ပြန့်နေပါတယ်။
အင်မော်တယ်ကမ္ဘာမှာ ချူရှောင်ချီဟာ တိမ်စီးပြီး လောကအနှံ့ ခြေဆန့်နေပါတယ်။ ချူရှောင်ချီဟာ ဘုံပျံတက်ပြီးတာနဲ့ ထန်ဝမ်ကို လိုက်ရှာပါတယ်။ ဒါပေမဲ့ အင်မော်တယ်ကမ္ဘာမှာ ဒီနာမည်နဲ့ မိန်းမတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူတို့ရုပ်ရည်တွေက ထန်ဝမ်ရဲ့ ခြေဖျားကိုတောင် မမီပါဘူး။
ချူရှောင်ချီဟာ အင်မော်တယ်ကမ္ဘာမှာ ခရီးနှင်ပြီး နှစ်ရာချီကြာအောင် ရှာဖွေပေမဲ့ ထန်ဝမ်ရဲ့ အရိပ်အယောင်ကို တစ်စွန်းတစ်စမှ မတွေ့ပါဘူး။ ဒါပေမဲ့ ချူရှောင်ချီဟာ စိတ်မပျက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခွင့်အရေးမျိုးစုံ ရရှိပြီး သူ့စွမ်းအားကို လျင်လျင်မြန်မြန် တိုးတက်လာတာကြောင့်ပါ။
ချူရှောင်ချီဟာ ဒီနှစ်တွေမှာ သူ ကြုံတွေ့ခဲ့ရတာတွေက စိတ်လှုပ်ရှားဖို့ကောင်းပြီး ဒဏ္ဍာရီဆန်လွန်းတယ်လို့ ခံစားရပါတယ်။ အကုန်လုံးက သူ့ဘိုးဘိုး ပြောပြခဲ့တဲ့ ပုံပြင်တွေထက်တောင် ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းလွန်းပါတယ်။
ဒီနေ့မှာတော့ ချူရှောင်ချီဟာ အင်မော်တယ်နယ်မြေကို ရောက်ရှိလာပါတယ်။ အင်မော်တယ်ကမ္ဘာ အကုန်လုံးမှာ နယ်ပယ်သုံးရပ်ကို အုပ်ချုပ်ခွင့်ရတဲ့ အင်အားစုတွေ ရှိကြပါတယ်။ ဒီအင်မော်တယ်ကမ္ဘာမှာလည်း ဒီလိုအုပ်ချုပ်ခွင့်ရတဲ့လူတွေ ရှိကြပါတယ်။ အင်မော်တယ်တွေ သူတို့အကုန်လုံးကို စုပေါင်းပြီး နတ်မျိုးနွယ်စုလို့ ခေါ်ဆိုကြပါတယ်။
နတ်မိသားစုဟာ ဒီအင်မော်တယ်ကမ္ဘာမှာ အင်မော်တယ်တွေကို စုဆောင်းပါတော့မယ်။ ချူရှောင်ချီဟာ သူ အင်မော်တယ် ဖြစ်သွားရင် ထန်ဝမ်ကို ရှာဖို့ လွယ်ကူသွားလိမ့်မယ်လို့ ခံစားရတာကြောင့် ဒီကို ရောက်လာတာပါ။ အနည်းဆုံးတော့ အင်မော်တယ်က သူ့ရဲ့ လက်ရှိအဆင့်အတန်းထက် ပိုမြင့်ပါတယ်။ နောက်ပြီး အင်မော်တယ်တွေက နယ်ပယ်သုံးရပ်ကို ထိုးဖောက်မြင်နိုင်ကြပါတယ်။
ချူရှောင်ချီရဲ့ ကျင့်ကြံမှုနဲ့ အင်မော်တယ် နတ်ဘုရားဖြစ်လာဖို့က မခက်ပါဘူး။ ဒါပေမဲ့ ချူရှောင်ချီကို အံ့အားသင့်စေတာက သူဟာ အထူးချွန်ဆုံးလူ ဖြစ်မနေတာပါ။
ဒီအင်မော်တယ်တွေ့ဆုံပွဲမှာ အထူးချွန်ဆုံးလူက သူ့ထက် ငယ်ရွယ်တဲ့ လူငယ်တစ်ယောက်ပါ။ သူ့နာမည်က ချန်ကျွယ်ပါ။ ချန်ကျွယ်ရဲ့ ကျင့်ကြံမှုက သူ့ထက် အများကြီး ပိုမြင့်ပါတယ်။
ဒါဟာ ချူရှောင်ချီ ပထမဆုံးအကြိမ် ဒီလိုမျိုး ပါရမီရှင်တွေကို တွေ့ကြုံဖူးတာမလို့ အမြင်ကျယ်သွားပါတယ်။
အင်မော်တယ် နတ်ဘုရားဖြစ်လာပြီးနောက် ချန်ကျွယ်ဟာ တော်တော်လေး ဂုဏ်ရှိန်ကြီးပါတယ်။ ချူရှောင်ချီဟာ သူနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို မကြာခဏ ကြားရပါတယ်။ မသိမသာနဲ့ ချန်ကျွယ်ကို ဖိနှိပ်ဖို့က ချူရှောင်ချီရဲ့ ပန်းတိုင် ဖြစ်လာပါတယ်။ ချူရှောင်ချီဟာ ထန်ဝမ်ကို ရှာဖို့တောင် အလျင်မလိုတော့ပါဘူး။
တိမ်ဖြူတိမ်ဖွေးတွေထက်မှာ ကြယ်ပင်လယ်နဲ့တူတဲ့ နန်းတောင်တစ်ဆောင် တည်ရှိနေပါတယ်။
ဟန်ထော်နဲ့ ဟန်ယွင်ကျင်းဟာ ဒီထဲမှာ အရက်သောက်နေကြပါတယ်။
ဟန်ယွင်ကျင်းဟာ စပ်စုလိုက်ပါတယ် “ဒီချူရှောင်ချီက အစ်ကိုရဲ့ တပည့်လား၊ သူ့အရည်အချင်းက သာမန်ပဲနော်”
ချန်ကျွယ်နဲ့ ချူရှောင်ချီ တွေ့ဆုံတာက သူတို့နှစ်ယောက်ရဲ့ ကြိုးကိုင်မှုကြောင့်ပါ။
ဟန်ထော်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ ဒီကောင်လေးရဲ့ အရည်အချင်းက သာမန်ပဲ၊ ဒါပေမဲ့ သူ့ကံကြမ္မာက ထူးခြားတယ်၊ ချန်ကျွယ်က အရည်အချင်းရှိတာ မှန်ပေမဲ့ စရိုက် မကောင်းဘူး၊ သူတို့နှစ်ယောက် အချင်းချင်း သွေးကြပါစေ”
ဟန်ယွင်ကျင်းဟာ ပြုံးလိုက်ပါတယ် “အစ်ကိုပြောလို့သာ ကျွန်တော် သဘောတူရဲတာ၊ အစ်မသုံးက ချန်ကျွယ်ကို အမြင့်ကြီး တွေးထားတာ၊ ကောင်းကင်ရုံးတော်က စည်းရုံးသိမ်းသွင်းတာတောင် အစ်မသုံးပဲ တားလိုက်တာ”
အစ်ကိုကြီးနဲ့ အစ်မသုံးမှာ ဘယ်သူကို ရွေးချယ်ရမလဲဆိုတာ ဟန်ယွင်ကျင်း ကောင်းကောင်းကြီး သိပါတယ်။ ဒီကိစ္စအတွက်နဲ့ ဟန်လင်က သူ့ကို အပြစ်တင်မှာ မဟုတ်ပါဘူး။
ဟန်ယွင်ကျင်းဟာ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ဒါနဲ့ တာအိုဆန်းကြယ်နယ်မြေကို ဝူရှင်းရှစ်ကျဲ့က ထိန်းချုပ်ထားတာ၊ ဖြစ်နိုင်တာက...”
ဝူရှင်းရှစ်ကျဲ့ဟာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ တာအိုဆန်းကြယ်နယ်မြေထဲ ပါရမီရှင်တွေ စေလွှတ်တာကို မငြင်းဆန်ပါဘူး။ ပိုပြီးတော့တောင် လိုချင်နေပါသေးတယ်။
ဒီအကြောင်းကြောင့်ပဲ ဟန်ယွင်ကျင်းဟာ ချန်ကျွယ် တာအိုဆန်းကြယ်နယ်မြေမှာ သေဆုံးမှာကို စိုးရိမ်နေတာပါ။
ဟန်ထော် “မစိုးရိမ်ပါနဲ့၊ ငါနဲ့ ဝူရှင်းရှစ်ကျဲ့က ဆက်ဆံရေး ကောင်းပါတယ်”
ဝူရှင်းရှစ်ကျဲ့က သဏ္ဍာန်မဲ့နတ်မင်းရဲ့ လက်အောက်မှာ ရှိတာပါ။ သဏ္ဍာမဲ့နတ်မင်းက ဟန်ကျွယ်ကို သစ္စာရှိတဲ့အတွက် ဝူရှင်းရှစ်ကျဲ့က ဟန်မိသားစုကိုတော့ ဆန့်ကျင်မှာ မဟုတ်ပါဘူး။
ဟန်ယွင်ကျင်းဟာ တာအိုဖန်တီးရှင်အဆင့်ကို မသိတာကြောင့် စိုးရိမ်နေတာပါ။ ဒါပေမဲ့ ဟန်ထော်ရဲ့ ကတိပေးစကားကို ကြားရတဲ့အခါမှာတော့ သက်သာရာ ရသွားပါတယ်။
ဟန်ထော်က တော်တော်လေး စိတ်ချရပါတယ်။ အနည်းဆုံး သူ့ရဲ့ တခြားမောင်နှမတွေထက် ပိုပြီးတော့ စိတ်ချရပါတယ်။
ဒီအချိန်မှာပဲ လူတစ်ယောက် ပျံသန်းလာပြီး သူတို့နှစ်ယောက်ဘေးမှာ ဒူးထောက်လိုက်ပါတယ်။
“တာအိုပညာရှိ... ကိုယ်လုပ်တော်ယွမ် မီးဖွားတာ အခက်အခဲ ဖြစ်နေပါတယ်၊ တာအိုပညာရှိပဲ ကိုယ်လုပ်တော်ယွမ်ကို ကယ်တင်နိုင်ပါလိမ့်မယ်”
ဟန်ယွင်ကျင်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ကိုယ်လုပ်တော်ယွမ်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်တဲ့အတွက် မီးဖွားဖို့ အခက်အခဲရှိစရာအကြောင်း လုံးဝ မရှိပါဘူး။
ဟန်ယွင်ကျင်းဟာ ဟန်ထော်ကို ချက်ချင်း နှုတ်ဆက်ပြီး သူ့ငယ်သားနဲ့ ထွက်ခွာသွားပါတယ်။
ဟန်ထော်ဟာ ပထမတော့ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ဒီအချိန်မှာပဲ ဟန်ထော်ဟာ ရုတ်တရက် မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်ပါတယ် “ဒီခံစားချက်... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ဟန်ထော် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဟန်မိသားစုရဲ့ တခြားမျိုးဆက်တွေလည်း ခံစားရပါတယ်။
လောကဦးပဋိပက္ခ။
မှောင်မိုက်တဲ့ခန်းမထဲက တရားထိုင်နေတဲ့ ဟန်ဟွမ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။